ခေတ်သစ်ပြက္ခဒိန် နှစ် ၅၂၁၊ မတ်လဆန်းပိုင်း။
လင်းန် ခြေဖျားထောက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နေရောင်က စူးရှလွန်းသဖြင့် လက်တစ်ဖက်ဖြင့် မျက်လုံးကို ကွယ်ထားရသည်။
မြောက်ဘက်တွင် သစ်တောအုပ်ကြီးများ၊ တောင်ဘက်တွင် တောင်ကတုံးများ၊ အနောက်ဘက်တွင် ဒရောသောပါး စီးဆင်းနေသော မြစ်ပြင်ကျယ်နှင့် အရှေ့ဘက်တွင် မိုးထိမတတ် မြင့်မားလှသော တောင်တန်းကြီးများ ရှိနေသည်။
လင်းန်၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်မှုများ အထင်းသား ပေါ်လွင်နေသည်။ ဒါ... တခြားကမ္ဘာကို ရောက်လာတာများလား။
လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ သူသည် ခြံထွက်စိုက်ပျိုးရေးနှင့် စစ်ရေးစစ်ရာတို့ကို အချိုးကျကျ ပေါင်းစပ်ထားသော အွန်လိုင်းဂိမ်းအသစ်စက်စက်တစ်ခုကို ဆော့ကစားနေခဲ့ခြင်း ဖြစ်သည်။ ရုပ်ထွက်ပိုင်းကလည်း ပြတ်သားလွန်းလှပြီး မြင်ကွင်းတိုင်းကို နောက်ခံပုံအဖြစ် အသုံးပြုချင်စရာ ကောင်းလှသည်။ အလွယ်ကူဆုံးနည်းလမ်းများ၊ အမြန်ဆောက်လုပ်ရေးနှင့် တစ်ချက်နှိပ်ရုံဖြင့် ထုတ်လုပ်နိုင်သော စနစ်များ မပါဝင်ဘဲ ကစားသမား၏ ကိုယ်ပိုင်အားထုတ်မှုသက်သက်ဖြင့်သာ ကစားရသော ဂိမ်းမျိုးဖြစ်သည်။
သူတစ်ပါးနောက် ကောက်ကောက်ပါအောင် လိုက်ရမည်ကို စိုးရိမ်သဖြင့် နေ့မအားညမနား ခုနစ်ရက်တိတိ ဆက်တိုက် ဆော့ကစားနေခဲ့သည်။ ရုတ်တရက် မျက်စိရှေ့တွင် အမှောင်ကျသွားပြီး ပြန်ဖွင့်ကြည့်လိုက်သောအခါ ဤနေရာသို့ ရောက်ရှိနေလေပြီ။
တောက်... သောက်ကျိုးနည်းပါလား။
ဒီဂိမ်းက လူ့အသက်ကို တကယ်စုပ်ယူသွားတာပဲလေ။
စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်ချိန်တွင် ကြီးမားလှသော မှတ်ဉာဏ်အစုအဝေးကြီးတစ်ခုက သူ၏ ဦးနှောက်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကာ အလျင်အမြန်ပင် ပေါင်းစပ်သွားတော့သည်။ လင်းန်၏ မျက်နှာအမူအရာက ရှုပ်ထွေးသွားသည်။
သူသည် ကာရက်ဒီ အင်ပါယာမှ မြို့စားကြီး ဒူးကား၏ တရားမဝင် သားတစ်ယောက် ဖြစ်သော လင်းန်ဘလိတ် ဖြစ်လေသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက်ဖြစ်နေလင့်ကစား တရားမဝင် သားဖြစ်နေသောကြောင့် ဒူးကား ဆိုသည့် မျိုးရိုးနာမည်ကို ခံယူခွင့်ပင် မရှိပေ။ ယခု သူခြေချထားသော မြေနေရာသည် မြို့စားကြီး ဒူးကားက လင်းန်ကို အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့သော လက်ဆောင်ဖြစ်သည်။
လက်ဆောင်ဟု အမည်တပ်ထားသော်လည်း တကယ်တမ်းတွင်မူ သူ့ကို မျက်စိနောက်သဖြင့် အသုံးမကျသော မြေရိုင်းတစ်ကွက်ပေးကာ အဝေးသို့ နှင်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ မြို့စားကြီး၏ ရဲတိုက်မှ ဤနေရာသို့ ရောက်ရန် သုံးလတိုင်တိုင် ခရီးနှင်ခဲ့ရသည်။ ခရီးက ရှည်လျားလှသည့်အပြင် လမ်းခရီးတစ်လျှောက်တွင်လည်း ဓားပြများနှင့် သားရဲတိရစ္ဆာန်များက သောင်းကျန်းနေသေးသည်။ အသက်ဆယ့်ငါးနှစ်အရွယ် လူငယ်လေးတစ်ယောက်အဖို့ လမ်းခုလတ်တွင် အသက်အန္တရာယ် ကြုံတွေ့နိုင်ခြေ များပြားလှသည်။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မြို့စားကြီးကတော့ ဂရုစိုက်မည်မဟုတ်ပေ။ တရားမဝင် သားတစ်ယောက်ပဲလေ။
မြို့စားရာထူးကို ဆက်ခံမည့် သားအကြီးဆုံးကမူ မိသားစု၏ ဂုဏ်သိက္ခာနှင့် သွေးသားရင်းချာများ၏ တည်ငြိမ်မှုကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် လင်းန်ကို ဤနေရာတွင် အဆုံးစီရင်ရန် နောက်လိုက်များကို စေလွှတ်ခဲ့သည်။ သူ၏ အစ်ကိုကြီးကတော့ တကယ်ကို ရက်စက်လွန်းလှသည်။
ဤကမ္ဘာ၏ ဥပဒေအရ မည်သို့ပင်ဖြစ်စေကာမူ မြို့စားရာထူးသည် မြို့စားကြီး၏ ရဲတိုက်တွင် နေထိုင်ရသည်မှာ တစ်ရက်ပင် မပြည့်သေးသော လင်းန်ထံသို့ မည်သည့်အခါမျှ ရောက်လာမည် မဟုတ်ပေ။
ယခု လင်းန် ရပ်နေသော နေရာသည် မြို့စားပိုင်နက်၏ အတောင်ဘက်ဆုံး အစွန်အဖျားဒေသ ဖြစ်သလို ကာရက်ဒီ အင်ပါယာ၏ နယ်စပ်လည်း ဖြစ်သည်။ အင်ပါယာ၏ မြေပုံပေါ်တွင်ပင် ဤနေရာကို ထည့်သွင်းဆွဲသားထားခြင်း မရှိပေ။ ကာရက်ဒီ အင်ပါယာက ကျယ်ဝန်းလွန်းပြီး မစူးစမ်းရသေးသော နယ်မြေများစွာ ရှိနေသောကြောင့် ဤသို့ဖြစ်ရသည်မှာလည်း သဘာဝကျလှသည်။
သူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးပြီ။ ခရီးတိုင်ပေါင်းများစွာအထိ မည်သည့်မြို့ ရွာကိုမျှ မတွေ့ရပေ။ သို့သော် သစ်တောအစပ်တွင် လျင်မြန်သော အရိပ်မည်းတချို့ ဖြတ်ပြေးသွားသည်ကိုတော့ မြင်လိုက်ရသည်။ လင်းန်၏ လက်ထဲတွင် သွေးစွန်းနေသော နယ်မြေပိုင်ဆိုင်ခွင့် စာချုပ်မှလွဲ၍ ဘာတစ်ခုမျှ မရှိပေ။ လက်ချည်းသက်သက်သာ ဖြစ်သည်။
လက်စားချေဖို့ဆိုတာ အသာထား၊ အသက်ရှင်သန်ရေးက အခုလောလောဆယ် အဓိကပြဿနာ ဖြစ်နေသည်။
လင်းန် အလေးအနက် စဉ်းစားခန်း ဝင်လိုက်သည်။ မြို့ပေါ်ကို ပြန်သွားမလား။ လုံးဝ မဖြစ်နိုင်ပေ။ ဤနေရာက မြို့စားကြီး၏ ရဲတိုက်နှင့် ဝေးကွာလှသော်လည်း မြို့စားပိုင်နက်ထဲတွင် ပါဝင်နေဆဲ ဖြစ်သည်။ အကယ်၍ အခြားမြေပိုင်ရှင်များ၊ မြို့ရွာများမှ ကုန်သည်များနှင့် တွေ့ဆုံပြီး ထိုသတင်းက အစ်ကိုကြီး၏ နားထဲသို့ ရောက်သွားလျှင် သူ့ကို ထပ်သေအောင် လုပ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။
အခြား မြေပိုင်ရှင်တစ်ယောက်ရဲ့ နယ်မြေကို သွားမလား။ ထိုအတွေးကို ချက်ချင်းပင် ဖျောက်ဖျက်လိုက်သည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေနှင့်ဆိုလျှင် မြို့စားပိုင်နက်ထဲမှ မထွက်ခွာနိုင်ခင်မှာပင် အခြားမြေပိုင်ရှင်များ၏ ဖမ်းဆီးခြင်းကို ခံရကာ ကျွန်အဖြစ် ရောင်းစားခံရနိုင်ချေ ရှိသည်။
ဒီနေရာမှာပဲ ဆက်နေမလား။ လူသူကင်းမဲ့ပြီး အထီးကျန်ဆန်သည့်အပြင် သားရဲတိရစ္ဆာန်များနှင့် အဆိပ်ပြင်းသော အင်းဆက်များ ရှိနေသဖြင့် နေရာတိုင်းတွင် အန္တရာယ်များ ခိုအောင်းနေသည်။
လင်းန် အတွေးတစ်ချက် ပြောင်းလိုက်သည်။ ဤနေရာက အင်ပါယာ၏ နယ်စပ်ဒေသ ဖြစ်သလို လူသူအရောက်အပေါက် နည်းပါးလှသည်။ သူ၏ အခြေအနေအရ ဤနေရာကသာ အသက်ရှင်သန်ရန် အကောင်းဆုံးလမ်းစ ဖြစ်နေသည်မဟုတ်လား။
သို့သော် ဤမြေရိုင်းပြင်ကြီးထဲတွင် အသက်ရှင်ရပ်တည်နိုင်ရန် မည်သို့ လုပ်ဆောင်ရမည်နည်း။ ယခုက နွေဦးရာသီသို့ မရောက်သေးပေ။ ညဘက်ဆိုလျှင် အပူချိန်က ရေခဲမှတ်အထိ ကျဆင်းသွားတတ်သည်။ သစ်တောထဲရှိ သားရဲတိရစ္ဆာန်များ၏ ကိုက်ဖြတ်စားသောက်ခြင်း မခံရလျှင်တောင်မှ ညဘက်တွင် အအေးဒဏ်ကြောင့် အေးခဲသေဆုံးသွားနိုင်သည်။
ထိုသို့ တွေးတောနေစဉ် လင်းန်၏ အမြင်အာရုံများ အနည်းငယ် ဝေဝါးသွားပြီး စာသားများပါဝင်သော မျက်နှာပြင်တစ်ခုက မျက်စိရှေ့တွင် ပေါ်လာတော့သည်။
[အင်ပါယာ ဒဏ္ဍာရီ စနစ်ကို စတင်နေပါသည်]
[၁ ရာခိုင်နှုန်း... ၁၀ ရာခိုင်နှုန်း... ၅၀ ရာခိုင်နှုန်း...]
[ကောင်းကင်ဘုံ လက်ရာများ စနစ်ကို စတင်ခြင်း အောင်မြင်ပါသည်]
[အခြားသော စနစ်များကို ဖွင့်လှစ်ရန် စောင့်ဆိုင်းနေပါသည်]
လင်းန် အံ့သြသွားသော်လည်း များမကြာမီပင် စိတ်ကို ပြန်လည်တည်ငြိမ်သွားစေသည်။ အင်ပါယာ ဒဏ္ဍာရီ ဆိုတာ သူ ဒီကို မကူးပြောင်းလာခင်က ဆော့ကစားခဲ့တဲ့ ဂိမ်းကြီးပဲလေ။ ဇာတ်ကောင် ဖွံ့ဖြိုးတိုးတက်မှု၊ စီမံခန့်ခွဲမှု၊ အချိန်နှင့်တစ်ပြေးညီ ဗျူဟာခင်းကျင်းမှု၊ စူးစမ်းရှာဖွေမှု စသည့် စနစ်ပေါင်းများစွာ ပါဝင်သည်။ လွတ်လပ်သော နိုင်ငံသား တစ်ယောက်အနေဖြင့် စတင်ကာ ကြိုးစားအားထုတ်မှုများမှတစ်ဆင့် အင်ပါယာ ဒဏ္ဍာရီကို တည်ဆောက်ရခြင်း ဖြစ်သည်။
[ကောင်းကင်ဘုံ လက်ရာများ] စနစ်သည် စီမံခန့်ခွဲမှုပုံစံတွင် ပါဝင်သည်။ လွယ်လွယ်ပြောရလျှင် စိုက်ပျိုးရေး၊ သစ်ခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ ပန်းပဲရိုက်ခြင်း၊ ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး စသည့် ဘဝရှင်သန်ရေး ကျွမ်းကျင်မှုများကို ကြိုးစားပမ်းစား မြှင့်တင်ရမည် ဖြစ်သည်။
လင်းန် အနည်းငယ် ထိုင်ချလိုက်ပြီး ညာဘက်လက်ဖြင့် ပေါင်းပင်တစ်ပင်ကို ဆွဲကိုင်ကာ ခပ်ဆတ်ဆတ်လေး အားယူ၍ မြေကြီးထဲမှ ဆွဲနှုတ်လိုက်သည်။
မှန်တစ်ပိုင်း မြင်သာသော ပြတင်းပေါက်တစ်ခုက သူ၏ မျက်စိရှေ့တွင် လွင့်မျောလာသည်။
[ပေါင်းပင်ကို အောင်မြင်စွာ ဆွဲနှုတ်နိုင်ခဲ့ပါသည်။ စုဆောင်းခြင်း အတွေ့အကြုံ တစ်မှတ် တိုးလာပါသည်]
[ပေါင်းပင် တစ်ပင် ရရှိပါသည်]
သူ အံ့သြသွားသလားဆိုလျှင် လုံးဝပါပဲ။ လင်းန်၏ ခံစားချက်များက ထုံပေပေ ဖြစ်နေသည်။ တခြားကမ္ဘာကို ကူးပြောင်းလာသည့်တိုင် အတွေ့အကြုံမှတ်တွေ ရှာနေရဦးမည်တဲ့လား။
သို့သော် ရောက်လာမှတော့လည်း ဒီမှာပဲ အခြေချရတော့မည်။ သူ၏ ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်လိုက်ပြန်သည်။ [ကောင်းကင်ဘုံ လက်ရာများ] စနစ်နှင့်ဆိုလျှင် သူက လယ်သမားတစ်ယောက် ဖြစ်လာဖို့ ကံပါလာတာပဲ။ မဟုတ်သေးဘူး။ မွေးရာပါ စိုက်ပျိုးရေး ပါရမီရှင်တစ်ယောက် ဖြစ်လာမှာပဲလေ။
လင်းန် ပေါင်းပင်တောကို ဖြတ်ကျော်ကာ လခြမ်းကွေး ပုံစံရှိသော မြစ်ကမ်းစပ်တွင် ရပ်လိုက်သည်။ ကမ်းပါးအမြင့်ပေါ်တွင် အရပ်မြင့်မြင့် ထင်းရှူးပင် ဆယ်ဂဏန်းခန့် ပေါက်ရောက်နေသည်။ လခြမ်းကွေး မြစ်ကမ်းစပ်၏ ဘယ်ဘက် ပေ လေးငါးထောင်ခန့် အကွာတွင် သစ်လုံးများ ခုတ်ယူနိုင်မည့် သစ်တောအုပ်ကြီး ရှိနေသည်။ အရှေ့တည့်တည့် ခပ်လှမ်းလှမ်းတွင်မူ ကျောက်တုံးများ တူးဖော်နိုင်မည့် မိုးထိမတတ် မြင့်မားသော တောင်တန်းကြီးများကို မြင်တွေ့ရသည်။ ညာဘက်တွင်မူ ကုန်းကုန်းကမူ တောင်ကတုံးများနှင့် မြေရိုင်းပြင်ကြီးသာ ရှိသည်။
နေရာကောင်းလေးပါလား။
မြစ်နှင့် ပေသုံးရာခန့်သာ ကွာဝေးသဖြင့် ရေခပ်ရန်နှင့် ငါးဖမ်းရန် အဆင်ပြေလှသည်။ မြင်ကွင်းကလည်း ရှင်းလင်းနေသဖြင့် မည်သည့် အန္တရာယ်မျိုးကိုမဆို အလွယ်တကူ မြင်တွေ့နိုင်သည်။ အကယ်၍ ပုဆိန်တစ်လက်သာ ဖန်တီးနိုင်မည်ဆိုလျှင် ကမ်းပါးအမြင့်ပေါ်ရှိ ထင်းရှူးပင်များကို ခုတ်လှဲကာ တဲအိမ် သို့မဟုတ် သစ်သားအိမ်တစ်လုံး ဆောက်လုပ်နိုင်ပေမည်။
ကျွမ်းကျင်သော မြေပိုင်ရှင် ကစားသမားတစ်ယောက်အနေဖြင့် လင်းန်က ဤလုပ်ငန်းစဉ်များကို အကျွမ်းတဝင် ရှိပြီးသား ဖြစ်သည်။ သူ ခါးညွှတ်လိုက်ပြီး ခြေရာအောက်ရှိ ပေါင်းပင်များကို စတင် ရှင်းလင်းတော့သည်။ ခြောက်သွေ့နေသော မြက်ပင်တစ်ပင်ကို ဆွဲကိုင်ကာ အားအနည်းငယ်စိုက်၍ အမြစ်မှချွတ်ကာ ဆွဲနှုတ်လိုက်သည်။
[ပေါင်းပင် ရှင်းလင်းခြင်း အောင်မြင်ပါသည်။ စုဆောင်းခြင်း အတွေ့အကြုံ တစ်မှတ် တိုးလာပါသည်]
[ပိုက်ဆံလျှော်ပင် တစ်ပင် ရရှိပါသည်]
[ပိုက်ဆံလျှော် မျိုးစေ့ တစ်စေ့ ရရှိပါသည်]
စာသားမျက်နှာပြင်ပေါ်ရှိ အသိပေးချက်ကို ကြည့်ပြီး လင်းန် မအံ့သြခဲ့ပေ။ ပေါင်းပင်များကို ရှင်းလင်းခြင်းဖြင့် ပိုက်ဆံလျှော်ပင်များကို ရရှိနိုင်ပြီး ၎င်းတို့ကို ပြုပြင်ပြီးပါက ပိုက်ဆံလျှော်ကြိုးများ ရရှိမည်ဖြစ်သည်။ ထိုကြိုးများကို ရက်ကန်းရက်ကာ အထည်အဖြစ် ဖန်တီးနိုင်သည်။ သူက ပိုက်ဆံလျှော်ပင်ကို ဘေးသို့ ပစ်ချလိုက်ပြီး ပေါင်းပင်များကို ဆက်လက် ရှင်းလင်းနေလိုက်သည်။
စတုရန်းပေ တစ်ရာခန့် ရှင်းလင်းပြီးနောက် လင်းန် ရပ်တန့်လိုက်သည်။ ပေါင်းပင်ပုံပေါ်သို့ လေးလံစွာ ထိုင်ချလိုက်ပြီး မောဟိုက်စွာ အသက်ရှူနေရသည်။ ပေါင်းပင်များ၏ အမွေးအမျှင်များ ထိရှသွားသဖြင့် သူ၏ လည်ပင်းတစ်ဝိုက်တွင် အနီရောင် အဖုအပိမ့်များ ထွက်ကာ ယားယံနေတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးနေသည်။ အကယ်၍ အပူချိန်က ဆယ်ဂဏန်းလောက်သာ မရှိပါက သူ၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနှစ်နေလောက်ပြီ ဖြစ်သည်။
ဤမြေရိုင်းပြင်ကို တစ်ခါမျှ မထွန်ယက်ရသေးသဖြင့် မြေကြီးက ကျစ်လစ်နေသည်။ ပေါင်းပင် တစ်ပင်နှစ်ပင်လောက် နှုတ်ရသည်က သိပ်မသိသာလှပေ။ သို့သော် များများနှုတ်ရလေလေ သူ၏ ခွန်အားများ ကုန်ခန်းလာလေလေ ဖြစ်ပြီး ပို၍ ပင်ပန်းလာလေလေ ဖြစ်သည်။
လင်းန် စိတ်ကူးလိုက်သည်နှင့် ကောင်းကင်ဘုံ လက်ရာများ မျက်နှာပြင်က ပွင့်လာတော့သည်။
[ဆောက်လုပ်ခြင်း - အဆင့် သုည ( ၀ / ၁၀၀ )]
[စိုက်ပျိုးခြင်း - အဆင့် သုည ( ၀ / ၁၀၀ )]
[စုဆောင်းခြင်း - အဆင့် သုည ( ၁၃ / ၁၀၀ )]
[ထုတ်လုပ်ခြင်း - အဆင့် သုည ( ၀ / ၁၀၀ )]
[မွေးမြူခြင်း - အဆင့် သုည ( ၀ / ၁၀၀ )]
စုဆောင်းခြင်း အတွေ့အကြုံ ဆယ့်သုံးမှတ် ရရှိထားသော မျက်နှာပြင်နှင့် ရှင်းလင်းပြီးသား နေရာကို ကြည့်ကာ လင်းန်၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ ကျေနပ်ပီတိ ဖြစ်သွားရသည်။ သူ၏ စိတ်ထဲတွင် စုဆောင်းခြင်းနှင့် ပတ်သက်သော ဗဟုသုတအသစ်များလည်း ပြည့်နှက်လာသည်။ မှန်တာပေါ့။ ကြိုးစားအားထုတ်မှု ရှိရင် အဆက်မပြတ် သန်မာလာနိုင်တာပဲလေ။
သို့သော် အတွေ့အကြုံမှတ် ရရှိမှု လျော့ကျလာသည်ကို လင်းန် သတိထားမိလိုက်သည်။ ပေါင်းပင် တစ်ပင်နှုတ်တိုင်း အတွေ့အကြုံ တစ်မှတ် ရရှိတော့မည် မဟုတ်ပေ။ လက်ဗလာဖြင့် ပေါင်းပင်များကို နှုတ်နေရခြင်းက အတွေ့အကြုံမှတ် တက်ရန် အလွန်နှေးကွေးလွန်းလှသည်။
သူ့အတွက် တန်ဆာပလာတချို့ လိုအပ်နေလေပြီ။
နာရီဝက်ခန့် အနားယူပြီးနောက် လင်းန် မတ်တတ်ရပ်ကာ ရှင်းလင်းထားသော နေရာအနီးတစ်ဝိုက်တွင် ရှာဖွေမှုများ ပြုလုပ်လိုက်သည်။ သစ်ကိုင်းခြောက်တချို့ကို စုဆောင်းပြီးနောက် သူနှင့် ခပ်လှမ်းလှမ်းရှိ ခရုခွံပုံသဏ္ဍာန် ကျောက်ကွဲစတချို့က သူ၏ အာရုံကို ဖမ်းစားသွားတော့သည်။
[မီးခတ်ကျောက် - ဆီလီကာ ပါဝင်သော ကျောက်အမျိုးအစား ဖြစ်သည်။ ကျောက်လက်နက်များ ဖန်တီးရန် သို့မဟုတ် မီးမွှေးရန် အသုံးပြုနိုင်ပါသည်]
လင်းန်၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားတော့သည်။
***