နေမင်းကဲ့သို့ ပူပြင်းတောက်ပနေပြီး ခန္ဓာကိုယ်တွင် မီးနဂါးများ ရစ်ပတ်ထားသည့် ထိုရှေးဟောင်း နတ်ဘုရားကြီးရဲ့ မျက်ခုံးအလယ်ရှိ တတိယ နတ်ဘုရားမျက်လုံးသည် နတ်ဘုရားနယ်မြေအတွင်းရှိ ကျင့်ကြံသူများကို တစ်ချက်မျှသာ ကြည့်လိုက်လေသည်။
လူတိုင်းသည် မိမိတို့၏ မျက်စိရှေ့တွင် ဖြူဖွေးသော အလင်းတန်းများသာ မြင်တွေ့ရပြီး အလွန်အမင်း ပူပြင်းလှသဖြင့် မီးပင်လယ်ထဲသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
တစ်ချက်ကြည့်ရုံမျှနှင့်တင်
မိစ္ဆာအတတ်များ ကျင့်ကြံသည့် အောက်လမ်းဆရာများနှင့် လမ်းမှားတာအိုကိုယ်တော်များမှာ မျက်နှာများ ဖြူလျော်သွားကာ မျက်ဝန်းထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ဝိညာဉ်ပင် လွင့်မတတ် တုန်လှုပ်သွားကြတော့သည်။
ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးမှာ နာကြည်းမှုများ ပြည့်နှက်နေသည့် အသံဖြင့် ရှတစွာ ဟိန်းဟောက်လိုက်သည်။
"ပြတ်တောက်နေတဲ့ အကြွင်းအကျန် အစိတ်အပိုင်းတစ်ခုကများ ချုပ်နှောင်မှုကို ရုန်းထွက်ဖို့ ကြံစည်နေတာလား... အတင့်ရဲလှချင်လား "
ယခုအချိန်တွင် လီယန်ချူသည် တောင်ပိုင်းဒေသ၏ အရှင်သခင် မီးနတ်ဘုရား အဖြစ် အသွင်ပြောင်းလဲထားကာ သူ့ အသံမှာလည်း ဟိန်းထွက်နေသည်။
သူသည် ခန္ဓာကိုယ်တွင် မီးနဂါးများကို ရစ်ပတ်လျက် ပြင်းထန်သော အရှိန်အဝါဖြင့် သတ်ဖြတ်ရန် ရှေ့သို့ တက်လှမ်းသွားတော့သည်။
မီးနတ်ဘုရားကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်ထဲ၌ အဆုံးမဲ့သော အာဏာစက်ပြည့်ဝသည့် နတ်ဘုရားမီးလျှံများ ပျံ့နှံ့သွားလေသည်။
၎င်းမှာ မီးနတ်ဘုရား အမိန့်တော်ပြန် တော်ဖူ နှင့်အတူ ကျောက်ထျန်းတံဆိပ်၊ နဂါးငါးပါးစက်ဝိုင်း စသည့် ဒဏ္ဍာရီလာ မီးမှော်လက်နက်တုများမှ ပေါက်ဖွားလာသည့် သမာဓိမီး များပင် ဖြစ်သည်။
သူ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်ရှိ အပုပ်နံ့များ၊ အဆိပ်ငွေ့များနှင့် တစ္ဆေဝိညာဉ်ငွေ့များ အားလုံးမှာ ပြာအဖြစ် လောင်ကျွမ်းသန့်စင်သွားရသည်။
ယခုအချိန်တွင် မည်သည့် မိစ္ဆာဆိုးမျှ လီယန်ချူ၏ အနားသို့ မကပ်ရဲကြပါ။
ဝူး...
လက်ဝါးကြီးက နောက်တစ်ကြိမ် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။
၎င်းကို ဗဟိုပြု၍ မည်းနက်သော လှိုင်းလုံးကြီးတစ်ခုမှာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး ထိတ်လန့်ဖွယ်ရာ မကောင်းသော အရှိန်အဝါများကို သယ်ဆောင်လာသည်။
၎င်းသည် မီးနတ်ဘုရားရဲ့ သမာဓိမီး ကို ခုခံရန် ကြိုးစားနေခြင်းပင်
၎င်းမှာ မြင့်မားလှသော တောင်ကြီးတစ်လုံးကဲ့သို့ အလွှာပေါင်း ထောင်ချီ၍ အသွင်ပြောင်းလဲနေသည်။
ထိုလက်ဝါးကြီးသည် ထိုစဉ်က သတ်ဖြတ်ခြင်း မခံရဘဲ ထိုထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေအတွင်း၌သာ ပိတ်လှောင်ခြင်း ခံထားရခြင်း ဖြစ်သည်။
၎င်းကို ကြည့်ခြင်းအားဖြင့် ထိုအရာသည် တစ်ချိန်က မည်မျှအထိ ထိတ်လန့်စရာကောင်းခဲ့သည်ကို သိသာစေသည်။
ဖြစ်နိုင်သည်မှာ ထိုစဉ်က နတ်ဘုရားတို့၏ တာအိုကျောင်းတော်ကို ရိုက်ချေဖျက်ဆီးခဲ့သူမှာ ထိုလက်ဝါးကြီး၏ ပိုင်ရှင်ပင် ဖြစ်ပေလိမ့်မည်။
ဒိန်း...
ထိုနေရာတွင် ကြောက်မက်ဖွယ် မီးပင်လယ်ကြီး ပျံ့နှံ့သွားလေပြီ
နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးမှာ ဝိညာဉ်ကိုပင် ဆွဲထုတ်သွားနိုင်လောက်သည်။
ထိုနတ်ဘုရားမီးလျှံများ တိုးဝှေ့ထွက်ပေါ်လာသည့်အခါ တိုက်ခိုက်လာသော လက်ဝါးကြီး၏ အရှိန်အဝါကို တိုက်ရိုက် ရိုက်ခွဲဖျက်ဆီးလိုက်ရုံတင်မကဘဲ...
မီးလျှံများမှာ ရှေ့သို့ ဆက်လက်တိုးဝင်သွားပြီး မည်းနက်သော မကောင်းဆိုးဝါး အငွေ့အသက်များကို အမြစ်ပြတ် လောင်ကျွမ်းပစ်ကာ ရှေးဟောင်းလက်ဝါးကြီးနှင့် အားကုန် တိုးတိုက်မိတော့သည်။
ထပ်မံ၍ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။
မီးလျှံများ ပေါက်ကွဲထွက်ကာ မီးပင်လယ်ကြီး ပြန့်ကျဲသွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုဖျက်ဆီးပစ်လိုက်သည်။
ဧရာမ ကျောက်တုံးကြီးများမှာ ပေါက်ကွဲအားကြောင့် အပိုင်းပိုင်းအစစ ပြတ်တောက်ကာ ဟင်းလင်းပြင်ထဲသို့ လွင့်စင်သွားပြီးနောက် နတ်ဘုရားမီးလျှံများ၏ ဝါးမြိုခြင်းကို ခံရကာ လုံးဝ ပျောက်ကွယ်သွားရတော့သည်။
၎င်းမှာ သာမန်ကျင့်ကြံသူချင်း တိုက်ခိုက်သည့် နည်းလမ်းမျိုး မဟုတ်တော့ပါ။
တကယ့် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးနှင့် ရှေးဟောင်းမိစ္ဆာကြီးတစ်ကောင်တို့ သတ်ဖြတ်နေကြခြင်း ဖြစ်သည်။
မီးနတ်ဘုရားကြီးသည် ခြေလှမ်းကျဲကြီးများဖြင့် အနားသို့ တိုးကပ်လာသည်။
သူ၏ ကိုယ်ပေါ်မှ အလင်းတန်းများမှာ ပိုမိုစူးရှလာပြီး နေမင်းကြီးကဲ့သို့ပင် တိုက်ရိုက်ကြည့်ရန် ခက်ခဲလှသည်။
တောက်ပလှပကာ မြင့်မြတ်လှသော အာဏာစက်များမှာ ဒီရေအလား တိုးဝှေ့လာပြီး လက်ဝါးကြီးကို သတ်ဖြတ်ရန် ထိုးနှက်လိုက်သည်။
ရှေးဟောင်းလက်ဝါးကြီးသည် အလွှာပေါင်း ထောင်ချီ၍ အသွင်ပြောင်းလိုက်ပြီး ၎င်း၏ အရှိန်အဝါမှာလည်း ရုတ်တရက် အဆမတန် မြင့်တက်လာသည်။
၎င်းမှာ လေးလံလှသော ပုကျိုး နတ်ဘုရားတောင်ကြီး ပြိုကျလာသကဲ့သို့ပင် လီယန်ချူကို အသားစိပ်စိပ်လေး ဖြစ်သွားအောင် ဖိချေပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ သာမန် ယင်ဝိညာဉ် ကျင့်ကြံသူသာ ထိုကဲ့သို့သော ရှေးဟောင်းတားမြစ်ချက်ကြီးရဲ့ ဝိညာဉ်စွမ်းအားနှင့် ရင်ဆိုင်ရပါက သေချာပေါက် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပါ။
ရုပ်ခန္ဓာရော၊ ဝိညာဉ်ပါ ထိုရှေးဟောင်းလက်ဝါးကြီး၏ ဖိချေမှုအောက်တွင် ပျက်စီးသွားရပေလိမ့်မည်။
သို့သော် လီယန်ချူမှာမူ မတူညီချေ။
သူ၏ ကျောဘက် ဟင်းလင်းပြင်တွင် နတ်ဘုရားမီးလျှံများ ကောင်းကင်ယံအနှံ့ ပြန့်ကျဲနေပြီး...
နတ်ဘုရားလေး၊ နတ်ဘုရားဓား၊ မီးနဂါး၊ မီးကျီးကန်းများနှင့်အတူ တော်ဖူ တစ်ခုမှာလည်း မီးပင်လယ်ထဲတွင် နိမ့်ချည်မြင့်ချည် လွင့်မျောနေသည်။
ထိုမျှများပြားလှသော တန်ခိုးစွမ်းအားနှင့် မှော်ရတနာများမှာ လူကို ထိတ်လန့်တုန်လှုပ်စေသည်
သူသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် လေးကြီးတစ်လက်ကို ကိုင်စွဲထားကာ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
သူသည် ထိုလက်ဝါးကြီးကို ဦးတည်၍ မြားသုံးစင်း ဆက်တိုက် ပစ်ခတ်လိုက်လေသည်။
၎င်းမှာ မှော်လက်နက် ၅ မျိုးထဲမှ တစ်ခုဖြစ်သည့် မိုင်တစ်သောင်း တိမ်တိုက်မီးလျှံ ပင် ဖြစ်သည်။
ဒိန်း...
ထိုရှေးဟောင်းတားမြစ်ချက် လက်ဝါးကြီးပေါ်တွင် နတ်ဘုရားအလင်းတန်းများစွာ ပေါက်ကွဲထွက်သွားသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများမှာ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံး ကျောက်ခဲများကို ရိုက်ခတ်သွားပြီး ထိတ်လန့်စရာကောင်းသော ဖျက်ဆီးမှုများကို ဖြစ်ပေါ်စေသည်။
လက်ဝါးကြီးရဲ့ လက်ချောင်းငါးချောင်းမှာ ကောင်းကင်နှင့် မြေကြီးကြားတွင် တောင်တန်းကြီးများအလား တစ်တန်းတည်း တည်ရှိနေပြီး မီးနတ်ဘုရား၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားနေသည်။
"မိစ္ဆာဆိုး... သေပေတော့"
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်။
ယခုအချိန်တွင် အာဏာစက်ပြည့်ဝလှသော နတ်ဘုရားမီးလျှံများမှာ ကောင်းကင်လွှမ်းမိုးကာ လောင်ကျွမ်းလာသဖြင့် မည်သည့်နေရာမှ ရှောင်တိမ်း၍ မရနိုင်တော့ပါ။
မီးနတ်ဘုရားကြီး၏ နတ်ဘုရားမျက်လုံးမှာ လျှပ်စီးအလား တောက်ပနေပြီး ထိုတန်ခိုးစွမ်းအားများကို ထိန်းချုပ်ကာ...
လက်ဝါးကြီးကို တိုက်ရိုက်ပင် အချောကိုင် လိုက်တော့သည်။
ပြာတစ်စပင် မကျန်တော့အောင် စင်ကြယ်သန့်ရှင်းစွာ လောင်ကျွမ်းပစ်လိုက်သည်။
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်
ထိုကောင်းကင်ဘုံ နတ်ဘုရားနှင့် ရှေးဟောင်းတားမြစ်ချက်တို့၏ တိုက်ပွဲမှာ...
နောက်ဆုံးတွင် မီးနတ်ဘုရားမှ လက်ဝါးကြီးကို အပြီးတိုင် လောင်ကျွမ်းဖျက်ဆီးပစ်လိုက်ခြင်းဖြင့် အဆုံးသတ်သွားလေပြီ
သို့သော်လည်း
လီယန်ချူမှာမူ မျက်မှောင်ကြုတ်သွားသည်။
စောစောက ထိုလက်ဝါးကြီးသည် နတ်ဘုရားမီးလျှံများ၏ လောင်ကျွမ်းမှုအောက်တွင် လုံးဝ ပျောက်ကွယ်သွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော်လည်း...
မဟာတာအိုအသံ ကို မကြားရသလို
ကုသိုလ်မှတ် များလည်း ကျဆင်းမလာခဲ့ပါ
ဆိုလိုသည်မှာ ထိုလက်ဝါးကြီးသည် ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားခြင်း သို့မဟုတ် ၎င်းသည် ပြည့်စုံသော သက်ရှိဖြစ်တည်မှု မဟုတ်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
မီးနတ်ဘုရားရဲ့ မျက်ခုံးအလယ်ရှိ တတိယနတ်ဘုရားမျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ လောကအတွင်းရှိ မိစ္ဆာအငွေ့အသက်များမှာ အမှန်တကယ်ပင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လက်ဝါးတစ်ဖက်တည်းသာ ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
သူသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း အများကြီး ထပ်မတွေးတော့ဘဲ...
စိတ်အာရုံကို လှုပ်ရှားလိုက်ရာ မီးနတ်ဘုရားကိုယ်ပွားမှာ ပျောက်ကွယ်သွားပြီး၊ ဝါကျင်ကျင်အရောင်ရှိသော တော်ဖူ တစ်ခုမှာ သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။
"ဒီတော်ဖူက မီးနတ်ဘုရားရဲ့ ကိုယ်ပွားကိုတောင် ပင့်ဖိတ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို မမျှော်လင့်ထားတဲ့ ရလဒ်ပဲ "
လီယန်ချူက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထိုထိတ်လန့်ဖွယ် လက်ဝါးကြီးကို နှိမ်နင်းရာတွင် ကုသိုလ်မှတ် မရရှိခဲ့သော်လည်း လီယန်ချူမှာ အလွန်ပင် ပျော်ရွှင်နေဆဲဖြစ်သည်။
သူသည် ကျန်းဝေနှင့် ပြန်လည်ဆုံတွေ့ကာ နှစ်ဦးသား ထိုနတ်ဘုရားနယ်မြေအတွင်းသို့ ဆက်လက် စူးစမ်းရန် ပြင်ဆင်လိုက်ကြသည်။
ကျန်းဝေသည် လီယန်ချူကို ကြည့်သည့် အကြည့်မှာ ပြောင်းလဲသွားလေပြီ။
ကြည်ညိုလေးစားမှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
"ချောင်ချောင်တာအိုဆရာ... ခင်ဗျားက တကယ်ကြီး လူ့လောကမှာ ပျော်ပါးနေတဲ့ စီနီယာကြီးတစ်ယောက် မဟုတ်ဘူးလား ကျင့်ကြံဆင့်ကို နှိမ့်ချပြီးမှ ဒီထောင်ယွမ်ရှန်းထဲကို ဝင်လာတာ မဟုတ်လား "
ကျန်းဝေက အံ့အားသင့်စွာ မေးလိုက်သည်။
"အမ်"
"မင်းက ဒါကိုတောင် ရိပ်မိသွားတာလား... ဟုတ်တယ်၊ ငါက ဝူစန်း တောင်ပေါ်မှာ တိတ်တဆိတ် ကျင့်ကြံနေတာ အခုဆို နှစ်ပေါင်း ၅၀၀ ရှိပြီ၊ အခုမှ တားမြစ်ချက်ကို ချိုးဖျက်ပြီး ပြန်ထွက်လာတာ "
လီယန်ချူက ဆိုလိုက်သည်။
"ဘာ"
ကျန်းဝေက အလန့်တကြား အော်လိုက်မိသည်။
"နှစ်ပေါင်း ၅၀၀ ဟုတ်လား"
သူ လုံးဝ မထင်မှတ်ထားခဲ့သည်မှာ ထိုချောင်ချောင်တာအိုဆရာသည် အသက် ၅၀၀ ကျော်နေပြီဖြစ်သော စီနီယာကြီးတစ်ဦး ဖြစ်နေခြင်းပင်။
ဒါပေမဲ့
ဒီ ဝူစန်းတောင် ဆိုတာ ဘယ်နေရာလဲ သူ တစ်ခါမှ မကြားဖူးပါလား။
ကျန်းဝေသည် မိမိကိုယ်မိမိ အသိအမြင် အလွန်ကျဉ်းမြောင်းလှသည်ဟု ချက်ချင်းပင် ခံစားလိုက်ရသည်။
လီယန်ချူက ခေါင်းညိတ်ပြလိုက်ပြီး ကျန်းဝေကို ပြုံးလျက် ကြည့်နေသည်။
ကျန်းဝေသည် ဗြုန်း ခနဲ ဒူးထောက်ကျသွားပြီး လီယန်ချူ၏ ပေါင်ကို ဖက်လိုက်လေသည်။
"ချောင်ချောင်စီနီယာကြီး... ကျနော်က မျက်စိမပါလို့ တောင်ကြီးကို မမြင်မိတာပါ။ အရင်က စီနီယာကြီးရှေ့မှာ ရိုင်းပျခဲ့မိတာတွေရှိရင် ခွင့်လွှတ်ပေးပါဦး "
ကျန်းဝေ တစ်ယောက် အရှက်သည်းနေမိသည်။
အရင်က မိမိကိုယ်မိမိ မြင့်မြတ်သော မျိုးရိုးကဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားခဲ့သည်များကို ပြန်တွေးမိသည့်အခါ မျက်နှာပူလာတော့သည်။
ထိုချောင်ချောင်စီနီယာကြီးက အသက် ၅၀၀ ကျော်နေသည့် တကယ့် တာအိုနတ်ဘုရားတစ်ပါး မဟုတ်ပါလား
လူတွေရဲ့ အကြောင်းကို သူ မသိတာ ဘာရှိတော့မှာလဲ
"ဘာမှမဖြစ်ပါဘူး၊ ငါက တောင်ပေါ်မှာ နှစ်ပေါင်းများစွာ တိတ်တဆိတ် ကျင့်ကြံနေခဲ့တာဆိုတော့ လောကီရေးရာတွေနဲ့ ကင်းကွာနေတာ ကြာပြီ။ အခုခေတ်ရဲ့ လျှို့ဝှက်နယ်မြေတွေအကြောင်း မင်းဆီကနေ ပိုပြီး သိချင်သေးတယ်"
လီယန်ချူက တည်ငြိမ်စွာ ဆိုသည်။
ကျန်းဝေ တစ်ယောက် စိတ်လှုပ်ရှားသွားတော့သည်။
မူလက သူသည် ကျင့်ကြံဆင့်တူသူချင်းထဲတွင် ပြိုင်ဘက်ကင်းသည့် လူငယ်တာအိုဆရာတစ်ယောက်နှင့် သိကျွမ်းခဲ့သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ယခုမူ တကယ့်ကို ဖုံးကွယ်ထားသည့် အရှိန်အဝါကြီးမားသူ၊ အနည်းဆုံး အသက် ၅၀၀ ကျော်နေသည့် တာအိုနတ်ဘုရားတစ်ပါး ဖြစ်နေသည် မဟုတ်ပါလား။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပြောင်းလဲသွားသည်။
ဒီလူကြီးရဲ့ ခြေထောက်ကိုတော့ ငါ သေချာပေါက် ဖက်ထားရမယ်။
"စီနီယာကြီး... ဒီထောင်ယွမ်ရှန်း ခရီးစဉ် ပြီးသွားရင် ကျနော့်အိမ်ကို ကြွလှမ်းခဲ့ပါဦးလို့ ဖိတ်ကြားချင်ပါတယ်၊ ကျနော့်မိသားစုဝင်တွေကိုလည်း စီနီယာကြီးရဲ့ ခန့်ညားထည်ဝါမှုကို ဖူးမြော်ခွင့် ပေးစေချင်ပါတယ်ဗျ "
ကျန်းဝေက ရိုသေစွာ လျှောက်တင်လိုက်သည်။
လီယန်ချူက ခပ်ပြုံးပြုံးဖြင့်
"ငါတို့ တာအိုကျင့်ကြံသူတွေက စိတ်အလိုအတိုင်း သွားလာတတ်ကြတယ်၊ ဒီကိစ္စကိုတော့ နောက်မှပဲ ပြောကြတာပေါ့"
ကျန်းဝေက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူ့စိတ်ထဲတွင် အိမ်ပြန်ရောက်သည့်အခါ မိမိသည် တာအိုနတ်ဘုရားကြီးတစ်ပါးနှင့် သိကျွမ်းလာခဲ့ကြောင်း မိသားစုကို ပြောပြရလျှင် သူတို့ မည်မျှအထိ အံ့အားသင့်သွားကြမည်ကို ကြိုတင်၍ စိတ်ကူးယဉ်နေမိတော့သည်။
ဒီချောင်ချောင်စီနီယာကြီးက ဘာကို ဝါသနာပါသလဲ မသိဘူး၊ သူ့စိတ်ကြိုက်ဖြစ်အောင် လုပ်ပေးပြီး သေချာပေါက် ဆွဲဆောင်ရမယ်
ကျန်းဝေက စိတ်ထဲမှ တေးထားလိုက်သည်။
သူတို့နှစ်ဦးသည် မကြာမီမှာပင် မြင့်မားလှသော တောင်တန်းကြီးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။
လမ်းတစ်လျှောက်လုံးတွင် ထူးထူးခြားခြား ဘာမှမရှိသော်လည်း...
ထိုတောင်တန်းကြီးမှာမူ အနည်းငယ် ထူးဆန်းနေသည်။
ဧရာမ နဂါးကြီးတစ်ကောင် ထိုနေရာတွင် ဝပ်နေသကဲ့သို့ပင် ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
လူကို ရင်ထိတ်စေသည်အထိပင်။
လီယန်ချူသည် မျက်မှောင်ကြုတ်လျက် ထိုတောင်တန်းကြီးကို အကဲခတ်ကြည့်လိုက်ပြီး
"ဒီတောင်ရဲ့ အရှိန်အဝါက တကယ့်ကို ထူးဆန်းတာပဲ"
***