ချင်ယွမ်ဖုန်း၏ မျက်လုံးအစုံမှာ ရုတ်ချည်းပင် ဝိုင်းစက်သွားရတော့သည်။ "ဒီလိုကိုး... နတ်သက်ကြွေဆေးလုံးကိုသာ ဆောင်ထားနိုင်ရင် အပိုအသက်တစ်ချောင်း ရထားသလိုပဲပေါ့။ ကြည့်ရတာ မုန့်ချီလော့ရဲ့ ဆရာက တကယ်ပဲ ဒဏ်ရာအပြင်းအထန် ရထားပုံရတယ်"
ဤအချက်ကို သိရှိပြီးနောက် ချင်ယွမ်ဖုန်းမှာ ထိုနေရာ၌ ဆက်လက်မဆိုင်းတွတော့ဘဲ ဆေးနတ်ဘုရားဂိုဏ်းဆီသို့ အပြေးအလွှား ပြန်လာခဲ့လေသည်။
ဒဏ်ရာများ ရရှိထားသော်လည်း မုန့်ချီလော့၏ ကုသမှုကြောင့် လှုပ်ရှားသွားလာရာ၌ အဟန့်အတား မရှိတော့ပေ။ တစ်နာရီမျှ ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် ကွမ်နေးတောင်တန်းကို ဖြတ်ကျော်ကာ ဆေးနတ်ဘုရားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ဆေးနတ်ဘုရားဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိသောအခါ တစ်ခုခု ထူးခြားနေသည်ကို ချင်ယွမ်ဖုန်း ခံစားလိုက်ရသည်။ ထိုစဉ် ဂိုဏ်းသားများမှာ သူ့အား ယခင်နှင့်မတူသော အကြည့်မျိုးဖြင့် ကြည့်နေကြသည်ကို တွေ့ရ၏။
ချင်ယွမ်ဖုန်း အလွန်အံ့အားသင့်သွားသော်လည်း ဂိုဏ်းအတွင်းသို့သာ ဆက်လက်ဝင်ရောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် တပည့်များမှာ တိုးတိုးတိုးတိုးဖြင့် အချင်းချင်း စကားပြောနေကြသော်လည်း မည်သည့်အရာကို ပြောဆိုနေကြသည်ကိုမူ အတိအကျ မကြားရပေ။
"... စပေါ်ငွေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမှာ ၅၄ မှတ် တိုးလာပါသည်"
"... ဝူလီရှီး၏ သူတစ်ပါးပျက်စီးရာ၌ ပျော်မွေ့မှု အမူအရာ +၆၆"
...
လမ်းခရီးတစ်လျှောက်၌ အကြောင်းရင်းမရှိဘဲ ယုံကြည်မှုတန်ဖိုးများ များစွာရရှိလာသဖြင့် ချင်ယွမ်ဖုန်းမှာ များစွာဇဝေဇဝါ ဖြစ်ရလေသည်။
"ဘာတွေဖြစ်နေတာလဲ... ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်လို့လား" ဟု တွေးတောရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
သို့သော်လည်း သူသည် တာဝန်ခန်းမဆီသို့သာ လာခဲ့သည်။ ဂိုဏ်းတွင်းအမှတ်များ ရရှိရန်အတွက် ဂိုဏ်း၏ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။
သူ မှတ်မိသလောက်ဆိုလျှင် သွေးဆာနေသော ကင်းမြီးကောက်များကို ဖမ်းဆီးရသည့် တာဝန်မှာ အမှတ် ၃၀၀ အပြည့် ရရှိနိုင်ပေသည်။
ချင်ယွမ်ဖုန်းသည် အရောင်းစင်မြင့်သို့ သွားရောက်ကာ မိမိလက်ခံရရှိထားသော တာဝန်ကြေညာချက်နှင့် သွေးဆာနေသော ကင်းမြီးကောက်ဘုရင်၏ အဆိပ်ချိတ်ကို တင်လိုက်လေသည်။
"စီနီယာအစ်မ... ကျွန်တော် ဒီတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပါပြီ။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး" ဟု ချင်ယွမ်ဖုန်းက ပြောကြားလိုက်သည်။
"တင်း... ကျန်းမေ၏ ထိတ်လန့်တုန်လှုပ်မှု +၁၀၀"
"တင်း... ဖုန်းချန်း၏ ထိတ်လန့်တုန်လှုပ်မှု +၁၀၀"
"တင်း... ချန်မင်၏ ထိတ်လန့်တုန်လှုပ်မှု +၁၀၀"
ခဏချင်းအတွင်းမှာပင် ချင်ယွမ်ဖုန်း၏ အကောင့်ထဲသို့ ယုံကြည်မှုတန်ဖိုး ၃၀၀၀ ကျော် ဝင်ရောက်လာခဲ့သည်။
သူသည် တာဝန်ခန်းမအတွင်းကို ကြည့်လိုက်သောအခါ လူပေါင်း ၃၀ ခန့်သာ ရှိသည်ကို တွေ့ရသဖြင့် ဤယုံကြည်မှုတန်ဖိုးများမှာ ဤနေရာရှိ လူများထံမှ ရရှိခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
ချင်ယွမ်ဖုန်းမှာ ပို၍ပင် နားမလည်နိုင် ဖြစ်ရတော့သည်။ သူသည် ဂိုဏ်းသို့ ပြန်ရောက်ကာစတွင်ပင် ဂိုဏ်းပြင်ပမှ ယုံကြည်မှုတန်ဖိုး ၆၀၀၀ ကျော် ရရှိခဲ့ပြီး ယခု တာဝန်ခန်းမထဲ၌ ၃၀၀၀ ကျော် ထပ်မံရရှိပြန်သည်။
အမှန်စင်စစ် ဤနေရာရှိ လူများမှာ အောက်ခြေဝေယျာဝစ္စတပည့် တစ်ဦးက ယခုကဲ့သို့ ခက်ခဲသော တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု လုံးဝမထင်မှတ်ထားသောကြောင့် ထိတ်လန့်သွားကြခြင်း ဖြစ်သည်။
အပြင်ဘက်ရှိ လူများက ယုံကြည်မှုတန်ဖိုးများ ပေးအပ်ကြခြင်းမှာမူ ချင်ယွမ်ဖုန်းက ဟဲချိုင်ကျွင်းအား ကြောက်လန့်တုန်ရီသွားအောင် ပြုလုပ်ခဲ့သောကြောင့်ပင်။
"စီနီယာ... ဘာဖြစ်လို့လဲ၊ တစ်ခုခု အဆင်မပြေတာ ရှိလို့လား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
စီနီယာအစ်မ ကျန်းမေမှာ အလျင်အမြန်ပင် ခေါင်းခါပြကာ "မဟုတ်ပါဘူး... ဂျူနီယာမောင်လေးက ဒီလောက်အန္တရာယ်များတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားလို့ပါ" ဟု ပြန်လည်ဖြေကြားလေသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် "ကျွန်တော် ကံကောင်းသွားလို့ပါ၊ အသက်တောင် ပါသွားမလို့ပဲ" ဟု ဆို၏။ ကျန်းမေသည် ချင်ယွမ်ဖုန်းမှာ အားနည်းနေသည်ကို မြင်သောအခါ သွေးဆာနေသော ကင်းမြီးကောက်နှင့် တိုက်ခိုက်စဉ်က ဒဏ်ရာရရှိခဲ့သည်ဟု မှတ်ယူလိုက်ကာ ဘာမျှထပ်မပြောတော့ပေ။
“ကောင်းပါပြီ... ဒီတာဝန်က အမှတ် ၃၀၀ ရမှာပါ။ တကယ်တော့ တာဝန်ရဲ့ ခက်ခဲမှုအရဆိုရင် ဒီထက်ပိုရသင့်တာ၊ ဒါပေမဲ့ စိတ်မကောင်းစရာက ငါ့မှာ အမှတ်တိုးပေးဖို့ လုပ်ပိုင်ခွင့် မရှိတာပဲ” ဟု ကျန်းမေက ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "ရပါတယ် စီနီယာအစ်မ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်းသာ လုပ်ပါ" ဟု ပြောလိုက်၏။
“ဒါဆိုရင် မင်းရဲ့ ဂိုဏ်းတံဆိပ်ပြားကို ပေးပါဦး” ဟု ကျန်းမေက လက်ကမ်းပေးလိုက်သည်။ ထိုအခါမှ ချင်ယွမ်ဖုန်းမှာ ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်က ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်ဖြစ်ကြောင်း သက်သေအဖြစ် တံဆိပ်ပြား တစ်ခုစီ ပေးအပ်ခဲ့သည်ကို သတိရလေတော့သည်။
သူသည် အတန်ကြာ ရှာဖွေပြီးနောက် သိုလှောင်အိတ်၏ ထောင့်တစ်နေရာ၌ ထိုတံဆိပ်ပြားကို ရှာတွေ့ခဲ့၏။
ချင်ယွမ်ဖုန်း၌ အလွန်ဈေးကြီးသော သိုလှောင်အိတ်ပင် ရှိနေသည်ကို မြင်ကြသောအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ ထပ်မံပြောင်းလဲသွားကြပြန်သည်။
စမ်းသပ်စစ်ဆေးစဉ်က အသုံးမကျဟု သတ်မှတ်ခံခဲ့ရသော ဝေယျာဝစ္စတပည့်လေးမှာ တစ်ညအတွင်းမှာပင် လုံးဝခြားနားသော လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ကျန်းမေသည် ချင်ယွမ်ဖုန်း၏ တံဆိပ်ပြားကို ကျောက်တုံးဝိုင်းတစ်ခုပေါ်သို့ တင်လိုက်ရာ ချင်ယွမ်ဖုန်း၏ တံဆိပ်ပြားပေါ်၌ '၃၀၀' ဟူသော ဂဏန်းမှာ ချက်ချင်းပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားလေသည်။
"ရပါပြီ ဂျူနီယာမောင်လေး၊ အမှတ် ၃၀၀ ကို တံဆိပ်ပြားထဲ ထည့်ပေးလိုက်ပါပြီ။ ဂိုဏ်းထဲမှာ ပစ္စည်းတွေ လဲလှယ်ချင်ရင် ဒီတံဆိပ်ပြားကို အသုံးပြုရုံပါပဲ" ဟု ဆိုကာ ကျန်းမေက တံဆိပ်ပြားကို ပြန်ပေးလိုက်၏။
ချင်ယွမ်ဖုန်းမှာ အလွန်အံ့အားသင့်သွားရသည်။ ရှန်းဝူစကြဝဠာ တိုက်ကြီးတွင် ကတ်ပြားခြစ်သည့် စနစ်မျိုး ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သို့သော် ဤတံဆိပ်ပြားကို ဂိုဏ်းအတွင်း၌သာ အသုံးပြုနိုင်ပေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအစ်မ" ဟု ချင်ယွမ်ဖုန်းက လက်အုပ်ချီကာ နှုတ်ဆက်လိုက်၏။
ခဏမျှ စကားပြောပြီးနောက် ကျန်းမေသည် ချင်ယွမ်ဖုန်းအား မကောင်းသောသူ မဟုတ်ဘဲ အလွန်စိတ်ထားကောင်းသူ တစ်ဦးအဖြစ် ခံစားလိုက်ရသည်။
ထို့ကြောင့် သူမက သိလိုစိတ်ဖြင့် "ဂျူနီယာမောင်လေး... မင်းက တကယ်ပဲ ဟဲချိုင်ကျွင်းကို အဲဒီလောက်အထိ ကြောက်သွားအောင် လုပ်ခဲ့တာလား" ဟု မေးမြန်းလိုက်လေသည်။
ချင်ယွမ်ဖုန်းမှာ အံ့ဩသွားသော်လည်း ကျန်းမေ၏ စပ်စုလိုသော အမူအရာကို မြင်ရသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
"ဟုတ်ကဲ့ စီနီယာအစ်မ၊ ကျွန်တော် လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒါက သူကိုယ်တိုင် ကျူးလွန်ခဲ့တာကြောင့် ဖြစ်လာရတာပါ။ ကျွန်တော်က တခြားသူတွေ အရင်မနှောင့်ယှက်ရင် ဘယ်သူ့ကိုမှ ရန်မစတတ်ပါဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကို လာနှိပ်စက်ရင်တော့ အသာတကြည် ငြိမ်ခံနေမှာ မဟုတ်ဘူး" ဟု ပြတ်သားသော အမူအရာဖြင့် ပြောလိုက်လေသည်။
ကျန်းမေက ခေါင်းညိတ်ပြကာ "ကောင်းပါပြီ ဂျူနီယာမောင်လေး၊ ကံကောင်းပါစေ" ဟု ဆုတောင်းပေးလိုက်၏။
ချင်ယွမ်ဖုန်းမှာ ခေါင်းညိတ်ပြပြီး တာဝန်ခန်းမထဲမှ ထွက်လာခဲ့သော်လည်း စဉ်းစားလေလေ တစ်ခုခု လွဲချော်နေသည်ဟု ခံစားရလေလေ ဖြစ်နေသည်။ ဤ 'ကံကောင်းပါစေ' ဟူသော စကားမှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဟဲချိုင်ကျွင်းအပေါ် ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို အသုံးပြုစဉ်က ရရှိခဲ့သော မှတ်ဉာဏ်အချို့ကို သတိရသွားသည်။
သူသည် ဤကိစ္စကို မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်၌ ထိုမှတ်ဉာဏ်ကို ပြန်လည်ဖော်ထုတ်နိုင်ခြင်းက ချင်ယွမ်ဖုန်းကို များစွာစိတ်လှုပ်ရှားစေ၏။
ထိုမှတ်ဉာဏ်မှာ ဟဲချိုင်ကျွင်းက အသစ်ဝင်တပည့်များထံမှ လုယက်ထားသော ဖေယွမ်ဆေးလုံးများကို သိမ်းဆည်းထားသည့် နေရာပင် ဖြစ်သည်။
ထိုမှတ်ဉာဏ်များအရဆိုလျှင် ၎င်းတို့အထဲ၌ ချီစုစည်းခြင်းဆေးလုံးပင် ပါဝင်နေသေးသည်။
ထိုစဉ် လူတစ်ဦးမှာ ချင်ယွမ်ဖုန်း၏ ရှေ့သို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ထိုသူမှာ အိုင်ဖေးပင် ဖြစ်၏။
"စီနီယာအစ်ကို... ဘာလို့ ပြန်လာတာလဲ" ဟု အိုင်ဖေးက စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ" ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ ပြန်မေး၏။
"အို... မပြောပါနဲ့တော့။ ဟဲချိုင်ကျွင်းက အစ်ကို့ကြောင့် စိတ်လွတ်ကိုယ်လွတ် ကြောက်လန့်နေတာကို ချောင်ချန်းအန်းက အကြီးအကဲတွေဆီမှာ တိုင်တောထားတယ်လေ။ တပည့်အချင်းချင်း သတ်ဖြတ်ခြင်း မပြုရဘူးဆိုတာ ဂိုဏ်းရဲ့ စည်းမျဉ်းတစ်ခု မဟုတ်လား။ အကြီးအကဲတွေက အစ်ကို့ကို ဒုက္ခပေးကြတော့မှာ" ဟု အိုင်ဖေးက ပျာပျာသလဲ ပြောလေသည်။
ပြောပြီးသည်နှင့် အိုင်ဖေးသည် ချင်ယွမ်ဖုန်းကို ဆွဲကာ ဆေးနတ်ဘုရားဂိုဏ်း အပြင်ဘက်သို့ ခေါ်ဆောင်သွားရန် ကြိုးစားတော့သည်။
"ဟမ့်... ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူဟာ ဘယ်စွပ်စွဲချက်ကိုမှ ကြောက်စရာမလိုဘူး။ ဟဲချိုင်ကျွင်းက ငါ့ကို အရင်နှိပ်စက်ခဲ့တာ၊ ဒါကြောင့် ငါက ပြန်လည်တိုက်ခိုက်ခဲ့တာပဲ" ဟု ဆိုကာ ချင်ယွမ်ဖုန်းက အိုင်ဖေး၏ လက်ကို ခါထုတ်လိုက်ပြီး တရားမျှတစွာ ပြောဆိုလိုက်၏။
"အို... စီနီယာအစ်ကိုကလည်း၊ အစ်ကို နားမလည်သေးဘူးပဲ။ အကြီးအကဲချောင်က ချောင်ချန်းအန်းနဲ့ အမျိုးတော်တာလေ၊ ပြီးတော့ ချောင်ချန်းအန်းရဲ့ အစ်ကိုဖြစ်သူ ချောင်ချန်းဟုကလည်း ဒီဂိုဏ်းရဲ့ အမာခံတပည့်တစ်ဦး ဖြစ်နေပြီ။ အစ်ကို သူတို့ကို အနိုင်မတိုက်နိုင်ပါဘူး" ဟု ဆိုကာ အိုင်ဖေးက ချင်ယွမ်ဖုန်းအား ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာပြီး ဒုက္ခနှင့် ဝေးရာသို့ ရှောင်တိမ်းစေလိုနေသည်
"စိတ်မပူပါနဲ့၊ သူတို့က အဖြူကို အမည်း လုပ်နိုင်မယ်လို့ ငါ မယုံဘူး။ ဆေးနတ်ဘုရားဂိုဏ်းက သူတို့ပိုင်တာ မဟုတ်ပါဘူး။ ဒါ့အပြင် တရားမျှတမှုက အနိုင်ရမှာပါ။ ငါအပေါ် မတရား လုပ်နိုင်မယ်လို့ မယုံကြည်ဘူး" ဟု ချင်ယွမ်ဖုန်းက ခေါင်းမာစွာ ဆိုလိုက်လေသည်။
"အို... စီနီယာအစ်ကိုရာ၊ ပညာရှိဆိုတာ ရှုံးမယ့်တိုက်ပွဲကို မတိုက်ဘူးလေ။ အခု အစ်ကို ထွက်သွားရင်တောင် အစ်ကို သွားစရာ နေရာတစ်ခု ကျွန်တော် ရှာပေးနိုင်ပါတယ်။ အစ်ကို ပိုပြီးသန်မာလာတဲ့ အခါမှ ပြန်လာပြီး အစ်ကို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူပါလား" ဟု အိုင်ဖေးက ချင်ယွမ်ဖုန်း ဒုက္ခရောက်မည်ကို စိုးရိမ်ကာ အားတက်သရော ဖျောင်းဖျပြောဆိုနေတော့သည်။
***