"သွားကြစို့"
ချင်ယွမ်ဖုန်းက အိုင်ဖေးကို ကြည့်ကာ ပြုံး၍ ဆိုလိုက်၏။
အိုင်ဖေးက ခေါင်းညိတ်ပြရာ နှစ်ဦးသား စာကြည့်တိုက်အတွင်းမှ အတူတကွ ထွက်ခွာလာခဲ့ကြလေသည်။
"လာပါ ဂျူနီယာညီလေး၊ မင်းကို တစ်နေရာ ခေါ်သွားချင်လို့" ဟု ချင်ယွမ်ဖုန်းက ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောကြားလိုက်ရာ၊ အိုင်ဖေးမှာ ဇဝေဇဝါ ဖြစ်သွားရရှာသည်။
"စီနီယာအစ်ကို၊ ကျွန်တော်ကို ဘယ်ကို ခေါ်သွားမလို့လဲ"
ချင်ယွမ်ဖုန်းမှာ ဘာမျှ ပြန်လည်ဖြေကြားခြင်း မပြုဘဲ ပြုံးလျက်သာ အိုင်ဖေးကို ခေါ်ဆောင်၍ ကျောက်လှေကားထစ်များအနီးရှိ တပည့်သစ်များ နေထိုင်ရာ အရပ်သို့ ဦးတည်ခဲ့လေသည်။
ဟဲချိုင်ကျွင်း ယခင်က နေထိုင်ခဲ့ဖူးသော အခန်းမှာ ယခုအခါ၌မူ ဟာလာဟင်းလင်း ဖြစ်နေချေပြီ။
"စီနီယာအစ်ကို ဒီကို ဘာလာလုပ်တာလဲ၊ ဟဲချိုင်ကျွင်းက အရူးဖြစ်သွားပြီလေ၊ အခုဆို ဂိုဏ်းထဲမှာ လျှောက်သွားနေတာ" ဟု အိုင်ဖေးက ဆိုသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက်ပင် "ငါ့နောက်ကို လိုက်ခဲ့ပါ" ဟု ဆိုကာ ဟဲချိုင်ကျွင်း၏ အခန်းတွင်းသို့ ဝင်ရောက်သွား၏။
ထိုအခန်းမှာ ခုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်လုံးသာရှိသော ရိုးရှင်းသည့် အခန်းငယ်လေးမျှသာ ဖြစ်ပေရာ၊ ချင်ယွမ်ဖုန်းသည် ဟဲချိုင်ကျွင်း၏ မှတ်ဉာဏ်များကို အသုံးပြု၍ အခန်းလယ်ရှိ စားပွဲဆီသို့ တည့်တည့်မတ်မတ် သွားကာ ဘေးသို့ အသာဖယ်လိုက်သည်။
အခန်းကြမ်းပြင်မှာ သစ်သားပျဉ်ချပ်များ ခင်းထားခြင်း ဖြစ်ပေရာ ချင်ယွမ်ဖုန်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လျော့ရဲနေသော ပျဉ်ချပ်တစ်ခုကို ရုတ်တရက် ဆွဲခွာလိုက်လေတော့သည်။
ပျဉ်ချပ်အောက်၌ ခြေဖဝါးခန့်ရှိသော အပေါက်ငယ်တစ်ခု ရှိနေပြီး ချင်ယွမ်ဖုန်းက ထိုအပေါက်တွင်းသို့ လက်နှိုက်ကာ လေးထောင့်ပုံ သစ်သားသေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်၏။
"ဒါက ဘာလဲ" ဟု အိုင်ဖေးက အံ့အားသင့်စွာ မေးမြန်းလေသည်။
"ဒါတွေက ဟဲချိုင်ကျွင်း တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ဆေးလုံးတွေပဲ" ချင်ယွမ်ဖုန်းက သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ဆေးလုံးပေါင်း ရာနှင့်ချီ၍ ရှိနေသည်ကို တွေ့ရသည်။
အများစုမှာ ချီစုစည်းခြင်းဆေးလုံးများ ဖြစ်ကြပြီး အချို့မှာမူ ဒဏ်ရာကုသရာတွင် အသုံးပြုသော အဆင့်နိမ့် ဆေးလုံးများ ဖြစ်ကြသည်။
ထိုအထဲတွင် အထင်ရှားဆုံးမှာ တတိယအဆင့်ရှိသော ချီစုစည်းခြင်းဆေးလုံးပင် ဖြစ်ချေရာ၊ ဟဲချိုင်ကျွင်း မည်သည့်နည်းဖြင့် ရရှိထားသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
"စီနီယာအစ်ကို၊ ဟဲချိုင်ကျွင်းက ဒီမှာ ဆေးလုံးတွေ ဝှက်ထားတာကို ဘယ်လိုလုပ် သိတာလဲ" ဟု အိုင်ဖေးက အံ့ဩတကြီး မေးမြန်းပြန်သည်။
ပုံမှန်အားဖြင့်မူ ဟဲချိုင်ကျွင်းသည် ဤနေရာ၌ ဆေးလုံးများ ဝှက်ထားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မိကြမည် မဟုတ်ပေ။
"ဒါကိုတော့ မမေးပါနဲ့ဦး၊ ရော့... ဒီဆေးလုံးအချို့ကို ယူထားပြီး မင်းရဲ့ စွမ်းအားတွေ မြန်မြန်တက်အောင် လုပ်ပါ၊ အင်အားကြီးမှ သူတစ်ပါးကို ကြောက်နေစရာ မလိုမှာ" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်၏။
အိုင်ဖေးသည်လည်း အားနာခြင်းမရှိဘဲ ချီစုစည်းခြင်းဆေးလုံး ဆယ်လုံးကို တိုက်ရိုက် ယူဆောင်လိုက်လေသည်။
"ပိုယူလိုက်ပါဦး" ဟု ချင်ယွမ်ဖုန်းက တိုက်တွန်းသော်လည်း အိုင်ဖေးက ငြင်းဆန်ကာ ခေါင်းခါပြလိုက်၏။
"မယူတော့ပါဘူး စီနီယာအစ်ကို၊ ဆေးလုံးတွေကို အလွန်အကျွံ သုံးစွဲတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး၊ လိုအပ်သလောက်ပဲ သုံးတာက ခွန်အားတိုးစေပေမဲ့ များသွားရင်တော့ အဆင့်မြင့်လာတဲ့အခါမှာ အနှောင့်အယှက် ဖြစ်လာနိုင်လို့ပါ"
"အင်း... ငါ နားလည်ပါပြီ" ဟု ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် ဆိုသည်။ ထိုအကြောင်းကို သူလည်း သိရှိပြီးသားပင် ဖြစ်ပေရာ၊ "ဒါဆိုရင်လည်း နောက်ကျရင် ဒီထက်ကောင်းတဲ့ ဆေးလုံးတွေ မင်းအတွက် ငါ ရှာပေးပါ့မယ်" ဟု ကတိပြုလိုက်၏။
အကြောင်းကိစ္စအဖြာဖြာ ပြီးစီးသွားချိန်တွင် မှောင်ရီပျိုးစ ပြုနေချေပြီ။
"ဂျူနီယာညီလေး၊ ငါ ပြန်ရတော့မယ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ ချောင်ချန်းအန်းနဲ့ သူ့လူတွေကိုလည်း သတိထားဦး၊ သူတို့ မင်းကို ပြဿနာရှာလာမှာကို ငါ စိုးရိမ်မိတယ်" ဟု ချင်ယွမ်ဖုန်းက မှာကြားလိုက်သည်။
အိုင်ဖေး၌ ထူးခြားသော နောက်ခံအကြောင်းရင်း ရှိသည်ကို သိထားသော်လည်း "အဘိုးကြီး ချောင်ယွမ်ကို သတ်ပစ်လိုက်" ဟု ပြောနိုင်ခြင်းကပင် အိုင်ဖေး၌ အင်အားကြီးမားသော ကျောထောက်နောက်ခံ ရှိနေကြောင်း သက်သေပြနေခြင်း ဖြစ်ပေသည်။
သို့သော် သူနှင့် အိုင်ဖေးမှာ အချင်းချင်း၏ ကျောထောက်နောက်ခံများကြောင့် မဟုတ်ဘဲ စစ်မှန်သော သံယောဇဉ်ဖြင့် ခင်မင်ခဲ့ကြသူများ ဖြစ်ပေ၏။
"စိတ်မပူပါနဲ့ စီနီယာအစ်ကို၊ အစ်ကိုသာ ပိုပြီး သတိထားပါ၊ ချောင်ချန်းအန်းမှာ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်တစ်ယောက်ဖြစ်တဲ့ အစ်ကိုရှိတယ်၊ သူက အစ်ကို့ကို ပြဿနာရှာလာနိုင်တယ်" ဟု အိုင်ဖေးက သတိပေးစကား ဆိုလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ ဆေးနတ်ဘုရားဂိုဏ်းမှ လှည့်ထွက်လာခဲ့၏။ အိုင်ဖေးလည်း ချင်ယွမ်ဖုန်းနှင့် လမ်းခွဲကာ ဂိုဏ်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။
"ဒီလိုနဲ့ အချိန်လင့်သွားလိုက်တာ ညတောင် ရောက်တော့မယ်" ချင်ယွမ်ဖုန်းသည် ဒဏ်ရာများဖြင့် ဗရပွဖြစ်နေသော မိမိ၏ ခန္ဓာကိုယ်ကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်၏။
အပြင်သို့ ထွက်လာခဲ့သည်မှာ သုံးရက်မျှသာ ရှိသေးသော်လည်း အသက်နှင့်ပင် လဲခဲ့ရလုနီးပါး ဖြစ်ခဲ့ရရာ မိမိ၏ မြေနက်မြေလေးမှာပင် ပို၍ ကောင်းမွန်လှပေတော့သည်။
ထိုစဉ်မှာပင် အရှိန်အဝါတစ်ခုသည် လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို ခံစားလိုက်ရ၏။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရကာ "မဟုတ်မှလွဲရော... နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား" ဟု ရေရွတ်လိုက်မိသည်။
ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော တိုက်ပွဲများကို ခံနိုင်ရည် မရှိတော့ပေ။ ရင်ဘတ်မှ ဒဏ်ရာမှာလည်း ချုပ်ရုံသာ ချုပ်ထားရသေးပြီး အသားမစပ်သေးပေ။
အဝေးမှ လူရိပ်တစ်ခုသည် လျင်မြန်စွာ ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ ရပ်တန့်လိုက်လေသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်၍ ကြည့်လိုက်ရာ ထိုသူမှာ ချောင်ချန်းအန်းနှင့် အလွန်တူနေသည်ကို တွေ့ရ၏။
ထိုသူသည် ချောင်ချန်းဟုပင် ဖြစ်တန်ရာ၏။ သူသည် ချောင်ချန်းအန်း၏ အစ်ကိုဖြစ်သည့်အပြင် နာမည်ကျော်ကြားသော တိုက်ရိုက်သင်ကြားခွင့်ရတပည့် တစ်ဦးလည်း ဖြစ်ပေသည်။
"မင်းက ချင်ယွမ်ဖုန်းလား" ဟု ချောင်ချန်းဟူက မေးမြန်းလိုက်ရာ ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် "မင်းက ချောင်ချန်းဟူ ဖြစ်ရမယ်" ဟု ပြန်လည် ဖြေကြားလိုက်၏။
မိမိရှေ့မှ ချောင်ချန်းဟူ၏ ခွန်အားမှာ အလောင်းကောင်မိစ္ဆာထက် မနိမ့်ကျလှဘဲ ပဉ္စမအဆင့် မဟာဆရာ တစ်ဦး၏ အဆင့်အတန်းမျိုး ရှိနေသည်ဟု ချင်ယွမ်ဖုန်းက ခန့်မှန်းလိုက်မိသည်။
"မှန်တယ်" ဟု ချောင်ချန်းဟူက ဝန်ခံလိုက်ကာ၊ "မင်းက ငါ့ညီကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး တိုက်ရိုက်သင်ကြားခွင့်ရ တပည့်အဆင့် တိုးမြှင့်တာကို ငြင်းပယ်ခဲ့တယ်လို့ ငါ ကြားတယ်" ဟု ဆိုသည်။
"သူတစ်ပါးက ငါ့ကို အရင် မနှောင့်ယှက်ရင် ငါကလည်း ဘယ်သူ့ကိုမှ မနှောင့်ယှက်တတ်ဘူး၊ တစ်ခါတစ်ရံမှာ ငြင်းပယ်ဖို့ ခက်ခဲတဲ့ အရာတွေလည်း ရှိတတ်တာပဲလေ" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်၏။
"ဟားဟားဟား... စိတ်မပူပါနဲ့၊ မင်း ဒဏ်ရာရနေတာ ငါ သိတယ်၊ ငါ မင်းကို မတိုက်ခိုက်ပါဘူး၊ ဒါပေမဲ့ နောက်သုံးလမှာ ကျင်းပမယ့် ဂိုဏ်းတွင်း တိုက်ပွဲမှာတော့ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
ချောင်ချန်းဟူ၏ နှုတ်ခမ်းထောင့်၌ ယုတ်မာသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရကာ "ဂိုဏ်းတွင်း တိုက်ပွဲလား" ဟု ရေရွတ်လိုက်မိ၏။
"ဟွန်း... မင်းက ဂိုဏ်းတွင်း တိုက်ပွဲအကြောင်းတောင် မသိဘူးလား" ဟု ချောင်ချန်းဟုက နှာခေါင်းရှုံ့လျက် ဆိုသည်။
"ဂိုဏ်းတွင်း တိုက်ပွဲဆိုတာ တပည့်တွေရဲ့ ကျင့်ကြံခြင်းကို အားပေးဖို့ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုပဲ၊ ဒါပေမဲ့ မင်းက ဝေယျာဝစ္စတပည့် တစ်ယောက်အနေနဲ့ တခြား ဝေယျာဝစ္စတပည့်တွေနဲ့တော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး"
ချင်ယွမ်ဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယင်းကို ရှောင်လွှဲရန် နည်းလမ်း မရှိတော့သည်မှာ ထင်ရှားလှပေသည်။
ချောင်ချန်းဟု ပြောသည်မှာ မှန်ကန်လှ၏။ သူ၏ စွမ်းအားမှာ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်အဆင့်သို့ တိုးမြှင့်ရန် လုံလောက်နေပြီ ဖြစ်ပေရာ၊ ထိုအချိန်ရောက်လျှင် တခြားသော တိုက်ရိုက်သင်ကြားခွင့်ရ တပည့်များနှင့် ယှဉ်ပြိုင်ရမည်မှာ မလွဲဧကန်ပင်။
"စောင့်ကြည့်နေလိုက်ပါ၊ မင်းရဲ့ နောက်ဆုံး သုံးလတာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားပေါ့" ဟု ချောင်ချန်းဟူက ပြောကာ ဆေးနတ်ဘုရားဂိုဏ်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
ချောင်ချန်းဟူ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရချိန်၌ ချင်ယွမ်ဖုန်းမှာ များစွာ အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။
သူ၏ ကျင့်ကြံခြင်း ပါရမီမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။
အကယ်၍ ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ်၏ အကူအညီသာ မပါဝင်ခဲ့ပါက သူသည် ယခုတိုင် ပထမအဆင့် ပညာသင်အဆင့် ရှိသော ဝေယျာဝစ္စတပည့် ဘဝမှာပင် ရှိနေဦးမည် ဖြစ်သည်။
သို့သော် ဒုတိယအဆင့် ပညာရှင်အဆင့်မှ ပဉ္စမအဆင့် မဟာဆရာ အဆင့်သို့ တက်လှမ်းရန် သုံးလဆိုသော အချိန်မှာ အလွန်ပင် တိုတောင်းလှပေသည်။
ချောင်ချန်းဟူ၏ လက်ချက်ဖြင့် အသက်မပျောက်လိုပါက မိမိ၏ ခွန်အားကို မြှင့်တင်ရန် နည်းလမ်း ရှာဖွေရပေတော့မည်။
"နောက်ဆုံးတော့ ငါလည်း လမ်းမှားဖြစ်တဲ့ ကျင့်စဉ်ကိုပဲ အသုံးပြုရတော့မယ် ထင်ပါရဲ့" ဟု ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ဆိုလိုက်၏။
စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်မှာ အခြားသူများ သို့မဟုတ် မှော်သားရဲများ၏ စွမ်းအင်ကို တိုက်ရိုက် စုပ်ယူ၍ မိမိ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရသော လွန်စွာ ယုတ်မာလှသည့် ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ထိုကျင့်စဉ်အပေါ် အလွန်အကျွံ အားကိုးခြင်း မပြုလိုသော်လည်း ယခုအခါ၌မူ ရွေးချယ်စရာ လမ်းမရှိတော့ချေ။
"အရင်ဆုံး ပြန်ပြီး ဒဏ်ရာကို ကုသရမယ်" ဟု သူက တည်ငြိမ်စွာ ဆိုလိုက်၏။
ဆေးနတ်ဘုရားဂိုဏ်းမှ မြေနက်မြေသို့ ပြန်ရန် တစ်နာရီခန့် ကြာမြင့်မည် ဖြစ်သော်လည်း၊ ချင်ယွမ်ဖုန်းမှာ ဒဏ်ရာရထားသဖြင့် မြန်မြန်မပြေးဝံ့ရာ နှစ်နာရီခန့် ကြာမြင့်မှသာ ပြန်လည် ရောက်ရှိခဲ့လေသည်။
ထိုအချိန်၌ ပတ်ဝန်းကျင်မှာ လုံးဝ မှောင်အတိ ကျနေချေပြီ။ စနစ်မှ တည်ဆောက်ထားသော ထိုက်ချင်း နတ်လေပြည် အစီအရင်မှာလည်း ခပ်ယဲ့ယဲ့မျှသာ ရှိနေပြီး ရပ်တန့်လုနီးပါး ဖြစ်နေ၏။
ချင်ယွမ်ဖုန်းသည် ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်ရှေ့သို့ ရောက်ရှိလာချိန်၌၊ အသံကြားသဖြင့် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့မှာ အပြေးအလွှား ထွက်လာကြလေသည်။
"ဖုန်းအစ်ကို၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့" ချန်ရှောင်ချောင်က စိုးရိမ်တကြီးဖြင့် ချင်ယွမ်ဖုန်းဆီသို့ ပြေးလာရာမှ ချင်ယွမ်ဖုန်း၏ ဒဏ်ရာကို ထိမိသွားသဖြင့် ချင်ယွမ်ဖုန်းမှာ နာကျင်လွန်း၍ တွန့်သွားရရှာသည်။
"ရှောင်ချောင်..." အခြေအနေကို မြင်လိုက်ရသောအခါ ချန်ဒါချောင်မှာ အနားသို့ အပြေးလာရင်း "ဖုန်းအစ်ကို၊ ဘာဖြစ်တာလဲ၊ အစ်ကိုကြည့်ရတာ အရမ်း အားနည်းနေသလိုပဲ" ဟု စိုးရိမ်တကြီး မေးမြန်းလေတော့သတည်း။
***