နောက်တစ်နေ့ နံနက်မိုးသောက်ချိန်ဝယ် တစ်ရွာလုံး၌ မြူနှင်းများ ဝေမှိုင်းလျက် ရှိနေတော့သည်။
နင်တောက်ရန်မှာမူ စောစီးစွာပင် ပြင်ဆင်ခြည်နှောင်ပြီး ဖြစ်၏။ သမင်အူကြောင်ကြီး၏ ကျောပေါ်တွင် အိုးခွက်ပန်းကန်များ၊ "အပြာရောင်နဂါးဝိညာဉ်လှံ" အကျိုးတစ်ပိုင်းနှင့် ကောက်ရိုးဖျာလိပ်တို့ကို တင်ဆောင်ထားလေသည်။
သူသည် ကျိူးထျဲကျူးနှင့် ဟယ်ဟွာလေးတို့ကို နှုတ်ဆက်လိုက်၏။
"ထျဲကျူး... မင်းလည်း ယောက်ျားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရမယ်နော်"
"စိတ်ချပါ အစ်ကိုနင်... ကျွန်တော် ကြိုးစားပါ့မယ်"
"ဟယ်ဟွာလေး... အစ်ကိုကတော့ လောကကြီးကို လှည့်လည်ကြည့်ရှုဖို့ ထွက်ခွာရတော့မယ်။ အစ်ကို ပြန်လာတဲ့အခါကျရင်တော့ ကောင်းကင်ယံမှာ ပျံသန်းနိုင်တဲ့ 'မသေမျိုးသခင်ကြီး' တစ်ဦး ဖြစ်နေလောက်ပြီပေါ့ကွယ်"
"အစ်ကိုနင်..."
ဟယ်ဟွာလေး၏ မျက်ဝန်းအိမ်၌ မျက်ရည်များ ဝဲတက်လာကာ "အစ်ကိုနင် အမြန်ပြန်လာနော်... မဟုတ်ရင် ညီမလေး လွမ်းနေမိမှာ" ဟု တိုးညှင်းစွာ ဆိုရှာ၏။
"စိတ်မပူပါနဲ့... အစ်ကို့ကို စောင့်နေဦးနော်..."
နင်တောက်ရန်သည် ဝါးခမောက်ကို ဆောင်း၊ ကောက်ရိုးမိုးကာကို ဝတ်ဆင်လျက် သမင်အူကြောင်ကြီးကို ဆွဲ၍ အဝေးသို့ ထွက်ခွာခဲ့လေတော့သည်။
ဟယ်ဟွာလေးမှာမူ အိမ်ထဲသို့ ပြေးဝင်ကာ စောင်ကို ကျစ်ကျစ်ပါအောင် ဖက်လျက် ကြောင်ကလေးတစ်ကောင်အလား တရှုံ့ရှုံ့ ငိုကြွေးနေမိတော့သည်။ သူမသည် ငယ်စဉ်ကတည်းက အစ်ကိုနင်ကို ခင်တွယ်ခဲ့သူဖြစ်ရာ အရွယ်ရောက်လျှင် သူနှင့် လက်ထပ်ရန်ပင် စိတ်ကူးယဉ်ခဲ့ဖူးသည် မဟုတ်လော။
...
ရွာပြင်ဝယ် အနန္တဂိုဏ်းမှ လူများမှာ အသင့်ပြင်ထားကြချေပြီ။
ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးအို အဖိုးစွန်းသည် မြင်းလှည်းပေါ်တွင် ထိုင်နေ၏။ ၎င်း၏နောက်၌မူ အနီးနားရှိ ရွာအသီးသီးမှ စုဆောင်းလာသော ကလေးငယ် ခုနစ်ဂဏန်း၊ ရှစ်ဂဏန်းခန့်ကို တင်ဆောင်ထားသည့် နွားလှည်းများ ရှိနေပေသည်။
"ညီလေးနင်... သွားကြစို့"
နွားလှည်းကို မောင်းနှင်နေသော စီနီယာအစ်ကို ကျောက်လီချန်က ပြုံးလျက် လှမ်းခေါ်လိုက်၏။
"ဟုတ်ကဲ့... လာပြီဗျာ"
နင်တောက်ရန်သည် သူ့ကို ကြည့်ရှုစောင့်ရှောက်ခဲ့ကြသော အိမ်နီးချင်း ရွာသားများကို လှည့်ကြည့်ကာ လက်ဝါးချင်းယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
"အားလုံးပဲ နှုတ်ဆက်ခဲ့ပါတယ်ဗျာ။ ကျွန်တော်နဲ့ သမင်ကြီးကတော့ တစ်နေ့မှာ အရောက်ပြန်လာခဲ့ပါ့မယ်"
"နင်ကလေး... စိတ်အေးအေးနဲ့သာ သွားပါကွယ်။ တောင်ပေါ်မှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်၊ အိမ်ကို သိပ်လွမ်းမနေနဲ့ဦး"
"ငါတို့အားလုံး မင်းကို သတိရနေမှာပါ"
"သွားတော့... သွားတော့"
လူအများ၏ နှုတ်ဆက်စကားများကြောင့် နင်တောက်ရန်၏ မျက်ဝန်းများ နီမြန်းလာကာ ဇာတိမြေကို ခွဲခွာရသည့်အတွက် စိတ်မကောင်းဖြစ်မိလေသည်။
မင်းလမ်းမကြီးထက်ဝယ် ကလေးငယ်များမှာ နွားလှည်းပေါ်၌ လိုက်ပါလာကြသော်လည်း နင်တောက်ရန်မှာမူ အသက်အရွယ် အတန်ငယ် ကြီးရင့်နေပြီဖြစ်ရာ လမ်းလျှောက်၍သာ လိုက်ပါခဲ့ရ၏။
လုံရှန်းရွာမှာ တောင်ကြားအတွင်း တည်ရှိခြင်းဖြစ်ရာ ဦးစွာ တောင်ကြားမှ ထွက်ခွာပြီးနောက် ရှန်ယန်နယ်မြေ၏ ကျယ်ပြောလှသော လွင်ပြင်ကြီးဆီသို့ ဝင်ရောက်ခဲ့ကြသည်။
၎င်းတို့သည် နေဝင်မိုးချုပ် အမှောင်ထု လွှမ်းခြုံလာသည်အထိ ခရီးဆက်ခဲ့ကြလေသည်။
"ဒီပြင်ပလောကကြီးက တောင်ကြားထဲမှာ နေရတာနဲ့တော့ တော်တော်ကွာခြားတာပဲ"
လှည်းမောင်းနေသော စီနီယာကျောက်လီချန်က ပြုံးလျက် "ညီလေးနဲ့ ညီမလေးတို့ သိထားကြဖို့က... ဒီပြင်ပလောကကြီးမှာ နတ်ဆိုးတွေနဲ့ ဝိညာဉ်ဆိုးတွေ အလွန်သောင်းကျန်းတယ်ဆိုတာပဲ" ဟု ဆို၏။
သူသည် ကြိမ်လုံးကို မြှောက်ကာ ရှေ့သို့ ညွှန်ပြလျက် "ဒီလမ်းတစ်လျှောက်မှာ ဘာမှန်းမသိတဲ့ နတ်ဆိုးတွေနဲ့ ညစ်ညမ်းတဲ့အရာတွေ အမျိုးမျိုး ရှိနေတတ်တယ်" ဟု ရယ်မောကာ ပြောဆိုလိုက်သည်။
ကလေးငယ်များမှာမူ ကျောချမ်းသွားကြကာ တစ်ကိုယ်လုံး တုန်ရီသွားကြတော့သည်။ နင်တောက်ရန်မှာမူ စိတ်အားတက်ကြွစေရန် မီးတုတ်ကို ထွန်းလိုက်ပြီး သမင်အူကြောင်ကြီး၏ ခေါင်းကို ပွတ်သပ်ပေးကာ နားရွက်ကို မ၍ ပြုံးလျက် မေးလိုက်၏။
"သမင်ကြီး... မင်းရော ကြောက်နေလား"
"အူးးးး~~~"
သမင်အူကြောင်ကြီးမှာ နင်တောက်ရန်၏ ပခုံးကို ခေါင်းဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ ယင်းမှာ "အစ်ကိုကြီးရှိရင် ကျွန်တော် မကြောက်ပါဘူး" ဟု ပြန်လည်ဖြေကြားလိုက်သည့်အလားပင်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လမ်းခရီးတစ်လျှောက်၌ မည်သည့် ဝိညာဉ်ဆိုးနှင့်မျှ မဆုံတွေ့ခဲ့ကြချေ။
နွားလှည်းသည် သုံးရက်တိုင်တိုင် တဂျိန်းဂျိန်း မြည်ဟည်းမောင်းနှင်ပြီးနောက် အနန္တဂိုဏ်း တည်ရှိရာ ဟွမ်လုံတောင်တန်းသို့ ဆိုက်ရောက်လာခဲ့တော့သည်။
ထိုညတွင် နင်တောက်ရန်နှင့် ကလေးငယ်များကို တောင်တံခါးပြင်ပရှိ အဆောင်များ၌ ခေတ္တနားခိုစေ၏။ နောက်တစ်နေ့ နံနက်စောစောဝယ် ကျောက်လီချန်၏ အသံ ပေါ်ထွက်လာခဲ့ချေပြီ။
"ညီလေးနဲ့ ညီမလေးတို့... တောင်တံခါးထဲ ဝင်ဖို့ ပြင်ကြတော့"
အားလုံးပင် အစာအနည်းငယ် စားသောက်ပြီးနောက် မြူနှင်းများ ဝေမှိုင်းနေသော ရာသီဥတုအောက်၌ တောင်တံခါးအတွင်းသို့ ချဉ်းကပ်ခဲ့ကြလေသည်။
မကြာမီတွင် ကလေးငယ်များမှာ ကွင်းပြင်ကျယ်ကြီးတစ်ခုသို့ ရောက်ရှိလာကြ၏။
ဝိညာဉ်အမြစ်ကို ထပ်မံစစ်ဆေးပြီးနောက် ကလေးငယ်များ၏ လက်မောင်း၌ အနီရောင်နှင့် အပြာရောင် ပဝါများကို စည်းနှောင်ပေးကြသည်။ အနီရောင်မှာ အထက်တန်းစား ဝိညာဉ်အမြစ်ကို ဆိုလိုပြီး အပြာရောင်မှာ အလယ်အလတ်အဆင့်ကို ဆိုလိုပေသည်။
နင်တောက်ရန်မှာမူ အဆင့် (၉) အခြေခံဝိညာဉ်အမြစ်သာ ရှိသဖြင့် ဂိုဏ်းမှ စစ်ဆေးရန်ပင် စိတ်မဝင်စားကြချေ။
ညနေစောင်းသို့ ရောက်သောအခါမှသာ အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အပြင်စည်းအကြီးအကဲ တစ်ဦးသည် မှတ်တမ်းစာအုပ်ကို ကိုင်လျက် အနိမ့်တန်းစား ဝိညာဉ်အမြစ်ရှိသူများထံသို့ ချဉ်းကပ်လာခဲ့၏။
"အားလုံး သေချာနားထောင်ကြ"
ရှုနင် ဟု အမည်ရသော အဆိုပါ အကြီးအကဲက အေးစက်သောလေသံဖြင့် "မင်းတို့ရဲ့ ပါရမီက ဂိုဏ်းကနေ အရင်းအနှီး အမြောက်အမြားသုံးပြီး မွေးမြူပေးရလောက်တဲ့အထိ မဟုတ်ဘူး။ အတွင်းစည်းတပည့် ဖြစ်ဖို့ဆိုတာကိုတော့ စိတ်ကူးထဲတောင် မထည့်ကြနဲ့ဦး။ ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ကို ရောက်တဲ့သူကတော့ အပြင်စည်းတပည့် လုပ်နိုင်ပြီး၊ အဲဒီအဆင့်ကို မရောက်သေးတဲ့သူတွေကတော့ အနိမ့်ဆုံးအဆင့် အလုပ်သမား အဖြစ်ကနေ စတင်ရလိမ့်မယ်" ဟု ဆိုလေသည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ"
ကလေးငယ်များမှာ ခေါင်းညိတ်လိုက်ကြ၏။
"နင်တောက်ရန်"
ရှုနင်က အမည်ကို ခေါ်လိုက်ကာ "မင်းရဲ့ အရည်အချင်းကတော့ အပြင်စည်းတပည့် ဖြစ်ဖို့ လုံလောက်ပါတယ်။ မင်းအနေနဲ့ အပြင်စည်းအကြီးအကဲ တစ်ယောက်ကို ဆရာအဖြစ် ဆည်းကပ်မလား၊ ဒါမှမဟုတ် ဝိညာဉ်ဆေးပင်ဌာန ဒါမှမဟုတ် ဝိညာဉ်လယ်ကွင်းဌာနမှာ 'ဝိညာဉ်စိုက်ပျိုးသူ' အဖြစ် လုပ်ကိုင်မလား ရွေးချယ်နိုင်တယ်"
သူသည် နင်တောက်ရန်ကို စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ "မင်းက အသက် ၂၀ နီးပါး ရှိနေပြီ၊ ဒါပေမဲ့ ဝိညာဉ်စွမ်းအင်သန့်စင်မှု ပထမအဆင့်မှာပဲ ရှိသေးတယ်၊ ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်ကလည်း မပြည့်စုံသေးဘူး။ ကြည့်ရတာ မင်းအတွက် ကြီးကြီးမားမား မျှော်လင့်ချက် မရှိပါဘူး။ ဝိညာဉ်လယ်ကွင်းဌာနကိုသွားပြီး ဝိညာဉ်စိုက်ပျိုးသူပဲ လုပ်ပါတော့" ဟု ဆိုကာ နင်တောက်ရန်အား ရွေးချယ်ခွင့်ပင် မပေးဘဲ သူ၏ ကံကြမ္မာကို စုတ်ချက်တစ်ခုတည်းဖြင့် ဆုံးဖြတ်လိုက်လေတော့သည်။
"အဟမ်း... ဦးလေးရှုဗျာ..."
ဘေးမှ ကျောက်လီချန်က မျက်မှောင်ကြုတ်ကာ "ဒီညီလေးက တပည့်အဖြစ် ရွေးချယ်ချင်နေမလားလို့ပါ..." ဟု ဝင်ပြောရှာ၏။
"ဟေ..."
ရှုနင်၏ မျက်နှာတွင် စိတ်မရှည်သော အမူအရာ ပေါ်လာကာ "နင်တောက်ရန်... မင်းက တပည့်ပဲ လုပ်ချင်သလား၊ ဒါမှမဟုတ် ဝိညာဉ်စိုက်ပျိုးသူပဲ သွားလုပ်မလား" ဟု မေးလိုက်လေသည်။
နင်တောက်ရန်ကမူ တုံ့ဆိုင်းမနေဘဲ "ဦးလေးရှုက ကျွန်တော့်ထက် အမြင်ကျယ်တဲ့သူ ဖြစ်တာကြောင့် ကျွန်တော့်အတွက် အကောင်းဆုံးကိုပဲ စဉ်းစားပေးမှာပါ။ ကျွန်တော် ဦးလေးပြောသလိုပဲ ဝိညာဉ်စိုက်ပျိုးသူပဲ လုပ်ပါ့မယ်" ဟု ပြန်လည်ဖြေကြားလိုက်၏။
ကျောက်လီချန်မှာ သက်ပြင်းချလိုက်သော်လည်း ဘာမျှ ဆက်မပြောတော့ပေ။ နင်တောက်ရန်မှာမူ ကျောက်လီချန်၏ စေတနာကို နားလည်သဖြင့် အားနာသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
"သွားတော့"
ရှုနင်သည် ကျောက်စိမ်းပြားတံဆိပ် တစ်ခုကို နင်တောက်ရန်ထံသို့ ပစ်ပေးလိုက်၏။
ထို့နောက်တွင် ကျောက်လီချန်သည် နင်တောက်ရန်အား ပစ္စည်းများ ထုတ်ယူရန်နှင့် ဝိညာဉ်လယ်ကွင်းသို့ သွားရောက်ရန် ခေါ်ဆောင်သွားခဲ့လေသည်။
"ညီလေးရာ... မင်းကတော့ တကယ့်ကို အူကြောင်ကြောင်နိုင်တာပဲ"
ကျောက်လီချန်က သက်ပြင်းချကာ "မင်းရဲ့ အဆင့်အတန်းက အပြင်စည်းတပည့်ပဲ၊ ဟိုအလုပ်သမားတွေထက် အများကြီး သာပါတယ်။ အကယ်၍ မင်းသာ အပြင်စည်းအကြီးအကဲ တစ်ယောက်ကို ဆရာအဖြစ် ဆည်းကပ်ခဲ့ရင် မင်းမှာ အားကိုးရာ ရှိလာမှာပေါ့။ အခုတော့..."
"သတိပေးတာ ကျေးဇူးတင်ပါတယ် စီနီယာကျောက်"
နင်တောက်ရန်က သက်ပြင်းချလျက် "ဦးလေးရှုရဲ့ အမူအရာအရ ကျွန်တော်က သူ့ဆန္ဒကို ဆန့်ကျင်လိုက်ရင် နောက်ပိုင်းမှာ သူက ကျွန်တော့်ကို ဒုက္ခပေးနေဦးမှာပဲလေ။ အဲဒီကျရင် ပိုပြီး နေရခက်သွားမှာ မဟုတ်လား"
"အင်း... အဲဒါလည်း ဟုတ်တာပဲလေ"
ကျောက်လီချန်က ခေါင်းညိတ်ကာ လက်ခံလိုက်ရတော့သည်။
မကြာမီတွင် ၎င်းတို့သည် ပစ္စည်းထုတ်ယူရာ နေရာသို့ ရောက်ရှိလာ၏။ နင်တောက်ရန်သည် ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ သူ၏ ဝိညာဉ်အမှတ်အသားကို ကျောက်စိမ်းပြားတံဆိပ်ပေါ်၌ ရေးထိုးလိုက်ရာ ကျင့်ကြံသူ အနန္တဂိုဏ်း၏ အပြင်စည်းတပည့် တစ်ဦး ဖြစ်လာခဲ့ချေပြီ။
ပစ္စည်းများအဖြစ် "ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်" နှင့် "ဝိညာဉ်မိုးသွန်းကျင့်စဉ်" တို့ ရေးထိုးထားသော ကျောက်စိမ်းပြားနှစ်ခု၊ အပြာနုရောင် အပြင်စည်းတပည့် ဝတ်စုံ တစ်စုံ၊ ဝိညာဉ်ကောက်နှံမျိုးစေ့ ပိဿာချိန်အနည်းငယ်နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးတုံးကို ရရှိခဲ့လေသည်။
ဤသည်မှာ တကယ့်ကို အခြေခံ အထုပ်အပိုးလေးတစ်ခုပင် ဖြစ်ချေသည်။
ဘေးရှိ သမင်အူကြောင်ကြီးမှာမူ သူစိမ်းနယ်မြေဖြစ်၍ မနေတတ်မထိုင်တတ် ဖြစ်ကာ ညည်းတွားလိုက်၏။
"ရပါတယ်... စိတ်မပူနဲ့"
နင်တောက်ရန်က သမင်ကြီး၏ ခေါင်းကို ဖက်ကာ အားရပါးရ ပွတ်သပ်ပေးလိုက်ရင်း "ငါ ဒီမှာ ရှိနေတာပဲဟာ" ဟု ပြုံးလျက် ဆိုလိုက်၏။
ကျောက်လီချန်မှာမူ ဤညီလေးနှင့် သူ၏ ဝိညာဉ်သားရဲကို ကြည့်ကာ စိတ်ဝင်စားနေမိသည်။ လမ်းတစ်လျှောက်လုံး ဝိညာဉ်သားရဲတစ်ကောင်နှင့် စကားတပြောပြောဖြင့် လာသော ကျင့်ကြံသူဟူ၍ တစ်ခါမျှ မမြင်ဖူးခဲ့သည် မဟုတ်လော။
အနန္တဂိုဏ်း၏ ပြင်ပတောင်ကုန်း...
(၇၇) ကွက်မြောက် ဝိညာဉ်လယ်ကွင်း၊ စုစုပေါင်း ဧရိယာ သုံးဧကခန့် ရှိသော ဝိညာဉ်မြေဖြစ်၏။
ဤနေရာသည် နင်တောက်ရန်အတွက် နောင်တွင် စားဝတ်နေရေးအတွက် အဓိက အားထားရာ ဖြစ်လာပေလိမ့်မည်။
လယ်ကွင်း၏ ဘေးတွင် အိမ်ငယ်လေးတစ်လုံး ရှိနေပြီး အတွင်း၌ လယ်သမားကြီးတစ်ဦးသည် အိမ်ပြင်ရန် ပြင်ဆင်နေလေသည်။
ထိုသူမှာ အဖိုးစွန်း ဖြစ်ပြီး အနန္တဂိုဏ်း၏ အပြင်စည်းတပည့် တစ်ဦးလည်း ဖြစ်ပေသည်။ သူသည် ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် (၆) ၌ ရှိနေကာ တစ်သက်လုံး ဝိညာဉ်စိုက်ပျိုးသူအဖြစ်သာ နေထိုင်ခဲ့သူ ဖြစ်၏။
အဆင့်မြင့်ပိုင်းသို့ မတက်လှမ်းနိုင်တော့သဖြင့် အဖိုးစွန်းသည် တောင်ပေါ်မှ ဆင်းကာ သူစုဆောင်းထားသမျှနှင့် ဇာတိမြေသို့ ပြန်၍ သားသမီး၊ မြေးမြစ်များနှင့်အတူ အေးအေးချမ်းချမ်း နေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။
"ညီလေးနင်..."
အဖိုးစွန်းက ဝါနေသော သွားများကို ဖော်၍ ရယ်မောကာ "ဒီအိမ်ကတော့ နောင်ဆို မင်းအပိုင်ပဲပေါ့။ ပြီးတော့ ဒီမှာ ဝိညာဉ်ပေါက်တူး တစ်လက်လည်း ရှိတယ်၊ အိမ်ရဲ့ ပတ်ပတ်လည်မှာတော့ အဆင့်နိမ့် တိမ်တိုက်မြူခိုး အစီအရင် တစ်ခုကို ခင်းကျင်းထားတယ်။ ဒါက မင်းကို အနည်းငယ် ဖုံးကွယ်ပေးနိုင်ပါလိမ့်မယ်။ အားလုံးကို မင်းအတွက်ပဲ ထားခဲ့ပါ့မယ်" ဟု ဆိုလေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ... စီနီယာရဲ့ ခရီးစဉ် ဖြောင့်ဖြူးပါစေဗျာ"
နင်တောက်ရန်က ရိုသေစွာ ဦးညွှတ်လိုက်၏။
အဖိုးစွန်း ထွက်ခွာသွားပြီးနောက် နင်တောက်ရန်သည် (၇၇) ကွက်မြောက် ဝိညာဉ်လယ်ကွင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။
အစီအရင်ကို ဖွင့်လိုက်သည်နှင့် အိမ်ငယ်လေး၏ ပတ်ပတ်လည်၌ မြူနှင်းများ ဝေမှိုင်းလာကာ ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့၏။
ဤအစီအရင်မှာ အနည်းငယ် ပျက်စီးနေသော အခြေခံ ဖုံးကွယ်ခြင်း အစီအရင်သာ ဖြစ်သော်လည်း မြူနှင်းများကြောင့် အမြင်အာရုံကို ကောင်းစွာ ဖုံးကွယ်ပေးနိုင်ပေသည်။ သို့သော် အသံလုံခြင်းနှင့် ကာကွယ်ရေးစွမ်းရည်မှာမူ မရှိသလောက်ပင် ဖြစ်ချေသည်။
နင်တောက်ရန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။
သူ စဉ်းစားခန်း ဝင်နေမိသည်။
သူ၏ "သစ်ပင်ပန်းမန်တို့၏ သန့်စင်သော ဝိညာဉ်တော်" ကြောင့် အပင်ကြီးထွားနှုန်း အဆ ၅၀ မျှ မြန်ဆန်နေခြင်းမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှရာ သူတစ်ပါးကို မည်သည့်အခါမျှ အသိပေး၍ မဖြစ်နိုင်ချေ။
ထို့ကြောင့် သူသည် အပြင်ဘက် လယ်ကွင်းများတွင် ပုံမှန်အတိုင်း စိုက်ပျိုးမည်ဖြစ်သော်လည်း အိမ်တွင်းရှိ မြေကွက်လပ်အချို့တွင်မူ လျှို့ဝှက်စိုက်ပျိုးရန် ဆုံးဖြတ်လိုက်၏။ နောင်တွင် သူ၏ စွမ်းအားကို အသုံးပြု၍ စိုက်ပျိုးမည့် ဝိညာဉ်ကောက်နှံများကို တိမ်တိုက်မြူခိုး အစီအရင်၏ ဖုံးကွယ်မှုအောက်၌သာ စိုက်ပျိုးရပေလိမ့်မည်။
သို့မဟုတ်ပါက သူ၏ ထူးခြားသော စွမ်းရည်ကို တစ်စုံတစ်ဦးက သိရှိသွားလျှင် ဂိုဏ်းမှ သူ့ကို ဖမ်းဆီးကာ သုတေသန ပြုလုပ်ခံရပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် နောက်တစ်နေ့၏ နေရောင်ခြည်ကိုပင် မြင်တွေ့ရတော့မည် မဟုတ်ချေ။
မကြာမီတွင် နင်တောက်ရန်နှင့် သမင်အူကြောင်ကြီးတို့သည် တက်ကြွစွာဖြင့် လယ်ထွန်ခြင်း၊ ရေသွင်းခြင်းနှင့် ပျိုးထောင်ခြင်းတို့ကို စတင်လုပ်ကိုင်ကြလေသည်။
ယင်းအလုပ်များသည် သူတို့အတွက် အလွန်ပင် ရင်းနှီးနေပြီ ဖြစ်သော်လည်း အပြင်ဘက် သုံးဧက လယ်ကွင်း၌ စိုက်ပျိုးစဉ်တွင်မူ သူ၏ ထူးခြားသော စွမ်းရည်ကို ပိတ်ထားခဲ့ပေသည်။
ထိုသို့ဖြင့် ရက်အနည်းငယ် ကြာပြီးနောက်...
လေပြင်းတိုက်ခတ်နေသော မှောင်မိုက်သည့် ညတစ်ညဝယ် နင်တောက်ရန်သည် ဝိညာဉ်ပေါက်တူးကို ထမ်းကာ သမင်အူကြောင်ကြီးနှင့်အတူ တိမ်တိုက်မြူခိုး အစီအရင်၏ ဖုံးကွယ်မှုအောက်၌ သူ၏ ပထမဆုံးသော ဝိညာဉ်ကောက်နှံများကို လျှို့ဝှက်စွာ စတင်စိုက်ပျိုးခဲ့လေတော့သတည်း။
***