နံနက်ခင်းအချိန်၊ အနန္တဂိုဏ်း၏ (၇၇) ကွက်မြောက် ဝိညာဉ်လယ်ကွင်းပြင်ဝယ်
"သမင်ကြီး... လယ်စိုက်ရအောင်ဟေ့"
နင်တောက်ရန်နဲ့သမင်သည် လက်ကအဝတ်စများကို လိပ်တင်ကာ စတင်အလုပ်ရှုပ်ကြတော့သည်။ သာမန်လယ်စိုက်ခြင်းမျှသာ ဖြစ်သော်လည်း ၎င်းတို့နှစ်ဦးမှာမူ တက်ကြွမှု အပြည့်ရှိနေကြချေပြီ။
မကြာမီတွင် သုံးပဲခန့်ရှိသော မြေကွက်လပ်၌ ဝိညာဉ်ကောက်နှံများကို စိုက်ပျိုးပြီးစီးသွား၏။ မျိုးစေ့များ အညှောက်ထွက်လာပုံမှာ မျက်စိရှေ့တင် မြင်တွေ့နေရသည့်အလား လျင်မြန်လှပေသည်။ သုံးရက်မပြည့်မီမှာပင် အိမ်ဝင်းငယ်အတွင်းဝယ် စိမ်းစိုနေသော ဝိညာဉ်ကောက်နှံပင်များမှာ လေပြည်အောက်၌ ယိမ်းထိုးနေကြချေပြီ။
နင်တောက်ရန်သည် ဝါးခမောက်ကို ဆောင်းကာ ဖင်တဗူးဗူးဖြင့် ဝိညာဉ်ကောက်နှံများ ကြီးထွားပုံကို လိုက်လံစစ်ဆေးနေသည်မှာ ဝါရင့်လယ်သမားကြီးတစ်ဦးအလားပင်။
ရက်အနည်းငယ် ကြာပြီးနောက် ဝိညာဉ်ကောက်နှံများ မှည့်ဝင်းလာသောအခါ နင်တောက်ရန်၏ ရင်ခုန်သံမှာ အပြင်သို့ ထွက်လုမတတ် ဖြစ်နေတော့သည်။
"သမင်ကြီး... ရိတ်သိမ်းချိန် ရောက်ပြီဟေ့"
ရိတ်သိမ်းချိန်သို့ ရောက်သောအခါ သူရော သမင်ပါ ပို၍ပင် စိတ်လှုပ်ရှားနေကြ၏။
ရိတ်သိမ်းရရှိသော ဝိညာဉ်ကောက်နှံများကို အစေ့အဆန်များအဖြစ် ပြောင်းလဲပြီးသောအခါ နင်တောက်ရန်သည် အသေးစိတ်အချက်အချို့ကို သတိပြုမိလေသည်။
သူ၏ စိုက်ပျိုးမှုအတတ်ပညာ မကျွမ်းကျင်သေးခြင်းကြောင့် ဖြစ်တန်ရာသည်၊ အစေ့အဆန်အများစုမှာ ပိန်လှီနေသော်လည်း အချို့သော အစေ့များမှာမူ ရွှေရောင်၊ ငွေရောင် အစင်းကြောင်းများဖြင့် ဖုံးလွှမ်းလျက် ဝိညာဉ်စွမ်းအင်များ ကြွယ်ဝနေပေသည်။
အထူးသဖြင့် ရွှေရောင်အစင်းပါသော အစေ့များမှာ ဝိညာဉ်စွမ်းအင်များ လျှံထွက်လုမတတ် သိပ်သည်းလှ၏။
ထိုအချိန်၌ စနစ်၏ အသံမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
"တင်းဒေါင်..."
[ယခုတစ်ခေါက် ရိတ်သိမ်းမှုတွင် အဖိုးတန် ဝိညာဉ်ကောက်နှံ (၁၂၄) စေ့နှင့် ရှားပါးဝိညာဉ်ကောက်နှံ (၈) စေ့ ရရှိခဲ့ပါသည်။ စုစုပေါင်း ကျင့်ကြံမှုအချိန် (၂၀၄) နှစ် ရရှိပါသည်]
...
"ကျင့်ကြံမှုအချိန်..."
နင်တောက်ရန်မှာ နားဝဝယ် အုန်းခနဲ မြည်သွားကာ မှင်တက်သွား၏။ ဤအယူအဆကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။ ဤသည်မှာ "သစ်ပင်ပန်းမန်တို့၏ သန့်စင်သော ဝိညာဉ်တော်" ငါးမှတ်ရှိခြင်းကြောင့် ရရှိလာသော အကျိုးကျေးဇူးသစ် ဖြစ်ပေလိမ့်မည်။
သူသည် ကျင့်ကြံမှုအချိန်ကို စူးစိုက်ကြည့်လိုက်သောအခါ စနစ်က ညွှန်ကြားချက်တစ်ခု ပေးလာ၏။ ယင်းအချိန်များကို ကျင့်စဉ်များ ကျင့်ကြံရာတွင် အသုံးပြုနိုင်ပြီး လက်တွေ့ကျင့်ကြံသကဲ့သို့ပင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟု ဆိုပေသည်။
"ဟေ... ဒီလိုလည်း သုံးလို့ရတာလား"
သူသည် ဘယ်ဘက်လက်ဖြင့် ကောက်ရိုးများကို ဆုပ်ကိုင်ထားကာ ညာဘက်လက်ကို အသာအယာ မြှောက်လျက် "ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်" ကို စမ်းသပ်ကျင့်ကြံကြည့်ကာ ကျင့်ကြံမှုအချိန်များကို ယင်းအတွင်းသို့ လောင်းထည့်လိုက်လေသည်။
နောက်တစ်ခဏ၌ အံ့မခန်းဖွယ် မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။
[ (၁)နှစ်- အရှင်သည် ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်၏ အနှစ်သာရကို နားလည်ရန် ကြိုးစားခဲ့သည်။ ကံဆိုးသည်မှာ အရှင်၏ ပါရမီမှာ ထုံထိုင်းလွန်းလှသဖြင့် ကျင့်စဉ်အတွင်းရှိ နက်နဲသော အဓိပ္ပာယ်ကို မသိမြင်နိုင်ခဲ့ပါ။ တစ်နှစ်ကြာပြီးနောက် အရှင်သည် စိတ်ပျက်အားငယ်လာခဲ့ပါသည်။"
[(၂)နှစ် - အရှင်သည် ရေကန်ဘေး၌ ရပ်ကာ 'ငါ မသေမျိုးဖြစ်အောင် ကျင့်ကိုကျင့်ရမယ်၊ ဘယ်သူမှ တားလို့မရဘူး' ဟု အော်ဟစ်ခဲ့သည်။ ကန်အတွင်းရှိ ဖားများမှာ အရှင်၏ မစွမ်းသာမှုကို လှောင်ပြောင်သည့်အလား အော်မြည်နေကြပါသည်။]
[(၅)နှစ် - အရှင်သည် ငါးနှစ်တိုင်တိုင် ငုပ်တုပ်ထိုင်ခဲ့ရာ လူမှာလည်း ပိန်ချောင်သွားခဲ့ပြီ။ ထိုအချိန်၌ အရှင်၏ နှလုံးသားဝယ် လျှပ်ခနဲ အသိတစ်ခု ပေါ်လာခဲ့၏။ အရှင်သည် တစ်စုံတစ်ခုကို နားလည်သွားခဲ့ချေပြီ။ ဤသည်မှာ ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်၏ အနှစ်သာရပင် ဖြစ်ပါသည်။"
[အရှင်၏ သွေးနှင့် စွမ်းအင်များမှာ စတင်ပြောင်းလဲလာကာ ခွန်အားများ စဉ်ဆက်မပြတ် တိုးတက်လာခဲ့ပြီး သွေးစွမ်းအင်မှာ သုံးကြိမ်တိုင်တိုင် အသွင်ပြောင်းသွားခဲ့ပါသည်။]
[ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ် - အဝါရောင်အဆင့်နိမ့် (အခြေခံအဆင့်)]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၁၉၉ နှစ်]
ချက်ချင်းဆိုသလိုပင် အားကောင်းလှသော သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့သည် နင်တောက်ရန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာရာ သူ၏ ကိုယ်လုံးမှာ နီရဲသွားခဲ့၏။ ထိုပေါက်ကွဲအားမှာလည်း စဉ်ဆက်မပြတ် တိုးလာခဲ့လေသည်။
"နောက်ဆုံးတော့... အခြေခံအဆင့်ကို ရောက်ပြီ..."
သူသည် ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျမိသကဲ့သို့ မိမိ၏ ညံ့ဖျင်းလှသော ပါရမီကိုလည်း ရှက်မိလေသည်။
ဆက်လုပ်ဦးမှပဲ။
[နှစ် (၂၀) - အရှင်သည် ကျင့်စဉ်၏ မြင့်မားသော အဆင့်များကို နားလည်ရန် ရုန်းကန်နေရသော်လည်း ပါရမီ၏ အကန့်အသတ်မှာ ကျိန်စာတစ်ခုအလား အရှင့်ကို တားဆီးနေခဲ့ပါသည်။]
[အရှင်သည် ငိုလိုက်ရယ်လိုက်ဖြင့် သူတစ်ပါးမျက်စိ၌ အရူးတစ်ယောက်အလား ဖြစ်နေခဲ့ပါသည်။]
[နှစ် (၃၆) - အရှင်သည် ကျင့်စဉ်၏ ကိုယ်ဟန်အနေအထားကို အကြိမ်ပေါင်း သန်းနှင့်ချီ၍ ပြုလုပ်ခဲ့သော်လည်း စိတ်ပျက်နေမိသည်။ အချို့သော ပါရမီရှင်များမှာ အကြိမ်သန်းချီ လေ့ကျင့်ပြီးနောက် လမ်းစဉ်ကြီးကို ပေါက်မြောက်နိုင်သော်လည်း အရှင်မှာမူ ၎င်းတို့နှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပါ။]
[နှစ် (၅၀) - အရှင်သည် လက်လျှော့လိုက်ပြီး မယားငယ်ယူကာ သားသမီးမွေးရန် ကြံစည်ခဲ့သည်။ ပိဿာချိန် ၃၀၀ ခန့်ရှိသော မယားငယ်ကို ကြည့်နေစဉ်မှာပင် စိတ်ကူးသစ်တစ်ခု လျှပ်ခနဲ ပေါ်လာပြန်သဖြင့် မသေမျိုးဖြစ်ရန် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပါသည်။]
[အရှင်၏ ဝိညာဉ်နှင့် သွေးများမှာ ပြင်းထန်စွာ လောင်မြိုက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြီးကျယ်စွာ ပြောင်းလဲသွားခဲ့သည်။ အရှင်၏ သွေးစွမ်းအင်မှာ ခြောက်ကြိမ်တိုင်တိုင် အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်ပါသည်။]
[ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်- အဝါရောင်အဆင့်နိမ့် (အသင့်အတင့်အဆင့်)]
[ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် (၂)]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၁၅၄ နှစ်]
နင်တောက်ရန်သည် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်၏။ သူ၏ လက်မောင်းများကို ငုံ့ကြည့်လိုက်ရာ ခြောက်ကြိမ်တိုင်တိုင် သွေးစွမ်းအင် ပြောင်းလဲပြီးနောက် ခန္ဓာကိုယ်မှာ ယခင်ကထက် များစွာ သန်မာလာခဲ့ချေပြီ။ သွေးစွမ်းအင်များမှာ လက်မောင်းအတွင်း၌ စီးဆင်းနေသည်ကို သူ ခံစားနေရပေသည်။
ထို့ပြင် သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း တစ်ဆင့်တိုးလာခဲ့ရာ အကျိုးကျေးဇူးမှာ အလွန်ပင် ကြီးမားလှပေသည်။
ထပ်လုပ်ဦးမည်၊ ကျင့်ကြံမှုအချိန်မှာ နှစ်တစ်ရာကျော် ကျန်နေသေးသည် မဟုတ်လော။ "ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်" ကို အဆင့်မြင့်အဆင့်အထိ ရောက်အောင် တွန်းတင်မည်။
[နှစ် (၁၀၀) - အရှင်၏ ကျင့်စဉ်မှာ မည်သို့မျှ ပြောင်းလဲခြင်း မရှိချေ။ အရှင်သည် မိမိကိုယ်မိမိ ပြန်လည်သံသယဝင်လာကာ မသေမျိုးဖြစ်ရန် ကြိုးစားခြင်းမှာ အမှားတစ်ခုဟုပင် ထင်မှတ်လာပါသည်။]
[နှစ် (၁၃၆) - အရှင်၏ သွေးစွမ်းအင်များ ခန်းခြောက်လာကာ အလွန်ပင် အိုမင်းရင့်ရော်လာပါသည်။]
[နှစ် (၁၇၀) - အရှင်သည် မမောမပန်း ဇွဲနပဲဖြင့် ဆက်လက်ကြိုးစားခဲ့ရာ သူတစ်ပါး၏ လှောင်ပြောင်မှုများမှာ အရှင်၏ စိတ်ကို မလှုပ်ခတ်နိုင်တော့ပါ]
[နှစ် (၂၀၀) - အရှင်၏ သွေးစွမ်းအင်မှာ နောက်တစ်ကြိမ် လောင်မြိုက်လာခဲ့ပြန်ပြီ။ ကျင့်စဉ်သည် အရှင်၏ ရိုးတွင်းခြံဆီနှင့် သွေးကြောများကို သန့်စင်ပေးလာရာ ခန္ဓာကိုယ်အတွင်းရှိ ကြီးကျယ်သော ပြောင်းလဲမှုများကို အရှင် ခံစားနေရသည်။ ယခုအခါ အရှင်၏ သွေးစွမ်းအင်မှာ ကိုးကြိမ်တိုင်တိုင် အသွင်ပြောင်းသွားခဲ့ပါပြီ။]
[ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ် - အဝါရောင်အဆင့်နိမ့် (အဆင့်မြင့်အဆင့်)]
[ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် (၄)]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၄ နှစ်]
ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် (၄) ဆိုသည်မှာ ဒဏ္ဍာရီလာ "အဆင့်လတ်ကျင့်ကြံသူ" အဆင့်ပင် ဖြစ်ချေသည်။
နင်တောက်ရန်သည် အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော ဝိညာဉ်အင်အားနှင့် သွေးစွမ်းအင်တို့ကို ခံစားရင်း မျက်ဝန်း၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့သည်။
"သမင်ကြီး... မသေမျိုးဖြစ်အောင် ကျင့်ရတာက တကယ်တော့ သိပ်မခက်ပါဘူး"
သူသည် လွန်စွာ စိတ်လှုပ်ရှားနေကာ မျက်နှာမှာလည်း နီမြန်းနေ၏။
ဝိညာဉ်ကောက်နှံ စိုက်ပျိုးရမည်၊ ရေရှည်စိုက်ပျိုးနိုင်ဖို့ လိုအပ်သည် မဟုတ်လော။
လူရော သမင်ပါ တက်ကြွစွာဖြင့် ဤစိတ်လှုပ်ရှားဖွယ် လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ကိုင်ကြပြန်သည်။
နင်တောက်ရန်သည် စီနီယာအချို့ကို မေးမြန်းဖူးရာ ဤကျင့်ကြံခြင်းကမ္ဘာ၌ ကျင့်စဉ်တစ်ခု၏ အောင်မြင်မှုကို အခြေခံ၊ အသင့်အတင့်၊ အဆင့်မြင့်နှင့် ပြီးပြည့်စုံခြင်း ဟူ၍ လေးဆင့် ခွဲထားကြောင်း သိရှိရပေသည်။
ပုံမှန်အားဖြင့် "ပြီးပြည့်စုံခြင်း" မှာ အမြင့်ဆုံး ဖြစ်သော်လည်း ပါရမီထူးချွန်သူအချို့မှာမူ လမ်းသစ်များကို ရှာဖွေနိုင်ကြသည်ဟု ဆို၏။ ထိုအဆင့်ထက် မြင့်သော အဆင့်နှစ်ဆင့် ရှိသေးသည်ဟု ဆိုသော်လည်း စီနီယာများမှာလည်း အခြေခံအဆင့်များသာ ဖြစ်သဖြင့် များစွာ မသိရှိကြချေ။
နင်တောက်ရန်မှာမူ အားတက်နေတော့သည်။
ယခုအခါ "ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်" အဆင့်မြင့်အဆင့် ရောက်ရုံနှင့်ပင် ဤမျှ စွမ်းအားကြီးနေခဲ့ပြီ။ ပြီးပြည့်စုံသော အဆင့်မှာ ဆိုလျှင် မည်မျှရှိလိမ့်မည်နည်း။
ထို့ပြင် ယင်းနောက်၌ နောက်ထပ် ကြီးကျယ်သော အဆင့်နှစ်ဆင့် ရှိသေးရာ ယင်းတို့ကို ပေါက်မြောက်သွားပါက အခြေတည်အဆင့်သို့ပင် ရောက်ရှိနိုင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အခြေခံကျင့်စဉ်လေးတစ်ခုအတွက် ကျင့်ကြံမှုအချိန် နှစ်နှစ်ရာကို တစ်ထိုင်တည်း အသုံးပြုနိုင်မည့်သူမှာ မည်သူရှိပါအံ့နည်း။
ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ရှိ ကျင့်ကြံသူများမှာ သက်တမ်း နှစ်တစ်ရာသာ ရှိပြီး၊ အခြေတည်အဆင့် ကျင့်ကြံသူများပင် နှစ်နှစ်ရာသာ သက်တမ်းရှိကြသည် မဟုတ်လော။
ကျင့်ကြံသူများမှာ စတင်ကျင့်ကြံသည့် နေ့မှစ၍ မိမိတို့၏ သက်တမ်းနှင့် ပြိုင်ဆိုင်နေကြရခြင်း ဖြစ်ပေရာ နင်တောက်ရန်ကဲ့သို့ အနိမ့်တန်းစား ကျင့်စဉ်တစ်ခုပေါ်၌ နှစ်ပေါင်း ရာနှင့်ချီ၍ အချိန်ဖြုန်းနေသူမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားသူ ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ဝိညာဉ်ကောက်နှံများကိုသာ စဉ်ဆက်မပြတ် စိုက်ပျိုးနေမည်ဆိုလျှင် ပို၍ ပို၍ သန်မာလာမည်မှာ အမှန်ပင် ဖြစ်ချေသည်။
ထိုနေ့ဝယ် ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်အတွက် နောက်ဆုံး ပါရမီအမှတ်ကို လဲလှယ်နိုင်ခဲ့ပြီ ဖြစ်သည်။
တွန့်ဆုတ်မနေဘဲ ယင်းကို "သားရဲအပေါင်းကို စုစည်းခြင်း" အတွင်းသို့ ထည့်သွင်းလိုက်ရာ သူ၏ နားထဲ၌ အချက်ပေးသံ နှစ်ကြိမ် ပေါ်ထွက်လာခဲ့၏။
[သားရဲအပေါင်းကို စုစည်းခြင်း၏ အဆင့်(၁)မှာ ပြီးဆုံးသွားပြီ ဖြစ်သည်။ အရှင်သည် ဝိညာဉ်သားရဲတစ်ကောင်နှင့် ဝိညာဉ်ချင်း စည်းနှောင်ခြင်း ပြုလုပ်နိုင်ပြီ ဖြစ်သည်။ ယင်းသားရဲ၏ ခန္ဓာကိုယ်ကို သန်မာစေကာ ၎င်း၏ ဝိညာဉ်ကို ဖျောက်ဖျက်၍ အရှင်၏ သစ္စာရှိသော အစေခံအဖြစ် ပြောင်းလဲနိုင်ပါသည်။ သမင်အူကြောင်ကြီးအပေါ် ဝိညာဉ်ချင်း စည်းနှောင်ခြင်း ပြုလုပ်လိုပါသလား]
ဤသည်မှာ... သူ မတွန့်ဆုတ်ဘဲ မနေနိုင်တော့ချေ။
သမင်အူကြောင်ကြီး၏ ဝိညာဉ်ကို ဖျောက်ဖျက်ရမည် ဟုတ်လား။
အကယ်၍ သူ ဖျောက်ဖျက်လိုက်ပါက ဤသမင်သည် သူ၏ ထာဝရ ဝိညာဉ်သားရဲ ဖြစ်လာမည် မှန်သော်လည်း ယင်းသည် ယခင်က "သူ" ဟုတ်တော့မည် မဟုတ်ပေ။
အမှန်စင်စစ် နင်တောက်ရန်သည် သမင်အူကြောင်ကြီး၏ မိမိအပေါ် မှီခိုမှုကို ခံစားနေရသည် မဟုတ်လော။
နံနက်တိုင်း သူ အိပ်ချင်မူးတူး ဖြစ်နေစဉ်မှာပင် သမင်ကြီးမှာလည်း နိုးနှင့်နေတတ်၏။ ထိုအချိန်၌ သမင်အိုကြီးသည် ခေါင်းမော့ကာ သူ့နောက်သို့ အမြဲ လှည့်ကြည့်တတ်သည်။ နင်တောက်ရန် ကောက်ရိုးဖျာပေါ်၌ ရှိနေသည်ကို မြင်မှသာ စိတ်အေးလက်အေးဖြင့် ပြန်လည်အိပ်စက်လေ့ ရှိပေသည်။
ယခုအခါ သူရော သမင်ပါ တောင်စောင်းထက်၌ ဘေးချင်းယှဉ်ရပ်ကာ နေဝင်ချိန်ကို ကြည့်နေကြ၏။
"သမင်ကြီး..."
နင်တောက်ရန်သည် သမင်ကြီး၏ ပြောင်ချောနေသော နဖူးပြင်ကို ပွတ်သပ်ပေးကာ မေးလိုက်၏။ "မင်းလည်း မင်းရဲ့ အဖေနဲ့ အမေကို လွမ်းနေမှာပဲနော်"
"အူးးးး~~~"
သမင်ကြီးမှာ ဦးစွာ သံသယဖြင့် အော်ဟစ်လိုက်ပြီးနောက် သူ၏ မိဘများ၏ ပုံရိပ်ကို သတိရဟန်ဖြင့် နင်တောက်ရန်၏ ပခုံးကို အသာအယာ ဝှေ့ယမ်းပြလိုက်ရာ ယင်းမှာ "လွမ်းတာပေါ့ဗျာ" ဟု ပြန်လည်ဖြေကြားလိုက်သည့်အလားပင်ဖြစ်သည်။
"ကောင်းပြီလေ"
နင်တောက်ရန်က ပြုံးလျက် "ဒါဆိုရင်လည်း ဆက်ပြီး လွမ်းနေလိုက်တော့" ဟု ဆိုကာ စနစ်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်လေတော့သည်။
အချိန်များ ကုန်လွန်သွားခဲ့ရာ ဝိညာဉ်ကောက်နှံများကိုလည်း တိမ်တိုက်မြူခိုး အစီအရင်အတွင်း၌ ဆက်လက်စိုက်ပျိုးနေခဲ့သည်။
ရုတ်တရက် နင်တောက်ရန်သည် ကောက်ရိုးဖျာပေါ်မှ လူးလဲထလိုက်ရာ နဖူးပြင်ဝယ် ချွေးစက်များစွာ ကျဆင်းနေ၏။ တစ်စုံတစ်ခုကို သူ သတိရသွားခြင်း ဖြစ်ပေသည်။
ဂိုဏ်း၏ စည်းကမ်းချက်အရ အပြင်စည်းတပည့်များမှာ သုံးလတစ်ကြိမ် တောင်ပေါ်မှ ဆင်းကာ စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ရမည် ဖြစ်ပြီး ထိုသို့မှမဟုတ်ပါက လစဉ်ထုတ်ပေးသော ရိက္ခာများကို ဖြတ်တောက်ခံရမည် ဖြစ်ပေသည်။
အခြားအရာများကို ထားပါဦး၊ လစဉ်ရိက္ခာ ဖြတ်တောက်ခံရမည်ကိုတော့ သူ လုံးဝ လက်မခံနိုင်ချေ။
"သမင်ကြီး... ငါတို့ အပြင်ထွက်ရတော့မယ်"
နင်တောက်ရန်သည် လက်ကို သန့်စင်အောင် ဆေးကြောကာ သပ်ရပ်သော အပြင်စည်းတပည့် ဝတ်စုံကို ဝတ်ဆင်လျက် သမင်အူကြောင်ကြီးကို ခေါ်ကာ အကျိုးဆောင်ခန်းမ ဆီသို့ တိုက်ရိုက်သွားခဲ့လေသည်။
လူအများ၏ သတိထားမှုကို မခံရစေရန် သမင်ကြီးကို အပြင်၌ ထားခဲ့ပြီး နင်တောက်ရန်တစ်ဦးတည်း အတွင်းသို့ ဝင်ခဲ့၏။
အဆောင်အတွင်း၌ လူများဖြင့် စည်ကားလျက် ရှိနေပြီး သန်မာလှသော စီနီယာအစ်ကိုကြီးများ၊ အစ်မကြီးများမှာ အပြည့်ရှိနေပေသည်။ အချို့သော စီနီယာများမှာ ပြင်းထန်သော အရှိန်အဝါများ ရှိနေကြပြီး အချို့သော စီနီယာအစ်မများမှာမူ ပန်းချီကားထဲမှ ထွက်လာသော နတ်သမီးလေးများအလား လှပလွန်းလှပေသည်။
နင်တောက်ရန်မှာမူ အလွန်ပင် ရိုးရှင်းသော တာဝန်တစ်ခုကို တိတ်တဆိတ် လက်ခံလိုက်ပြီးနောက် ထွက်ခွာလာခဲ့ရာ မည်သူမျှ သတိမထားမိကြချေ။
ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်(၁)မှ အဆင့်(၄)သို့ ဤမျှတိုတောင်းသော အချိန်အတွင်း ရောက်ရှိသွားသည်ကိုလည်း မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
တာဝန်မှာ အလွန်ပင် လွယ်ကူလှ၏။
ချင်းနွားမြို့မှ လယ်သမားအိုကြီးတစ်ဦး၏ မြေးဖြစ်သူမှာ ဝိညာဉ်ပူးကပ်ခံထားရသည်ဟု ဆိုကာ ယင်းမှာ အဆင့်နိမ့် ဝိညာဉ်ဆိုးတစ်ခု၏ လက်ချက် ဖြစ်တန်ရာသည်။
ဝိညာဉ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ သွင်းယူထားနိုင်သူ မည်သည့်တပည့်မဆို ယင်းဝိညာဉ်ကို အလွယ်တကူ နှင်ထုတ်နိုင်သည် မဟုတ်လော။
"သမင်ကြီး... တောင်ပေါ်က ဆင်းကြစို့"
တာဝန်ကို လက်ခံပြီးနောက် နင်တောက်ရန်နှင့် သမင်ကြီးတို့မှာ စိတ်လှုပ်ရှားစွာဖြင့် တောင်ပေါ်မှ ဆင်းခဲ့ကြလေသည်။
ချင်းနွားမြို့မှာ သိပ်မဝေးလှသဖြင့် တာဝန်မှာလည်း အဆင်ပြေစွာ ပြီးဆုံးသွားခဲ့၏။ လူငယ်လေးမှာ ဝိညာဉ်ဆိုး၏ အနှောင့်အယှက် ခံနေရခြင်း ဖြစ်ကြောင်း နင်တောက်ရန်က တစ်ချက်ကြည့်ရုံနှင့် သိရှိလိုက်သဖြင့် စင်ကြယ်သော ဝိညာဉ်စွမ်းအင် အနည်းငယ်ကို အသုံးပြု၍ ဝိညာဉ်ကို နှင်ထုတ်ပေးခဲ့လေသည်။
အပြန်လမ်းတွင်မူ လူရော သမင်ပါ မြူနှင်းများ ဝေမှိုင်းကာ အဆိပ်ငွေ့များ ပြည့်နှက်နေသည့် အန္တရာယ်ရှိသော တောအုပ်တစ်ခုကို ဖြတ်သန်းခဲ့ရ၏။
"မကောင်းတော့ဘူး"
နင်တောက်ရန်၏ နှလုံးခုန်သံမှာ ရုတ်တရက် မြန်ဆန်လာကာ မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် "သမင်ကြီး... မြေထဲဝင်တော့" ဟု အလျင်အမြန် အမိန့်ပေးလိုက်လေသည်။
စကားပင် မဆုံးသေးမီမှာပင် သမင်ကြီးမှာ မြေထဲသို့ တိုးဝင်သွားခဲ့ပြီး "ရှုခနဲ" မြည်သံနှင့်အတူ လျှပ်စစ်ကဲ့သို့ မြန်လှသော မြားတစ်စင်းမှာ နင်တောက်ရန်၏ လည်ချောင်းဆီသို့ တည့်တည့်မတ်မတ် ရောက်ရှိလာခဲ့၏။
တစ်စုံတစ်ဦးက သူ့ကို ချောင်းမြောင်း တိုက်ခိုက်ခြင်း ဖြစ်ပြီး အသေသတ်ရန် ရည်ရွယ်ထားခြင်းပင် ဖြစ်ချေသည်။
"တောက်... ခွေးသားတွေ"
နင်တောက်ရန်သည် ရုတ်တရက် လက်ကို မြှောက်ကာ ကျောပေါ်ရှိ အဝတ်ဖြင့် ပတ်ထားသော "အပြာရောင်နဂါးဝိညာဉ်လှံ" အကျိုးကို ဆွဲထုတ်လိုက်၏။ သူ၏ လက်မောင်းနှင့် ရင်ဘတ်ရှိ ကြွက်သားများအတွင်းမှ နီရဲသော သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာကာ "ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်" ၏ အဆင့်မြင့်စွမ်းအားကို အစွမ်းကုန် အသုံးချလိုက်လေတော့သည်။
ကျင့်စဉ်၏ အစွမ်းကြောင့် သူ၏ အရေပြားမှာ မီးလောင်နေသည့်အလား နီရဲသွားခဲ့၏။
နင်တောက်ရန်၏ ခန္ဓာကိုယ်မှာ အသာအယာ ယိမ်းလိုက်ရာ သူ၏ မျက်နှာဆီသို့ ပစ်မှတ်ထားသော မြားဦးမှာ အရေပြားနှင့် ထိမိသည်နှင့် လွင့်ထွက်သွားခဲ့လေသည်။
"ဖတ်ခနဲ" မြည်သံနှင့်အတူ... ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်၏ အစွမ်းကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ အလွန်ပင် မာကျောနေခဲ့ပြီ ဖြစ်ရာ မျက်နှာပေါ်မှ မြားဒဏ်ရာမှာ အရေပြား ပွန်းပဲ့ရုံမျှသာ ရှိတော့သည်။
"တောက်... အရေခွံက ဘာလို့ ဒီလောက်တောင် ထူနေရတာလဲ"
သစ်ပင်ပေါ်ရှိ လူတစ်ဦးမှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိ၏။
"ထွက်ခဲ့စမ်း"
နင်တောက်ရန်သည် မြားပစ်သည့် နေရာကို အတိအကျ သိရှိသွားကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို ပေါက်ကွဲစေလျက် သစ်ပင်ပေါ်သို့ လွှားခနဲ ခုန်တက်ကာ သစ်ရွက်များကြား၌ ပုန်းအောင်းနေသူကို ဝိညာဉ်လှံဖြင့် အားကုန်လွှဲရိုက်လိုက်လေသည်။
"ဟင်..."
မျက်ခုံးပြတ်နေသော ထိုလူမှာ အလွန်ပင် ထိတ်လန့်သွားကာ လေးကို မြှောက်၍ ကာကွယ်ရန် ကြိုးစားလိုက်၏။
"ဂလောက်ခနဲ" မြည်သံနှင့်အတူ...လေးမှာ တစ်စစီ ကျိုးပဲ့သွားခဲ့ချေပြီ။
ထိုလူမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် (၅) ရှိသူ ဖြစ်သော်လည်း ဓားကို ဆွဲထုတ်ရန်ပင် အချိန်မရလိုက်ချေ။
ဝိညာဉ်လှံ၏ ဒုတိယမြောက် ရိုက်ချက်မှာ သူ၏ ဦးခေါင်းပေါ်သို့ တည့်တည့် ကျဆင်းသွားခဲ့၏။
"ဘုန်းခနဲ" မြည်သံနှင့်အတူ...
ဦးနှောက်များမှာ လွင့်စင်ထွက်သွားကာ သွေးချင်းချင်းနီသွားခဲ့ချေပြီ။ တစ်ချက်တည်းနှင့်ပင် အသက်ပျောက်သွားခဲ့ရတော့သည်။
"မကောင်းတော့ဘူး၊ တတိယခေါင်းဆောင် သေပြီ၊ ပြေးကြဟေ့" ဘယ်ဘက်ရှိ သစ်ပင်ပေါ်မှ လူတစ်ဦးမှာ ဆင်းပြေးလေတော့သည်။
"သမင်ကြီး"
သမင်အူကြောင်ကြီးမှာ မြေထဲမှ ရုတ်တရက် ထွက်လာကာ ထိုလူကို ဝင်တိုက်လိုက်ရာ မြားတစ်စင်းအလား မြန်လှပေသည်။ ထို့နောက် လဲကျနေသော ထိုလူကို အကြိမ်ပေါင်းများစွာ နင်းခြေပစ်လိုက်လေတော့သည်။
နင်တောက်ရန်ကမူ အခြားတစ်ဖက်သို့ ပြေးဝင်ကာ ဝိညာဉ်လှံကို လွှဲယမ်းလိုက်ရာ သစ်ပင်ပေါ်၌ ပုန်းနေသော နောက်ထပ် လူတစ်ဦးမှာ ခါးမှ ပြတ်ထွက်သွားခဲ့ရပြန်၏။
ခဏအတွင်းမှာပင် ဓားပြသုံးဦးလုံး အသက်ပျောက်သွားခဲ့ကြချေပြီ။
နင်တောက်ရန်သည် အလောင်းများပေါ်မှ အဖိုးတန်ပစ္စည်းများကို စတင်ရှာဖွေလိုက်၏။
အရာအားလုံး ပြီးဆုံးသွားသောအခါ သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ချောင်းများဖြင့် ပွတ်လိုက်ရာ ဝိညာဉ်စွမ်းအင်ကြောင့် မီးပွားများ ထွက်လာပြီး မီးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲကာ အလောင်းများပေါ်သို့ ကျဆင်းသွားခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအင် ပါရမီကြောင့် မီးတောက်များမှာ ဟုန်းခနဲ တက်လာကာ အလောင်းသုံးလောင်းလုံးကို ခဏအတွင်း ပြာအဖြစ် ပြောင်းလဲပစ်လိုက်လေတော့သည်။
"ဒုတ် ဒုတ် ဒုတ် ဒုတ်..."
နင်တောက်ရန်သည် တောက်လောင်နေသော မီးတောက်များကို ကြည့်နေမိစဉ် သူ၏ နှလုံးခုန်သံမှာ နောက်ကျမှ ပြင်းထန်လာခဲ့၏။ အပြင်ပန်း၌ တည်ငြိမ်နေသကဲ့သို့ ထင်ရသော်လည်း ဤသည်မှာ ကျင့်ကြံခြင်းကမ္ဘာ၌ သူ၏ ပထမဆုံးသော လူသတ်မှု ဖြစ်သဖြင့် အတွင်းစိတ်၌မူ အလွန်ပင် ထိတ်လန့်တုန်လှုပ်နေမိပါတော့သတည်း။
***