(၇၇) ကွက်မြောက် ဝိညာဉ်လယ်ကွင်း၏ အိမ်ဝင်းအတွင်းဝယ်။
နင်တောက်ရန်နှင့် သမင်အူကြောင်ကြီးတို့သည် အိမ်ဝင်းအတွင်းသို့ အပြေးအလွှား ပြန်လည်ရောက်ရှိလာကြမှသာ လုံခြုံမှုအနှစ်သာရကို ခံစားရတော့သည်။
ကျင့်ကြံခြင်းလောကသည် အမှန်တကယ်ပင် အန္တရာယ်ကြီးမားလှပေစွ။ ပထမဆုံးအကြိမ် တောင်ပေါ်မှ ဆင်းရသည့် တာဝန်လေး၌ပင် ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ရှိသော ဓားပြများနှင့် တိုးလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။
နောင်တွင် ဖြစ်နိုင်လျှင် တောင်ပေါ်မှ ဆင်းခြင်းကို ရှောင်ကြဉ်ရမည်ဟု သူ ဆုံးဖြတ်လိုက်မိသည်။ စင်စစ် တောင်ပေါ်၌ လယ်စိုက်နေရုံဖြင့်လည်း သူ၏ အစွမ်းများမှာ တိုးတက်နေသည် မဟုတ်လော။
"သမင်ကြီး... မင်းရော ဘာမှမဖြစ်ဘူးမဟုတ်လား" သူက လှည့်၍ မေးလိုက်၏။
"အူးးးး~~~"
စိမ်းစိုနေသော အပင်ပေါက်ကလေးများကို ဝါးစားနေသည့် သမင်အူကြောင်ကြီးက ခေါင်းမော့ကာ ဘာမျှမဖြစ်ကြောင်း အချက်ပြလိုက်လေသည်။
နင်တောက်ရန်လည်း သမင်ကြီးကို ဂရုမစိုက်တော့ဘဲ အလောင်းများထံမှ ရရှိလာသော ပစ္စည်းများကို စတင်စစ်ဆေးတော့သည်။
သာမန်ဓားပြနှစ်ဦးထံ၌ ငွေစအနည်းငယ်သာ ပါရှိသော်လည်း "တတိယခေါင်းဆောင်" ဆိုသူထံ၌မူ ပစ္စည်းအတော်အတန် ပါရှိပေသည်။ ၎င်း၏ရင်ဘတ်အတွင်းမှ ဝိညာဉ်ကျောက်တုံး ငါးတုံးနှင့်အတူ ဖုန်ထူနေသော စာအုပ်ဟောင်းတစ်အုပ်ကို တွေ့ရှိခဲ့ရ၏။
နင်တောက်ရန်က ထိုစုတ်ပြတ်နေသော စာအုပ်ကို ကိုင်လိုက်သည်နှင့် စနစ်က ချက်ချင်း မှတ်တမ်းတင်လိုက်လေတော့သည်။
"ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ် အဝါရောင်အဆင့်နိမ့် (မကျင့်ကြံရသေး)"
...
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ သိရှိထားသမျှအရ ဤကျင့်ကြံခြင်းလောကတွင် ကျင့်စဉ်အဆင့်အတန်းများကို အမြင့်မှအနိမ့်သို့ ကောင်းကင်၊ မြေကမ္ဘာ၊ နက်နဲခြင်းနှင့် အဝါရောင် ဟူ၍ လေးဆင့် ခွဲခြားထားပြီး အဆင့်တစ်ခုချင်းစီ၌လည်း အထက်၊ အလယ်၊ အောက် ဟူ၍ အတန်းအစားများ ရှိပြန်ပေသေးသည်။
ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်၊ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူများသည်ပင် နက်နဲခြင်းနှင့် အဝါရောင်အဆင့်ရှိ ကျင့်စဉ်များကိုသာ အဓိက ကျင့်ကြံကြရ၏။
နတ်ဘုရားသန္ဓေတည်ခြင်းအဆင့်နှင့် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်များသို့ တက်လှမ်းနိုင်ရန်မှသာ မြေကမ္ဘာနှင့် ကောင်းကင်အဆင့်ရှိ ကျင့်စဉ်များကို ကျင့်ကြံခွင့် ရရှိကြခြင်း ဖြစ်ပေသည်။
ကျင့်စဉ်တစ်ခုကို ရရှိရန်မှာ ခဲယဉ်းလွန်းလှသဖြင့် ကျင့်ကြံခြင်းလောကဝယ် 'တာအို၊ ဥစ္စာ၊ အဖော်၊ မြေ' ဟူသော အရေးကြီးသည့် အခြေခံလေးပါးအနက် ''တာအို၊ ' တည်းဟူသော ကျင့်စဉ်ကို ပထမဆုံးအဆင့်၌ ထားရှိခြင်း ဖြစ်ပေလိမ့်မည်။
နင်တောက်ရန် အစောပိုင်းက ရရှိထားသော ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်၊ ဝိညာဉ်မိုးသွန်းကျင့်စဉ်နှင့် ယခုရရှိသော ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ်တို့မှာ အနိမ့်ဆုံးဖြစ်သည့် "အဝါရောင်အဆင့်နိမ့်" အတန်းအစားများသာ ဖြစ်ကြပေသည်။
ယင်းတို့ထက် နိမ့်သော အဆင့်မရှိသည့် ကျင့်စဉ်များလည်း ရှိသေးရာ ယင်းတို့ကို "လက်လှည့်ကျင့်စဉ်" များဟု ခေါ်ဆိုကြပြီး ကျင့်ကြံခြင်းလောကဝယ် အနှံ့အပြား ရှိနေတတ်ကြ၏။
သို့သော် ယင်းတို့မှာ စွမ်းအားနည်းပါးလွန်းလှသဖြင့် သာမန်ကျင့်ကြံသူများ၏ မျက်စိထဲ၌ပင် ထည့်စရာ မလိုသည့် အရာများ ဖြစ်ကြပေသည်။
"ဒါကတော့..."
နင်တောက်ရန်မှာ စဉ်းစားရင်း ပြုံးလိုက်မိသည်။ သူ ဖြစ်ချင်နေသည်နှင့် တိုက်ဆိုင်နေသည် မဟုတ်လော။
မိမိ၏ ကျင့်ကြံမှုအဆင့် ရုတ်တရက် ခုန်တက်သွားခြင်းကြောင့် သူတစ်ပါး သံသယဝင်မည်ကို စိုးရိမ်နေချိန်ဝယ် အရှိန်အဝါကို ဖုံးကွယ်နိုင်သော ဤကျင့်စဉ် ရောက်ရှိလာခြင်းမှာ အမှန်ပင် အခန့်သင့်လှပေသည်။
အဝါရောင်အဆင့်နိမ့်မျှသာ ဖြစ်သော်လည်း ပြီးပြည့်စုံသော အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်လျှင်မူ သူ၏ အဆင့်ကို ဖုံးကွယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုပေလိမ့်မည်။
သူ မော့ကြည့်လိုက်ရာ အိမ်ဝင်းအတွင်းရှိ ဝိညာဉ်ကောက်နှံများမှာ မှည့်ဝင်းလုနီးပါး ဖြစ်နေချေပြီ။ မကြာမီတွင် ကျင့်ကြံမှုအချိန်အသစ်များကို ရရှိတော့မည် ဖြစ်ရာ မိမိကိုယ်မိမိ ဘေးကင်းစေရန်အတွက် ဤထိန်းချုပ်ခြင်းကျင့်စဥ်ကို ဦးစားပေး ကျင့်ကြံရပေလိမ့်မည်။
မွန်းလွဲပိုင်းအချိန်။
"သမင်ကြီး... စပါးရိတ်ရအောင်ဟေ့"
သူရော သမင်ပါ တံစဉ်များကို ကိုင်လျက် အိမ်ဝင်းအတွင်း တက်ကြွစွာ ရိတ်သိမ်းကြတော့သည်။
မကြာမီမှာပင် ကျင့်ကြံမှုအချိန် (၂၀၈) နှစ် ထပ်မံရရှိခဲ့၏။ ယခင်က ကျန်ရှိသော လေးနှစ်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၂၁၂ နှစ် ရှိသွားချေပြီ။
အိမ်ငယ်လေးအတွင်းသို့ ပြန်ဝင်ကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး ကျင့်ကြံမှုအချိန်များကို ဝိညာဉ်အရှိန်အဝါဖုံးကွယ်ခြင်းကျင့်စဥ်အတွင်းသို့ လောင်းထည့်၍ ကျင့်ကြံမှုကို စတင်လိုက်လေသည်။
[ (၁) နှစ် - အရှင်သည် အရှိန်အဝါ စီးဆင်းမှု စည်းချက်ကို ခံစားမိကာ နားလည်မှုအသစ်များ ရရှိလာခဲ့ပါသည်။]
[ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ် အဝါရောင်အဆင့်နိမ့် (အခြေခံအဆင့်)]
"ဟင်..."
နင်တောက်ရန်မှာ အံ့အားသင့်သွား၏။ ဤမျှ မြန်မြန်ဆန်ဆန် အခြေခံအဆင့်သို့ ရောက်ရှိသွားသည်မှာ သူ၏ ဤအတတ်အပေါ် နားလည်နိုင်စွမ်းမှာ အလွန်ပင် မြင့်မားနေ၍လား။
ဆက်၍ ကျင့်ကြံဦးမည်။
[ (၅) နှစ် - အရှင်သည် ကန်အတွင်းရှိ ငါးကလေးများ အမြီးခတ်ပုံနှင့် သစ်ခွပန်းလေးများ တိတ်ဆိတ်စွာ ကြွေကျပုံကို ကြည့်ကာ သက်ပြင်းချမိသည်။ ဤကျင်စဥ်မှာ ကျင့်ကြံရန် ဤမျှ ခဲယဉ်းလိမ့်မည်ဟု အရှင် မထင်ထားခဲ့ပါ။]
[ (၁၆) နှစ် - အရှင်သည် ရေကန်မျက်နှာပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်ကလေးများ တိတ်ဆိတ်စွာ လှုပ်ရှားပုံကို မြင်လိုက်ရချိန်ဝယ် ရုတ်တရက် အသိဉာဏ် ပွင့်လင်းသွားခဲ့ပါသည်။]
[ ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်း ကျင့်စဉ် အဝါရောင်အဆင့်နိမ့် (အသင့်အတင့်အဆင့်)]
[(၃၁) နှစ် - အရှင်သည် မြင့်မားသော အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေဆဲ ဖြစ်သည်။ အရှင်၏ ဆံပင်စများမှာ ငွေရောင်သမ်းလာခဲ့ကာ အရှင်၏ မယားငယ်ကလည်း သူမကို အချိန်မပေးဟု စတင်ညည်းညူလာခဲ့ပါပြီ။]
[(၇၂) နှစ် - အရှင်သည် လောကီနယ်ပယ်ဝယ် လမ်းပျောက်နေကာ မြင့်မားသော ကျင့်စဉ်အဆင့်ကိုသာ အပတ်တကုတ် ရှာဖွေနေခဲ့သည်။ အခန်းအတွင်းသို့ ပြန်ရောက်သောအခါ အခန်းမှာ ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အရှင် အချစ်ဆုံးသော မယားငယ်မှာ စာတစ်စောင် ထားခဲ့ကာ အခြေတည်အဆင့်ရှိ ကျင့်ကြံသူကြီးတစ်ဦးနောက်သို့ လိုက်သွားခဲ့ပါသည်။]
[ထိုအချိန်၌ အရှင်သည် လူ့ဘဝတွင် မိမိကိုယ်မိမိသာလျှင် အရေးကြီးဆုံးဖြစ်ကြောင်း၊ အချစ်ဆိုသည်မှာ တိုက်ခတ်လာသော လေညင်းမျှသာ ဖြစ်ပြီး ရေလှိုင်းများကဲ့သို့ပင် နောက်ဆုံး၌ တည်ငြိမ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း ရုတ်တရက် သိမြင်သွားခဲ့ပါသည်။]
[ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ် - အဝါရောင်အဆင့်နိမ့် (အဆင့်မြင့်အဆင့်)]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၁၄၀ နှစ်]
"ဟူးးး..."
နင်တောက်ရန်မှာ သက်ပြင်းရှည်ကြီး တစ်ချက်ကို မသိစိတ်ဖြင့် ချလိုက်မိကာ မျက်ဝန်း၌လည်း မျက်ရည်စများ ဝဲနေတော့သည်။ ကျင့်ကြံမှုအချိန်အတွင်း ခံစားခဲ့ရသော ခံစားချက်များက သူ့ကို ကူးစက်သွားခြင်း ဖြစ်ပေလိမ့်မည်။
အမှန်စင်စစ် ထိုမယားငယ်၏ ပုံပန်းသဏ္ဌာန်မှာ သူ နှစ်သက်သော အမျိုးအစားပင် ဖြစ်ချေသည်...။
သို့သော် ထိုဝမ်းနည်းမှုမှာ ခဏမျှသာ ဖြစ်၏။ သူသည် ချက်ချင်းပင် ပြန်လည်ဝမ်းမြောက်သွားတော့သည်။
ဤကျင့်စဥ်မှာ တစ်ထိုင်တည်းနှင့် အဆင့်မြင့်အဆင့်သို့ ရောက်သွားသည် မဟုတ်လော။ ကျင့်ကြံမှုအချိန်များလည်း အများအပြား ကျန်နေသေးရာ ပြီးပြည့်စုံသော အဆင့်သို့ ရောက်အောင် တွန်းတင်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လျက် ကျင့်ကြံမှုအချိန်များအတွင်းသို့ နောက်တစ်ကြိမ် နစ်မြုပ်သွားပြန်သည်။
[(၁၇၀) နှစ် - ဤကျင့်စဥ်ကို ကျင့်ကြံခြင်းမှာ အတားအဆီးတစ်ခုသို့ ရောက်ရှိနေသည့်အလား ရှိနေ၏။ အရှင်သည် ရှေးဟောင်းကဗျာဆရာများအလား အိမ်ဝင်းအတွင်း နေ့စဉ်နှင့်အမျှ လမ်းလျှောက်နေသော်လည်း ထူးခြားမှု မရှိပါ။]
[ အရှင်၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေကာ စိတ်ပိုင်းဆိုင်ရာမှာလည်း အလွန်ပင် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေခဲ့ပါသည်။]
[ (၁၉၂) နှစ် - ဘဝဆိုသည်မှာ တိုတောင်းလှပေစွ၊ သင်၏ အဆုံးသတ်မှာလည်း လက်တစ်ဖျစ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီ။ အရှင်သည် ကျောက်တံတားပေါ်၌ ထိုင်နေရင်း ဝိညာဉ်စွမ်းအင်သန့်စင်မှု ပထမအဆင့် ကျင့်ကြံသူလေးအဖြစ် နေဝင်ချိန်၌ ပြေးလွှားခဲ့ဖူးသည်ကို ရုတ်တရက် သတိရကာ လွမ်းဆွတ်မိသွားပါသည်။]
[ထိုအခါ အရှင်၏ အရှိန်အဝါမှာ ငြိမ်သက်သွားကာ နှလုံးသားမှာလည်း ရုတ်တရက် ပွင့်လင်းသွားခဲ့ပါပြီ။]
[ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ် အဝါရောင်အဆင့်နိမ့် (ပြီးပြည့်စုံခြင်းအဆင့်)]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၂၀ နှစ်]
ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားချေပြီ။
နင်တောက်ရန်သည် ကျင့်ကြံမှုနယ်ပယ်အတွင်းမှ ပြန်ထွက်လာကာ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ မိမိ၏ အရှိန်အဝါမှာ ယခင်ကထက် များစွာ နက်နဲသွားသည်ကို ချက်ချင်းပင် ခံစားလိုက်ရသည်။
သူ ဆင်ခြင်ကြည့်လိုက်ရာ သွေးကြောအတွင်း စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များနှင့် ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်း၏ လှုပ်ရှားမှုများမှာ သဘာဝအတိုင်း ဖြစ်နေသည်ကို တွေ့ရှိရပေသည်။
ယခုအခါ မိမိ၏ အရှိန်အဝါကို ထိန်းချုပ်နိုင်စွမ်းမှာ မတွေးဆနိုင်သော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အဝါရောင်အဆင့်နိမ့်မျှသာ ဖြစ်သော်လည်း သမိုင်းတစ်လျှောက် ဤကျင့်စဉ်ကို ပြီးပြည့်စုံသော အဆင့်ထိ ကျင့်ကြံနိုင်သူ မည်မျှရှိပါအံ့နည်း။
ကျင့်ကြံမှု သက်တမ်းဆိုသည်မှာ အလွန်ပင် တန်ဖိုးကြီးလှရာ ပုံမှန်လူဆိုလျှင် ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ် လေးတစ်ခုအတွက် နှစ်ပေါင်းနှစ်ရာနီးပါး အချိန်ဖြုန်းပါမည်လော။
နင်တောက်ရန်မှာ ကျင့်ကြံမှုအချိန်၏ နက်နဲသော သဘောတရားကို စတင်ဆင်ခြင်ကြည့်မိသည်။
ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်ကို အဆင့်မြင့်အဆင့်အထိ ကျင့်ကြံခြင်းက သူ၏ ကျင့်ကြံမှုအဆင့်ကို သုံးဆင့်မျှ တိုးတက်စေခဲ့သော်လည်း၊ ဤဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ်ကို ပြီးပြည့်စုံအောင် ကျင့်ကြံခြင်းကမူ သူ၏ အဆင့်ကို လုံးဝ မပြောင်းလဲစေခဲ့ပေ။
ကျင့်စဉ်အမျိုးအစားချင်း မတူညီခြင်းကြောင့် ဖြစ်တန်ရာသည်။
ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်မှာ ခန္ဓာကိုယ်ကို သန်မာစေကာ သွေးကြောများကို သန့်စင်ပေးသဖြင့် ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် တိုးတက်စေခြင်း ဖြစ်သော်လည်း၊ ဤဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ်မှာမူ "အတတ်ပညာ" သက်သက်သာ ဖြစ်ပြီး ကျင့်ကြံမှုအဆင့် တိုးတက်ရန်အတွက်မူ များစွာ အထောက်အကူ မပြုချေ။
သို့သော် အတတ်ပညာ များလေ ကောင်းလေ မဟုတ်လော။
ယခုအခါ နင်တောက်ရန်၏ စိတ်နေစိတ်ထားမှာ အလွန်ပင် တည်ငြိမ်နေပြီ ဖြစ်သည်။ သူသည် မြင့်မားသော အဆင့်ရှိ ကျင့်စဉ်များကို မမက်မောတော့ပေ။ အကယ်၍ အဝါရောင်အဆင့်ရှိ ကျင့်စဉ်များကိုသာ ပြီးပြည့်စုံအောင် ကျင့်ကြံထားနိုင်လျှင် သူသည် မိမိနှင့် ရွယ်တူများကြား၌ အနှိုင်းမဲ့ ဖြစ်နေဦးမည်သာ ဖြစ်ချေသည်။
သူသည် စိတ်ကြည်လင်စွာဖြင့် မိမိ၏ အရှိန်အဝါကို ထိန်းချုပ်ကာ အပြင်ပန်း၌ ပြသထားသော အဆင့်ကို အဆင့်(၄)မှ အဆင့်(၂)သို့ လျှော့ချလိုက်လေသည်။
ကောင်းပြီ၊ ယခုမှပင် စိတ်အေးရတော့သည်။ ယခုဆိုလျှင် ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူကြီးများပင် သူ၏ အစစ်အမှန်ကို မြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
"သမင်ကြီး..."
သူသည် တက်ကြွစွာဖြင့် ဝိညာဉ်ပေါက်တူးကို ကိုင်လျက် အပြင်သို့ ထွက်လာကာ "မျိုးစေ့ပြန်ချပြီး ဝိညာဉ်စပါးတွေ ဆက်စိုက်ရအောင်" ဟု ပြုံး၍ ဆိုလိုက်၏။
သမင်အူကြောင်ကြီးမှာလည်း "အူးးး" ဟု အော်ကာ အပင်ပေါက်ကလေးများကို နေလှန်းခြင်း၊ မြေတူးခြင်း၊ မျိုးစေ့ချခြင်းနှင့် ပျိုးပင်ရွှေ့ခြင်းတို့ကို ကျွမ်းကျင်စွာ ကူညီလုပ်ကိုင်ပေးတော့သည်။
နေဝင်မိုးချုပ် အလုပ်ရှုပ်ပြီးနောက် မြေကွက်လပ်ကလေးမှာ ဝိညာဉ်ပျိုးပင်များဖြင့် စိမ်းစိုလာပြန်သည်။ လေပြည်အောက်တွင် ပျိုးပင်လှိုင်းကလေးများမှာ ယိမ်းနွဲ့နေကြချေပြီ။
အိမ်ငယ်လေးအတွင်းဝယ် နင်တောက်ရန်မှာ ဖျာခင်း၍ ခေတ္တ အနားယူနေ၏။
သမင်အူကြောင်ကြီးမှာလည်း သူ၏ ဘေး၌ နားရွက်ကလေးများ ထောင်လျက် ငြိမ်းချမ်းသော ညနေခင်းကို ခံစားနေသည်။
"သမင်ကြီး... အခုတလော ငါတို့ အတော်လေး အလုပ်ရှုပ်သွားတယ်။ မင်းလည်း ပင်ပန်းသွားပြီ"
သမင်ကြီးက သူ၏ ခေါင်းကြီးဖြင့် နင်တောက်ရန်၏ လက်မောင်းကို ပွတ်သပ်ကာ မပင်ပန်းကြောင်း အချက်ပြလိုက်သည်။
အမှန်စင်စစ် ၎င်းသည် နင်တောက်ရန် မိမိကို စွန့်ပစ်သွားမည်ကို အလွန်ပင် ကြောက်ရွံ့နေခြင်း ဖြစ်ပေသည်။ ထို့ပြင် နင်တောက်ရန် နောက်ပြောင်လေ့ရှိသော "သမင်ခွန်အားဆေး" သို့မဟုတ် "သမင်သားဟင်း" ဆိုသည့် စကားလုံးများမှာ သမင်ကြီးအတွက်မူ အိပ်မက်ဆိုးများပင် ဖြစ်ချေသည်။
နင်တောက်ရန်မှာ သမင်ကြီးနှင့် စည်းနှောင်ထားသဖြင့် ၎င်း၏ စိတ်ကို သိရှိနေပေရာ ပြုံးလျက် သမင်ကြီး၏ ခေါင်းကို ပုတ်ကာ "သိပ်ပြီး မတွေးပါနဲ့။ မင်းသာ မရှိရင် ဒီလို အရာကို ငါတစ်ယောက်တည်း လုပ်ရတာ ဘယ်လောက် ပျင်းဖို့ကောင်းလိမ့်မလဲ" ဟု ဆိုလိုက်၏။
ထိုအခါမှသာ သမင်ကြီးမှာ စိတ်အေးသွားကာ နင်တောက်ရန်ကို ချစ်ခင်စွာဖြင့် တိုးဝှေ့နေတော့သည်။
ညနေစောင်းချိန်ဝယ် အဝေးက တောင်ထိပ်ထက်၌ နေမင်းမှာ မီးလုံးကြီးတစ်လုံးအလား နိမ့်ဆင်းနေချေပြီ။
နွေညနေခင်း၏ လေအေးကလေးများအောက်တွင် နင်တောက်ရန်မှာ ထမင်းစတင်ချက်တော့သည်။
သူ ချက်ပြုတ်သမျှမှာ ကိုယ်တိုင်စိုက်ပျိုးထားသော အရာများသာ ဖြစ်၏။ ငရုတ်သီးစိမ်းနှင့် အာလူးကြော်၊ ခရမ်းသီးနှပ် စသည်တို့ဖြင့် ဟင်းသားမပါသော်လည်း စစ်မှန်သော ဝိညာဉ်စပါးကို စားသုံးရပေသည်။
ဝိညာဉ်ဆန်စေ့ကလေးများမှာ ကြည်လင်တောက်ပလျက် ရှိနေ၏။ ဤဝိညာဉ်ထမင်း၏ အရသာမှာ သဘာဝအတိုင်း အပင်နံ့သင်းပျံ့နေကာ စားသုံးပြီးနောက် ခန္ဓာကိုယ်အား ဝိညာဉ်စွမ်းအင်များကိုပါ ပေးစွမ်းနိုင်သဖြင့် ကျင့်ကြံသူတို့အတွက် မရှိမဖြစ် အရာပင် ဖြစ်ပေသည်။
"ထမင်းစားရအောင်ဟေ့"
နင်တောက်ရန်က ပြုံးလျက် သမင်ကြီးနှင့်အတူ မြိန်ယှက်စွာ စားသောက်ကြသည်။
ဝိညာဉ်ထမင်းမှာ ဝမ်းဗိုက်အတွင်းသို့ ရောက်သည်နှင့် နွေးထွေးမှုကို ခံစားရကာ ခန္ဓာကိုယ်အတွက် ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ပေးစွမ်းနေတော့သည်။ ဤဖြစ်စဉ်မှာ သုံးနာရီခန့် ကြာမြင့်ပေလိမ့်မည်။
ထမင်းစားသောက်ပြီး ပန်းကန်များ ဆေးကြောကာ အိမ်ဝင်းအတွင်း၌ ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်ကို လေ့ကျင့်နေ၏။
သူ၏ အတွေးမှာ ရှင်းလင်းလှပေသည်။ ခန္ဓာကိုယ်ကြံခိုင်ကျင့်စဉ်မှာ အခြားကျင့်စဥ်များနှင့် မတူဘဲ ကျင့်ကြံမှုအချိန် အမြောက်အမြား လိုအပ်လှ၏။ အကယ်၍ အချိန်အနည်းငယ်စီ ခွဲသုံးနေပါက နောက်တစ်ဆင့်သို့ မတက်နိုင်ဘဲ အချိန်များ ဖြုန်းတီးရာ ရောက်မည်ကို သူ စိုးရိမ်ပေသည်။
ထို့ကြောင့် နင်တောက်ရန်မှာ ထိုကျင့်စဉ်အတွက် ကျင့်ကြံမှုအချိန်များကို အလျင်စလို မသုံးစွဲတော့ဘဲ ဝိညာဉ်ကောက်နှံများကိုသာ ဆက်လက်စိုက်ပျိုးကာ နှစ်ကုန်ခါနီးမှသာ စုဆောင်းထားသမျှကို တစ်ပြိုင်နက်တည်း အသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။
ဝိညာဉ်မိုးသွန်းကျင့်စဉ်အတွက်မူ ပို၍ပင် မလောတော့ချေ။
ထိုကျင့်စဉ်မှာ ဝိညာဉ်စိုက်ပျိုးသူများအတွက် အလွန်အလွန်ပင်အသုံးဝင်ကြောင်းသူ သိရှိထားပေသည်။ ယင်းသည် လေပြည်ညင်းအောက်၌ မိုးပေါက်များ ကျဆင်းစေကာ သီးနှံများကို ရေသွင်းပေးနိုင်သည့်အပြင် အထွက်နှုန်းကိုလည်း များစွာ တိုးတက်စေနိုင်သည် မဟုတ်လော။
အကယ်၍ ထိုကျင့်စဉ်ကိုအဆင့်(၄)အထိ ကျင့်ကြံနိုင်ပါက ဒုတိယတန်းစား ဝိညာဉ်ကောက်နှံများကို စိုက်ပျိုးနိုင်မည်ဖြစ်ပြီး၊ အဆင့်(၇)အထိ ရောက်ပါက ဒဏ္ဍာရီလာ တတိယတန်းစား ဝိညာဉ်ကောက်နှံများကိုပင် စိုက်ပျိုးနိုင်မည်ဟု ဆိုပေသည်။
ထိုအဆင့်ရှိ ဝိညာဉ်ကောက်နှံများမှာ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူကြီးများအတွက်ပင် အလွန်ပင် အားရှိစေသောအရာများ ဖြစ်ကြပေသည်။
သို့သော် နင်တောက်ရန်မှာ ဂိုဏ်းသို့ ရောက်ကာစ ဖြစ်သဖြင့် အခြေတကျ မရှိသေးပေ။ ယခုအချိန်၌ အရေးကြီးဆုံးမှာ မထင်မရှား နေထိုင်ကာ မိမိကိုယ်မိမိ ဘေးကင်းအောင် စောင့်ရှောက်ရန်သာ ဖြစ်သည်ဟု သူ ယုံကြည်ထား၏။
မထင်မရှား နေထိုင်သူများမှာ အသက်ရှင်သန်ရန် အခွင့်အရေး ပိုများလှသည် မဟုတ်လော။ အကယ်၍ သူသာ အဆင့်မြင့် ဝိညာဉ်ကောက်နှံများကို စိုက်ပျိုးနေသည်ဆိုပါက သူတစ်ပါး၏ မနာလိုမှုနှင့် ရန်ပြုမှုကို ခံရပေလိမ့်မည်။
မသေမျိုးလမ်းစဉ်မှာ ရှည်လျားလှပေစွ။ သူ ပိုင်ဆိုင်ထားသော နတ်ပေးပါရမီဖြင့် သူသည် အခြားသူများနှင့် ခွန်အားပြိုင်နေရန် မလိုအပ်ချေ။
"အဆွေတော်နင်... အဆွေတော်နင် အိမ်မှာ ရှိပါသလား"
နင်တောက်ရန် လေ့ကျင့်နေစဉ် အပြင်ဘက်မှ အဘိုးအိုတစ်ဦး၏ အသံ ပေါ်ထွက်လာသည်။
ထိုသူမှာ (၈၁) ကွက်မြောက် ဝိညာဉ်လယ်ကွင်းကို တာဝန်ယူထားသော လူကြီး လု ဖြစ်ပြီး စစ်မှန်သော ဝိညာဉ်စိုက်ပျိုးသူ တစ်ဦးပင် ဖြစ်ပေသည်။
"ဩော်... အဆွေတော်လု ပါလား။ ဘာကိစ္စများ ရှိလို့လဲခင်ဗျ"
နင်တောက်ရန်မှာ တံခါးကို ဖွင့်လိုက်ရာ သမင်အူကြောင်ကြီးကလည်း ဘေးမှ လိုက်ပါလာခဲ့လေတော့သတည်း။
***