အစိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားသော အဆွေတော်လုက ပြုံးရွှင်သောမျက်နှာထားဖြင့် "ဒါက ခက်ခဲတဲ့ကိစ္စတော့မဟုတ်ပါဘူး၊ ချုန်းပီတောင်ခြေမှာရှိတဲ့ ဝိညာဉ်လယ်ကွင်းငါးကွက်က လယ်သမားတွေဟာ ပုံမှန်စုဝေးလေ့ရှိတဲ့ အစဉ်အလာလေးတစ်ခု ရှိကြတယ်။ လမ်းဆုံက ကျောက်ဖျာကြီးနားမှာ စုကြတာပါ။ မိတ်ဆွေနင်အနေနဲ့ အားလပ်တယ်ဆိုရင် လာရောက်ဆင်နွှဲဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု ဆိုလာချေသည်။
"အို... ဟုတ်ပါပြီ"
နင်တောက်ရန်မှာလည်း ဤတောင်ပေါ်ရှိ ဝိညာဉ်စိုက်ပျိုးသူများနှင့် ရင်းနှီးခွင့်မရမည်ကို စိုးရိမ်နေမိသူဖြစ်ရာ၊ ဗဟုသုတအကြားအမြင် ကြွယ်ဝခြင်းသည် ကျင့်ကြံခြင်းကမ္ဘာတွင် အသက်ဆက်နိုင်ရန် အရေးပါသော အကြောင်းရင်းတစ်ရပ် ဖြစ်ပေသည်။
"ကောင်းပါပြီဗျာ"
၎င်းက ချက်ချင်းပင် ခေါင်းညိတ်ပြုံးရွှင်လျက် "ကျွန်တော်နဲ့ သမင်ကြီးလည်း အစားအသောက်စားလို့ ပြီးတာနဲ့ အတော်ပဲ။ ဒါဆိုရင်တော့ အားလုံးနဲ့ စကားစမြည်ပြောဖို့ အခုပဲ လိုက်ခဲ့ပါ့မယ်" ဟု ဆို၏။
"သိပ်ကောင်းတာပေါ့၊ သိပ်ကောင်းတာပေါ့"
အဖိုးကြီးလုက ပြုံးရယ်လျက် "ဒါဆိုရင်တော့ သွားကြစို့၊ ဒီအဖိုးကြီးပဲ လမ်းပြပါရစေ" ဟု ဆိုလေသည်။
...
ထိုကျောက်ဖျာကြီးမှာ ဝေးလှသည်မဟုတ်ဘဲ တစ်ဝက်မျှသော ခရီးသာရှိချေသည်။ နင်တောက်ရန်၏ ၇၇ ကွက်မြောက် ဝိညာဉ်လယ်ကွင်း တည်ရှိရာတောင်ကို ချုန်းပီတောင်ထိပ်ဟု ခေါ်တွင်ပြီး၊ ယင်းမှာ အနန္တဂိုဏ်း၏ အပြင်တောင်တန်း ဝိညာဉ်လယ်ကွင်းဌာနက စီမံခန့်ခွဲသော သာမန်တောင်ကုန်းတစ်ခုမျှသာ ဖြစ်ပေသည်။
နင်တောက်ရန် ဤလယ်ကွင်းကို စတင်တာဝန်ယူစဉ်က "ချုန်းပီ"ဟူသော အမည်ကိုကြားရသည်မှာ အတိတ်နိမိတ်မကောင်းသယောင် ခံစားရသဖြင့် စကားပင် ဆွံ့အခဲ့ရဖူးသည်။
ဤနေရာတွင် နေထိုင်သူများမှာ တစ်ညတွင်းချင်း ချမ်းသာကြွယ်ဝလာဖို့ရန် လမ်းစမရှိနိုင်ဟုပင် တွေးထင်ခဲ့မိသေး၏။ နောက်ပိုင်းတွင် စုံစမ်းကြည့်ရာမှ အမှန်တရားကို သိရှိခဲ့ရလေသည်။
အနန္တဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဆရာကြီးမှာ အနန္တလမ်းစဉ်အရှင် ဟု အမည်တွင်၏။ ၎င်းသည် ဂိုဏ်းတည်ထောင်ပြီးနောက် တောင်ထိပ်များကို နယ်မြေခွဲဝေစဉ် ဤနေရာသို့ ရောက်ရှိလာခဲ့ရာ၊ ကြမ်းတမ်းခက်ထန်လှသော မြေမျက်နှာသွင်ပြင်ကို ကြည့်ရှုလျက်..... "သီးခြားတည်ရှိသော တောင်ထိပ်တစ်ခုသည် ပေတစ်သောင်းမြင့်သော နံရံကြီးကဲ့သို့ မတ်စောက်လှချေတကား" ဟု ရေရွတ်ချီးကျူးခဲ့ဖူးသည်။
ထိုစဉ်က ဘေးတွင်ရှိနေသော တပည့်ဖြစ်သူက စုတ်ချက်တင်လျက် "ချုန်းပီတောင်ထိပ်" ဟု အမည်ကမ္ပည်း ရေးထိုးခဲ့ခြင်း ဖြစ်ပေသတည်း။
ချုန်းပီတောင်အောက်တွင် အနန္တဂိုဏ်း၏ ပင်မတောင်ထိပ်မှ ဆင်းသက်လာသော ဝိညာဉ်ကြောတစ်ခု ရှိလေသည်။
ယင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ ပထမအဆင့် အလတ်တန်းစားမျှသာ ရှိသဖြင့် ပင်မတောင်ထိပ်၏ တတိယအဆင့် အလတ်တန်းစား စွမ်းအင်များနှင့်မူ နှိုင်းယှဉ်၍ မရနိုင်ချေ။
သို့သော်ငြားလည်း ဝိညာဉ်စိုက်ပျိုးသူများအတွက် သီးနှံစိုက်ပျိုးရန်နှင့် ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် ကျင့်ကြံသူများအတွက်မူ လုံလောက်လှပြီ ဖြစ်ပေသည်။
ထိုအကြောင်းကြောင့်ပင် ဝိညာဉ်စိုက်ပျိုးသူ အများအပြားသည် နှစ်စဉ် ဂိုဏ်းသို့ ဝိညာဉ်ကောက်နှံအမြောက်အမြား အခွန်ပေးဆောင်ရသော်လည်း ဤနေရာတွင် ဝိညာဉ်မြေ ငှားရမ်းရန် ဝန်မလေးကြခြင်း ဖြစ်၏။
အနန္တဂိုဏ်း နယ်မြေအတွင်း ဝိညာဉ်စိုက်ပျိုးသူ ဖြစ်ရခြင်း၏ အကျိုးကျေးဇူး နှစ်ရပ်မှာ ဝိညာဉ်စွမ်းအင် ကြွယ်ဝခြင်းနှင့် ဂိုဏ်း၏ အကာအကွယ်ကို ရရှိသဖြင့် လေလွင့်ကျင့်ကြံသူများနှင့် လူဆိုးများ၏ ရန်မှ ကင်းဝေးခြင်းတို့ပင် ဖြစ်ပေရာ၊ ဂိုဏ်း၏ မြေငှားရမ်းခြင်းလုပ်ငန်းမှာ အလွန်ပင် စည်ကားလှချေသည်။
ချုန်းပီတောင်အောက်တွင် ဝိညာဉ်လယ်ကွင်း စုစုပေါင်း ငါးကွက်ရှိရာ နင်တောက်ရန်နှင့် သမင်ကြီး စိုက်ပျိုးသော ၇၇ ကွက်မြောက်မှာ အကြီးဆုံးဖြစ်၏။
ဤသည်မှာလည်း သူသည် အပြင်စည်းတပည့်တစ်ဦး ဖြစ်နေသောကြောင့်ပင် ဖြစ်တန်ရာ၏။ ကျန်ရှိသော ၇၈ မှ ၈၁ ကွက်မြောက် လယ်ကွင်းများတွင်လည်း အသီးသီး ပိုင်ရှင်များ ရှိနေကြပြီ ဖြစ်သည်။
ညောင်ပင်ကြီးအောက်ရှိ ကျောက်ဖျာကြီးမှာ အနားယူအပန်းဖြေရန်နှင့် လူစုဝေးရန် သင့်လျော်သော နေရာတစ်ခု ဖြစ်ပေသည်။
နင်တောက်ရန်နှင့် သမင်အူကြောင်တို့ ရောက်ရှိသွားချိန်တွင် အခြားသူအချို့ ရောက်နှင့်နေပြီဖြစ်ရာ၊ သူတို့ထံမှ ထွက်ပေါ်နေသော ဝိညာဉ်အရှိန်အဝါများမှာ ဖုံးကွယ်၍ မရနိုင်လောက်အောင် အားကောင်းလှသည်။
"မိတ်ဆွေနင် ရောက်လာပြီဗျို့"
အဘိုးအိုလုက ပြုံးလျက် "အားလုံးပဲ၊ တစ်ယောက်နဲ့တစ်ယောက် အရင်ဆုံး မိတ်ဆက်ပေးကြရင် မကောင်းဘူးလား" ဟု ဆိုသည်။
"ကောင်းတာပေါ့"
ကလေးမလေးတစ်ဦးကို ကျောပိုးထားသော အဘွားအိုတစ်ဦးက ပြုံးလျက် "ဒီအဘွားကတော့ ၇၉ ကွက်မြောက် လယ်ကွင်းကို တာဝန်ယူထားသူပါ။ အသက်အရွယ် နည်းနည်းရနေပြီမို့ အားလုံးက အဘွားယွင်စွေ့လို့ပဲ ခေါ်ကြတယ်။ မိတ်ဆွေနင်... မင်္ဂလာပါကွယ်" ဟု ဆိုလာ၏။
နင်တောက်ရန်ကလည်း ရိုသေစွာဖြင့် "အဘွားယွင်စွေ့ကို ဂါရဝပြုပါတယ်ခင်ဗျာ" ဟု ဆိုကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ထို့ပြင် ကျင့်ကြံဖော် ဇနီးမောင်နှံဟု ယူဆရသော အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးလည်း ရှိနေကြသေးသည်။
"ကျွန်တော့်နာမည်က ရှင်းယန်ပါ၊ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်(၃)ရှိပါတယ်။ ဒါကတော့ ကျွန်တော့်ဇနီး ကျူံးယန်ပါ၊ သူကတော့ အဆင့်(၂)ပါ။ မိတ်ဆွေနင်နဲ့ ဆုံရတာ ဝမ်းသာပါတယ်"
"အားလုံးနဲ့ ဆုံရတာ ဝမ်းသာပါတယ်ခင်ဗျာ"
အဘိုးအိုလုက "ကျွန်တော့်ကိုတော့ အဘိုးအိုလုလို့ပဲ ခေါ်ကြတယ်။ မိတ်ဆွေရှင်းယန်လိုပဲ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်(၃)ပါပဲ။ အားလုံးပဲ ထိုင်ကြပါဦး၊ ဒီနေ့ စုကြတာက စကားစမြည်ပြောရင်း မိတ်ဖွဲ့ကြဖို့သက်သက်ပါပဲ" ဟု ဆိုလေသည်။
နင်တောက်ရန်နှင့် သမင်ကြီးတို့မှာ ကျောက်ဖျာ၏ ထောင့်တစ်နေရာတွင် မသိမသာ ဝင်ထိုင်နေကြ၏။
"အို..."
ရှင်းယန်က အကဲခတ်သလို ကြည့်လျက် "လွန်ခဲ့တဲ့ ရက်ပိုင်းက ၇၇ ကွက်မြောက် လယ်ကွင်းကို ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်(၁)ရှိတဲ့ အပြင်စည်းတပည့်တစ်ယောက် ရောက်လာတယ်လို့ ကြားလိုက်တယ်။ နှစ်လကျော်အတွင်းမှာတင် မိတ်ဆွေနင်က အဆင့်(၂)ကို တက်လှမ်းနိုင်ခဲ့တာလား" ဟု ပြုံးလျက် မေးလိုက်သည်။
"ကံကောင်းလို့ပါဗျာ၊ ကံကောင်းလို့ပါ..."
နင်တောက်ရန်မှာ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် "နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုတွေ စုစည်းသွားလို့ အခုလို အဆင့်တက်နိုင်ခဲ့တာပါ" ဟု ပြန်လည်ဖြေကြားသည်။
"မိတ်ဆွေနင်က နှိမ့်ချလွန်းနေပါပြီ"
အကြီးအကဲလုက မုတ်ဆိတ်ကိုသပ်လျက် "ကြားရသလောက်တော့ မိတ်ဆွေက အသက် ၂၀ သာရှိသေးပေမဲ့ ဒုတိယအဆင့်ကို ရောက်နေပြီ။ မိတ်ဆွေရဲ့ ပါရမီနဲ့ ဉာဏ်အလင်းပွင့်မှုကို ကျွန်တော်တို့နဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။ ဒီတစ်သက်မှာတော့ မိတ်ဆွေရဲ့ ခြေရာကိုတောင် လှမ်းမြင်နိုင်ပါ့မလား မသိတော့ပါဘူး" ဟု ချီးကျူးလေသည်။
နင်တောက်ရန်မှာ ကံကောင်းခြင်းကြောင့်သာ ဖြစ်ကြောင်း ယဉ်ကျေးစွာ ထပ်မံဆိုနေရ၏။ ယင်းစိုက်ပျိုးသူများမှာ အပြင်ပန်းတွင် ရင်းနှီးဖော်ရွေဟန်ပြနေကြသော်လည်း သူတို့၏ စိတ်ထဲတွင်မူ မနာလိုဝန်တိုစိတ် အနည်းငယ် ရှိနေကြသည်ကို သူ အာရုံခံမိသည်။
အဘယ်ကြောင့်ဆိုသော် အနန္တဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ရရန်မှာ လူတိုင်းအတွက် မလွယ်ကူသောကြောင့် ဖြစ်ပေသည်။ ဤချုန်းပီတောင်ထိပ်တွင် တစ်ချိန်က ပင်မဆောင်တွင် အနှိမ်ခံခဲ့ရသော နင်တောက်ရန်၏ "အပြင်စည်းတပည့်" အဆင့်အတန်းမှာ ဤနေရာ၌ အမြင့်ဆုံးဖြစ်နေခြင်းမှာ လှောင်ပြောင်မှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် အပြင်စည်းတပည့်သည် အလုပ်သမားတပည့်ထက် မြင့်မြတ်ပြီး၊ အလုပ်သမားတပည့်သည် ဝိညာဉ်စိုက်ပျိုးသူထက် သာလွန်သည်မှာ မရေးမသားထားသော်လည်း အားလုံးလက်ခံထားသည့် စည်းကမ်းချက်တစ်ခု ဖြစ်ပေသည်။ ဂိုဏ်းသားတစ်ယောက် ဖြစ်နိုင်ခွင့်ရှိပါက မည်သူက မြေကြီးတူးရသော လယ်သမားဘဝကို လိုလားပါမည်နည်း။
ရှင်းယန်နှင့် အဘိုးအိုလုတို့ကဲ့သို့ ဝိညာဉ်စိုက်ပျိုးသူများအတွက်မူ အဆင့်ငယ်လေးတစ်ခု တက်လှမ်းရန်ပင် အလွန်ခက်ခဲလှ၏။ ကျင့်ကြံရန် လိုအပ်သော ဝိညာဉ်ကျောက်တုံးနှင့် မှော်ပစ္စည်းများကို ခက်ခဲစွာ စုဆောင်းနေကြရသူများ ဖြစ်ပေသည်။
ထို့ကြောင့်ပင် ဝိညာဉ်စိုက်ပျိုးသည့် အတတ်ပညာမှာ အလွန်အရေးကြီးလှ၏။ မြေငှားရမ်းခမှာလည်း မနည်းလှဘဲ နှစ်စဉ် ဝိညာဉ်ကောက်နှံအမြောက်အမြား ပေးဆောင်ရသည်။
အထွက်နှုန်းကောင်းလျှင် တော်သေးသော်လည်း၊ ရာသီဥတုမကောင်း၍ အထွက်နည်းလျှင်မူ တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့သမျှ အချည်းနှီး ဖြစ်သွားရချေသည်။
နင်တောက်ရန်မှာ လူမှုဆက်ဆံရေး နားလည်သူပီပီ မိမိကိုယ်ကိုယ် နှိမ့်ချလျက် "ဂျူနီယာ" တစ်ဦးကဲ့သို့ပင် နေထိုင်လေသည်။ သို့သော် ကျင့်ကြံခြင်းလောက၏ ထုံးစံမှာ အစွမ်းရှိသူကို ဦးစားပေးရမြဲဖြစ်ပြီး၊ အဆင့်တူသူအချင်းချင်းဖြစ်ပါက "မိတ်ဆွေ" ဟုသာ ခေါ်ဝေါ်ကြရပေသည်။
သူတို့သည် အချိန်အတော်ကြာအောင် စကားပြောဖြစ်ကြပြီး တစ်ဦးချင်းစီ၏ အခက်အခဲများကို ရင်ဖွင့်ကြလေသည်။
နင်တောက်ရန်မှာ လူသစ်ဖြစ်သဖြင့် စကားနည်းနည်းပြောပြီး များများနားထောင်သည့်မူကို ကျင့်သုံး၏။
မသိသည်များကို နှိမ့်ချစွာ မေးမြန်းသည့်အခါ ဝိညာဉ်စိုက်ပျိုးသူများမှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြေကြားပေးကြလေသည်။
ထိုလူစုထဲတွင် နင်တောက်ရန် အကဲမခတ်နိုင်ဆုံးသူမှာ အဘွားယွင်စွေ့ ဖြစ်၏။ ၎င်း၏ ဝိညာဉ်အရှိန်အဝါမှာ အဆင့်(၃)တွင်သာ ရှိသော်လည်း...။ ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ်ကို ပြီးပြည့်စုံအောင် တတ်မြောက်ထားသော နင်တောက်ရန်ကမူ တစ်စုံတစ်ခုကို ရိပ်မိနေသည်။
အဘွားယွင်စွေ့သည်လည်း သူမ၏ အစွမ်းကို ဖုံးကွယ်ထားသော နည်းလမ်းတစ်ခုခု ရှိနေပေလိမ့်မည်။ သို့သော် ယင်းမှာ သူမ၏ကိစ္စသာဖြစ်သဖြင့် သူ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ အမှုတွဲများသူသည် အသေစောတတ်သည်ကို သူ ကောင်းကောင်း သိနားလည်ထားသည်။
အတော်ကြာ စကားပြောပြီးနောက် နင်တောက်ရန်က သိလိုစိတ်ကို မအောင့်နိုင်ဘဲ ၇၈ ကွက်မြောက် လယ်ကွင်းပိုင်ရှင် အဘယ်ကြောင့် မလာသနည်းဟု မေးမြန်းလိုက်သည်။
ရှင်းယန်က ပြုံးလျက် "မိတ်ဆွေနင် မသိသေးဘူးပဲ၊ အဲဒီပိုင်ရှင်က မိတ်ဆွေနဲ့ မရှေးမနှောင်းမှာ ရောက်လာတဲ့ အပြင်စည်းတပည့်တစ်ယောက်ပဲ။ သခင်နဲ့ အစေခံ နှစ်ယောက်နေကြတာ။ ဒါပေမဲ့ အဲဒီကောင်မလေးက အရှက်အကြောက်ကြီးတော့ လူကြားထဲ သိပ်မထွက်ဘူး။ ကိစ္စမရှိပါဘူး၊ နောက်ပိုင်းတော့ တွေ့ရမှာပါ" ဟု ဆိုသည်။
စကားစမြည်ပြောဆိုပြီးနောက် မိုးချုပ်လာသဖြင့် အသီးသီး လူစုခွဲခဲ့ကြလေသည်။
ရက်များ ကုန်လွန်လာသည်နှင့်အမျှ နင်တောက်ရန်မှာ လယ်ယာလုပ်ငန်းအပြင် သမင်အူကြောင်ကို ခေါ်ဆောင်လျက် အကျိုးဆောင်ခန်းမသို့လည်း မကြာခဏ သွားရောက်တတ်သည်။
အကျိုးဆောင်ခန်းမအတွင်းရှိ လဲလှယ်နိုင်သော ရတနာပစ္စည်းများကို မြင်ရသည့်အခါ လူရော သမင်ပါ အံ့အားသင့်ရလေသည်။
တဖိတ်ဖိတ်တောက်နေသော ပျံသန်းဓားများ၊ ပုံးတစ်လုံးစာခန့်ရှိသော ဝံပုလွေစွယ်တူကြီးများနှင့် မီးလျှံများ တောက်လောင်နေသော အလံတော်များကို မြင်ရသည်မှာ အံ့မခန်းပင်ဖြစ်သည်။
မည်သည့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း ထွက်ပေါ်နေသော အရှိန်အဝါများမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှချေသည်။
"အမလေးဗျာ... အံ့ဩစရာကြီးပဲ"
နင်တောက်ရန်မှာ မြို့တက်လာသော တောသားလေးကဲ့သို့ပင် တအံ့တဩ ရေရွတ်နေမိသည်။
"အူးးးး..."
သမင်အူကြောင်မှာလည်း တောသားသမင်ပီပီ နင်တောက်ရန်၏ လက်မောင်းကို ခေါင်းဖြင့် တိုးဝှေ့လျက် မှော်လက်နက်များကို ကြည့်ကာ
"အစ်ကိုကြီး၊ ဟိုဓားကို ကြည့်ဦး၊ မိုက်လှချေလား။ ဟိုး ဘယ်ဘက်က တူကြီးက ပိုတောင်မိုက်သေးတယ်။ အဲဒီတူနဲ့သာ အရိုက်ခံရရင် ခင်ဗျားရဲ့ သံခေါင်းကြီးလည်း ဖရဲသီးလို ကွဲသွားမှာပဲ" ဟု ပြောနေသယောင် ရှိတော့သည်။
"ညီလေးနင် မဟုတ်လား"
ရုတ်တရက် တစ်စုံတစ်ဦးက ခေါ်လိုက်သဖြင့် ကြည့်လိုက်ရာ ကျောက်လီချန် ဖြစ်နေသည်။ ကျောက်လီချန်မှာ ယခင်က ဝတ်ဆင်လေ့ရှိသော အပြာရင့်ရောင်ဝတ်စုံအစား အဖြူရောင်တပည့်ဝတ်စုံကို ဆင်မြန်းထားချေပြီ။ ဤသည်မှာ... အပြင်စည်းတပည့်ဘဝမှ အတွင်းစည်းတပည့်အဖြစ်သို့ တက်လှမ်းသွားခြင်းပင်ဖြစ်သည်။
"စီနီယာကျောက်... ခင်ဗျားက..." နင်တောက်ရန် အံ့အားသင့်သွားရသည်။
"ဟဲဟဲ..."
ကျောက်လီချန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလျက် "ဦးလေးတွေနဲ့အတူ မြောက်ပိုင်းရော တောင်ပိုင်းပါ လှည့်လည်သွားလာခဲ့တာ နှစ်တွေကြာပြီဆိုတော့ အတွေ့အကြုံလည်း ရလာတာနဲ့ ဂိုဏ်းက အတွင်းစည်းတပည့်အဖြစ် တိုးမြှင့်ပေးလိုက်တာပါ။ အခုတော့ ဒီအကျိုးဆောင်ခန်းမမှာ တာဝန်တွေ ခွဲဝေပေးဖို့နဲ့ ညီငယ် ညီမငယ်တွေကို အခက်အခဲတွေ ရှင်းပြပေးဖို့ တာဝန်ကျနေတာ" ဟု ဆိုကာ "ညီလေးနင်ကရော ဘာကိစ္စရှိလို့လဲ" ဟု မေးလာသည်။
"လျှောက်ကြည့်နေတာပါဗျာ"
နင်တောက်ရန်က ပြုံးလျက် "စီနီယာ... ကျွန်တော်တို့ဂိုဏ်းမှာကျမ်းစာဆောင် ရှိလားလို့ သိချင်လို့ပါ"
"ရှိတာပေါ့ဗျ"
ကျောက်လီချန်က ရယ်မောလျက် "ညီလေးရာ၊ ဂိုဏ်းထဲ ရောက်နေတာ သုံးလရှိပြီကို ကျမ်းစာဆောင် ဘယ်မှာမှန်း မသိသေးဘူးလား။ အကျိုးဆောင်ခန်းမကနေ တောင်ပေါ်ကို ဆက်တက်သွားရင် ခရီးတစ်ဝက်လောက်မှာ တွေ့လိမ့်မယ်" ဟု ဆိုကာ "ဘာလဲ၊ ညီလေးက ကျမ်းစာဆောင်မှာ ရှေးဟောင်းကျမ်းစာတွေ သွားဖတ်မလို့လား" ဟု စပ်စုလာသည်။
"အဟွတ်... အဟွတ်..."
နင်တောက်ရန်မှာ ကျမ်းစာဆောင်မှ ကျင့်စဉ်ကျမ်းစာများကို "အခလွတ်" ရယူရန် ရည်ရွယ်ချက်ကိုတော့ ထုတ်မပြောဝံ့ချေ။
ယင်းမှာ သူ၏ အားသာချက်ပင် ဖြစ်ပေသည်။ သူသည် ကျမ်းစာတစ်အုပ်ကို ကိုင်တွယ်လိုက်ရုံဖြင့် တစ်ချက်ကြည့်ရုံနှင့် မှတ်ဉာဏ်ထဲသို့ ကူးယူနိုင်စွမ်းရှိရာ၊ ငှားရမ်းရန်ပင် မလိုချေ။
နင်တောက်ရန်၏ ရှေ့လုပ်ငန်းစဉ်မှာ "အတတ်ပညာ များလေ ကောင်းလေ" ဟူသော မူဝါဒဖြစ်ရာ၊ မည်သည့်ကျင့်စဉ်ကိုမဆို မရွေးချယ်ဘဲ များများရလေ ကြိုက်လေပင် ဖြစ်တော့သည်။
"စီနီယာ... ကျွန်တော် အစီအရင်ကျင့်စဖဥ်ကို လေ့လာချင်လို့ပါ"
၎င်းက အခြားရည်ရွယ်ချက်တစ်ခုကို ပြောပြလိုက်၏။ "အမှန်အတိုင်းပြောရရင် ကျွန်တော့်ပါရမီက သာမန်ပဲမို့ အစီအရင်လမ်းစဉ်ကို စိတ်ဝင်စားမိတယ်။ ကျမ်းစာဆောင်မှာ အဲဒီအကြောင်း ကျမ်းစာတွေ ရှိမလား"
"ရှိတော့ရှိတယ်၊ ဒါပေမဲ့ အပေါ်ထပ်တွေမှာပဲ ရှိတာ"
ကျောက်လီချန်က "အပြင်စည်းတပည့်အနေနဲ့တော့ ကျမ်းစာဆောင် ပထမထပ်မှာရှိတဲ့ ကျမ်းစာတွေကိုပဲ ဖတ်ခွင့်ရှိမယ်။ တစ်ခါသွားရင်လည်း တစ်နာရီပဲ ကြာခွင့်ရှိတယ်" ဟု ရှင်းပြသည်။
"ဪ... ဒီလိုကိုး"
နင်တောက်ရန်မှာ ကျောက်လီချန်ကို နှုတ်ဆက်ကာ ကျမ်းစာဆောင်သို့ ချက်ချင်းပင် ဦးတည်သွားတော့သည်။
တောင်ခါးပန်းတွင် တိမ်တိုက်များကြား၌ ခန့်ညားထည်ဝါလှသော ကျမ်းစာဆောင်ကြီး တည်ရှိနေသည်။ ယင်းမှာ သုံးထပ်ဆောင်ဖြစ်ပြီး အထပ်တိုင်းမှာ အလွန်ပင် မြင့်မားလှ၏။ တိမ်မြူများ ဝန်းရံနေသည်မှာ ကျင့်ကြံသူတို့အတွက် သင့်လျော်သော ဝန်းကျင်တစ်ခု ဖြစ်ပေရာသတည်း။
နင်တောက်ရန်က သူ၏ ကျောက်စိမ်းပြားတံဆိပ်ကို ပြသလိုက်သည်။
အပြင်စည်းအကြီးအကဲတစ်ဦးက လှမ်းကြည့်လျက် "နင်တောက်ရန်... အပြင်စည်းတပည့်၊ မျက်နှာသစ်လေးပဲ။ ကျမ်းစာဆောင်ရဲ့ စည်းကမ်းတွေကို သိတယ်မဟုတ်လား။ ပထမထပ်မှာပဲ ဖတ်ခွင့်ရှိတယ်၊ အချိန်က တစ်နာရီပဲ။ ဆယ်ရက်မှ တစ်ကြိမ်ပဲ ဝင်ခွင့်ရှိမယ်" ဟု ဆိုသည်။
"ဟုတ်ကဲ့ပါ ဦးလေး၊ ကျွန်တော် နားလည်ပါတယ်"
"သွားတော့။ ဝိညာဉ်သားရဲကိုတော့ အထဲပေးမဝင်ဘူး၊ အပြင်မှာ ချည်ထားခဲ့"
"ဟုတ်ကဲ့"
သမင်အူကြောင်က အထဲဝင်ပြီး အတွေ့အကြုံ ယူချင်သဖြင့် နင်တောက်ရန်၏ လက်မောင်းကို ညင်သာစွာ တိုးဝှေ့နေမိသည်။
"ကဲပါ... တော်ပါတော့"
နင်တောက်ရန်က သမင်၏ဦးခေါင်းကို ပုတ်လျက် "မင်းက စာတောင် ဖတ်တတ်တာ မဟုတ်ဘဲနဲ့ ဘာဝင်လုပ်မှာလဲ" ဟု ဗျစ်တောက်ဗျစ်တောက် ပြောလိုက်၏။
ထိုစဉ် လက်ဖက်ရည်သောက်နေသော အခြေတည်အဆင့်ရှိ ဦးလေးဖြစ်သူမှာပင် အိန္ဒြေမဆယ်နိုင်ဘဲ ရယ်မောလုနီးပါး ဖြစ်သွားရချေသည်။
ကျမ်းစာဆောင် ပထမထပ်။
နင်တောက်ရန်မှာ ကျမ်းစာအမျိုးမျိုးကို အမြန်ကြည့်ရှုသော်လည်း မိမိလိုအပ်သည်ကို ရှာမတွေ့သေးပေ။ ပထမထပ်ရှိ စာအုပ်များမှာ များပြားလှသော်လည်း အနှစ်သာရမှာမူ သာမန်မျှသာ ဖြစ်၏။
"အရှေ့ပိုင်းလွင်ပြင် ကျင့်ကြံခြင်းကမ္ဘာ မှတ်တမ်း"
"အနန္တဂိုဏ်း သမိုင်းကြောင်း"
"ကျင့်ကြံသူအစပျိုးခြင်း"
"ဝိညာဉ်သားရဲများ မီးဖွားပြီးနောက် ပြုစုစောင့်ရှောက်ပုံ"
"ယောင်္ကျားမိန်းမ စုံတွဲကျင့်စဉ်" အစရှိသည်တို့မှာ လမ်းဘေးဆိုင်များတွင်ပင် ဝယ်ယူနိုင်သော တန်ဖိုးနည်းကျမ်းစာများသာ ဖြစ်ပေသည်။
သို့သော်လည်း တစ်နာရီနီးပါး ရှာဖွေပြီးနောက်တွင်မူ နင်တောက်ရန်၏ အားထုတ်မှုမှာ အောင်မြင်ခဲ့လေသည်။ သူ၏စနစ်ထဲသို့ ကူးယူနိုင်မည့် ကျင့်စဉ်နှစ်ခုကို ရှာဖွေတွေ့ရှိသွားခြင်းပင်။
【ကိုယ်ပျောက်ကျင့်စဉ် - အဝါရောင်အဆင့်နိမ့် (ကျင့်ကြံမှု မရှိသေး)】
【ဝိညာဉ်အသံစုပ်ယူခြင်းကျင့်စဉ် - အဝါရောင်အဆင့်နိမ့် (ကျင့်ကြံမှု မရှိသေး)】
***