~နင်ကွမ်းယောင်၏ မျက်နှာတွင် အားရကျေနပ်မှုများ ဖြာထွက်သွားကာ အိမ်အတွင်းသို့ လှမ်းကြည့်လိုက်၏။
တိုက်ဆိုင်စွာပင်၊ ဝမ်မားထံမှ မည်သည့် ထူးခြားသံမျှ မကြားရသဖြင့် လင်ရော့ရှီးသည် အခန်းထဲမှ ထွက်လာခဲ့လေ၏။ ဘေဂျ်ရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ဆံပင်များကို သပ်ရပ်စွာ စည်းနှောင်ထားသော သူမ၏ ပုံစံသည် အရင်ကကဲ့သို့ မာန်စွယ်မထွက်ဘဲ ပိုမို နူးညံ့သိမ်မွေ့နေပုံ ရသည်။
နင်ကွမ်းယောင်ကို မြင်လိုက်ရသည်နှင့် သူမ၏ ခြေလှမ်းများမှာ အိပ်မက်တစ်ခုအတွင်း ရောက်ရှိသွားသည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့၏။
အကြောင်းပြချက် မရှိဘဲ သူမ၏ ခြေထောက်များမှာ ကြမ်းပြင်နှင့် ကပ်နေသကဲ့သို့ လှုပ်မရ ဖြစ်နေချေပြီ။
“ရော့ရှီး... မင်း.. မအိပ်သေးတာ တွေ့ရလို့ ဝမ်းသာပါတယ်ကွယ်။ အဖေ.. ရုတ်တရက်ကြီး ရောက်လာတာကို စိတ်မရှိပါနဲ့နော်”
နင်ကွမ်းယောင်က ပြုံးလျက် ဝင်ရောက်ပြောဆိုလိုက်၏။
လင်ရော့ရှီးသည် သူမ၏ နှုတ်ခမ်းလွှာလေးကို ဖိကိုက်ထားမိ၏။ သူမ၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်နေပြီး အမျိုးသားအား ဝေခွဲမရသော အကြည့်များဖြင့် စိုက်ကြည့်နေလေတော့သည်။
“ဒီလောက် ညဉ့်နက်မှ ဝန်ကြီးချုပ် နင် ဘာကိစ္စရှိလို့ ရောက်လာတာလဲ”
နင်ကွမ်းယောင်က အနည်းငယ် အနေရခက်သော ပုံစံဖြင့် ခွန်းတုံ့ပြန်လိုက်လေ၏။
“အဖေ စောစောကတည်းက လာချင်တာပါ။ ဒါပေမဲ့ ဒီက ဒေသန္တရ အစိုးရအဖွဲ့နဲ့ အစည်းအဝေး ရှိနေလို့လေ။ အစည်းအဝေးက အရမ်း ညနက်မှ ပြီးတာနဲ့ မနက်ဖြန် ပေကျင်း မပြန်ခင် သမီးကို လာတွေ့တာပါ”
“တွေ့ပြီးပြီဆိုရင်လည်း ပြန်ပါတော့”
လင်ရော့ရှီးက အေးစက်စွာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်၏။
“ရော့ရှီး...”
သူက အသနားခံ တောင်းပန်လိုက်လေ၏။
“သမီး အဖေ့ကို မတွေ့ချင်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ အဖေ သမီးနဲ့ တကယ် စကားပြောချင်လို့ပါ။ အဖေနဲ့အတူ ညစာလေး တစ်နပ်လောက် အဖော်ပြုပေးပါလား။ အဖေ ညစာလည်း မစားရသေးတော့ တကယ်ကို ဗိုက်ဆာနေလို့ပါ”
သူမထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသည်ကို မြင်သောအခါ သူက ထပ်မံ ဖြည့်စွက် ပြောဆိုလိုက်၏။
“တောင်းပန်ပါတယ်... ငါ့သမီးလေးရယ်...”
သူ့ကို ကျောခိုင်းထားသော လင်ရော့ရှီးသည် သူမ၏ နှုတ်ခမ်းကို နာကျင်စွာ ဖိကိုက်ထားမိ၏။ နောက်ဆုံးတွင်တော့ သူမ၏ စိတ်များ နူးညံ့သွားခဲ့ရလေပြီ။
နိုင်ငံတော်၏ ဝန်ကြီးချုပ် တစ်ဦးက သူမအား ဤမျှအထိ အောက်ကျနောက်ကျ အသနားခံနေမှတော့ ငြင်းဆန်လိုက်ရန်မှာ သူမအတွက် ရက်စက်လွန်းရာ ကျနေပေလိမ့်မည်။
လင်ရော့ရှီးသည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် နောက်သို့ လှည့်လာခဲ့လေ၏။
“ဝမ်မား... ကျွန်မ ပြန်လာရင် နောက်ကျလိမ့်မယ်။ ဝမ်မား.. ပင်ပန်းနေရင် အရင် အိပ်နှင့်တော့နော်”
ဝမ်မားက တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူမ ပြုံးနေသော်ငြား သူမ၏ မျက်ဝန်းများတွင် စိုးရိမ်မှုများ ပြည့်နှက်နေကြောင်း သိသာလှပေသည်။
ထိုစဉ် နင်ကွမ်းယောင်မှာမူ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ရ၏။
သူသည် လင်ရော့ရှီးကို သူ၏ ကားဆီသို့ ဦးဆောင်ခေါ်သွားပြီးနောက် ယာဉ်မောင်းအား အမိန့်ပေးလိုက်၏။
“ဝှိုက်ဒီးယား အသင်းတိုက် ကို မောင်းပါ”
မကြာမီမှာပင် ကားလေးသည် တရိပ်ရိပ် ထွက်ခွာသွားလေတော့သည်။
နင်ကွမ်းယောင်သည် ပြတင်းပေါက် အပြင်ဘက်ကို မထုံတတေး ငေးကြည့်နေသော သမီးဖြစ်သူအား လှမ်းကြည့်လိုက်လေ၏။ သူမဘက်မှ စကားစမည့် ပုံမပေါ်သဖြင့် သူကပင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“ရော့ရှီး... ဝှိုက်ဒီးယား အသင်းတိုက် အကြောင်းကို သမီး သိလား။ အဲဒါက တကယ်တော့ နင်မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှု တစ်ခုပဲ။ အဖေ ကျုံးဟိုင်ကို လာတိုင်း အဲဒီကို အမြဲတမ်း သွားလေ့ရှိတယ်။ အဲဒီမှာ ဘယ်သူ့နှောင့်ယှက်မှုမှ မရှိတော့ တိတ်ဆိတ်တာပေါ့”
“ဝန်ကြီးချုပ် နင်... ကျွန်မရဲ့ မျိုးရိုးနာမည်က လင် ပါ။ နင်မျိုးနွယ်စုနဲ့ ကျွန်မနဲ့ ဘာမှ မပတ်သက်ပါဘူး”
လင်ရော့ရှီးက ပြတ်သားစွာ တုံ့ပြန်လိုက်၏။
နင်ကွမ်းယောင်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။
“သမီးအပေါ် အကြိမ်ကြိမ် မှားခဲ့တဲ့ အဖေတစ်ယောက်ကို အသိအမှတ်ပြုဖို့ ခက်ခဲမယ်ဆိုတာ အဖေ သိပါတယ်။ ဒါ့အပြင် ငါတို့ မျိုးနွယ်စုဆီ ပြန်လာဖို့ကလည်း သမီးအတွက် ခက်ခဲနေဦးမှာပဲ။ ဒါပေမဲ့ အဖေ အခုဆိုရင် ပြင်ပလူတွေရဲ့ အမြင်ကို ဂရုမစိုက်တော့ဘူး ဆိုတာ သမီး သိမှာပါ။ သွေးသားရင်းချာ ဆက်နွှယ်မှုဆိုတာ ဘယ်တော့မှ စွန့်ပစ်လို့ မရနိုင်တဲ့ အရာဆိုတာ အဖေ သဘောပေါက်သွားပြီ။ ပေကျင်းနဲ့ ကျုံးဟိုင်က အထက်တန်းလွှာ မိသားစုတွေ အားလုံး သမီးက ငါ့သမီးဆိုတာ သိကုန်ကြပြီ။ သူတို့ ဘာပဲပြောပြော အဖေကတော့ သမီးအတွက် ဂုဏ်ယူနေမှာပါ။
အဖေ့ရဲ့ လုပ်ရပ်တွေ၊ စကားလုံးတွေနဲ့ သမီးကို အကြိမ်ကြိမ် နာကျင်အောင် လုပ်ခဲ့မိတာတွေအတွက် အဖေ နောင်တရပါတယ်။ သမီးက အဖေ့ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကိုပဲ အိပ်မက်ဆိုးတွေ မကြာခဏ မက်နေမိတယ်။ နိုးလာတိုင်းလည်း ရင်ထဲမှာ အရမ်း နာကျင်ရလွန်းလို့ နောင်တတွေပဲ ရနေမိတာ။ ဒါပေမဲ့ သမီးက အဖေ့ကို ငြင်းပယ်မှာ ကြောက်လို့ အဖေ သမီးဆီကို မဆက်သွယ်ရဲခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် တကယ် အသုံးမကျဘူးလို့ ခံစားနေရတာ။ အရင်တစ်ခေါက် ယန်မျိုးနွယ်စု ဒုက္ခရောက်တုန်းက သမီးကို နင်အိမ်တော်ကို ခေါ်လာချင်ခဲ့တာပါ။ ဒါပေမဲ့ အဖေ့အနေနဲ့ အခြေအနေ အရပ်ရပ်ကို ထည့်တွက်နေရသလို၊ သမီးက ငြင်းပယ်မှာကိုလည်း စိုးရိမ်နေခဲ့မိတယ်။ ဒါကြောင့် ယန်ချန် တစ်ယောက်တည်းကိုပဲ အားကိုးပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းနေခဲ့ရတာ။ အဲဒီအချိန်တုန်းက အဖေ တကယ်ကို စိတ်လှုပ်ရှားလွန်းလို့ အသက်ရှူဖို့တောင် မေ့နေခဲ့ရတယ်...”
သူ၏ ဖွင့်ဟဝန်ခံချက်များသည် မိမိကိုယ်ကိုယ် စကားပြောနေသကဲ့သို့ ခံစားရစေ၏။
ထိုအခိုက်အတန့်တွင် သူသည် အတိတ်က အမှားများအတွက် နောင်တရနေသော ဖခင်တစ်ယောက်အလား သရုပ်ကျလှပေသည်။
လင်ရော့ရှီးက မည်သည့်စကားမျှ ပြန်မပြောခဲ့သော်လည်း၊ စည်ကားလှသော မြို့ပြရှုခင်းကို ငေးကြည့်နေသည့် သူမ၏ မျက်ဝန်းအစုံမှာမူ ဝေဝါးနေလေတော့၏။
နင်ကွမ်းယောင်သည် မိနစ် (၂၀) ခန့် စကားပြောဆိုနေခဲ့ပြီး၊ နောက်ဆုံးတွင် ကားလေးသည် အနောက်ဘက် ဆင်ခြေဖုံးနှင့် မြို့ထဲပိုင်းကြားတွင် တည်ရှိသော အသင်းတိုက်တစ်ခု၏ ရှေ့တွင် ရပ်တန့်သွား၏။
ဝှိုက်ဒီးယား အသင်းတိုက်သည် ပုံမှန်အားဖြင့် အထူးဧည့်သည်တော်များကိုသာ လက်ခံလေ့ရှိသော နေရာတစ်ခု ဖြစ်၏။
နင်ကွမ်းယောင် လာရောက်မည် ဖြစ်သောကြောင့်၊ သူတို့သည် ဆိုင်ကို စောစီးစွာ ပိတ်ထားပြီး သူ၏ အလာကို စောင့်ဆိုင်းနေကြခြင်းပင်။
ရှေးဟောင်းဟန်ဖြင့် မွမ်းမံထားသော သီးသန့်အခန်းတစ်ခု အတွင်းသို့ ဝင်ရောက်သွားသောအခါ၊ နင်ကွမ်းယောင်သည် လင်ရော့ရှီး အကြိုက်ဆုံး ဖြစ်သော ဟင်းလျာ အမြောက်အမြားကို လာရောက် တည်ခင်းရန် ဝန်ထမ်းများကို အမိန့်ပေးလိုက်လေ၏။
ထိုအထဲတွင် ကျောက်ဇနီးမောင်နှံဆီမှ ဝယ်လာသော ကောက်ညှင်းမုန့်လုံးလေးများလည်း ပါဝင်နေ၏။ နင်ကွမ်းယောင်သည် နေ့ဘက်ကတည်းက တစ်စုံတစ်ယောက်ကို လွှတ်၍ ဝယ်ခိုင်းထားခြင်း ဖြစ်ရမည်။
“ဘယ်လိုလဲ... အဖေ ဒါတွေအားလုံး ပြင်ဆင်ခိုင်းထားတာ။ ဒါ.. အဖေတို့ သားအဖရဲ့ ပထမဆုံး အတူတူစားတဲ့ ညစာ... မဟုတ်ဘူး၊ ညဉ့်စာပေါ့။ သမီး အကြိုက်ဆုံးတွေချည်းပဲ အဖေ သေသေချာချာ ပြင်ဆင်ထားတာ။ သမီးရဲ့ အကြိုက်တွေကို အဖေ ဘယ်လိုသိလဲဆိုပြီး အံ့သြနေမှာပေါ့”
သူက တစ်ချက် ရယ်လိုက်၏။
“ရော့ရှီး... အဖေ သမီးလေး ကြီးပြင်းလာတာကို ငယ်ငယ်လေးကတည်းက စောင့်ကြည့်နေခဲ့တာပါ။ သမီး ဘာကြိုက်တယ်ဆိုတာ အဖေ အကုန် မှတ်မိတာပေါ့”
လင်ရော့ရှီး၏ တောင့်တင်းနေသော မျက်နှာထားကို သူ လုံးဝ ဂရုမစိုက်ဘဲ မြှောက်ပင့်ပြောဆိုလိုက်လေ၏။
ထို့နောက် သူသည် ဝိုင်နီတစ်ပုဒ်နှင့် ဝူလျန်ယဲ့ အရက်တစ်ပုလင်းကို ယူလာရန် အမိန့်ပေးလိုက်ပြန်သည်။ ဝိုင်မှာ လင်ရော့ရှီးအတွက် ဖြစ်ပြီး၊ သူကမူ တရုတ်အရက်ဖြူကိုသာ တစ်ငုံချင်း စုပ်သောက်နေလေ၏။
“ကဲ... ရော့ရှီး၊ ဒီကောက်ညှင်းမုန့်လုံးလေး စားကြည့်ပါဦး၊ ပြီးတော့ ဒီရုံးပတီသီးနဲ့ အသားလေးတွေရော... အို... ညဘက်ဆိုတော့ သမီး အသား မစားချင်ဘူး ထင်တယ်။ ဒါဆိုလည်း ဟင်းသီးဟင်းရွက်လေးတွေပဲ စားပေါ့”
နင်ကွမ်းယောင်က လင်ရော့ရှီး၏ ပန်းကန်ထဲသို့ ဟင်းများကို ထည့်ပေးရင်း မှာကြားလိုက်၏။
လင်ရော့ရှီးသည် သူမ၏ ပန်းကန်ထဲရှိ ဟင်းပုံကြီးကို စူးစိုက်ကြည့်နေပြီးနောက်၊ နောက်ဆုံးတွင်တော့ သူမ၏ ထမင်းစားတံကို စတင် လှုပ်ရှားလိုက်လေတော့သည်။ သူမသည် ရုံးပတီသီး တစ်ဖဲ့ကို ယူကာ အသာအယာ ကိုက်စားလိုက်၏။
နင်ကွမ်းယောင်မှာ အစပိုင်းတွင် အားငယ်နေသော်လည်း၊ ချက်ချင်းပင် သူ၏ မျက်လုံးများ အရောင်လက်သွားခဲ့၏။ သူက လက်ခုပ်တီးလိုက်ပြီး ကြွေးကြော်လိုက်၏။
“အာ အဖေ ဒါကို မေ့တော့မလို့ပဲ”
၎င်းက လင်ရော့ရှီးအား ဇဝေဇဝါ ဖြစ်သွားစေသည်။ သူ ဘာကို မေ့နေတာလဲဟူသော အကြည့်ဖြင့် သူမက စိုက်ကြည့်နေမိ၏။
နင်ကွမ်းယောင်သည် စားပွဲထိုးကို လက်ယပ်ခေါ်လိုက်၏။
“မှာထားတဲ့ ဝှိုက်ထရပ်ဖယ် ကို လာချပေးပါ”
စားပွဲထိုးက ခေါင်းညိတ်ပြပြီးနောက်၊ မကြာမီမှာပင် အထူးစီမံထားသော ဝှိုက်ထရပ်ဖယ် မှိုများကို ခမ်းနားလှသော ငွေရောင်လင်ပန်းဖြင့် လာရောက် တည်ခင်းပေးလေတော့သည်။
ပုံမှန်အားဖြင့် ခံစားချက် ကင်းမဲ့နေသော လင်ရော့ရှီး၏ မျက်ဝန်းအစုံမှာ ယခုအခါ စိတ်လှုပ်ရှားမှုများဖြင့် လှုပ်ခတ်သွားချေပြီ။
အီတလီ ဝှိုက်ထရပ်ဖယ်၊ ပြင်သစ် ငန်းအသည်း နှင့် အရှေ့အလယ်ပိုင်း ငါးဥအနှစ် တို့မှာ ကမ္ဘာပေါ်ရှိ ထိပ်တန်း အရသာရှိသော အစားအစာများ ဖြစ်ကြသည် မဟုတ်ပါလော။
ထိုအထဲတွင် ဝှိုက်ထရပ်ဖယ်မှာ ပိုက်ဆံရှိလျှင်တောင် ရရှိရန် အခက်ခဲဆုံး အရာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ခူးဆွတ်ပြီး ဆယ်ရက်ခန့် အကြာတွင် ပုပ်သိုးသွားတတ်သောကြောင့် ဖြစ်၏။ အီတလီမှ ဆင်းသက်လာခြင်း ဖြစ်ရာ အရေအတွက်မှာလည်း အလွန် ကန့်သတ်ထား၏။
ပုံမှန်အားဖြင့် ကြက်ဥခန့်ရှိသော ဝှိုက်ထရပ်ဖယ် တစ်လုံး၏ ဈေးနှုန်းမှာ ဒေါ်လာ ငါးထောင်ခန့်အထိ ရှိတတ်ပေသည်။
မှိုတစ်မျိုးအတွက် ဆိုလျှင် ၎င်းဈေးနှုန်းမှာ ကောင်းကင်အထိ မြင့်မားနေသည်ဟု ဆိုရမည်။
သို့သော်လည်း လင်ရော့ရှီးသည် ကောက်ညှင်းမုန့်လုံးလေးများကို နှစ်သက်သကဲ့သို့ပင် ဝှိုက်ထရပ်ဖယ်ကိုလည်း အလွန်တရာ ခုံမင်သူ ဖြစ်ပေသည်။ ဈေးကြီးလွန်းပြီး သိမ်းဆည်းရန် ခက်ခဲသောကြောင့် သူမ အနေဖြင့် စားရခဲလှသည် မဟုတ်ပါလော။
အံ့သြစရာ ကောင်းသည်မှာ၊ နင်ကွမ်းယောင်က ထိုအချက်ကို အမှန်တကယ် သိနေခြင်းပင် ဖြစ်၏။
၎င်းကပင် သူသည် သူမ ငယ်စဉ်ကတည်းက အမှန်တကယ် ဂရုစိုက်ခဲ့သည်ဟု သူမအား ယုံကြည်သွားစေခဲ့လေတော့သည်။
“ဒီမှာလေ...”
နင်ကွမ်းယောင်သည် အလွန်ပါးလွှာသော အဖဲ့လေး နှစ်ဖဲ့ကို လှီးဖြတ်ကာ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
“မြည်းကြည့်ပါဦး။ ဒါကို အီတလီကနေ လေယာဉ်နဲ့ တိုက်ရိုက် သယ်ခိုင်းထားတာလေ”
သူ၏ ဂရုတစိုက် ရှိလှသော လုပ်ရပ်ကြောင့် လင်ရော့ရှီး ရင်ထဲ၌ နွေးထွေးသွားရလေ၏။ သူမ အနှစ်သက်ဆုံး အစားအစာ ဖြစ်နေသဖြင့် သူမ မငြင်းဆန်တော့ချေ။
သူမ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်၏။ သူမ၏ နှာခေါင်းဝတွင် မွှေးကြိုင်လှသော ရနံ့များ ပြည့်နှက်သွားပြီး အရသာကို ခံစားလိုက်ရချိန်တွင်မူ၊ သူမ၏ မျက်နှာထက်တွင် အပြုံးလေးတစ်ခု ထွက်ပေါ်လာလေတော့သည်။
နင်ကွမ်းယောင်သည် သူမ၏ အပြုံးလေးကို ငေးကြည့်ရင်း မျက်လုံး မလွှဲနိုင် ဖြစ်နေချေပြီ။
အချိန်အတော်ကြာပြီးနောက်မှသာ လင်ရော့ရှီးသည် သူ၏ အကြည့်များကို သတိထားမိလိုက်လေ၏။ ဝှိုက်ထရပ်ဖယ်၏ အရသာထဲတွင် နစ်မျောနေမိခဲ့သဖြင့် သူမ၏ ပါးပြင်လေးများ ရှက်သွေးဖြာကာ နီရဲသွားရလေတော့သည်။
“သမီး ပြုံးလိုက်ပြီပဲ”
နင်ကွမ်းယောင်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာလေ၏။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာ တုန်ယင်နေလျက် တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“အဖေ ဖခင်တစ်ယောက် အနေနဲ့ လုံးဝ တာဝန်မကျေခဲ့တာ မဟုတ်သေးဘူးပဲ။ ငါ့သမီးလေးကို အခုလို ပြုံးအောင် အဖေ လုပ်ပေးနိုင်သေးတာပဲ...”
၎င်းမှာ ရိုးရှင်းလှသော စကားတစ်ခွန်း ဖြစ်သော်လည်း၊ လင်ရော့ရှီး၏ အေးခဲနေသော နှလုံးသားတံတိုင်းကြီးကို တစ်စစီ အရည်ပျော်ကျသွားစေခဲ့လေပြီ။
'အပြုံးလေး တစ်ခုကပဲ သူ့ကို ဒီလောက်အထိ ကြည်နူးသွားစေတာလား။ ငါ ဒီပုဂ္ဂိုလ်အပေါ်မှာ အစွဲအလမ်းတွေ အရမ်း ကြီးခဲ့မိတာများလား။ သူ့နေရာကနေ ငါ ပြန်စဉ်းစားကြည့်သင့်တယ်။ သူလည်း ဖိအားတွေ အများကြီး ရှိနေမှာပေါ့။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို တမင်တကာ ဒုက္ခပေးချင်ကြမှာ မဟုတ်ပါဘူး။ ငါ့ကို နာကျင်အောင် လုပ်ခဲ့မိတုန်းက သူလည်း နာကျင်ပြီး နောင်တရနေခဲ့မှာပါ'
ထိုသို့ တွေးမိလိုက်ချိန်တွင် လင်ရော့ရှီး၏ အမူအရာမှာ နူးညံ့ပျော့ပျောင်းသွားပြီး၊ သူမသည် နောက်ထပ် ဝှိုက်ထရပ်ဖယ် အဖဲ့လေး တစ်ဖဲ့ကို ကိုယ်တိုင် ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေတော့၏။
***