~“သမီး ကြိုက်တယ်ဆိုရင် ပိုစားပါဦး။ အဖေ ထပ်ပြီး လှီးပေးမယ်နော်။ ဒါမျိုးက လတ်လတ်ဆတ်ဆတ် စားမှ ကောင်းတာကွ။ နှမြောစရာကောင်းတာက အဖေ အများကြီး ဝယ်လို့မရခဲ့တာပဲ”
နင်ကွမ်းယောင်သည် စိတ်အားထက်သန်စွာဖြင့် သူ၏ ဟင်းပန်းကန်ကိုပင် လှည့်မကြည့်တော့ဘဲ လင်ရော့ရှီး၏ ပန်းကန်ထဲသို့ မှိုဖဲ့များကို အဆက်မပြတ် ထည့်ပေးရင်း တိုက်တွန်းလေ၏။
လင်ရော့ရှီးသည် သူ့ဖခင်၏ ထိုမျှလောက်သော စိတ်အားထက်သန်မှုကို မြင်သောအခါ လွှတ်ခနဲ တားမြစ်လိုက်၏။
“တော်ပါပြီ။ ကျွန်မ အဲဒီလောက် အများကြီး မစားနိုင်ပါဘူး... ရှင်လည်း စားဦးလေ။ ညစာ မစားရသေးဘူး မဟုတ်လား”
နင်ကွမ်းယောင်သည် ဝင်းပနေသော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်ကာ ခေတ္တမျှ အသံထွက်၍ ရယ်လိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်၏။
“အေး... အေးပါ... အဖေလည်း စားပါ့မယ်”
နင်ကွမ်းယောင်က ထိုသို့ ဆိုသော်ငြား လင်ရော့ရှီး၏ ပန်းကန်ထဲသို့ မှိုဖဲ့များစွာကို ထပ်မံ ထည့်ပေးနေဆဲပင်။ ထို့နောက်မှသာ သူက ထိုင်ချလိုက်ပြီး စတင် စားသောက်လေတော့သည်။
“ရော့ရှီး... သမီးသာ ဝှိုက်ထရပ်ဖယ် ကို ကြိုက်တယ်ဆိုရင် အဖေ ထပ်ပြီး ပို့ပေးမယ်လေ”
လင်ရော့ရှီး၏ မျက်နှာကမူ ပုံမှန်အတိုင်း အေးစက်စက် အနေအထားသို့ ပြန်လည် ရောက်ရှိသွားချေပြီ။ သူမက ခေါင်းခါပြရင်း ငြင်းဆန်လိုက်လေ၏။
“ရပါတယ်။ တစ်ခါတလေမှ စားရတာက ပိုကောင်းပါတယ်”
နင်ကွမ်းယောင်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြုံးလျက် ရှင်းပြသည်။
“ဟုတ်သားပဲ... အဖေ မေ့တော့မလို့။ ငါ့သမီးက ဒီနိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးတွေထဲက တစ်ယောက်ပဲဟာ။ ဝှိုက်ထရပ်ဖယ် သယ်ယူပို့ဆောင်ခအတွက် ဒေါ်လာ သိန်းချီ သုံးရတာက သမီးအတွက်တော့ အဆန်းမှ မဟုတ်တာ။ အဖေ့အမှားပါကွယ်... အဖေက သမီးကို အကောင်းဆုံးတွေပဲ ပေးချင်လို့ပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး”
“ကျွန်မ သိပါတယ်”
လေထုမှာ အနည်းငယ် ပိုမို ပြေလျော့လာချေပြီ။ နင်ကွမ်းယောင်သည် ကြည်နူးသွားကာ ဝူလျန်ယဲ့ အရက်ကို အကြိမ်ကြိမ် မော့သောက်လိုက်လေ၏။ သူ၏ မျက်နှာမှာ ရဲတက်လာပြီး စကားများလည်း လုပြောလာတော့သည်။
“ရော့ရှီး... သမီး အလယ်တန်းကျောင်းတုန်းကဆို ကာယဘာသာရပ်မှာ အမြဲတမ်း ကျရှုံးခဲ့တာလေ။ အဲဒါနဲ့ အထက်တန်း တက်ခါနီးမှာ သမီးရဲ့ အမှတ်တွေ ထိခိုက်မှာ စိုးလို့ အဖေ လူလွှတ်ပြီး အမှတ်တွေကို ပြောင်းခိုင်းခဲ့ရသေးတယ်။ အဖေသာ အဲဒီလို မလုပ်ခဲ့ရင် သမီး အမှတ် (၂၀) ကျော်လောက် လျော့သွားမှာကွ... အဘိုးကြီး လင်ကျစ်ကောကတော့ သမီးကို ကာကွယ်ဖို့ လူလွှတ်ပေးရုံက လွဲလို့ ဒီလောက်အထိတော့ မတွေးပေးနိုင်ဘူးလေ။ ဒါပေမဲ့ သမီးက စာတော်တော့ အမှတ်တွေ နည်းနည်းပါးပါး လျော့သွားလည်း ကိစ္စမရှိပါဘူး”
“သမီး အထက်တန်းတုန်းက သမီးရဲ့ အတန်းပိုင်ဆရာက ကျောင်းပွဲတော်မှာ သမီးကို ဖျော်ဖြေခိုင်းချင်ခဲ့တာ မဟုတ်လား။ သမီးသာ လေ့ကျင့်မယ်ဆိုရင် အသံက ပိုကောင်းလာလိမ့်မယ်လို့ သူက ပြောခဲ့သေးတာလေ။ ဟားဟား... သမီးက ချက်ချင်းကြီး သဘောမတူခဲ့မှန်း အဖေ သိတာပေါ့။ အဲဒီနောက်မှာ ဆရာက သမီးကို ထပ်မမေးတော့တာက အဖေ သူ့ကို သွားရှင်းထားလိုက်လို့လေ။ ငါ့သမီးလေးရယ်... သမီးအမေက တက္ကသိုလ်တုန်းကဆို အဆိုတော်အဖြစ် အရမ်း နာမည်ကြီးခဲ့တာ။ သမီးက ဘာလို့ သူ့ရဲ့ အသံဗလံတွေကို အမွေမရခဲ့တာလဲ။ အို... စိတ်မဆိုးနဲ့နော် အဖေက ဒီအတိုင်း ပြောလိုက်တာပါ။ ဒါ့အပြင် သမီးက သမီးအမေထက် အများကြီး ပိုပြီး ထူးချွန်ပါတယ်။ သူက စီးပွားရေးဆိုရင် ဘာမှ နားမလည်ခဲ့ဘူးလေ။ ဟဲဟဲ...”
လင်ရော့ရှီးသည် ရုတ်တရက် ထမင်းစားတူကို ချလိုက်ကာ ဝေဖန်ထောက်ပြလိုက်၏။
“ဝန်ကြီးချုပ် နင်... ရှင် ကျွန်မကို ပြောစရာ ရှိလို့ ခေါ်တာ မဟုတ်ဘူးလား။ ရှင် စားလို့ ပြီးပြီဆိုရင်လည်း စကားကို ဆက်ပြောပါတော့”
နင်ကွမ်းယောင်သည် ရုတ်တရက် ပြောင်းလဲသွားသော လေထုကြောင့် အံ့အားသင့်သွားရသည်။ ခေတ္တမျှ ကြောင်တောင်တောင် ဖြစ်သွားပြီးနောက်၊ သူက ခါးသီးစွာ ပြုံးလျက် မေးခွန်းထုတ်လိုက်လေ၏။
“ရော့ရှီး... သမီးနဲ့ လန်လန် ကို ဒုက္ခပေးဖို့ အဖေ လူလွှတ်ခဲ့မိတဲ့အတွက် အခုထိ အဖေ့ကို မုန်းနေတုန်းပဲလား”
လင်ရော့ရှီး၏ ပေါင်ပေါ်တွင် တင်ထားသော လက်အစုံမှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိချေပြီ။ သူက ထိုကိစ္စကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
သူ ပြောတာ မှန်ပါ၏။ လန်လန်လေးကို ဟိုလူယုတ်မာတွေက ရက်ရက်စက်စက် ရိုက်နှက်ခဲ့တာကို တွေးမိတိုင်း သူမ ရင်ထဲမှာ ဒေါသတွေ ပြည့်လျှံလာရသည် မဟုတ်ပါလော။
သို့သော် သူမသည် ထိုခံစားချက်များကို အတင်းအကျပ် မြိုသိပ်ထားလိုက်၏။
“အဖေ အဲဒီလို လုပ်ခဲ့ရတာက မလွှဲမရှောင်သာလို့ပါလို့ ပြောရင် သမီး ယုံနိုင်ပါ့မလား”
နင်ကွမ်းယောင်က သက်ပြင်းချကာ အမှန်အတိုင်း ဝန်ခံလေတော့သည်။
“လျှို့ဝှက် မျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့၊ နင် မျိုးနွယ်စုထဲမှာ အဖေ့ရဲ့ အဆင့်အတန်းက ဝန်ကြီးချုပ် ဖြစ်နေရင်တောင်မှ၊ မိသားစု ခေါင်းဆောင် ဖြစ်နေရင်တောင်မှ အောက်တန်းကျနေဆဲပဲ။ မျိုးနွယ်စုကနေ အဖေ့ဆီကို တာဝန်တစ်ခု ပေးအပ်ခဲ့တယ်။ အဲဒါက 'အဆုံးမဲ့ ဖြေရှင်းချက် ပြန်လည် ထူထောင်ခြင်းကျမ်း' ကို ခိုးယူဖို့ပဲ။ ယန်ချန်ကို တိုက်ရိုက် ရင်ဆိုင်ဖို့က မဖြစ်နိုင်တော့၊ အဖေက သမီးနဲ့ ကလေးကိုပဲ ပစ်မှတ်ထားခဲ့ရတာ။ အကယ်၍ အဖေသာ သူတို့ကို ပြောင်ပြောင်တင်းတင်း အာခံခဲ့မယ်ဆိုရင်၊ သူတို့က အဖေ့ဆီက အာဏာတွေကို ရုပ်သိမ်းပစ်လိမ့်မယ်။ လျှို့ဝှက် မျိုးနွယ်စု တစ်ခုအတွက် အဖေ့ကို ရာထူးက ဖြုတ်ချဖို့ဆိုတာ တစ်နှစ်တောင် အချိန်ယူစရာ မလိုဘူးလေ”
လင်ရော့ရှီး၏ အကြည့်များမှာ ရေခဲပြင်အလား အေးစက်သွားချေပြီ။
“ဒါဆို ရှင်က ရှင့်ရဲ့ အဆင့်အတန်းနဲ့ အာဏာအတွက်နဲ့ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး ရိုက်နှက်ခိုင်းခဲ့တာပေါ့ ဟုတ်လား”
“အဖေ အသုံးမကျတာကို ဝန်ခံပါတယ်။ ဒီအကြောင်းတွေကို ပြောရမှာလည်း အဖေ တကယ် အရှက်ရပါတယ်... ဒါပေမဲ့...”
နင်ကွမ်းယောင်က ကြေကွဲသော မျက်နှာထားဖြင့် ရှင်းပြလာသည်။
“ရော့ရှီး... စဉ်းစားကြည့်ပါ။ အကယ်၍ အဖေသာ ဒီလောကီကမ္ဘာမှာ နင် မျိုးနွယ်စုကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင်၊ ကိစ္စတချို့ကို အဖေ ထိန်းညှိပေးလို့ ရသေးတယ်။ ဒါပေမဲ့ တခြား တစ်ယောက်ယောက်ကသာ ဒီနေရာကို ရောက်လာမယ်ဆိုရင်တော့၊ သူတို့က နည်းနည်းလေးမှ ညှာတာမှာ မဟုတ်ဘူး။ ယန်ချန်ရဲ့ ကျင့်စဉ်ကို ရဖို့အတွက်ဆိုရင် သူတို့က မျိုးနွယ်စုရှေ့မှာ ဟန်ပြနိုင်ဖို့ ကိစ္စတိုင်းကို အစွမ်းကုန် လုပ်ဆောင်ကြလိမ့်မယ်။ အဖေကတော့ မလွှဲမရှောင်သာလို့ တစ်ကြိမ်ပဲ လုပ်ခဲ့တာပါ”
လင်ရော့ရှီးက လှောင်ပြောင်ကဲ့ရဲ့လိုက်လေ၏။
“ဒါဆို ရှင်က ရှင့်ကို ကျွန်မက ကျေးဇူးတင်ရမယ်လို့ ပြောချင်တာလား”
“အဖေ... အဖေက...”
သူ စကားလုံး ရှာမရ ဖြစ်သွားရ၏။
မျက်နှာတစ်ခုလုံး နီမြန်းနေဆဲဖြစ်သော နင်ကွမ်းယောင်သည် မိမိကိုယ်ကိုယ် ရှင်းပြနေခြင်းကို လက်လျှော့လိုက်လေတော့၏။ ထို့နောက် သူသည် ဝူလျန်ယဲ့ အရက် (၃) ခွက်ကို ဆက်တိုက် မော့သောက်လိုက်ရာ၊ သူ၏ မျက်နှာမှာ ပို၍ပင် နီရဲသွားတော့သည်။ သူ၏ အကြည့်များမှာ ဝေဝါးလာပြီး စကားများကိုလည်း ရှေ့နောက်မညီဘဲ တတွတ်တွတ် ရေရွတ်နေလေတော့၏...
လင်ရော့ရှီးသည် သူ့အား အေးစက်စွာ စိုက်ကြည့်နေမိသည်။ သူ ဆက်လက် စကားပြောမည့် ပုံမပေါ်တော့သည်ကို မြင်သောအခါ သူမ မတ်တပ်ရပ်လိုက်လေ၏။
“ဝန်ကြီးချုပ် နင်... ဒါပဲဆိုရင်တော့ ကျွန်မ ပြန်ပါတော့မယ်”
သူ့ကို အိမ်ပြန်ပို့ခိုင်းရန် သူမ စိတ်မကူးထားချေ။ အငှားယာဉ် တစ်စင်း တားစီးရန်ဖြစ်စေ၊ သို့မဟုတ် ခြေကျင် လမ်းလျှောက် ပြန်ရန်ဖြစ်စေ... ရှန်းထျန်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော သူမအတွက်တော့ ပြဿနာ မရှိလှပေ။
ရုတ်တရက် နင်ကွမ်းယောင်သည် ကုလားထိုင်ပေါ်မှ လျှောကျသွားပြီး၊ သူမ၏ ရှေ့တွင် ဒူးထောက်လိုက်သည့်အလား ခုန်ဝင်လာလေတော့သည်။
“ဝ... ဝန်ကြီးချုပ် နင်... ရှင် ဘာလုပ်တာလဲ”
လင်ရော့ရှီးသည် သူ၏ မျှော်လင့်မထားသော လုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်သွားရလေ၏။ ကြည့်ရတာ သူ တော်တော်လေး မူးနေပုံ ရ၏။
“မဟုတ်ဘူး...”
သူက ဗလုံးဗထွေးဖြင့် ဝင်ရောက်ပြောဆိုလိုက်လေ၏။
“ငါ့ကို ဝန်ကြီးချုပ် နင် လို့ မခေါ်ပါနဲ့။ အဖေလို့ ခေါ်စမ်းပါ... ငါ့ရဲ့ ချစ်လှစွာသော သမီးလေး... ရော့ရှီးလေး... အဖေလို့ ခေါ်ပါဦးနော်...”
လင်ရော့ရှီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။ သူ့ကို စိုက်ကြည့်ရင်း သူ တကယ် မူးနေတာလားဟုပင် သူမ သံသယ ဝင်မိသွား၏။
“ဝန်ကြီးချုပ် နင်... ရှင့်ရဲ့ အမူအရာကို ဆင်ခြင်ပါဦး”
“သမီးက အဖေ့ကို မူးနေတယ်လို့ ထင်နေတာလား။ ဟင့်အင်း... အဖေ မမူးပါဘူး...”
သူက သူမ၏ ခြေရင်းသို့ တွားသွားရင်း အသည်းခိုက်မတတ် အော်ဟစ်လိုက်လေတော့သည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကို ဤကဲ့သို့ အခြေအနေမျိုးတွင် မြင်တွေ့သွားမည် ဆိုပါက၊ အလွန်တရာ တုန်လှုပ်သွားကြမည်မှာ အသေအချာပင်။
သူမ၏ ခြေရင်းသို့ ရောက်ရှိသွားသောအခါ၊ သူက နှုတ်ခမ်းကို မဲ့ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့၏။
“ရော့ရှီး... ငါ့သမီးလေးရယ်... အဖေ အရမ်း အထီးကျန်တာပဲ။ အဖေ... အဖေ တကယ် နာကျင်နေရပါတယ်။ အရာအားလုံးအတွက် အဖေ နောင်တရနေမိတယ်။ သမီးအမေ၊ လုအိုချွေ့ရှန်း၊ နင်ကော်တုံ... သူတို့အားလုံး အဖေ့ကြောင့် စောစောစီးစီး သေဆုံးခဲ့ကြရတာ။ အားလုံးက အဖေ့အပြစ်တွေချည်းပါပဲ။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘဇောကြောင့်၊ အဖေ ယုတ်မာတဲ့ ကိစ္စတွေ အများကြီး လုပ်ခဲ့မိတယ်။ အဖေက လူမိုက်ကြီးပါကွယ်... လူမိုက်ကြီးပါ”
လင်ရော့ရှီးသည် မိမိ၏ နားကိုပင် မယုံနိုင်သည့်အလား သူ့အား ငေးငိုင်စွာ စိုက်ကြည့်နေမိ၏။
နင်ကွမ်းယောင်သည် သူ၏ ခေါင်းကို ပွေ့ဖက်ကာ ငိုရှိုက်နေလေ၏။
“အဖေ အိမ်ပြန်ရမှာကို အရမ်း ကြောက်တာပဲ။ အဲဒီ အိမ်ကြီးက အရမ်းကို ခြောက်ကပ်လွန်းနေတာ။ အဖေ တစ်ယောက်တည်းပဲ ရှိတာလေ။ အဖေ တကယ်ကို နောင်တရပါတယ်။ အဖေ မှားခဲ့မှန်း အဖေ သိပါပြီ”
လင်ရော့ရှီး၏ နှလုံးသားလေး နာကျင်လာရပြီး၊ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ရစ်သိုင်းလာလေတော့သည်။
ရုတ်တရက် နင်ကွမ်းယောင်သည် သူမ၏ ခြေထောက်တစ်ဖက်ကို လွှားခနဲ ဖက်တွယ်လိုက်လေ၏။
“ရော့ရှီး... အဖေပြောတာ နားထောင်ပါဦး။ ယန်ချန်ကို မကွာရှင်းပါနဲ့နော်၊ လင်ဟွေး နဲ့ လန်လန် တို့ ကိစ္စကြောင့် သမီး သူ့အပေါ် ဒေါသထွက်နေမှန်း အဖေ သိပါတယ်။ ဒါပေမဲ့ သမီးသာ သူ့ကို ကွာရှင်းလိုက်မယ်ဆိုရင်၊ သမီး နောင်တရလိမ့်မယ်”
သူက အသည်းအသန် အသနားခံ တောင်းပန်နေလေတော့သည်။
ထိုကိစ္စကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်၊ လင်ရော့ရှီးသည် သူ၏ လက်တွင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်လေ၏။ သို့သော် သူမ ကန်ထုတ်လိုက်လျှင် သူ ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် မလှုပ်ဝံ့ဘဲ ရှိနေရသည်။
“ကျွန်မကို လွှတ်စမ်းပါ ဝန်ကြီးချုပ် နင်... ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ”
“သမီးရဲ့ ကိစ္စက အဖေ့ရဲ့ ကိစ္စပဲ ၊ အဖေက သမီးရဲ့ အဖေလေ”
နင်ကွမ်းယောင်က ရူးသွပ်နေသူ တစ်ယောက်အလား အော်ဟစ်လိုက်လေ၏။
“ရော့ရှီး... သမီး သူ့အနားမှာ နေခဲ့တာ နှစ်နှစ်ပဲ ရှိသေးတယ်လေ။ အခု ကွာရှင်းဖို့ လုပ်နေပြီလား။ သမီးက ကွာရှင်းဖို့အတွက်ပဲ သူ့ကို လက်ထပ်ခဲ့တာလား။ အိမ်ထောင်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူးကွ။ တစ်ယောက်တည်း နေရတာက လွယ်ပေမယ့်၊ အတူတူ ပေါင်းသင်းနေထိုင်ရတဲ့ အခါကျတော့ ကိစ္စတွေက ခြားနားသွားပြီ။ သမီးရဲ့ ရင်ထဲမှာ သူ့အတွက် နေရာတစ်ခု ရှိနေတယ်ဆိုတာ အဖေ သိပါတယ်။ အဖေပြောတာ နားထောင်ပါ... မိုက်ရူးရဲ မဆန်စမ်းပါနဲ့၊ သူ သမီးအပေါ် ဘယ်နှစ်ကြိမ်ပဲ မှားခဲ့မှားခဲ့၊ သူက သမီးကို ကာကွယ်ပေးနိုင်တဲ့သူလေ၊ သူ သမီးကို တကယ် ချစ်တာပါ ၊ သူ သမီးအနားမှာ ရှိနေမှသာ အဖေ စိတ်အေးရမှာ”
“သမီး အခုထိ နားမလည်သေးပါဘူး။ မိဘတစ်ယောက် အနေနဲ့၊ ကိုယ့်သားသမီး ကွာရှင်းတာကို မြင်ရတာက အရမ်းကို ဝမ်းနည်းစရာ ကောင်းတဲ့ ကိစ္စပဲ။ တခြားလူတွေတော့ မသိဘူး... သမီးက အဖေ့ရဲ့ တစ်ဦးတည်းသော သမီးလေးလေ။ အဖေ အချစ်ဆုံး အမျိုးသမီး ရွှယ်ဇီကျင်းက သမီးကို အဖေ့ဆီမှာ အပ်နှံသွားခဲ့တာ။ အဖေ သမီးအတွက် ဂုဏ်ယူတယ်။ ပြီးတော့ သမီးက ဒီလောကကြီးမှာ အဖေ တစ်ဦးတည်းသော ဂရုစိုက်ရတဲ့ လူသားလေးပါ။ တကယ်လို့ သမီးသာ ကွာရှင်းလိုက်မယ်ဆိုရင်၊ အဖေ့ကြောင့် သေဆုံးသွားခဲ့ရတဲ့ သမီးအမေ၊ သမီးအဘွား နဲ့ ရွှယ်မိသားစုဝင်တွေ အားလုံးကို အဖေ ဘယ်လို မျက်နှာပြရမလဲ။ အဖေ သေသွားရင်တောင် သူတို့ကို တွေ့ဖို့ အရမ်း အရှက်ရနေလိမ့်မယ် ကျေးဇူးပြုပြီး... အဖေ့မျက်နှာကို ထောက်ထားပြီးတော့၊ ယန်ချန်ကို မကွာရှင်းပါနဲ့တော့နော်”
လင်ရော့ရှီးသည် တုန်တုန်ယင်ယင်ဖြင့် ထိုနေရာတွင်တင် ကျောက်ရုပ်အလား ရပ်တန့်နေမိလေတော့သည်။ ပါးပြင်ထက်သို့ မျက်ရည်များ တလိမ့်လိမ့် စီးကျလာသော်လည်း၊ သူမသည် သူမ၏ ရှေ့မှောက်ရှိ အမျိုးသားကြောင့် ငိုနေခြင်းလော၊ သို့မဟုတ် အဝေးတစ်နေရာမှ အမျိုးသားတစ်ဦးအတွက် ငိုနေခြင်းလော ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ပါချေ။
***