~ယန်ချန်သည် ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်၏။ သူ၏ မျက်နှာတွင် အနည်းငယ် လေးနက်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။
“နောက်မကျပါဘူး... ငါ တစ်ခုခုကို ဖြေရှင်းနေရလို့ပါ။ ငါ မင်းကို ဆက်သွယ်လာမယ်ဆိုတာ မင်း ကြိုသိနေမှတော့၊ ဒီခံစားချက်ကို ငါတစ်ယောက်တည်း ခံစားလိုက်ရတာ မဟုတ်ဘူးဆိုတာ သေချာသွားပြီပေါ့။ ပြောစမ်းပါဦး... ဒါက ဘာလဲဟင်။ ငါ့ရဲ့ နတ်ဘုရား ဝိညာဉ်အမှတ်အသား ထဲက စွမ်းအားတွေ ဘာလို့ တိုးလာနေရတာလဲ။ အခုထိလည်း တိုးနေတုန်းပဲဆိုတာ ငါ အာရုံခံမိတယ်”
ထိုအခါ၊ ခရစ္စတင်းသည် နှုတ်ခမ်းလေးကို စူလိုက်ပြီး အလိုမကျစွာ တုံ့ပြန်လိုက်လေသည်။
“တကယ့်ကို လူပျက်ကြီးပဲ။ ကျွန်မက ရှင့်ရှေ့မှာ ဒီလောက် လှလှပပ ဝတ်ထားတာကို၊ ရှင်က ဒီလို အစီအစဉ်မရှိတဲ့ ကိစ္စတွေကိုပဲ လာပြောနေတယ်ပေါ့လေ”
ရုတ်တရက် ခရစ္စတင်းသည် ရှေ့သို့ တိုးလာပြီး ယန်ချန်၏ ပေါင်ပေါ်သို့ တက်ထိုင်လိုက်လေတော့သည်။
ယန်ချန်၏ နှာခေါင်းဝတွင် သူမ၏ မွှေးရနံ့များ ပြည့်နှက်သွား၏။
ငြင်းဆန်၍ မရနိုင်သည်မှာ ကမ္ဘာကျော် စူပါစတားတစ်ဦး၏ ရုပ်ရည်နှင့် ကိုယ်ဟန်မှာ ယန်ချန်ကဲ့သို့သော အမျိုးသားတစ်ဦးအတွက် အလွန်တရာ ကြီးမားလှသော သွေးဆောင်မှု ဖြစ်နေခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် ယန်ချန်သည် စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားနိုင်၏။ သူက ခါးသီးစွာ ပြုံးလိုက်ပြီးနောက် ဝင်ရောက်ပြောဆိုလိုက်၏။
“မင်း ဒီလိုမျိုး လုပ်နေတယ်ဆိုတာက ငါ့ကို အဖြေမပေးချင်လို့ မဟုတ်လား။ ဒါက ငါ့ဆီကနေ အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို မင်း ဖုံးကွယ်ထားတယ်လို့ ခံစားရစေတယ်”
သူမသည် ယန်ချန်၏ နားရွက်လေးကို အသာအယာ ကိုက်ခဲလိုက်ပြီး တိုးတိတ်စွာ မြှောက်ပင့်လိုက်လေ၏။
“အချစ်ရယ်... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ရှင်က..ကျွန်မရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင်၊ အမှန်တရားကို ပြောပြမယ်လေ...”
ယန်ချန်သည် တံတွေးကို အသာအယာ မျိုချလိုက်မိ၏။ သူ၏ သွေးကြောများအတွင်း၌ စိတ်လှုပ်ရှားမှုများ တလိမ့်လိမ့် တက်လာချေပြီ။ သူမက ဒီလောက်အထိ ပြောင်ပြောင်တင်းတင်း ပြောရဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သာမန် အမျိုးသားတစ်ဦးသာဆိုလျှင် ဤအခွင့်အရေးကို လက်လွှတ်မည် မဟုတ်သော်ငြား၊ ယန်ချန်မှာမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။
“မင်းရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်တဲ့ ယောကျာ်းတွေ အများကြီး ရှိပါတယ်”
ခရစ္စတင်းက နှာခေါင်းရှုံ့လိုက်လေ၏။
“ကျွန်မ ဝင်စားခဲ့တဲ့ ဘဝတိုင်းမှာ ကျွန်မမှာ ယောကျာ်းတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ဒီဘဝမှာတော့ ရှင့်တစ်ယောက်တည်းကပဲ ကျွန်မရဲ့ စံနှုန်းနဲ့ ကိုက်ညီတာလေ”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုအချိန်မှာ မင်းကို ငြင်းလိုက်ရင် ငါကပဲ ရိုင်းရာ ကျနေမှာပေါ့။ ဒီလိုလုပ်ရအောင်... မင်း ငါ့ကို အမှန်အတိုင်း ပြောပြမယ်ဆိုရင်၊ ငါ မင်းကို နှစ်ကြိမ်တိုင်တိုင် ကျေနပ်အောင် လုပ်ပေးမယ်”
ယန်ချန်က ကောက်ကျစ်စွာ ပြုံးလိုက်၏။
ခရစ္စတင်းသာ သူတို့ကြားတွင် တစ်ခုခု ဖြစ်စေချင်ပါက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်ခဲ့မည်ကို သူ သိထားလေ၏။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့သည် အစွဲအလမ်းကြီးသော လူစားမျိုးများ မဟုတ်ကြသည် မဟုတ်ပါလော။
သူတို့ နှစ်ဦးစလုံးမှာ နတ်ဘုရား ဝိညာဉ်အမှတ်အသား ရှိကြသဖြင့်၊ ဝိညာဉ်ရေးအရ ပြောရမည်ဆိုပါက သူတို့၏ ခန္ဓာကိုယ်များမှာ အခွံသက်သက်သာ ဖြစ်ပေသည်။
အကယ်၍ သူသာ သူမကို ကုတင်ပေါ် ခေါ်ဆောင်သွားချင်လျှင် သူမ ငြင်းဆန်မည် မဟုတ်ကြောင်း သူ ယုံကြည်လေ၏။ အမှန်တကယ်တော့ သူတို့သည် ကုတင်ပေါ်တွင် အလွန် လိုက်ဖက်မည့်သူများ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယန်ချန် တစ်ခုကို သတိရနေမိ၏။ ၎င်းမှာ ခရစ္စတင်းသည် ယခင် ပလူတို နှင့် ပတ်သက်မှုများ ရှိခဲ့ဖူးခြင်းပင်။ သူ အသေးစိတ် မသိသော်လည်း ထိုကိစ္စက သူမကို နာကျင်စေခဲ့မည်မှာ သေချာလှသည်။
ယခင် ပလူတိုသည် ခရစ္စတင်းကို စွန့်ပစ်ကာ သူ၏ အသိစိတ်များကို လူသားခန္ဓာကိုယ်အတွင်းသို့ သွတ်သွင်းစေခဲ့ခြင်းက ခရစ္စတင်း၏ နှလုံးသားကို များစွာ ထိခိုက်စေခဲ့မည် မဟုတ်ပါလော။
ပြန်လည်ဝင်စားခြင်းသည် အဆုံးသတ် မဟုတ်သဖြင့် သူမတို့ အတူတူ ပြန်ရှိနိုင်သော်လည်း၊ အသိစိတ်များ ပျောက်ကွယ်သွားမှုကြောင့် ထိုသူသည် ဘယ်တော့မှ ပြန်လာတော့မည် မဟုတ်ချေ။
သူမသည် ထိုသူအပေါ် ထားရှိသော ခံစားချက်များကို သူ့ဆီသို့ လွှဲပြောင်းလိုက်ခြင်းကြောင့်သာ သူတို့ ဒီလောက်အထိ နီးစပ်လာရခြင်း ဖြစ်မည်။
သို့ရာတွင် ယန်ချန် ထိုအရာကို မနှစ်သက်ပါချေ။ အကယ်၍ သူတို့ အတူတူ အိပ်စက်ခဲ့မည်ဆိုလျှင်၊ သူသည် ယခင် ပလူတိုအပေါ် ထားရှိသော သူမ၏ ခံစားချက်များကို အခွင့်ကောင်းယူရာ ရောက်သွားမည် မဟုတ်ပါလော။
အနှစ်ထောင်ပေါင်းများစွာ ရှင်သန်လာခဲ့ကြသော နတ်ဘုရားများအတွက်၊ ဤမျှ နက်ရှိုင်းသော အချစ်ဆိုသည်မှာ ရယ်စရာ ကောင်းလွန်းလှပေသည်။
“ရှင်ကတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။ ကျွန်မကိုယ်ကျွန်မ.. ရှင့်လက်ထဲ ထိုးအပ်နေတာကိုတောင်မှ။ ဟေးဒီးစ်...ကျွန်မက ရှင့်ရဲ့ ဇနီးတွေ၊ ရည်စားတွေထက် ဘာများ နိမ့်ကျနေလို့လဲဟင်”
ခရစ္စတင်းက စိတ်ဆိုးချင်ယောင် ဆောင်ကာ အပြစ်တင်လိုက်၏။
ယန်ချန် ခေါင်းယမ်းလိုက်သည်။
“ကောင်းပြီလေ.. အက်ဖရိုဒိုက်... ငါတို့က သူငယ်ချင်းတွေပဲ၊ ငါ မင်းကို ကောင်းကောင်း သိပါတယ်။ အမှန်တရားကို မဖုံးကွယ်ထားဘဲ ဘာတွေ ဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပြပါတော့”
သူ၏ အမူအရာမှာ ရုတ်တရက် အလေးအနက် ဖြစ်သွားသဖြင့်၊ စောစောက ရှိနေခဲ့သော တပ်မက်ဖွယ် လေထုမှာလည်း ချက်ချင်း အေးစက်သွားလေတော့သည်။
ခရစ္စတင်းသည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သူ၏ ပေါင်ပေါ်မှ ထလိုက်လေ၏။ သူမသည် ဒေါသဖြေသည့်အနေဖြင့် သူ၏ နဖူးကို လက်ဖြင့် တစ်ချက် တောက်လိုက်သည်။
ထို့နောက် သူမသည် လသာဆောင်၏ လက်ရန်းဆီသို့ လျှောက်သွားကာ၊ ဘီဗာလီဟေးလ် ပတ်ဝန်းကျင်ရှိ မြို့ပြမီးရောင်များကို ငေးကြည့်လိုက်လေ၏။
“အဲဒါက ဂိုင်ယာရဲ့ နှလုံးသား ကြောင့်ပဲ။ အက်သီနာက အဲဒီအရာကို ပြန်ပြီး နိုးထအောင် လုပ်လိုက်ပြီလေ”
၎င်းကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သဖြင့် ယန်ချန် အံ့သြမသွားခဲ့ချေ။ သို့သော် ထိုအရာက အမှန်တကယ် ဘာလဲဆိုသည်ကိုမူ သူ မသိသေးပါချေ။
“ဂိုင်ယာရဲ့ နှလုံးသား နိုးထလာတာက နတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ပြန်ရစေတာလား”
သူက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
“ကိုရီးယားမှာတုန်းက စတန်း၊ အဲလစ် နဲ့ အက်သီနာ တို့ စကားပြောနေကြတာကို ငါ မှတ်မိတယ်။ သူတို့က ဂိုင်ယာရဲ့ နှလုံးသား အကြောင်း ပြောနေခဲ့ကြသလို၊ အဲဒီအရာက တစ်ကမ္ဘာလုံးကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေမယ်၊ ကမ္ဘာကြီး ပျက်စီးသွားနိုင်တယ် ဆိုတဲ့ အကြောင်းတွေကိုလည်း ပြောခဲ့ကြသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူတို့ ငါ့ကို ရှင်းပြမသွားခဲ့ဘူးလေ။ မင်း ငါ့ကို တစ်ခုခုတော့ ရှင်းပြသင့်တယ် မဟုတ်လား”
ခရစ္စတင်းက အားမလိုအားမရ ပုံစံဖြင့် နောက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်၏။
“ကျွန်မ..ရှင့်ကို ဘာများ ရှင်းပြနိုင်မှာလဲ။ ရှင်ကိုယ်တိုင်လည်း ခံစားနေရတာပဲ မဟုတ်လား။ ဂိုင်ယာရဲ့ နှလုံးသား နိုးထလာတာနဲ့အမျှ၊ ကျွန်မတို့ရဲ့ စွမ်းအားတွေက တဖြည်းဖြည်းချင်း ပြန်ရလာနေတာလေ။ ဒါပါပဲ။ အက်သီနာက နတ်ဘုရားတွေကို ပြန်ပြီး နိုးထစေချင်တာ။ အခု သူ ပထမဆုံး ခြေလှမ်းကို စတင်လိုက်ပြီပေါ့”
“သူ ဘာလုပ်ချင်နေတာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀,၀၀၀) ကျော်ကလိုပဲ လူသားတွေကို လိုက်သတ်ချင်နေတာလား”
ယန်ချန်က အံ့အားသင့်စွာ မေးလိုက်မိသည်။
သူမက ခေါင်းယမ်းလိုက်၏။
“ မသိဘူး။ အက်သီနာက ဘယ်တုန်းကမှ ခန့်မှန်းလို့ ရတဲ့သူမျိုး မဟုတ်ဘူးလေ။ ဒါ့အပြင် သူ့ရဲ့ အစီအစဉ်တွေကို သိရင်တောင်မှ၊ ဘယ်သူ.. သူ့ကို တားနိုင်မှာလဲ”
ယန်ချန် တိတ်ဆိတ်သွားမိ၏။
သူမ ပြောတာ မှန်ပါ၏။ အက်သီနာ၏ စွမ်းအားမှာ အလွန်တရာ နက်နဲလွန်းလှပေသည်။ သူ၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာခဲ့သော်လည်း၊ သူမအား ယှဉ်နိုင်မည်ဟု သူ အာမမခံရဲပါချေ။
ထို့အပြင် ဂိုင်ယာရဲ့ နှလုံးသား နိုးထလာမှုကြောင့် သူမ၏ စွမ်းအားများမှာလည်း တိုးတက်နေမည်မှာ အသေအချာပင်။
ယန်ချန် နောက်ထပ် မေးခွန်းတစ်ခု မေးရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ ဖုန်းလေး တုန်ခါလာ၏။
သူ ထုတ်ကြည့်လိုက်ရာ ယန်ကုန်းမင် ထံမှ ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။
“ကောင်စုတ်လေး... အခုချက်ချင်း ပေကျင်းကို ပြန်လာခဲ့စမ်း”
“ဘာဖြစ်လို့လဲဟင်”
ယန်ချန် အံ့သြသွားမိသည်။ ယန်ကုန်းမင် တစ်ယောက် ဒီလောက် စောစောစီးစီး ဘာလို့ ဖုန်းဆက်ရတာလဲ။
“ဟက်... ခေါင်းဆောင်ကြီး နံပါတ်တစ် က မင်းကို ဒီအတိုင်း လွှတ်ပေးထားမယ်လို့ ထင်နေတာလား။ ရေနံ တချို့ ပေးလိုက်ရုံနဲ့၊ တရုတ်ပြည်ထဲမှာ မင်း ကြိုက်သလို ရမ်းကားလို့ ရမယ်လို့ ထင်နေတာလား”
ဟန်ညာကို မုန့်ယွဲ့အဖြစ် ဟန်ဆောင်ခိုင်းထားရုံနှင့် ကိစ္စများ မပြီးပြတ်နိုင်သေးကြောင်း ယန်ချန်လည်း ရိပ်မိထား၏။
“အဘိုး... ခေါင်းဆောင်ကြီး နံပါတ်တစ် က ကျွန်တော့်ကို တွေ့ချင်နေတာလား”
“ပြန်လာခဲ့။ ငါ ကျုံးနန်ဟိုင် မှာ စောင့်နေမယ်။ ငါတို့ အတူတူ ဝင်သွားကြတာပေါ့”
ယန်ကုန်းမင်က အလေးအနက်ပြောဆိုလိုက်၏။
ယန်ချန် ထိုကိစ္စအတွက် သိပ်ပြီး စိုးရိမ်မနေပါချေ။ ခေါင်းဆောင်ကြီး နံပါတ်တစ်က တွေ့ဆုံဖို့ ကမ်းလှမ်းလာသည် ဆိုကတည်းက၊ တစ်စုံတစ်ခုကို ဆွေးနွေးလိုခြင်းသာ ဖြစ်ရမည်။
သူ့အား ဖိနှိပ်ရန်တော့ မဟုတ်နိုင်ပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ဖိနှိပ်ချင်ရင်တောင်မှ၊ ယန်ချန်က အဖိနှိပ်ခံမည့်သူမျိုးမှ မဟုတ်တာလေ။
ဖုန်းချပြီးနောက်၊ ယန်ချန်က ခရစ္စတင်းအား အားနာသော အပြုံးတစ်ခု ပြသလိုက်လေ၏။
“ငါ သွားရတော့မယ်”
ခရစ္စတင်းက သူမ၏ ဆံနွယ်လေးများကို ကစားရင်း ပြုံးလိုက်၏။
“ကြည့်ရတာ ရှင်တော့ ပြဿနာ နောက်တစ်ခုနဲ့ ထပ်တိုးပြန်ပြီ ထင်တယ်။ ကံကောင်းပါစေနော်”
“ဂိုင်ယာရဲ့ နှလုံးသား နဲ့ ပတ်သက်ပြီးတော့တော့၊ ငါတို့ ရေစုန်မျောလိုက်ရုံပဲ ရှိမှာပေါ့”
ယန်ချန်သည် သူ၏ စိတ်ထဲမှ သံသယများကို မေ့ဖျောက်လိုက်ပြီးနောက်၊ မတ်တပ်ရပ်ကာ မှာကြားလိုက်၏။
“မင်း ငါ့ကို အရာအားလုံး မပြောပြဘူး ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ နောင်အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာဖြစ်လာ၊ ငါတို့ သူငယ်ချင်းတွေ အဖြစ် ရှိနေဦးမယ်လို့ ငါ မျှော်လင့်ပါတယ်”
ခရစ္စတင်းက ဘာမျှ ပြန်မပြောဘဲ၊ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကိုသာ ပြန်လည် ပြသလိုက်လေတော့သည်။
ယန်ချန်၏ ပုံရိပ်မှာ လသာဆောင်ပေါ်မှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားချေပြီ။
ပေကျင်းမြို့ဆီသို့ ပျံသန်းနေစဉ် သူ တွေးတောနေမိ၏။
'ငါကတော့ တကယ်ကို အလုပ်ရှုပ်နေတဲ့သူပဲ။ တစ်နေရာပြီး တစ်နေရာ သွားနေရတာနဲ့တင် အချိန်ကုန်နေပြီ'
ခရစ္စတင်းသည် ပျောက်ကွယ်သွားသော သူ၏ ပုံရိပ်ကို ငေးကြည့်ရင်း ဝမ်းနည်းစွာဖြင့် သက်ပြင်းရှည်ကြီး တစ်ချက်ကို ရှိုက်ထုတ်လိုက်၏။
“'သူငယ်ချင်း' ဟုတ်လား... ဟေးဒီးစ် ရယ်၊ ရှင်က တကယ်ကို လူအ ပါပဲ။ ကျွန်မက ရှင့်ရဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူး...ကျွန်မက ရှင့်နဲ့ တစ်သားတည်း ပြန်ဖြစ်ချင်နေတာပါ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ မရှိတဲ့ စကားတွေကို ပြောနေရတာ... ကျွန်မမှာ အခွင့်အရေး ထပ်မရှိတော့ဘူး ထင်ပါရဲ့”
……
နံနက်စောစော အချိန် ဖြစ်သဖြင့်၊ ရှောင်ကျစ်ချင်းသည် သူမ၏ အခန်းအတွင်း၌ နှစ်ခြိုက်စွာ အိပ်ပျော်နေလေ၏။
ထိုအခိုက်အတန့်၌ ဝမ်မားသည် အခန်းထဲသို့ လှမ်းဝင်လာခဲ့၏။ အခန်းအနှံ့ ပျံ့ကျဲနေသော ကွန်ပျူတာ အပိုပစ္စည်းများကို မြင်လိုက်ရသောအခါ သူမ ခေါင်းယမ်းလိုက်မိ၏။ မော်နီတာ မျက်နှာပြင်များမှာလည်း ပွင့်နေဆဲ ဖြစ်ပေသည်။
'ဒီကလေးမက ဘာလို့ ဒီလို အလုပ်တွေကိုပဲ ဝါသနာပါနေရတာလဲ မသိဘူး။ မိန်းကလေး တစ်ယောက်နဲ့လည်း လုံးဝ မတူဘူး။ ဒါပေမဲ့ သူ ကျင့်ကြံလို့ မရတော့၊ ဒီလို ဝါသနာလေး တစ်ခု ရှိနေတာကလည်း သူ့အတွက် ကောင်းပါတယ်လေ' ဟု ဝမ်မား တွေးတောနေမိ၏။
ကုတင်ဘေးသို့ ရောက်သောအခါ၊ သူမသည် ရှောင်ကျစ်ချင်း၏ လက်မောင်းကို လှမ်းဆွဲလိုက်လေ၏။
“ချင်းအာ... ထတော့လေ”
ရှောင်ကျစ်ချင်းသည် အိပ်မှုန်စုံမွှားဖြင့် ကုတင်ပေါ်တွင် လူးလွန့်ရင်း အလိုမကျစွာ တုံ့ပြန်လိုက်၏။
“မေမေရယ်... သမီး အိပ်ချင်သေးတယ်...”
“ထစမ်းပါ၊ ဒီနေ့ သမီးရဲ့ အဘိုးအဘွားတွေဆီ သွားကြမယ်လို့ ချိန်းထားတယ် မဟုတ်လား။ အခု မသွားရင် မွန်းတည့်ချိန်လောက်မှ ရောက်မှာပေါ့”
ဝမ်မားက သမီးဖြစ်သူ၏ ကျောပြင်ကို ကြင်နာစွာဖြင့် ပုတ်ပေးလိုက်လေ၏။
ဝမ်မားသည် အသက် (၅၀) ကျော် အရွယ်သာ ရှိသေးသဖြင့်၊ သူမ၏ မိဘများမှာ သက်ရှိထင်ရှား ရှိနေကြဆဲပင် ဖြစ်ပေသည်။
သူတို့သည် ရှောင်ကျစ်ချင်း ပြန်ရောက်လာကြောင်းကို သိရှိထားကြသော်လည်း၊ သူမ၏ အတိတ် ဇာတ်ကြောင်းများကိုမူ သိရှိခြင်း မရှိကြချေ။ မြေးမလေးကို နှစ်ကြိမ်တိုင်တိုင် တွေ့ဖူးထားကြပြီး အလွန်အမင်း ချစ်ခင်မြတ်နိုးကြ၏။ ထို့ကြောင့်ပင် မြေးမလေးကို မကြာခဏ ခေါ်လာပေးရန် ဝမ်မားအား အမြဲတမ်း တိုက်တွန်းနေကြခြင်းပါ။
ဒီနေ့ အစီအစဉ်ကို သတိရသွားသောအခါမှသာ၊ ရှောင်ကျစ်ချင်းသည် နှုတ်ခမ်းကို ဆူကာ ကုတင်ပေါ်တွင် ထိုင်လိုက်လေတော့သည်။
ဝမ်မားသည် အိပ်ချင်မူးတူး ဖြစ်နေသော သမီးဖြစ်သူ၏ ပုံစံလေးကို ကြည့်ကာ အလွန်တရာ ချစ်စရာ ကောင်းနေသည်ဟု တွေးမိလေ၏။ သူမသည် မအောင့်နိုင်တော့ဘဲ ရှေ့သို့ တိုးကာ သမီးဖြစ်သူအား ဖက်နမ်းလိုက်လေတော့သည်။
“ငါ့ရဲ့ ချင်းအာလေးကတော့ တကယ် ချစ်စရာ ကောင်းတာပဲ”
ရှောင်ကျစ်ချင်းမှာမူ မိခင်ဖြစ်သူ၏ အဖက်အနမ်းကို ခံနေရသဖြင့် အရုပ်လေး တစ်ရုပ်အလား ဖြစ်နေလေ၏။ သို့သော်လည်း သူမ၏ မျက်နှာထက်တွင် ပျော်ရွှင်ကြည်နူးမှု အရိပ်အယောင်များ ပေါ်လွင်နေပေသည်။ မိခင်ဖြစ်သူနှင့် ပြန်လည် ဆုံတွေ့ခဲ့ရပြီးကတည်းက၊ သူမ၏ နေ့ရက်များမှာ ဘဝတွင် တစ်ခါမျှ မကြုံဖူးလောက်အောင် နွေးထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည် မဟုတ်ပါလော။
“ကောင်းပါပြီ။ မေမေ အောက်ဆင်းပြီး မနက်စာ သွားပြင်ထားလိုက်နော်။ သမီး ရေချိုးပြီးတာနဲ့ ဆင်းလာခဲ့မယ်”
ဝမ်မားက ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာရန် မတ်တပ်ရပ်လိုက်စဉ်မှာပင်၊ သူမအား ထိတ်လန့်တုန်လှုပ်သွားစေမည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရလေတော့သည်။
လသာဆောင်ပေါ်တွင်မူ၊ ရုပ်ချောချော လူငယ်တစ်ဦးသည် သူတို့အား လှောင်ပြောင်သော အကြည့်များဖြင့် စိုက်ကြည့်ရင်း ရပ်နေလေတော့၏။
***