~မိခင်ဖြစ်သူမှာ ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းနေသည်ကို မြင်လိုက်ရသဖြင့် ရှောင်ကျစ်ချင်း ဇဝေဇဝါ ဖြစ်သွားရ၏။ သူမသည် မိခင် စိုက်ကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်မိရာ၊ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွားတော့၏။
မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်မှာ လော့ဟန် ပင် ဖြစ်၏။ ၎င်းတို့ သားအမိ၏ ထိတ်လန့်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ လော့ဟန်၏ နှုတ်ခမ်းထက်မှ မဲ့ပြုံးမှာ ပိုမို နက်ရှိုင်းသွားချေပြီ။ ထို့နောက် သူသည် မှန်တံခါးကို ဆွဲဖွင့်လိုက်ရာ၊ သံမဏိသော့ခလောက်မှာ သူ့အတွက်တော့ အကာအကွယ်တစ်ခုမျှပင် မဖြစ်ခဲ့ချေ။
သူ၏ လှုပ်ရှားမှုများကြောင့် ရှောင်ကျစ်ချင်း အသိစိတ် ပြန်ဝင်လာ၏။ သူမသည် ညဝတ်အင်္ကျီ ဝတ်ထားဆဲ ဖြစ်သည်ကိုပင် သတိမထားမိနိုင်လောက်အောင် ထိတ်လန့်နေပြီး၊ ကုတင်ပေါ်မှ ခုန်ဆင်းကာ ဝမ်မားကို အခန်းအပြင်သို့ အတင်းတွန်းထုတ်လိုက်လေတော့သည်။
“မေမေ ထွက်သွား... အခုချက်ချင်း ဒီကနေ ထွက်သွားတော့”
ဝမ်မားသည်လည်း ဤအမျိုးသားမှာ အလွန်အန္တရာယ်ကြီးကြောင်း ချက်ချင်း သိလိုက်၏။ သူမက ရှောင်ကျစ်ချင်းကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး အော်ဟစ်လိုက်၏။
“ချင်းအာ... သမီး ဘာတွေ ပြောနေတာလဲ။ ဒီလူက ဘယ်သူလဲ။ အမေ့ကို မတွန်းနဲ့လေ သမီးရဲ့”
“အော်... ဒါက မင်းရဲ့ အမေအရင်းပေါ့။ ကြည့်ရတာတော့ အတော်လေး ဆင်သားပဲ”
လော့ဟန်က သူမတို့ သားအမိကို စိတ်ဝင်တစားဖြင့် တစ်ချက် ဝေ့ကြည့်လိုက်၏။
ထိုစဉ်မှာပင် လသာဆောင်ပေါ်သို့ လူရိပ် နှစ်ခု ထပ်မံ ခုန်ဆင်းလာကြပြန်၏။ လော့ရှောင်ရှောင် နှင့် လော့လေ တို့ပင် ဖြစ်ကြ၏။
ရှောင်ကျစ်ချင်းနှင့် မိခင်ဖြစ်သူတို့ .. လော့ရှောင်ရှောင်ကို မြင်လိုက်ရချိန်တွင်မူ.. မျက်နှာထားများ ချက်ချင်း ပြောင်းလဲသွားတော့၏။
“နင်လား”
ရှောင်ကျစ်ချင်းသည် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား လော့ရှောင်ရှောင်ကို လက်ညှိုးတထိုးထိုးဖြင့် ဒေါသတကြီး ကြွေးကြော်လိုက်သည်။
“ငါက နင့်ကို ယုံကြည်ခဲ့တာ။ ယန်ချန် ကိုတောင် နင့်ကို လွှတ်ပေးဖို့ ငါ အသနားခံခဲ့တာလေ”
လော့ရှောင်ရှောင်မှာ စိုးရိမ်စိတ်ဖြင့် တက်လာခဲ့ခြင်း ဖြစ်သော်လည်း၊ ရှောင်ကျစ်ချင်းက သူမကို သူလျှိုအဖြစ် သံသယဝင်နေသည်ကို သိလိုက်ရသဖြင့် အံ့အားသင့်သွားရ၏။
မျှော်လင့်မထားသော စွပ်စွဲချက်ကြောင့် လော့ရှောင်ရှောင် တစ်ယောက် ဘယ်လို ရှင်းပြရမှန်း မသိတော့ချေ။ သူမသည် ခေါင်းကိုသာ တရစပ် ရမ်းပြရင်း မဟုတ်ကြောင်း ငြင်းဆန်နေသော်လည်း၊ လော့ဟန် မည်သို့ ရောက်လာသနည်း ဆိုသည်ကိုမူ သူမ ရှင်းမပြနိုင်ခဲ့ပါချေ။
ဝမ်မားမှာမူ ဇဝေဇဝါ ဖြစ်နေရလေ၏။ သူမသည် ဖိနပ်ဆိုင်တွင် လော့ရှောင်ရှောင်နှင့် တွေ့ဖူးထားပြီး၊ ထိုမိန်းကလေးမှာ ယန်ချန်နှင့် ပြဿနာ ဖြစ်ခဲ့ဖူးသူ ဖြစ်ကြောင်း မှတ်မိနေပေသည်။
'ဒီကလေးမက ဘာလို့ ဒီကို ရောက်နေတာလဲ’
လော့ဟန်၏ မျက်နှာမှာ မိုးကြိုးမုန်တိုင်း ကျတော့မည့်အလား မှောင်မှိုင်းနေ၏။ သူက နှာခေါင်းရှုံ့ကာ ကဲ့ရဲ့ရှုတ်ချလိုက်လေ၏။
“ဒီခွေးမ... မင်းက ငါ့ကို အာခံရဲတယ်ပေါ့လေ။ စိတ်ကူးယဉ် နယ်မြေကနေ ထွက်ပြေးရုံတင် မကဘူး၊ ငါ့ရှေ့မှာတင် တခြားတစ်ယောက်ကို 'ယောကျာ်း' လို့ ခေါ်နေသေးတယ် ဟုတ်လား။ မင်းရဲ့ နိမ့်ကျတဲ့ အဆင့်အတန်းကို မေ့သွားပြီ ထင်တယ်”
ရှောင်ကျစ်ချင်း၏ နှလုံးသားလေး လေးလံသွားရသည်။ သူမ အနေဖြင့် ၎င်းတို့လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိထားလေ၏။ ယန်ချန် လည်း အနားမှာ မရှိသလို၊ အနီးအနားတွင်လည်း အစွမ်းထက်သော ကျင့်ကြံသူများ မရှိသဖြင့် ၎င်းတို့ကို တွန်းလှန်ရန်မှာ မဖြစ်နိုင်သည် မဟုတ်ပါလော။
အမှန်တကယ်တော့၊ လော့လေ ကို မြင်လိုက်ရချိန်တွင် ရို့စ် သို့မဟုတ် ချိုင်နင် တို့ အနားမှာ မရှိခြင်းကိုပင် သူမ စိတ်သက်သာရာ ရမိ၏။ အကယ်၍ ယန်ချန်က သူမတို့ နှစ်ဦးကို သူမအား ကာကွယ်ရန် ချန်ထားခဲ့လျှင်ပင်၊ လော့လေ ကို ယှဉ်နိုင်ကြမည် မဟုတ်ချေ။
လော့မျိုးနွယ်စု၏ ဆက်ခံသူ ဖြစ်သည့်အားလျော်စွာ၊ လော့ချန်းချိုးသည် လော့ဟန်ကို လော့ရှောင်ရှောင်ထက် ပိုမို ကာကွယ်စောင့်ရှောက်လိုသဖြင့် လော့လေ အား အစောင့်အဖြစ် ထည့်ပေးလိုက်ခြင်း ဖြစ်ပေသည်။ သူသည် လော့မျိုးနွယ်စု၏ အိမ်တော်ထိန်း ဖြစ်သည့်အလျောက်၊ သူ၏ စွမ်းအားမှာလည်း အံ့မခန်း ဖြစ်နေမည်မှာ သေချာလှပေသည်။
“ရှင်တို့ ကျွန်မကို ပြန်ခေါ်သွားချင်တယ် ဆိုရင်လည်း ကျွန်မ မတွန်းလှန်ပါဘူး။ ဒါပေမဲ့ ကျွန်မ မေမေ ကိုတော့ လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ရှောင်ကျစ်ချင်းသည် ဝမ်မား၏ ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူတို့၏ အနီးသို့ ချဉ်းကပ်သွား၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်မား၏ ရင်ထဲ၌ စူးခနဲ နာကျင်သွားရလေသည်။ သူမသည် အသည်းအသန် ထိတ်လန့်တုန်လှုပ်သွားပြီး သမီးဖြစ်သူ၏ ရှေ့တွင် ကာကွယ် ရပ်တည်လိုက်၏။
“မရဘူး ၊ ဘယ်သူမှ ငါ့သမီးကို ငါ့ဆီကနေ ခေါ်သွားလို့ မရဘူး”
သမီးဖြစ်သူနှင့် ပြန်လည် ဆုံတွေ့နိုင်ရန် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည် မဟုတ်ပါလော။ ၎င်းတို့အား သမီးကို ခေါ်သွားခွင့် ပေးလိုက်ရန်မှာ သူမအတွက်တော့ သေတာထက် ပို၍ နာကျင်ရပေလိမ့်မည်။
ဝမ်မားမှာ လူအ မဟုတ်ပါချေ။ ရှောင်ကျစ်ချင်း၏ အတိတ်အကြောင်းများကို သူမ အတော်များများ သိထားပြီး ဖြစ်ရာ၊ အခြေအနေကို ချက်ချင်း ရိပ်မိလိုက်ခြင်း ဖြစ်ပေသည်။
“ဟက်... မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒီလောကီကမ္ဘာမှာ အသုံးမကျတဲ့ လူတွေ တော်တော် များတာပဲ။ မင်းက ငါ့ကို တားနိုင်မယ် ထင်နေတာလား”
လော့ဟန်က လှောင်ပြောင်လိုက်၏။
“ကောင်းပြီလေ... ဒီခွေးမကို နှိပ်စက်ဖို့ နည်းလမ်း ရှာနေတာနဲ့တင် အတော်ပဲ။ ခင်ဗျားကို သတ်ပစ်တာကနေပဲ စတင်လိုက်မယ်။ ဒါက ပထမဆုံး အပြစ်ပေးမှုပေါ့-”
“မလုပ်နဲ့”
ရှောင်ကျစ်ချင်း အော်ဟစ်လိုက်ပြီး ဝမ်မားကို ဆွဲဖယ်ရန် ကြိုးစားသော်လည်း၊ ဝမ်မားမှာမူ သမီးကို လုံးဝ လက်မလွှတ်ခဲ့ပါချေ။
ထိုအခိုက်အတန့်၌၊ အခန်းအတွင်းတွင် ငိုရှိုက်သံများ ပြည့်နှက်သွားလေတော့သည်။
လော့ရှောင်ရှောင် တစ်ယောက် ဆက်လက် ကြည့်မနေနိုင်တော့ချေ။ သူမသည် လော့ဟန်အား တိုးတိတ်စွာဖြင့် အသနားခံလိုက်လေ၏။
“ကျေးဇူးပြုပြီး အဲဒီလို မလုပ်ပါနဲ့။ သူက-”
“ပါးစပ်ပိတ်စမ်း နင့်မှာ စကားပြောပိုင်ခွင့် မရှိဘူး”
လော့ဟန်က သူမအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ငါတို့ ပြန်ရောက်ရင် နင်လည်း အပြစ်ပေးခံရလိမ့်မယ်။ ငါနဲ့ အဖေ့ကို ဒီကိစ္စတွေ ဖုံးကွယ်ထားရဲတယ်ပေါ့လေ”
လော့ရှောင်ရှောင်သည် သူမ၏ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်ပြီး၊ နောက်ထပ် စကားမဆိုရဲတော့ပါချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ အသနားခံမှုများကို အစ်ကိုဖြစ်သူက နားထောင်မည် မဟုတ်ကြောင်း သူမ သိထားသည် မဟုတ်ပါလော။
လော့လေ က ကြားဝင်၍ တိုက်တွန်းလိုက်လေ၏။
“သခင်လေး... သခင်ကြီးက ရှောင်ကျစ်ချင်း ကိုပဲ ဖမ်းလာဖို့ အမိန့်ပေးထားတာပါ။ လောကီကမ္ဘာက ကိစ္စတွေထဲမှာ ကျွန်တော်တို့ ဝင်မစွက်ဖက်သင့်ဘူး။ မဟုတ်ရင် ဟုန်မန် နဲ့ တခြား မျိုးနွယ်စုကြီး နှစ်ခုက ကျွန်တော်တို့ကို အပြစ်တင်ကြလိမ့်မယ်။ ကျေးဇူးပြုပြီး အခြေအနေ အရပ်ရပ်ကို ထည့်တွက်ပေးပါ”
လော့ဟန်သည် ထိုစကားကို နားဝင်သွားပုံ ရ၏။ ရှောင်ကျစ်ချင်းကို အလွယ်တကူ လွှတ်ပေးရန် ဝန်လေးနေသော်လည်း၊ သူ၏ အစီအစဉ်ကို လက်လျှော့လိုက်ရလေတော့သည်။
“ကောင်းပြီလေ... အဘိုးလေ ရဲ့ စကားကို ထောက်ထားပြီး၊ ဒီမိန်းမကြီးကို ငါ အသက်ချမ်းသာ ပေးလိုက်မယ်”
ထိုသို့ ပြောပြီးသည်နှင့်၊ သူသည် ဝမ်မားနှင့် ရှောင်ကျစ်ချင်းတို့၏ အရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာပြီး သူမတို့ နှစ်ဦးကို အတင်းအကျပ် ဆွဲခွာလိုက်လေတော့သည်။
ဝမ်မားမှာ လည်ပင်းမှ ဆွဲမခံရပြီး နံရံဆီသို့ ပစ်ပေါက်ခံလိုက်ရလေ၏။ သူမသည် ကြမ်းပြင်ပေါ်သို့ လျှောကျသွားပြီး သတိလစ် မေ့မြောသွားခဲ့ရရှာလေတော့သည်။
“မေမေ”
ရှောင်ကျစ်ချင်း အော်ဟစ် ငိုကြွေးနေသော်လည်း၊ လော့ဟန်၏ လက်တွင်းမှ ရုန်းထွက်နိုင်စွမ်း မရှိခဲ့ပါချေ။
လော့ဟန်သည် လက်တစ်ဖက်ဖြင့် ရှောင်ကျစ်ချင်း၏ မေးစေ့ကို ဆုပ်ကိုင်ထားပြီး၊ အခြား လက်တစ်ဖက်ဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အစစ်အမှန် ယွမ် စွမ်းအင်တစ်စကို ထိုးနှက် စစ်ဆေးလိုက်၏။
သူမသည် အပျိုစင် မဟုတ်တော့ကြောင်း သိလိုက်ရချိန်တွင်မူ၊ သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်မှုများဖြင့် မှောင်မှိုင်းသွားတော့၏။
“ဒီခွေးမ ၊ မင်းက ဟိုလူယုတ်မာနဲ့ အိပ်ခဲ့တာလား ၊ မင်းရဲ့ ကိုးပါးယင် သွေးကြော နဲ့ သူ့ကို ..ဘာလို့ သေအောင် အဆိပ်မခတ်ခဲ့တာလဲ၊ ငါ စွန့်ပစ်လိုက်တဲ့ မိန်းမကို ဘယ်သူမှ ထိခွင့်မရှိဘူး ၊ ကောင်းပြီလေ... မင်းက အပျိုစင် မဟုတ်တော့မှတော့၊ မင်္ဂလာပွဲ ကျင်းပနေဖို့လည်း မလိုတော့ဘူး။ မင်း တစ်သက်လုံး လော့မျိုးနွယ်စုရဲ့ စမ်းသပ်ခံ သက်ရှိ တစ်ခုအဖြစ်ပဲ နေသွားရတော့မယ်”
ရှောင်ကျစ်ချင်း၏ ပါးပြင်ထက်သို့ မျက်ရည်များ တလိမ့်လိမ့် စီးကျလာသော်လည်း၊ သူမ၏ အကြည့်များမှာ သတိလစ်နေသော ဝမ်မားဆီမှာသာ ရှိနေလေ၏။ သူမ ရင်ဆိုင်နေရသော အခြေအနေဆိုးကိုပင် သူမ ဂရုမစိုက်နိုင်တော့ပါချေ။
သူမက သူ့အား အရေးမစိုက်ဟု ထင်မှတ်ကာ၊ လော့ဟန်သည် ဒေါသအဟုန်ဖြင့် သူမ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်လိုက်လေတော့သည်။
ရှောင်ကျစ်ချင်းမှာ မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ မရှိသဖြင့်၊ သူ၏ ရိုက်ချက်ကြောင့် သူမ၏ ပါးပြင်မှာ ချက်ချင်းဆိုသလို နီမြန်းပြီး ဖောင်းတက်သွားရလေ၏။
“သခင်လေး... သွားရမယ့် အချိန် ရောက်ပါပြီ။ သခင်ကြီးက တွေ့တာနဲ့ ချက်ချင်း ပြန်လာဖို့ မှာထားတာပါ...”
“သိတယ်”
လော့ဟန်က ဒေါသတကြီး တုံ့ပြန်လိုက်ပြီးနောက် နောက်သို့ လှည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့၊ သူသည် ရှောင်ကျစ်ချင်းကို လက်ဖြင့် ဆွဲယူကာ ပျံသန်း ထွက်ခွာသွားလေတော့၏။
လော့လေ က သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး၊ လော့ရှောင်ရှောင်ကို ဖမ်းဆွဲကာ ၎င်းတို့၏ နောက်မှ လိုက်ပါသွားလေတော့၏။
……
ပေကျင်းမြို့၊ ကျုံးနန်ဟိုင် ရှိ ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော ရုံးခန်းတစ်ခု၏ အရှေ့တွင်၊ ယန်ချန်နှင့် ယန်ကုန်းမင် တို့သည် နီရဲနေသော သစ်သားတံခါးကြီး၏ ရှေ့တွင် ရပ်နေကြလေသည်။
၎င်းတို့၏ ဘေးတွင်မူ သက်တော်စောင့် နှစ်ဦး ရပ်နေကြ၏။
ခေါင်းဆောင်ကြီး နံပါတ်တစ်က ထိုသူတို့အား ခေါ်ယူထားခြင်း ဖြစ်သော်လည်း၊ အလုပ်ကိစ္စများ ဖြေရှင်းနေရသည်ဟူသော အကြောင်းပြချက်ဖြင့် ချက်ချင်း အတွေ့မခံဘဲ စောင့်ခိုင်းထားခြင်းပင်။
သူတို့ စောင့်နေခဲ့သည်မှာ မိနစ် (၁၅) ခန့် ရှိနေပြီ ဖြစ်၏။
ယန်ချန်သည် သူ၏ နတ်ဘုရား အာရုံကို အသုံးပြုလိုက်ရာ၊ ထိုအရာရှိကြီးမှာ အခန်းထဲတွင် တစ်ယောက်တည်း ရှိနေကြောင်း သိလိုက်ရသည်။ 'ကြည့်ရတာ ဒီအဘိုးကြီးက ငါ့ကို အသာစီး ယူချင်နေတာပဲ'
အကယ်၍သာ ယန်ကုန်းမင်က တားမထားခဲ့လျှင်၊ ယန်ချန် တစ်ယောက် ထိုတံခါးကို ကန်ဖွင့်ပြီး အခန်းထဲသို့ ဝင်သွားခဲ့မိမည်မှာ သေချာလှပေသည်။ ထို့နောက် ထိုအရာရှိကြီး၏ ကော်လာကို ဆွဲမကာ "ငါ ဘယ်သူလဲဆိုတာ မင်း သိလား" ဟု ဟိန်းဟောက် မေးမြန်းမိပေလိမ့်မည်။
နှမြောစရာ ကောင်းသည်မှာ၊ သူ ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပါချေ။ အကြောင်းမှာတော့ သူ ကြောက်ရွံ့နေ၍ မဟုတ်ဘဲ၊ ယန်ကုန်းမင် နှင့် ကျန်ရှိနေသော မိသားစုဝင်များကို ဒုက္ခမရောက်စေလိုသောကြောင့်ပင် ဖြစ်၏။
ခေါင်းဆောင်ကြီး နံပါတ်တစ် တစ်ယောက်တည်းသာလျှင် စစ်သူကြီး ယန်ကုန်းမင်အား ဤမျှ ကြာမြင့်စွာ လိမ္မာရေးခြားရှိစွာ စောင့်ဆိုင်းနေအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည် မဟုတ်ပါလော။
“အဘိုး... ကြည့်ရတာ သူ အလုပ် အရမ်းများနေပုံပဲ။ ကျွန်တော်တို့ကို တွေ့ဖို့ အကြာကြီး စောင့်ရဦးမယ် ထင်တယ်။ အဲဒီအစား အပြင်ထွက်ပြီး ပဲနို့လေး ဘာလေး သွားသောက်ကြရင် ဘယ်လိုလဲဟင်”
ယန်ချန်က ပြုံးရင်း အကြံပေးလိုက်၏။
ယန်ကုန်းမင်က သူ့အား တစ်ချက် လှမ်းကြည့်လိုက်သည်။
“ပဲနို့ ဟုတ်လား... ငါ မသောက်ရတာ နှစ်တွေ အတော်ကြာပြီပဲ။ အဲဒီ အရသာကို ငါ တကယ် လွမ်းမိသား... သွားသောက်ကြတာပေါ့”
“ဒါဆို ဘာစောင့်နေသေးတာလဲ။ သွားကြစို့လေ”
ယန်ချန်က သူ၏ လက်ကို ဆွဲကာ တိုက်တွန်းလိုက်၏။
ယန်ကုန်းမင်က ခေါင်းယမ်းလိုက်သည်။
“ခေါင်းဆောင်ကြီး နံပါတ်တစ် နဲ့ တွေ့ပြီးမှပဲ သွားကြတာပေါ့”
ယန်ချန်၏ နှုတ်ခမ်းထောင့်လေးများ တွန့်ချိုးသွားရ၏။
“သူက တမင်တကာ လုပ်နေတာပဲ ဘာလို့ ဒီလောက်တောင် ကလေးဆန်နေရတာလဲ။ ဒီအတိုင်း ပွင့်ပွင့်လင်းလင်း စကားပြောလို့ ရသားနဲ့၊ ဘာလို့ ဒီလို ဉာဏ်ကစားနေရတာလဲ မသိဘူး”
“အဲဒီလို မပြောစမ်းနဲ့။ မင်းမှာ ဝေဖန်ပိုင်ခွင့် မရှိဘူး”
ယန်ကုန်းမင်က မျက်မှောင်ကြုတ်ကာ ဆုံးမလိုက်သည်။
ဟူး။
ယန်ချန် သက်ပြင်းချလိုက်မိ၏။
သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိလှပါချေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ တရုတ်ပြည် တစ်ခုလုံးကိုရော၊ စိတ်ကူးယဉ် နယ်မြေက အင်အားစုတွေကိုပါ အပြည့်အဝ ထိန်းချုပ်ထားနိုင်သော ဒီအရာရှိကြီးရဲ့ နောက်ကြောင်းကို သူ မသိရှိထားသဖြင့်၊ မောက်မာစွာ မပြုရဲခြင်းပင်ပါ။
အရိုးရှင်းဆုံး ပြောရမည်ဆိုလျှင်၊ သူသည် ယန်ကုန်းမင်ကို ယုံကြည်၏။ အဘိုးဖြစ်သူမှာ အန္တရာယ်များကို ကြောက်ရွံ့တတ်သူ မဟုတ်ကြောင်း၊ မိသားစု တစ်ခုလုံးကိုတောင် သူ့လက်ထဲ ထည့်ပေးရဲသလို၊ စစ်တပ်ကြီး၏ ဝိုင်းရံခြင်းကို ခံရချိန်တွင်တောင် တည်ငြိမ်နေခဲ့သူ ဖြစ်ကြောင်း သူ သိထားသည် မဟုတ်ပါလော။
သို့ရာတွင်၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး တစ်ဦးကပင် ဤအရာရှိကြီး၏ ရှေ့တွင် ဤမျှ ရိုသေကိုင်းညွတ်နေသည် ဆိုပါက၊ ဤအရာရှိကြီးမှာ လွယ်လွယ်နှင့် ရင်ဆိုင်၍ ရမည့်သူ မဟုတ်ကြောင်း ထင်ရှားလှပေသည်။
ယန်ချန် တစ်ယောက် ဘယ်လောက်အထိ ထပ်စောင့်ရဦးမလဲဟု တွေးတောနေစဉ်မှာပင်၊ ရုံးခန်းအတွင်းမှ အသံအချို့ကို ကြားလိုက်ရလေ၏။
ခြေသံများ ထွက်ပေါ်လာပြီးနောက်၊ တံခါးမှာ အတွင်းဘက်မှ ပွင့်လာလေတော့သည်။ ဆံပင်များကို အနောက်သို့ သပ်ရပ်စွာ ဖြီးသင်ထားသော၊ အနည်းငယ် ဝဖြိုးသည့် အသက်လတ်ပိုင်း အမျိုးသား တစ်ဦး ၎င်းတို့၏ ရှေ့တွင် ထွက်ပေါ်လာလေသည်။
“တောင်းပန်ပါတယ် စစ်သူကြီးယန်။ စောစောက အလုပ်ကိစ္စလေးတွေ ဖြေရှင်းနေရလို့ပါဗျာ”
ခေါင်းဆောင်ကြီး နံပါတ်တစ်က နွေးထွေးစွာ ပြုံးပြရင်း၊ ယန်ချန်ဘက်သို့ လှည့်ကြည့်လိုက်၏။
“မင်းက ယန်ချန် မဟုတ်လား။ ဟားဟား... မင်းနဲ့ တွေ့ဖို့ ငါ မျှော်လင့်နေတာ ကြာပြီ။ ကဲ... အထဲကို ဝင်ကြရအောင်”
***