~ယန်ချန်သည် ထိပ်တန်း အရာရှိကြီး တစ်ဦးနှင့် တွေ့ဆုံရခြင်းကြောင့် မဟုတ်ဘဲ၊ ထို အရာရှိကြီး ကိုယ်တိုင် တံခါးလာဖွင့်ပေးသည့်အတွက် ခေတ္တမျှ မှင်သက်သွားရ၏။
ခေါင်းဆောင်ကြီး နံပါတ်တစ်က အထဲမှနေ၍ လှမ်းခေါ်ပြီး သူတို့ကသာ တံခါးကို တွန်းဖွင့်ဝင်သွားရမည်ဟု ယန်ချန် တွေးထားခဲ့သည် မဟုတ်ပါလော။
အထူးတလည် ပြောနေစရာပင် မလိုတော့ဘဲ ယန်ချန်၏ ရင်ထဲရှိ ဒေါသများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။
ယန်ကုန်းမင်က ယန်ချန်၏ ပခုံးကို ခပ်ဖွဖွပုတ်ကာ အသိစိတ် ပြန်ဝင်လာအောင် သတိပေးလိုက်၏။ ထို့နောက် သူက ခေါင်းဆောင်ကြီး နံပါတ်တစ်အား ပြုံးလျက် ခေါင်းညိတ် နှုတ်ဆက်ကာ အထဲသို့ လှမ်းဝင်သွားလေတော့သည်။
ရုံးခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြပြီးနောက်၊ ခေါင်းဆောင်ကြီး နံပါတ်တစ် ကိုယ်တိုင် လက်ဖက်ခြောက်များနှင့် လက်ဖက်ရည်ခွက်များကို ယူကာ မိမိတို့အတွက် လက်ဖက်ရည် ဖျော်ပေးနေသည်ကို မြင်လိုက်ရချိန်တွင် ယန်ချန်မှာ ပို၍ပင် အံ့အားသင့်သွားရပြန်၏။
“ဒီမှာတော့ လက်ဖက်စိမ်းပဲ ရှိတယ်ကွ။ ယန်ချန်... မင်းက နိုင်ငံခြားက ပြန်လာတာဆိုတော့ လက်ဖက်ရည် သောက်နိုင်ပါ့မလား။ မရရင် ကော်ဖီ တစ်ခုခု မှာပေးမယ်လေ။ အင်း... ဟို အတွင်းရေးမှူး အသစ်လေး နာမည်က ဘယ်လိုပါလိမ့်... ဪ... မှတ်မိပြီ၊ လျန်ဟောက် ပေါ့။ သူက အမေရိကကနေ အခုမှ ပြန်လာတာဆိုတော့ ကော်ဖီ အရမ်းကြိုက်တာ။ သူ့ကို ယူခိုင်းလိုက်မယ်လေ”
ခေါင်းဆောင်ကြီး နံပါတ်တစ်က လက်ဖက်ခြောက်များကို ရွေးချယ်နေရင်း တတွတ်တွတ် မှာကြားလိုက်၏။
“အာ... ရပါတယ်ခင်ဗျာ။ ကျွန်တော် လက်ဖက်ရည်ပဲ သောက်ပါ့မယ်”
မျှော်လင့်မထားသော အခြေအနေများကြောင့် ယန်ချန်၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းနေပြီး အနေရခက်စွာ တုံ့ပြန်လိုက်ရလေသည်။
“ဟားဟား... လက်ဖက်ရည်က ကောင်းပါတယ်ကွ။ အဆိပ်အတောက်တွေ ပြေစေတယ်၊ အလှအပအတွက်လည်း ကောင်းသလို ကင်ဆာကိုလည်း ကာကွယ်ပေးတယ်လေ။ မင်းတို့လို ကျင့်ကြံသူတွေအတွက်တော့ မလိုအပ်ပေမယ့်၊ ငါတို့လို သာမန်လူတွေကတော့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရတာပေါ့”
ခေါင်းဆောင်ကြီး နံပါတ်တစ်က ပြောရင်း ဆိုဖာရှေ့ရှိ စားပွဲပေါ်သို့ အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက် နှစ်ခွက်ကို ချပေးလိုက်၏။
ထိုအရာရှိကြီးတွင် မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ မရှိကြောင်း ယန်ချန် သတိထားမိလိုက်သဖြင့် ဝင်ရောက်မေးမြန်းလိုက်၏။
“ခေါင်းဆောင်ကြီး နံပါတ်တစ် အနေနဲ့ ကျင့်ကြံခြင်း အဆင့် တိုးတက်စေမယ့် ဆေးလုံးတွေ မသောက်ဘူးလားဟင်”
ထိုအခါ၊ ခေါင်းဆောင်ကြီး နံပါတ်တစ်က လက်ယပ်ပြရင်း ထိုင်ချလိုက်၏။
“တရုတ်ပြည်ရဲ့ စည်းမျဉ်းတွေကို မင်း မသိသေးလို့ ဖြစ်မှာပါ။ အဓိက မျိုးနွယ်စုကြီး လေးခုက လူတွေနဲ့ ကျင့်ကြံသူတွေကို ငါ့ရဲ့ ရာထူးနေရာမှာ ထိုင်ခွင့် မပြုထားဘူးလေ။ မဟုတ်ရင် သူတို့က ဧကရာဇ် တစ်ပါးလိုပဲ အသက် (၁၀၀) ကျော်အထိ အုပ်ချုပ်နေကြမှာပေါ့”
ယန်ချန် နားလည်သွားခဲ့လေပြီ။
နှမြောစရာတော့ ကောင်းလှပေသည်။ အတိတ်က ခေါင်းဆောင်ကြီး အားလုံးမှာ အသက်ရှည်ရာ နည်းလမ်းများကို သိရှိထားကြသော်လည်း မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ခဲ့ကြပါချေ။
ခေါင်းဆောင်ကြီး နံပါတ်တစ်က ထိုအရာများကို ဂရုမစိုက်ဘဲ စကားလက်ဆုံ ဆက်ပြောနေလေ၏။
“ဪ... ဒါနဲ့ အတွင်းရေးမှူး လျန်ဟောက် ကို မှတ်မိလား။ သူက ဘယ်မိသားစုကလဲ ဆိုတာ မင်း သိရဲ့လား။ ဟုတ်တယ်... သူက လျန်မျိုးနွယ်စု ကလေ။ ငါက သနားလို့ အတွင်းရေးမှူးအဖြစ် ခန့်ထားလိုက်တာ။ အဲဒါက သူတို့ မိသားစု ပြန်လည် နိုးထလာဖို့ အခွင့်အရေး တစ်ခုပေါ့။ အင်း... ယန်ချန်... မင်း ပြန်ရောက်လာကတည်းက ငါ့ကို တော်တော် အလုပ်ရှုပ်အောင် လုပ်နေတာပဲနော်။ စစ်သူကြီးယန်လည်း အသက်ကြီးလှပြီ။ မင်းသာ စောစောစီးစီး အခြေမကျဘူးဆိုရင်၊ သူ ဘယ်တော့များမှ မိသားစုကို မင်းလက်ထဲ စိတ်ချလက်ချ အပ်နိုင်မှာလဲ”
ယန်ချန် ခေါင်းကုတ်လိုက်မိ၏။
အကြောင်းပြချက် မရှိဘဲ လူကြီး တစ်ယောက်၏ ဆုံးမခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။ ထို့အပြင် ယန်ကုန်းမင်ကမူ ဘေးမှသာ ကြည့်နေပြီး သူ့အား ခေါင်းဆောင်ကြီး နံပါတ်တစ်နှင့် ကိုယ်တိုင် ဖြေရှင်းခိုင်းနေ၏။
“အဲဒါ... ကျွန်တော် ခေါင်းဆောင်ကြီး နံပါတ်တစ်ကို ဘယ်လို ခေါ်ရမလဲဟင်။ ဆရာ လို့ ခေါ်ရမလား၊ ခေါင်းဆောင်ကြီး နံပါတ်တစ် လို့ ခေါ်ရမလား”
“ကြိုက်သလို ခေါ်ပါကွာ။ ငါ့ကို ဦးလေးလို့ပဲ ခေါ်ရင်လည်း ရပါတယ်။ ငါက မင်းအဖေနဲ့ မျိုးဆက်တူပဲလေ”
ခေါင်းဆောင်ကြီး နံပါတ်တစ်က ပြုံးရွှင်စွာဖြင့် တုံ့ပြန်လိုက်လေ၏။
ယန်ချန်၏ မျက်နှာပေါ်မှ အပြုံးမှာ တောင့်တင်းသွားရ၏။ 'ကျုပ်ကို နောက်နေတာလား'
သူ၏ စိတ်ထဲမှ အတွေးများကို ဘေးချိတ်ကာ ယန်ချန်က ဝင်ရောက်ပြောဆိုလိုက်သည်။
“ဦးလေး... ကျွန်တော့်ကို ခေါ်လိုက်တာက မုန့်မျိုးနွယ်စု ကိစ္စကို မေးမလို့ မဟုတ်လား။ ဒါမှမဟုတ် ဒီအတိုင်း စကားလာပြောတာလားဟင်”
“ဪ... ဒါပေါ့၊ ငါ မမေ့ပါဘူး။ ကဲ... မင်းက စိတ်မရှည် ဖြစ်နေမှတော့၊ အဲဒီအကြောင်းပဲ ပြောကြတာပေါ့”
ယန်ချန် ရင်ထဲ၌ ဗျာများသွားရလေ၏။
'ဒီကိစ္စကို ပြောဖို့ ကျွန်တော့်ကို ခေါ်တာ ခင်ဗျားကိုယ်တိုင်လေ အခုတော့ ပြောင်းပြန်တွေ လျှောက်ပြောနေပြန်ပြီ'
ခေါင်းဆောင်ကြီး နံပါတ်တစ်၏ လက်ဖျားပေါ်တွင် ကစားခြင်းကို ခံနေရသည့် ခံစားချက်ကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုစဉ် ခေါင်းဆောင်ကြီး နံပါတ်တစ်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး လေးနက်စွာ မှာကြားလိုက်လေတော့သည်။
“ယန်ချန်... တစ်နှစ်ကို လောင်စာဆီ တန်ချိန် သန်း (၆၀) ပေးဖို့ သဘောတူခဲ့တာကို ကြည့်ခြင်းအားဖြင့်၊ မင်းဟာ မျိုးချစ်စိတ် ရှိတဲ့သူ တစ်ယောက်ဆိုတာ ငါ သိပါတယ်။ အဲဒီအတွက် ငါ တကယ် ဝမ်းသာပါတယ်”
ယန်ချန်ကမူ စိတ်ထဲမှ တွေးတောနေမိ၏။ 'အဲဒါက အတင်းအကျပ် ခိုင်းလို့ ပေးရတာလေ။ တောက်... အဲဒီအကြောင်း တွေးမိတိုင်း ရင်ထဲမှာ နာကျင်လိုက်တာ'
“ဒါပေမဲ့ ငါတို့က တရားမျှတမှု ရှိရမယ်လေ။ ငါ့ရဲ့ ရာထူးနေရာကနေ ကြည့်ရင်၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားက အရေးကြီးဆုံးပဲ။ ငါက အခြေအနေ အရပ်ရပ်ကို ထည့်တွက်ရတာလေ။ မင်းမှာ မျိုးချစ်စိတ် ရှိတာကို ငါ သိပေမယ့်၊ မင်းကြောင့် နိုင်ငံတော်ရဲ့ တည်ငြိမ်မှု ပျက်ပြားသွားရတာကိုတော့ ငါ မျက်ကွယ်ပြုထားလို့ မရဘူး”
“အလယ်ပိုင်း လွင်ပြင်ဒေသ မှာရှိတဲ့ မုန့်မျိုးနွယ်စုရဲ့ ဩဇာအာဏာက အဲဒီဒေသရဲ့ တည်ငြိမ်မှုနဲ့ တိုက်ရိုက် ဆက်နွှယ်နေတာ။ နိုင်ငံတော် အနေနဲ့လည်း ဟွာကျုံး စက်မှုလုပ်ငန်းစု ကို တန်ဖိုးထားရတယ်။ ဘာလို့လဲဆိုတော့ သူတို့က နိုင်ငံတော် တိုးတက်မှုအတွက် အများကြီး ပံ့ပိုးပေးနေလို့ပဲ။ အခု မင်းက တောင်ပိုင်း တရုတ် ဂိုဏ်း ရဲ့ မျိုးရိုး တိုက်ရိုက်တွေနဲ့ အထက်တန်း အရာရှိတွေကို သတ်ပစ်လိုက်တော့၊ အလယ်ပိုင်း လွင်ပြင်ဒေသကြီး တစ်ခုလုံး လှုပ်ခတ်သွားပြီလေ။ အဲဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုရော မင်း တွေးဖူးရဲ့လား”
ယန်ချန်သည် အပြင်ပန်းတွင် မပြသော်လည်း ရင်ထဲ၌ ထိတ်လန့်သွားရ၏။
'အခုရှိနေတဲ့ မုန့်ယွဲ့ က အတုဆိုတာကို သူ သိသွားတာလား။ မဖြစ်နိုင်ပါဘူး။ ငါ့ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်လွန်းတာပဲ၊ ဂျပန်မှာ ဖြစ်ပျက်ခဲ့သမျှကို သူ မြင်နိုင်စရာ အကြောင်းမရှိဘူး'
ခေါင်းဆောင်ကြီး နံပါတ်တစ်၏ စကားများကို နားထောင်ပြီးနောက်၊ သူ ဘာမှ မသိသေးကြောင်း သေချာသွားသဖြင့် ယန်ချန် စိတ်အေးသွားရလေသည်။
“သူတို့ဆီမှာ မုန့်ယွဲ့ ရှိနေသေးတာပဲ။ သူက တော်တော်လေး အရည်အချင်း ရှိတဲ့သူပါ၊ ပြီးတော့ မုန့်မျိုးနွယ်စုရဲ့ မျိုးရိုး တိုက်ရိုက်လည်း ဖြစ်နေတာပဲ မဟုတ်လား”
“မုန့်ယွဲ့ ဟုတ်လား။ သူ့မှာ အရည်အချင်း ရှိတာကို ငါ မငြင်းပါဘူး။ ဒါပေမဲ့ မျိုးနွယ်စု တစ်ခုလုံးကို အုပ်ချုပ်ဖို့ ဆိုတာကတော့ သူက အရမ်း ငယ်ပါသေးတယ်။ ဒါ့အပြင် သူ့မှာ အားကိုးရတဲ့ လက်အောက်ငယ်သားတွေလည်း မရှိဘူးလေ။ အချိန်တို အတွင်းမှာ မျိုးနွယ်စုကို ထိန်းချုပ်ဖို့ဆိုတာ သူ့အတွက် ခက်ခဲလိမ့်မယ်။ ပြီးတော့ မင်းက အစစ်အမှန် မုန့်မျိုးနွယ်စုကြီးကို ရန်စမိသွားပြီ။ မင်းအနေနဲ့ .,သူတို့ကို မယှဉ်နိုင်ဘူး။ တကယ်လို့ သူတို့က နောက်ဆက်တွဲတွေကို ဂရုမစိုက်ဘဲ မင်းနောက်ကို လိုက်လာမယ်ဆိုရင်၊ ဘယ်လောက်အထိ ကြီးမားတဲ့ ကပ်ဘေးကြီး ဖြစ်လာမလဲဆိုတာ မင်း သိလား”
သူက ယန်ချန်အား သတိပေးလိုက်ခြင်းပင် ဖြစ်၏။
ယန်ချန်မှာလည်း အရှုံးပေးမည့်သူ မဟုတ်ပါချေ။ သူက နှာခေါင်းရှုံ့ကာ တုံ့ပြန်လိုက်လေ၏။
“ကျွန်တော်က သူတို့ကို မသတ်ရင်၊ သူတို့က ကျွန်တော့်ကို လာသတ်မှာလေ။ ဘာလဲ... ကျွန်တော်က ဘာမှ မလုပ်ဘဲ ငြိမ်ခံနေရမှာလား။ ကျွန်တော့်မှာ အဲဒီလို အကျင့် မရှိဘူး”
“မင်းကတော့ သူတို့ကို မကြောက်ဘူးပေါ့။ ဒါပေမဲ့ မင်း တစ်မိသားစုလုံးအတွက် ထည့်တွက်ရမယ်လေ။ မင်းရဲ့ မိန်းကလေးတွေ၊ မင်းရဲ့ သမီးလေး... သူတို့အားလုံးကို မင်း ကာကွယ်နိုင်ပါ့မလား”
ခေါင်းဆောင်ကြီး နံပါတ်တစ်က ပြုံးလျက် မေးခွန်းထုတ်လိုက်သည်။
ယန်ချန်၏ မျက်ဝန်းများအတွင်း၌ လူသတ်ငွေ့များ ဖြတ်ပြေးသွားလေ၏။ သူက လှောင်ပြောင်လိုက်၏။
“မုန့်မျိုးနွယ်စုရဲ့ နောက်ကွယ်က အင်အားစု အကြောင်းကိုပဲ ခင်ဗျားကို ကျွန်တော် မေးချင်နေတာ။ အဆိုးဆုံး ဖြစ်လာရင်တော့၊ သူတို့ရဲ့ အခြေစိုက်စခန်းကို ကျွန်တော် ကိုယ်တိုင် သွားပြီး အကုန် အပြတ်ရှင်းပစ်လိုက်ရုံပဲပေါ့”
ယန်ချန်သည် နောက်ပြောင်နေခြင်း မဟုတ်သလို၊ ကြွားဝါနေခြင်းလည်း မဟုတ်ပါချေ။ ယခင်ကဆိုလျှင် သူ ကျင့်ကြံခြင်း စွမ်းအားများ ဆုံးရှုံးနေခဲ့သဖြင့် သူ၏ လှုပ်ရှားမှုများမှာ ကန့်သတ်ခံထားရသည် မဟုတ်ပါလော။
ယခုမူ သူ၏ ကျင့်ကြံခြင်းမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သလို၊ ဖရိုဖရဲ ဖိုကိုလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ရာ၊ မုန့်မျိုးနွယ်စု၏ နောက်ကွယ်မှ အင်အားစုများမှာ မိမိထက် ပိုမို အားကောင်းလိမ့်မည်ဟု သူ မထင်တော့ပါချေ။ တစ်ဖက်က လာတိုက်သည်ကို စောင့်နေမည့်အစား၊ သူကိုယ်တိုင် စတင် တိုက်ခိုက်ခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
ထိုအချိန်ကျလျှင်၊ ကျင့်ကြံသူများကို သတ်ဖြတ်ရင်း ဝါးမျိုလိုက်မည် ဆိုပါက သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ပိုမို တိုးတက်လာနိုင်သည် မဟုတ်ပါလော။ ရှန်းချင် ကောင်းကင်ဘုံ မိုးကြိုး ကပ်ဘေး အဆင့်ကို ဖောက်ထွက်နိုင်မည့် အခွင့်အရေးတောင် ရရှိနိုင်သေးလေ၏။
ခေါင်းဆောင်ကြီး နံပါတ်တစ်က ယန်ချန်အား အံ့သြတကြီး ကြည့်လိုက်၏။
“မင်း ဒီလောက်အထိ ရဲတင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”
နောက်ဆုံးတွင် ယန်ကုန်းမင်က သက်ပြင်းချကာ ကြားဝင် ပြောဆိုလိုက်လေတော့သည်။
“ဝန်ကြီးချုပ်... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့။ ကျွန်တော့်မြေးက နည်းနည်း စိတ်မြန်လက်မြန် ရှိလို့ပါ”
“ရပါတယ်”
ခေါင်းဆောင်ကြီး နံပါတ်တစ်က လက်ယပ်ပြလိုက်သည်။ ထို့နောက် သူသည် ယန်ချန်၏ ကြောက်မက်ဖွယ် ကောင်းလှသော အကြည့်များကို စူးစိုက်ကြည့်ကာ မေးလိုက်၏။
“မင်းက မုန့်မျိုးနွယ်စုရဲ့ နောက်ကွယ်က အင်အားစုတွေကို တကယ် တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား”
ယန်ချန်ကလည်း သူ့အား ပြန်လည် စိုက်ကြည့်ရင်း ပြန်လည် မေးလိုက်၏။
“ဦးလေးကော ဘယ်လို ထင်လဲ”
ခေါင်းဆောင်ကြီး နံပါတ်တစ်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
“ငါလည်း သေချာ မသိဘူး။ ဒါပေမဲ့ မင်း တစ်ချက်လောက် စမ်းကြည့်လို့တော့ ရတာပေါ့”
“စမ်းမယ် ဟုတ်လား။ ဘယ်လိုမျိုးလဲ။ သူတို့ ဘယ်မှာ ရှိလဲဆိုတာ ဦးလေး ပြောပြမလို့လား”
ခေါင်းဆောင်ကြီး နံပါတ်တစ်က သူ၏ ခြေရင်းကို ညွှန်ပြလိုက်လေ၏။
“မင်း ဘယ်ကိုမှ သွားစရာ မလိုပါဘူး။ ဒီမှာတင် ရှိနေတာပဲ”
ယန်ချန် ဇဝေဇဝါ ဖြစ်သွားရ၏။ 'ဒါက ဘာကို ဆိုလိုတာပါလိမ့်'
သို့ရာတွင်၊ နောက်တစ်စက္ကန့်မှာပင် သူ လုံးဝ အံ့အားသင့် ထိတ်လန့်သွားရလေတော့၏။
အစစ်အမှန် ယွမ် စွမ်းအင်တွေလား..
အစစ်အမှန် ယွမ် စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက ပြင်းထန်လှသော ပင်လယ်ဒီရေအလား သူ၏ထံသို့ တိုးဝင်လာတော့သည်။
၎င်းသည် လက်တစ်ဖက်အလား ယန်ချန်အား ဖမ်းဆွဲလိုက်ပြီး အတင်းအကျပ် ညှစ်ခြေနေသကဲ့သို့ ခံစားလိုက်ရလေ၏။
ယန်ချန်သည် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီး ပြန်လည် ထူထောင်ရေး စွမ်းအင် များကို ထုတ်လွှတ်ကာ၊ ထို အစစ်အမှန် ယွမ် စွမ်းအင်များကို ပြန်လည် တွန်းလှန်လိုက်၏။
ဤ အစစ်အမှန် ယွမ် စွမ်းအင်များ၏ စွမ်းအားမှာ သူ ယခင်က တွေ့ဆုံခဲ့ဖူးသော ပြိုင်ဘက် အားလုံးထက် များစွာ သာလွန်နေချေပြီ။
ဒါက ဘယ်အဆင့် ကျင့်ကြံခြင်း စွမ်းအားပါလိမ့်။ ရော့ရေ အဆင့်လား။ ထိုက်ချင်း အဆင့်လား။ ဖြစ်နိုင်တာက... ရှန်းချင် အဆင့် များလား..
ယန်ချန်၏ မျက်နှာမှာ သွေးပျံ့ကာ နီမြန်းလာပြီး၊ သူသည် ဖရိုဖရဲ အိုးကြီး ကို အသုံးပြုကာ ထို အစစ်အမှန် ယွမ် စွမ်းအင်များကို ဝါးမျိုရန် ကြိုးစားလိုက်လေသည်။
သို့ရာတွင်၊ သူတို့ကြားက ကျင့်ကြံခြင်း အဆင့်အတန်း ကွာခြားချက်မှာ ကြီးမားလွန်းလှသဖြင့်၊ သူ၏ ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရလေတော့၏။
ယန်ချန် တစ်ကိုယ်လုံး တုန်ယင်နေပြီး နာကျင်စွာ အသံထွက်နေသည်ကို မြင်လိုက်ရချိန်တွင် ယန်ကုန်းမင်၏ မျက်ခုံးများ တွန့်ချိုးသွားရလေသည်။
ခေါင်းဆောင်ကြီး နံပါတ်တစ် ကမူ ဤရလဒ်ကို ကြိုတင် သိရှိထားသည့်အလား တည်ငြိမ်စွာဖြင့်သာ ပြုံးလျက် မေးခွန်းထုတ်လိုက်လေတော့၏။
“ဘယ်လိုလဲ... မင်းမှာ ယုံကြည်မှု ရှိနေသေးရဲ့လား...”
***