နင်တောက်ရန်၏ အကြည့်တို့သည် တည်ငြိမ်လျက်ပင် ရှိချေသည်။ သူသည် တစ်ဖက်လူ၏ သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော အေးစက်စက် မျက်ဝန်းတို့ကို စေ့စေ့ကြည့်ကာ မေးလိုက်၏။
"ငါ့ကို သတ်နိုင်မယ်လို့ မင်းကိုယ်မင်း ဘာလို့ ဒီလောက် ယုံကြည်မှုလွန်ကဲနေရတာလဲ"
"သတ်နိုင်၊ မသတ်နိုင်ဆိုတာကတော့ စမ်းကြည့်ရင် သိရမှာပေါ့၊ စကားတွေ အများကြီး ပြောနေဖို့ လိုဦးမလား"
လီရှို့သည် အနက်ရောင်ဓားကို ဓားအိမ်မှ အကုန်အစင် ဆွဲထုတ်လိုက်ရာ တောအုပ်အတွင်းရှိ အအေးဓာတ်မှာ ရုတ်ချည်းပင် ပိုမိုပြင်းထန်လာချေသည်။
"ဝုန်း..."
နင်တောက်ရန်မှာမူ မည်သို့မျှ စဉ်းစားမနေတော့ဘဲ လျင်မြန်ဖျတ်လတ်သော မျောက်ဝံတစ်ကောင်ကဲ့သို့ ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်ကို လိမ်ကာ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။
ပိဿာချိန် အနည်းဆုံး ခြောက် ပိဿာခန့် လေးလံသော 'အပြာရောင်နဂါးဝိညာဉ်လှံ' ၏ ထိပ်ဖျားသည် လေထုအတွင်း ဝေဝါးသွားပြီး လီရှို့၏ ထိပ်တည့်တည့်သို့ အားပြင်းစွာ ကျရောက်သွားလေတော့သည်။
ထိုခဏတာအတွင်း သူသည် မိမိ၏ အင်အားရှိသမျှကို ထုတ်သုံးလိုက်ရာ သွေးသားတို့မှာ ဆူပွက်လာပြီး 'ခန္ဓာကိုယ်ကြံခိုင်မှုကျင့်စဉ်' ၏ အထွတ်အထိပ် စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်ချေသည်။
"ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၆) လား..."
လီရှို့၏ မျက်တောင်များမှာ ပြင်းထန်စွာ တုန်ခါသွားပြီး သူသည်လည်း အင်အားကို အဆပေါင်းများစွာ ထပ်မံဖြည့်တင်းကာ တစ်ချက်တည်းဖြင့် ဖိနှိပ်ရန် ကြိုးပမ်းလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။
ထိုနှစ်ဦး ထိပ်တိုက်တွေ့ဆုံလိုက်သည့် ခဏ၌ ပေါင်းမြက်နှင့် ကျောက်ခဲများ ဖုံးလွှမ်းနေသော မြေပြင်ထက်တွင် လှိုင်းလုံးများသဖွယ် တုန်ခါမှုများ ပြန့်နှံ့သွားသည်။
မြေစာနှင့် ကျောက်စရစ်ခဲ အမြောက်အမြားမှာ ရေတံခွန်တစ်ခု အထက်သို့ ပန်းထွက်သွားသကဲ့သို့ လေထုထဲသို့ လွင့်စင်တက်သွားချေသည်။
လီရှို့၏ သွေးနှင့်ဝိညာဉ်နယ်ပယ်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ လွန်စွာ ခိုင်မာလှပေသည်။ သို့သော် နင်တောက်ရန်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ်မှာမူ သူ၏ အကန့်အသတ်မဲ့ ခွန်အားပါရမီနှင့် ပေါင်းစပ်လိုက်သည့်အခါ မှန်းဆ၍မရနိုင်သော စွမ်းပကားအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပေသည်။
တစ်ချက်တည်းဖြင့်ပင် အရှုံးအနိုင်မှာ သိသာထင်ရှားသွားခဲ့ချေပြီ။
လီရှို့၏ အနက်ရောင်ဓားမှာ မထိန်းနိုင်ဘဲ အောက်သို့ ရုတ်ချည်း နိမ့်ဆင်းသွားကာ သူကိုယ်တိုင်လည်း နောက်သို့ ယိုင်နဲ့စွာ ဆုတ်ခွာသွားရသည်။
၎င်း၏ သွေးသားတို့မှာ အတွင်း၌ ဆူပွက်နေပြီး ညာဘက်လက်မောင်း တစ်ခုလုံးမှာလည်း စူးရှသော နာကျင်မှုကို ခံစားနေရ၏။
သူသည် ဤဓားချက်ဖြင့် တစ်ဖက်လူ၏ လှံကို ပိုင်းဖြတ်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ထိုလူငယ်မှာ လူသားထက်သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားပြီး မိမိအား အင်အားအသာစီးဖြင့် အပြည့်အဝ ဖိနှိပ်ထားသည်ကို တွေ့လိုက်ရပေသည်။
ဝိညာဉ်စွမ်းအင်သန့်စင်မှု အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက သွေးနှင့်ဝိညာဉ်နယ်ပယ် နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို အင်အားဖြင့် ဖိနှိပ်နိုင်သည်မှာ မယုံနိုင်စရာပင် ဖြစ်ချေသည်။
လှံကို တစ်ချက်ဝှေ့ယမ်းပြီးနောက် နင်တောက်ရန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ပူပြင်းလာသည်ကို ခံစားရ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဉ်မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး သွေးသားစွမ်းအင်များကို ပို့ဆောင်ပေးနေသည်။
လက်မောင်းများအတွင်းမှ အဆုံးမဲ့ခွန်အားများ ထွက်ပေါ်လာပြန်ရာ နောက်ထပ် လှံချက်တစ်ခုမှာ လီရှို့၏ ဦးခေါင်းထက်သို့ ထပ်မံ ကျရောက်သွားပြန်သည်။
"မင်း... ဒီတိရစ္ဆာန်ကောင်လေး..."
လီရှို့မှာ ရှောင်တိမ်းရန်လည်း အချိန်မရ၊ ဓားကို ပြန်လည်ပြင်ဆင်ရန်လည်း အခွင့်မသာသဖြင့် အလျင်စလိုပင် ဘယ်ဘက်လက်မောင်းကို မြှောက်၍ ခုခံလိုက်ရသည်။
"ဂျွတ်" ဟူသော မြည်ဟီးသံနှင့်အတူ လီရှို့၏ ဘယ်ဘက်လက်မောင်းမှာ လှံချက်ကြောင့် အသားစများ ကြေမွကာ တွဲလောင်းကျသွားလေတော့သည်။
သို့သော် သူ၏ ဇွဲမှာ ပြင်းထန်ဆဲပင်။ မျက်နှာတစ်ခုလုံး သွေးများ စွန်းထင်နေသော်လည်း သူ၏ မျက်ဝန်းတို့မှာမူ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်ချေသည်။
"ဆက်ကစားဦးလေ... မင်း ထမင်းမစားလာဘူးလား"
ရှန်ယန်နယ်မြေမှ ဤအရာရှိငယ်မှာ အမှန်ပင် ရက်စက်လှပေသည်။ လက်တစ်ဖက် ဆုံးရှုံးသွားသော်လည်း အံကြိတ်၍ တုံ့ပြန်နေဆဲပင် ဖြစ်သည်။
"ဝူး..."
လေထုထဲတွင် စူးရှသော လေတိုးသံတစ်ခု ထွက်ပေါ်လာပြန်ရာ တတိယမြောက် လှံချက်မှာ ကျရောက်လာခဲ့ချေပြီ။
လှံဖျားမှာ ဝေဝါးသောအရှိန်ဖြင့် ကျရောက်လာပြီး လီရှို့၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော အရှိန်အဝါတို့ကို ရုတ်ချည်းပင် ဖျက်ဆီးပစ်လိုက်သည်။
၎င်း၏ ဦးခေါင်းအတွင်းမှ အရိုးကျိုးသံများ ထွက်ပေါ်လာကာ သွေးများမှာ မျက်နှာပေါ်သို့ စီးကျလာရာ သူ၏ ပုံပန်းမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာချေသည်။ နင်တောက်ရန်မှာ ရှေ့သို့ လှမ်းတက်လိုက်ပြီး လီရှို့အား မြေပြင်ပေါ်သို့ ခြေဖြင့် နင်းချလိုက်သည်။
အပြာရောင်နဂါးဝိညာဥ်လှံကို ထိုသူ၏ ဦးခေါင်းသို့ ချိန်ရွယ်လိုက်ပြီး နောက်တစ်ကြိမ်သွေးနှင့်ဝိညာဉ်နယ်ပယ် နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် သန်မာလှပေရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ် အောင်မြင်ထားသော ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်နိုင်ချေသည်။
နင်တောက်ရန်မှာ သုံးချက်မျှ ထပ်မံရိုက်နှက်လိုက်မှသာ လီရှို့၏ ဦးခေါင်းမှာ လုံးဝဥဿုံ ကြေမွသွားလေတော့သည်။
ဆံပင်၊ ဦးခေါင်းခွံနှင့် ဦးနှောက်အစအနတို့မှာ မြက်ခင်းပြင်ထက်တွင် ရောထွေးနေပြီး ဖရဲသီးတစ်လုံး ကြေမွသွားသကဲ့သို့ ဖြစ်နေချေပြီ။ ယခုမူ သူသည် အမှန်ပင် သေဆုံးသွားခဲ့ချေပြီ။
---
အလောင်းကို ကျွမ်းကျင်စွာ ရှာဖွေသိမ်းဆည်းပြီးနောက် ဝိညာဉ်ရှာဖွေခြင်းအတတ် ကို အသုံးပြုကာ စစ်ဆေးလိုက်သည်။ ထို့နောက် လက်ကို မြှောက်ကာ မီးလုံးမန္တန်ကို ထုတ်လွှတ်၍ လီရှို့၏ ရုပ်အလောင်းကို ပြာဖြစ်အောင် ရှို့မြှိုက်လိုက်လေသည်။ ထိုပြာတို့ကိုလည်း မှော်အတတ်ဖြင့် လေထဲသို့ လွှင့်ပစ်လိုက်၏။
"သမင်ကြီး... သွားကြစို့"
သူသည် ထိုနေရာ၌ ကြာရှည်မနေတော့ဘဲ မြေအောက်မှ ထွက်လာသော သမင်အူကြောင်ကြီးကို ခေါ်ကာ တောင်ပတ်လမ်းအတိုင်း ဂိုဏ်းအတွင်းသို့ အမြန်ပြန်လာခဲ့လေတော့သည်။
(၇၇) ကွက်မြောက် ဝိညာဉ်လယ်ကွင်း၏ ခြံဝင်းအတွင်းသို့ ရောက်သောအခါ တိမ်တိုက်မြူခိုးအစီအရင်ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးမှ နင်တောက်ရန်မှာ သက်ပြင်းချနိုင်လေတော့သည်။
ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်အရ လီရှို့ထံမှ အဖိုးတန်လှသော သတင်းအချက်အလက်များစွာ မရရှိခဲ့ပေ။ ၎င်း၏ အခြေစိုက်စခန်းမှာ မြို့ထဲ၌ ဖြစ်ပြီး အရာရှိများစွာ ရှိနေသဖြင့် သွားရောက်ရန် မသင့်တော်ချေ။
သို့သော် လွန်စွာ အသုံးဝင်နိုင်သော သတင်းတစ်ခုမှာမူ 'ဟွမ်လုံဈေး' ရှိ မှောင်ခိုဈေးကွက်အကြောင်းပင် ဖြစ်ချေသည်။
ဟွမ်လုံဈေးမှာအနန္တဂိုဏ်း
၏ အင်အားဖြင့် တည်ထောင်ထားခြင်း ဖြစ်သော်လည်း ကျင့်ကြံခြင်း မိသားစုများနှင့် လေလွင့်ကျင့်ကြံသူများစွာလည်း ပါဝင်ပတ်သက်နေကြသည်။
ထိုနေရာတွင် ဂိုဏ်းအင်အားစုများမှာ ဆိုင်ခန်းများနှင့် အရင်းအမြစ်များအတွက် တိတ်တဆိတ် အားပြိုင်နေကြသော်လည်း ချောက်ချားခြင်းဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် တည်ငြိမ်မှု ရှိနေဆဲ ဖြစ်ပေသည်။
အထူးသဖြင့် လမ်းတစ်ဖက်ရှိ မှောင်ခိုဈေးကွက်မှာမူ မည်သည့်ပစ္စည်းကိုမဆို ရောင်းဝယ်ဖောက်ကားနိုင်သော နေရာတစ်ခုပင် ဖြစ်ချေသည်။
"ဟူး..."
နင်တောက်ရန်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ နောင်တွင် သူသည် ရုပ်ဖျက်ကာ ဒုတိယအဆင့် ဝိညာဉ်ဆန်များကို ထိုမှောင်ခိုဈေးကွက်၌ သွားရောက်ရောင်းချရန် စဉ်းစားလိုက်၏။
လီရှို့၏ ပစ္စည်းများကို စစ်ဆေးကြည့်ရာတွင်မူ သူသည် အမှန်တကယ်ပင် ဆင်းရဲလှသော ကျင့်ကြံသူ ဖြစ်ကြောင်း တွေ့ရသည်။
သူ၏ အိတ်ကပ်အတွင်း၌ သွေးနှင့်ဝိညာဉ်အားဖြည့်ဆေး နှစ်ပုလင်းနှင့် ဝိညာဉ်ကျောက်တုံး တစ်ဆယ်ကျော်မျှသာ ရှိချေသည်။
သို့သော် လီရှို့ကို ရှင်းလင်းလိုက်နိုင်ခြင်းကြောင့် ညီမငယ် ဟန်ပင်းအတွက်မူ ဘေးအန္တရာယ် ကင်းစင်သွားခဲ့ပြီ ဖြစ်ပေရာ ယင်းကား သတင်းကောင်းပင် ဖြစ်ချေသည်။
ထို့ပြင် အဘိုးအိုလင်းမှာလည်း လီရှို့၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသော်လည်း နင်တောက်ရန်မှာမူ ဤကိစ္စကို ဟန်ပင်းအား ပြောပြရန် အစီအစဉ်မရှိပေ။
မဟုတ်ပါက မလိုအပ်သော သံသယနှင့် ပြဿနာများ မိမိထံသို့ ရောက်ရှိလာနိုင်သောကြောင့် ဖြစ်ပေရာ ထိုဝဋ်ကြွေးတို့ကို မေ့ပျောက်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်တန်ရာသည်။
ယခုအခါ နင်တောက်ရန်၏ လက်ဝယ်၌ ဝိညာဉ်ကျောက်တုံး စုစုပေါင်း (၁၄၄) တုံး ရှိနေပြီ ဖြစ်သည်။ သို့သော် ၎င်းမှာ မလုံလောက်သေးချေ။ ကျောက်တုံး သုံးရာကျော်မျှ စုဆောင်းမိပါက ဟွမ်လုံဈေးသို့ သွား၍ မိမိနှင့် သင့်တော်သော မှော်လက်နက်တစ်ခုကို ဝယ်ယူရန် သူ ကြံစည်ထားသည်။
ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် အမြဲတမ်း လှံကြီးတစ်ချောင်းကို ကိုင်ဆောင်၍ တိုက်ခိုက်နေရသည်မှာ မသင့်လျော်လှဟု သူ ယူဆမိသောကြောင့် ဖြစ်ပေသည်။
ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ရတနာများကို မှော်လက်နက်၊ ဝိညာဉ်လက်နက် ၊ မှော်ရတနာ နှင့် ဝိညာဉ်ရတနာ ဟူ၍ အဆင့်ဆင့် ခွဲခြားထားချေသည်။
ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်ရှိ ကျင့်ကြံသူများသည် များသောအားဖြင့် မှော်လက်နက်များကိုသာ အသုံးပြုကြရပေသည်။
ဈေးနှုန်းများမှာလည်း အရည်အသွေးအလိုက် ဝိညာဉ်ကျောက်တုံး ၁၅၀ မှစ၍ ၁၀၀၀ နီးပါးအထိ ရှိနိုင်ပေရာ နင်တောက်ရန်မှာ မိမိကိုယ်ကို ဆင်းရဲလွန်းလှသည်ဟု တွေးတောကာ သက်ပြင်းချမိလေတော့သည်။
လှံနှင့် အဝတ်အစားပေါ်မှ ဖုန်မှုန့်များကို ဆေးကြောသန့်စင်ပြီးနောက် နင်တောက်ရန်သည် အဝတ်အစားလဲကာ သမင်ကြီးကို ခေါ်၍ မမှောင်မီ လယ်ကွင်းအတွင်းရှိ ပေါင်းမြက်များကို သွားရောက်နုတ်လေသည်။
"အစ်ကိုကြီး နင်..."
မနီးမဝေးရှိ (၇၈) ကွက်မြောက် ဝိညာဉ်လယ်ကွင်းမှ မိန်းကလေးငယ်မှာ ခါးကိုဆန့်ကာ ချွေးသုတ်ရင်း ပြုံး၍ နှုတ်ဆက်လေသည်။ နင်တောက်ရန်ကလည်း ပြုံး၍ပင် ပြန်လည် နှုတ်ဆက်လိုက်၏။
မကြာမီ သူတို့နှစ်ဦးနှင့် သမင်ကြီးမှာ လယ်ကွင်းအစပ်၌ အနားယူရင်း စကားစမြည် ပြောဖြစ်ကြသည်။
"ညီမငယ်... အဘိုးအိုလင်း ပြန်မလာသေးဘူးလား၊ ရက်တွေ အတော်ကြာနေပြီဆိုတော့ စိုးရိမ်မိလို့ပါ"
"မလာသေးပါဘူး..."
အဘိုးအိုလင်းအကြောင်းကို ပြောလိုက်သည့်အခါ ဟန်ပင်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွား၏။ သူမအနေဖြင့် အဘိုးအိုလင်း၏ ကံကြမ္မာကို ခန့်မှန်းမိပုံ ရချေသည်။
သို့သော် သူမမှာ အပြင်စည်းတပည့်တစ်ဦးသာ ဖြစ်သဖြင့် ဂိုဏ်းအတွင်း၌ သူမဘက်မှ မည်သူမျှ မရပ်တည်ပေးနိုင်ချေ။
အနန္တဂိုဏ်းမှာ ဒုတိယတန်းစားဂိုဏ်းတစ်ခုသာ ဖြစ်သဖြင့် စည်းကမ်းများမှာလည်း လွန်စွာ တင်းကျပ်မှု မရှိလှပေ။
"အစ်ကိုကြီး..." ဟန်ပင်းသည် တစ်စုံတစ်ခုကို သိရှိသွားပုံရသော်လည်း ပြောရန် ဝေခွဲမရဖြစ်နေဟန် တူပေသည်။
"ဘာဖြစ်လို့လဲ ညီမငယ်"
"ဘာမှ မဟုတ်ပါဘူး..." ဟန်ပင်းက မချိပြုံး ပြုံးလိုက်ပြီး "အစ်ကိုကြီး နင်... အစ်ကိုကြီး သမင်ကြီး နဲ့ အတူရှိနေတာကို ကြည့်ပြီး ကျွန်မ သိပ်အားကျတာပဲ"
သမင်အူကြောင်ကြီးမှာ ရုတ်ချည်းပင် အော်ဟစ်လိုက်ပြီး သူ၏အမြီးကိုလည်း တဖျတ်ဖျတ် ဝှေ့ယမ်းပြလေသည်။ ဟန်ပင်းက သူ့အား 'အစ်ကိုကြီး ' ဟု ခေါ်ဆိုလိုက်သဖြင့် သူသည် လွန်စွာ ဝမ်းမြောက်နေပုံ ရချေသည်။ ယနေ့မှစ၍ ညီမငယ် ဟန်ပင်းမှာ သူ၏ အသိအမှတ်ပြုမှုကို အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်ပေသည်။
နေဝင်ရီတရောအချိန်တွင် လူတိုင်းမှာ မိမိတို့၏ နေအိမ်သို့ ပြန်သွားကြကုန်၏။ ဟန်ပင်းမှာမူ သူမ၏ အိမ်အိုလေးအတွင်း၌ ငြိမ်သက်စွာ ထိုင်နေရင်း နင်တောက်ရန်မှာ ယနေ့ သေရေးရှင်ရေး တိုက်ပွဲတစ်ခုကို ဖြတ်ကျော်လာခဲ့သည်ဟု ခံစားမိနေသည်။
သို့သော် သူမမှာ အသေးစိတ်ကိုမူ မသိရှိနိုင်ချေ။ လီရှို့နှင့် ပတ်သက်နေမလားဟု တွေးတောမိသော်လည်း ကျင့်ကြံသူတို့၏ ခွန်အားမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် နင်တောက်ရန်အနေဖြင့် အသက်ရှင်ရန် ခဲယဉ်းလိမ့်မည်ဟု သူမ ယူဆကာ မိမိ၏ စိတ်ကူးယဉ်မှုသာ ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်လေတော့သည်။
ရက်အနည်းငယ် ကြာလတ်သော်လည်း လီရှို့မှာ ထပ်မံ ပေါ်ပေါက်မလာတော့ချေ။
တစ်ညသောအချိန်တွင် နင်တောက်ရန်မှာ မြေအောက်ခန်းအတွင်း၌ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ရုတ်တရက်ပင် (၇၈) ကွက်မြောက် ဝိညာဉ်လယ်ကွင်း၏ ခြံဝင်းအတွင်းမှ ရွှေရောင်ဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားကာ လေထုထဲ၌ ကြယ်စင်မှုန်များသဖွယ် ပျံ့နှံ့သွားချေသည်။
နောက်တစ်နေ့ နံနက်တွင် နင်တောက်ရန်မှာ ပုံမှန်အတိုင်း ပေါင်းနုတ်ရန် ထွက်လာခဲ့သည်။ မကြာမီပင် ညီမငယ် ဟန်ပင်း၏ ခြံရှေ့၌ အနန္တဂိုဏ်း၏ တပည့်များစွာ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုသူတို့အထဲတွင် အဖြူရောင် ဝတ်စုံဝတ် ဆင်မြန်းထားသော အတွင်းစည်းတပည့်များပင် ပါဝင်နေချေသည်။
"ဘာတွေဖြစ်နေတာလဲ"
"ကျင့်ကြံသူ နင်... သင် မသိသေးဘူးလား"
ကျူံးယန်မှာ ပြုံးရွှင်လျက်ပင် "မနေ့ညက ဟန်ပင်းဆိုတဲ့ ကောင်မလေးက မွေးရာပါ 'ကြည်လင်သန့်စင်တဲ့ ဓားနှလုံးသား' ကို နိုးထစေခဲ့တာလေ၊ ဒါဟာ ကြီးကျယ်တဲ့ ကံကောင်းမှုတစ်ခုပဲ၊ ဂိုဏ်းရဲ့ အကြီးအကဲတွေကိုတောင် လှုပ်ခတ်သွားစေတယ်လေ" ဟု ပြောလိုက်သည်။
"ကြည်လင်သန့်စင်တဲ့ ဓားနှလုံးသား..."
နင်တောက်ရန်မှာ အနည်းငယ် အံ့အားသင့်သွားမိသည်။ ယင်းကား ဓားကျင့်ကြံသူများအတွက် အမြင့်ဆုံး နယ်ပယ်တစ်ခု ဖြစ်ပေရာ ညီမငယ် ဟန်ပင်း၌ ဝိညာဉ်အမြစ်လေးခု ရှိသော်လည်း ရွှေဝိညာဉ်အမြစ်မှာ လွန်စွာ အစွမ်းထက်လှသဖြင့် သူမသည် ယခုအခါ ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာရန် အရည်အချင်း အပြည့်အဝ ရှိသွားခဲ့ပြီ ဖြစ်ချေသည်။
"ကျွန်တော် ထင်သားပဲ..." သူသည် အသာအယာ ပြုံးလိုက်မိသည်။
မိမိ၏ ညီမငယ်ကဲ့သို့ ထူးခြားသော မိသားစုမှ ဆင်းသက်လာသူတစ်ဦးမှာ မိမိကဲ့သို့ နေ့စဉ် လယ်ကွင်းအတွင်း ရုန်းကန်နေရမည့်သူ မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သူမ၏ ရုပ်ရည်မှာလည်း လယ်ယာလုပ်ငန်းနှင့် လုံးဝဥဿုံ မလိုက်ဖက်လှသည်မှာ အမှန်ပင် ဖြစ်ချေတော့သည်။
***