【နှစ်ပေါင်း ၁၂၈ ကြာလတ်သော် အရှင်၏ ခန္ဓာကိုယ်အတွင်း၌ ထူးကဲသော သက်စောင့်အားမာန်တို့ ပြည့်လျှံနေပေရာ၊ ယင်းကား မတွေးဆနိုင်သော ရှင်သန်ခြင်းစွမ်းအားတို့ကို သိုအောင်းထားသည့် ရှေးဟောင်း ထာဝရစိမ်းလန်းသစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင် ဖြစ်နေပါတော့သည်။ ယခုအခါ အရှင်၏ စိတ်အစဉ်၌ လိုအပ်နေသည်မှာ အချိန်ကာလ၏ ထုဆစ်မှုသာလျှင် ဖြစ်ပါတော့သည်။】
【နှစ်ပေါင်း ၂၅၆ တွင် အရှင်သည် နက်နဲသောအသိကို ရရှိခဲ့ပြီး ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာ အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပါပြီ။】
[ထာဝရစိမ်းလန်းခြင်းကျင့်စဉ် - မြေအဆင့် အထက်တန်း (အဆင့် ၃)]
【နှစ်ပေါင်း ၈၄၂ သို့ ရောက်သောအခါ ကျင့်စဉ်မှာ တစ်တန့်တန့် ဖြစ်နေပါသည်။ အရှင်သည် မမြင်ရသော အဟန့်အတားတစ်ခုနှင့် ကြုံတွေ့နေရပါသည်။အရှင်၏ ပါရမီနှင့် အသိဉာဏ်မှာ နှေးကွေးလွန်းလှသဖြင့်၊ ကျင့်ကြံခြင်း၌သာ ကိုယ်ဖျောက်ပုန်းကွယ်၍ ရှေ့သို့သာ တိုးရန် ဆုံးဖြတ်လိုက်ပါသည်။】
【နှစ်ပေါင်း ၁၃၀၀ တွင် အရှင်၏ ခန္ဓာကိုယ်အတွင်း၌ စိမ်းလဲ့သော ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခု ပေါ်ပေါက်လာပြီး၊ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်မှာလည်း တစ်ဖန် ထူးခြားစွာ တိုးတက်လာခဲ့ပြန်ချေပြီ။】
[ထာဝရစိမ်းလန်းခြင်းကျင့်စဉ် - မြေအဆင့် အထက်တန်း (အဆင့် ၄)]
【နှစ်ပေါင်း ၂၂၂၉ တွင် ကျင့်စဉ်မှာ ထပ်မံ၍ တစ်တန့်တန့် ဖြစ်ပြန်ပေသည်။ အရှင်သည် စိတ်အပန်းဖြေရင်း ကျင့်ကြံရန် ကြိုးပမ်းသည့်အနေဖြင့် ကန်အတွင်း ငါးမျှားခြင်း၊ တောင်တက်ခြင်း၊ သစ်ပင်ထိပ်ဖျားမှနေ၍ "ဝမ်လီကျွမ်း... မင်းကို ငါချစ်တယ်" ဟု အော်ဟစ်ခြင်းတို့ကို ပြုလုပ်ကာ တောင်တန်းတောတောင်များနှင့် တစ်သားတည်း ဖြစ်အောင် နေထိုင်ခဲ့ပါသည်။】
【နှစ်ပေါင်း ၃၃၀၀ ၏ နံနက်ခင်းတစ်ခုတွင် အရှင်သည် တောင်ပေါ်ရှိ တဲငယ်လေးအတွင်း၌ နိုးထလာကာ၊ ကြယ်ရောင်ကို ငေးကြည့်ရင်း တောအုပ်၏ ရှင်သန်ခြင်းအားမာန်ကို ခံစားမိသည့်ခဏ၌ ရုတ်တရက် အသိဉာဏ်ပွင့်လင်းသွားခဲ့ပါပြီ။】
[ထာဝရစိမ်းလန်းခြင်းကျင့်စဉ် - မြေအဆင့် အထက်တန်း (အဆင့် ၅)]
"ဟူး..."
နင်တောက်ရန်သည် ကျင့်ကြံမှုကို အဆုံးသတ်ကာ သက်ပြင်းအရှည်ကြီး ချလိုက်၏။ သူ၏အတွင်း၌ သက်စောင့်အားမာန်တို့ တဟုန်ထိုး မြင့်တက်လာပြီး ထာဝရစိမ်းလန်းခြင်းကျင့်စဉ်၏ သင်္ကေတဖြစ်သော မြစိမ်းရောင် ဝိညာဉ်စွမ်းအင်တို့သည် သွေးကြောများအတွင်း အရှိန်အဟုန်ဖြင့် စီးဆင်းကာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားချေပြီ။
သစ်သားဓာတ်ကျင့်စဉ်၏ နက်နဲပုံမှာ စာဖွဲ့၍ မမီနိုင်လောက်အောင်ပင် ရှိချေတော့သည်။
မိမိ၏ သက်တမ်းမှာ တိုးတက်လာသည်ကို သူခံစားမိပေရာ၊ ကျင့်ကြံရန် အချိန်များစွာ ကျန်ရှိနေသေးသဖြင့် ဤကျင့်စဉ်ကို ပိုမိုမြင့်မားသောအဆင့်သို့ တွန်းတင်ရန် သူ ထပ်မံဆုံးဖြတ်လိုက်ပြန်သည်။
【နှစ်ပေါင်း ၄၅၀၀ တွင် ကျင့်စဉ်မှာ နှစ်ပေါင်း ထောင်ချီ၍ တစ်တန့်တန့် ဖြစ်နေပြန်ပေသည်။ မိမိ၏ ပါရမီနှင့် အသိဉာဏ်အပေါ် အလွန်အမင်း စိတ်ပျက်မိသော်လည်း၊ မသေမျိုးလမ်းစဉ်ကို ဤမျှနှင့် အဆုံးမသတ်လိုသဖြင့် ဘာကိုမျှ မတွေးတော့ဘဲ ကျင့်ကြံခြင်း၌သာ အာရုံစိုက်လိုက်ပါတော့သည်။】
【နှစ်ပေါင်း ၆၄၃၂ သို့ ရောက်သောအခါ ကျင့်စဉ်၏ အဟန့်အတားမှာ ရုတ်တရက် လျော့ပါးသွားပေရာ၊ အရှင်သည် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ အထူးကျင့်ကြံအားထုတ်ခဲ့ပြီးနောက် ခြောက်လအကြာတွင် တိုးတက်မှု ရရှိခဲ့ပါပြီ။】
[ထာဝရစိမ်းလန်းခြင်းကျင့်စဉ် - မြေအဆင့် အထက်တန်း (အဆင့် ၆)]
【နှစ်ပေါင်း ၈၆၀၀ တွင် အရှင်သည် ခြံဝင်းအတွင်း ငါးမျှားနေသော အဖိုးအိုတစ်ဦးနှင့် တူလှပေသည်။ ရေထဲမှ ငါးတို့သည် အမြီးခါလျက် ပူပေါင်းများမှုတ်ထုတ်ကာ အရှင်၏ မိုက်မဲမှုကို လှောင်ပြောင်နေသည့်နှယ် ရှိသည်။ အရှင့်ကဲ့သို့သော သူမျိုးက ထာဝရစိမ်းလန်းခြင်းကဲ့သို့ ခက်ခဲသောကျင့်စဉ်ကို ဘာကြောင့်များ ဖက်တွယ်နေရသနည်းဟု မေးခွန်းထုတ်နေသကဲ့သို့ပင် ဖြစ်နေပါသည်။】
【နှစ်ပေါင်း ၁၀၃၀၀ သို့ ရောက်ရှိလတ်သော်၊ ကျယ်ပြောလှသော ကမ္ဘာလောကအတွင်း၌ ဖြတ်သန်းသွားကြသူ မြောက်မြားစွာကို အရှင် မြင်တွေ့ခဲ့ရချေပြီ။ ယခုအခါ အရှင်၏ မျက်ဝန်းတို့တွင် တည်ငြိမ်မှုသာ ကိန်းအောင်း နေပါသည်။ အရှင်သည် ငါးမျှားတံကို မလိုက်သည့်ခဏ၌ ငါးမိသည်၊ မမိသည်မှာ အရှင်အတွက် အရေးမကြီးတော့ပါ။】
[ထာဝရစိမ်းလန်းခြင်းကျင့်စဉ် - မြေအဆင့် အထက်တန်း (အဆင့် ၇)]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၄၀၃၆ နှစ်]
---
"အံ့ဩစရာပဲ..."
နင်တောက်ရန်သည် ကျင့်ကြံမှုနယ်ပယ်အတွင်းမှ ထွက်ခွာလာချေပြီ။ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေသော်လည်း ခန္ဓာကိုယ်မှာမူ အတိုင်းအဆမဲ့သော သက်စောင့်အားမာန်တို့ဖြင့် ပြည့်လျှံနေပေသည်။
ထာဝရစိမ်းလန်းခြင်းကျင့်စဉ်၏ အဆင့် (၇) ဆင့်ကို ပြီးမြောက်ရန် နှစ်ပေါင်း တစ်သောင်းခန့် ကြာမြင့်ခဲ့ပေရာ - ယင်းကား သာမန်ကျင့်ကြံသူတို့အဖို့ လုံးဝ မဖြစ်နိုင်သောအရာပင် ဖြစ်ချေသည်။
ထို့ကြောင့်ပင် အနန္တဂိုဏ်းအတွင်း၌ ဤကျင့်စဉ်ကို ကျင့်ကြံသူများအနက် မည်သူမျှ အဆင့် (၄) သို့ပင် မရောက်ရှိနိုင်ကြခြင်း ဖြစ်ပေရာ - ရှေးယခင်ကတည်းက ဤကျင့်စဉ်ကို အဆင့် (၄) နှင့် အထက်သို့ ကျင့်ကြံနိုင်သူများမှာ ခေတ်တစ်ခေတ်ကို တုန်လှုပ်စေနိုင်သော ပါရမီရှင်များသာ ဖြစ်ချေသည်။
နင်တောက်ရန်သည် မိမိ၏ အသိစိတ်ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းကို စူးစမ်းကြည့်လိုက်၏။
အဆင့် (၇) သို့ ရောက်ရှိပြီးနောက် သူ၏ သွေးကြောများမှာ ပြန်လည်သန့်စင်သွားသကဲ့သို့ မြစိမ်းရောင်တောက်လျက် ကြည်လင်နေပေသည်။ သူ၏ ခန္ဓာကိုယ်မှာ သက်စောင့်အားမာန်တို့ဖြင့် ဝေဆာနေသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ပင် ရှိချေတော့သည်။
သက်တမ်းလမ်းကြောင်းမှာလည်း ပိုမိုထင်ရှားလာပေရာ၊ နင်တောက်ရန်အနေဖြင့် မိမိ၌ သက်တမ်း ၁၄၆ နှစ် ကျန်ရှိနေသေးသည်ကို အတိုင်းသား မြင်တွေ့နေရပေသည်။
ဤသည်မှာ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်ကို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်လျှင် သက်တမ်းတိုးစေသည်ဟူသော အချက်ကို သက်သေပြနေခြင်းပင် ဖြစ်ပေသည်။
သူသည် အမြန်ပင် တွက်ချက်ကြည့်လိုက်ရာ ယခုနှစ်တွင် သူသည် ၂၄ နှစ် ရှိပြီ ဖြစ်ချေသည်။ ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့်၌ ပုံမှန်သက်တမ်းမှာ နှစ်ပေါင်း တစ်ရာခန့်သာ ရှိသော်လည်း၊ ယခုအခါ သူ၏ သက်တမ်းမှာ စုစုပေါင်း ၁၇၀ ခန့် ရှိနေပြီ ဖြစ်ပေသည်။
ဆိုလိုသည်မှာ ဤအဆင့် (၇) ရှိ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်သည် မူလသက်တမ်း၏ ၇၀ ရာခိုင်နှုန်းကို တိုးမြှင့်ပေးလိုက်ခြင်းပင် ဖြစ်ချေတော့သည်။
"တကယ့်ကို အံ့မခန်းတဲ့ ပညာရပ်ပဲ"
သူ၏ နှုတ်ခမ်းထက်၌ အပြုံးအရိပ်တစ်ခု ယှက်သန်းသွားချေသည်။ ကျင့်ကြံသူတို့၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုမှာ သက်တမ်းပင် ဖြစ်ပေရာ၊ ကျင့်ကြံသူတိုင်းမှာ အချိန်နှင့် လု၍ ကျင့်ကြံနေကြရခြင်း ဖြစ်ပေသည်။
အသက် ၆၀ မတိုင်မီ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ မရောက်ရှိပါက သွေးနှင့်ဝိညာဉ်စွမ်းအားများ လျော့နည်းသွားမည်ဖြစ်သဖြင့် အဆင့်တက်ရန် ခဲယဉ်းလှပေရာ ယခုမူ နင်တောက်ရန်၌ သက်တမ်း ၁၄၀ ကျော် ရှိနေပြီဖြစ်သဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်တို့အတွက် အေးအေးဆေးဆေးပင် အစီအစဉ်ဆွဲနိုင်ပေတော့မည်။
ထို့ကြောင့်ပင် ဤကျင့်စဉ်ကို လက်ဝယ်ရရှိထားခြင်းမှာ မသေမျိုးလမ်းစဉ်ကို လှမ်းကိုင်နိုင်ခြင်းပင် ဖြစ်ချေတော့သတည်း။
နင်တောက်ရန်မှာ စိတ်ကြည်လင်သွားသဖြင့် သန်းခေါင်ယံအချိန်၌ ထကာ ဟင်းလျာအချို့ ချက်ပြုတ်၍ သမင်အူကြောင်ကြီးနှင့်အတူ အဆာပြေ စားသောက်လိုက်လေတော့သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် နင်တောက်ရန်သည် တောင်ပေါ်မှ ဆင်းရန် ဆုံးဖြတ်လိုက်ပေသည်။
သူသည် မြေအောက်သိုလှောင်ခန်းအတွင်းမှ လေးလံသော ဝိညာဉ်ဆန်အိတ်တစ်အိတ်ကို ထုတ်ယူလိုက်၏။
၎င်းကား သာမန်ဆန်မဟုတ်ဘဲ ဒုတိယအဆင့်ရှိ စိမ်းလဲ့ဝါး ဝိညာဉ်ဆန်ပင် ဖြစ်ပေသည်။ သူသည် ဟွမ်လုံဈေးသို့ သွားရောက်ကာ အခြေအနေအရပ်ရပ်ကို ညှိနှိုင်းရန် ကြံရွယ်ထားပေသည်။
ဤတစ်ကြိမ်တွင်မူ သူသည် သာမန်ဝတ်စုံကို မဝတ်တော့ဘဲ အပြင်စည်းတပည့်တို့၏ အပြာနုရောင် ဝတ်စုံကို ဆင်မြန်းကာ၊ ညီမငယ်ပေးခဲ့သော ချိုးရွှေဓားကို ကျောမှာလွယ်၍ သမင်အူကြောင်ကြီးနှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့လေသည်။
နံနက်ခင်းအချိန်ဖြစ်သဖြင့် ဈေးအတွင်း၌ လူစည်ကားလျက် ရှိပေသည်။ ဆိုင်ခန်းများသာမက ဂိုဏ်းမှ ဆင်းလာသော ကျောက်လှေကားထစ်များတလျှောက်တွင်လည်း လေလွင့်ကျင့်ကြံသူတို့က ဆိုင်များဖွင့်၍ အသံကုန်ဟစ်ကာ ရောင်းချနေကြကုန်၏။
နင်တောက်ရန်နှင့် သမင်ကြီးတို့မှာ ထိုမြင်ကွင်းများကို ကြည့်ရင်း လျှောက်လာခဲ့ကြသည်။ လိုချင်စရာ ပစ္စည်းများမှာ များပြားလှသော်လည်း သူ၏ အိတ်ကပ်အတွင်း၌မူ ဝိညာဉ်ကျောက်တုံးများက နည်းပါးလှပေသည်။
"သမင်ကြီး... လာ၊ ဟိုဘက်ကို သွားကြစို့"
နင်တောက်ရန်သည် ဟွမ်လုံဈေး၏ အချက်အချာကျသော နေရာ၌ရှိသည့် ခမ်းနားထည်ဝါသော အဆောက်အအုံကြီးဆီသို့ ညွှန်ပြလိုက်၏။
ယင်းကား လေငြိမ်မျှော်စင် ဟု ခေါ်တွင်သော ဟွမ်လုံဈေးရှိ အနန္တဂိုဏ်း၏ ဌာနချုပ်ပင် ဖြစ်ချေသည်။
ဤနေရာသို့ ရောက်ရှိလာသော ကျင့်ကြံသူတိုင်းသည် မည်သည့် ပဋိပက္ခမျိုးပင် ရှိစေကာမူ တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းကြရမည် ဖြစ်ပေရာ ဤနေရာကို အုတ်မြစ်တည်ဆောက်ခြင်းအဆင့် အကြီးအကဲ နှစ်ဦးက စောင့်ကြပ်နေခြင်း ဖြစ်ချေသည်။
ယခုအခါ ဤနေရာကို စောင့်ကြပ်နေသူမှာ အပြင်စည်းအကြီးအကဲ 'ဟွမ်ချန်ယန်' ဖြစ်ကြောင်း နင်တောက်ရန် စုံစမ်းသိရှိထားပေသည်။
စင်စစ်မှာမူ ဤသို့ ဈေးကို စောင့်ကြပ်ရန် စေလွှတ်ခံရခြင်းမှာ ကျင့်ကြံမှုအတွက် အနှောင့်အယှက် ဖြစ်ပေရာ၊ ဂိုဏ်းအတွင်း၌ မျက်နှာသာ မရသော အကြီးအကဲများသာ ဤနေရာသို့ ရောက်လာတတ်ကြခြင်း ဖြစ်ပေသည်။
"ဟင်..."
လေငြိမ်မျှော်စင်၏ တံခါးဝတွင် စောင့်နေသော တပည့်ဖြစ်သူက နင်တောက်ရန်၏ ဝတ်စုံကို ကြည့်ကာ "ညီငယ်... ဘာကိစ္စရှိလို့လဲ" ဟု ပြုံး၍ မေးလိုက်၏။
နင်တောက်ရန်က လေးစားစွာ ဂါရဝပြုလျက် "အစ်ကိုကြီး... ကျွန်တော် အကြီးအကဲဟွမ်ကို တွေ့ခွင့်ရမလားလို့ပါ" ဟု ဆိုလေသည်။
"ငါ့ရဲ့ ဆရာ့ကို တွေ့ချင်တာလား" အစ်ကိုဖြစ်သူက ရယ်မောလျက် "ဆရာက ဈေးတစ်ခုလုံးကို စီမံခန့်ခွဲနေရတာဆိုတော့ အလုပ်ရှုပ်နေတာ၊ မင်းတွေ့ချင်တိုင်း တွေ့လို့မရဘူး ညီငယ်" ဟု ဆိုလိုက်သည်။
"အစ်ကိုကြီး... အထင်မလွဲပါနဲ့" နင်တောက်ရန်က ပြုံးလျက် သမင်ကြီး သယ်ဆောင်လာသော ဆန်အိတ်ကို ပုတ်ပြကာ - "ဒါက ကျွန်တော်ကိုယ်တိုင် စိုက်ထားတဲ့ စိမ်းလဲ့ဝါး ဝိညာဉ်ဆန်တွေပါ၊ အကြီးအကဲကို မြည်းစမ်းကြည့်ဖို့နဲ့ ဂါရဝပြုဖို့ လာခဲ့တာပါ၊ တခြား ဘာရည်ရွယ်ချက်မျှ မရှိပါဘူး"
"အော်..." အစ်ကိုဖြစ်သူက ဆန်အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ အံ့အားသင့်သွားပြီး "ဒုတိယအဆင့် ဝိညာဉ်ဆန်တွေလား" ဟု ရေရွတ်မိလေသည်။
"ဟုတ်ပါတယ်ဗျာ"
"ကောင်းပြီ... ငါ ဆရာ့ကို အခုပဲ သွားသတင်းပို့ပေးမယ်"
မကြာမီမှာပင် နင်တောက်ရန်သည် သမင်ကြီးနှင့်အတူ လေငြိမ်မျှော်စင်အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။
အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ရှေ့တွင်ရှိသော ဝိညာဉ်ဆန် ပိဿာခြောက်ဆယ်ခန့်ကို ကြည့်ကာ မျက်လုံးမှေးလျက် ပြုံးနေချေသည်။
"တပည့် နင်တောက်ရန်ပေါ့လေ... မင်းအကြောင်းကို ငါ ကြားဖူးပါတယ်၊ နှစ်အနည်းငယ်အတွင်းမှာပဲ ' ဝိညာဥ်မိုးသွန်းကျင့်စဥ်' ကို အဆင့် (၄) အထိ တတ်မြောက်ခဲ့တာဆိုတော့ ဝိညာဉ်စိုက်ပျိုးရေးဘက်မှာ မင်းက တကယ့်ကို ထူးချွန်တဲ့ လူငယ်တစ်ယောက်ပဲ"
"အကြီးအကဲ... ချီးမွမ်းလွန်းရာ ရောက်နေပါပြီ" နင်တောက်ရန်က ပြုံးလျက် "တပည့်က ကျင့်ကြံမှုဘက်မှာ ညံ့ဖျင်းပေမဲ့ ဝိညာဉ်ဆန် စိုက်ပျိုးတဲ့ဘက်မှာတော့ အတွေ့အကြုံ အနည်းငယ် ရှိတာမို့ ဒါကို အကြီးအကဲအတွက် လက်ဆောင်အဖြစ် ယူလာခဲ့တာပါ၊ အကြီးအကဲ ဈေးကို စောင့်ကြပ်ရတာ ပင်ပန်းမှာစိုးလို့ ဂါရဝပြုတာပါ"
ဟွမ်ချန်ယန်သည် မျက်မှောင်ကို အသာကြုတ်ကာ စဉ်းစားမိလေသည်။ သူသည် အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း ဤအဆင့် (၂)ဝိညာဉ်ဆန်များကိုမူ ငြင်းပယ်ရန် ခဲယဉ်းလှပေရာ အနန္တဂိုဏ်းအတွင်း၌ ဤဆန်ကို စိုက်ပျိုးနိုင်သူ ဆယ်ဂဏန်းမျှသာ ရှိသဖြင့် အကြီးအကဲများပင်လျှင် ဝယ်ယူစားသောက်နေကြရခြင်း ဖြစ်ပေသည်။
"မင်းရဲ့ စေတနာကို ငါ လက်ခံပါတယ်" ဟွမ်ချန်ယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဆန်အိတ်မှာ သူ၏ သိုလှောင်အိတ်အတွင်းသို့ ရောက်ရှိသွားချေပြီ။ သူက ပြုံးလျက် "တပည့်... မင်း ငါ့ဆီက ဘာလိုချင်လို့လဲ" ဟု ပွင့်လင်းစွာ မေးလိုက်၏။
"ဟဲဟဲ..." နင်တောက်ရန်က ခေါင်းကုတ်လျက် "အကြီးအကဲ စောင့်ကြပ်နေတဲ့ ဟွမ်လုံဈေးကတော့ ဘေးကင်းပါတယ်၊ ဒါပေမဲ့ ဈေးပြင်ပမှာတော့ မအေးချမ်းဘူးလို့ ကြားရပါတယ်၊ ပြီးခဲ့တဲ့လကတင် လူသတ်လုယက်မှုတွေ ရှိခဲ့တယ်လို့ သိရလို့ပါ၊ ကျွန်တော်ကလည်း ဈေးကို ခဏခဏ လာတတ်သူဆိုတော့..."
"ဟားဟား..." ဟွမ်ချန်ယန်က အားရပါးရ ရယ်မောလိုက်ပြီးနောက် ကျောက်စိမ်း လေငြိမ်မျှော်စင်ပြားတစ်ခုကို ပစ်ပေးလိုက်လေသည်။
"ဒါက လေငြိမ်မျှော်စင်ရဲ့ 'အေးချမ်းမှုတံဆိပ်ပြား' ပဲ၊ ဒါကို ဆောင်ထားစမ်း၊ ဒီကျောက်စိမ်းပြားရှိရင် ဟွမ်လုံဈေးထဲမှာ မင်းကို ဘယ်သူမှ ရန်မစရဲတော့ဘူး"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
စည်ကားလှသော ဈေးအတွင်း၌ နင်တောက်ရန်သည် သမင်အူကြောင်ကြီးနှင့်အတူ လျှောက်လှမ်းနေပေသည်။ သူသည် ထိုကျောက်စိမ်းပြားကို အပြင်၌ ထုတ်မဆွဲဘဲ အိတ်ကပ်အတွင်း၌သာ ထည့်ထားလိုက်၏။
စင်စစ်မှာမူ သူ လေငြိမ်မျှော်စင်သို့ ဝင်သွားသည်ကို ဈေးအတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ သူလျှိုများ မြင်တွေ့သွားကြလျှင်ပင် လုံလောက်လှပေပြီ။ ကျောက်စိမ်းပြားကို ထုတ်ပြနေခြင်းမှာ မလိုအပ်ဘဲ အကြီးအကဲဟွမ်ကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပေသည်။
နင်တောက်ရန်မှာ ထိုသို့သော အခြေအနေများကို နားလည်ပြီးသား ဖြစ်ချေသည်။
"သမင်ကြီး... လာ၊ ငါးသားပေါက်တွေ သွားဝယ်ကြစို့"
သူသည် ငါးသားပေါက်အချို့ ဝယ်ယူကာ သူ၏ ခြံနောက်ဘက်တွင် ငါးကန်ပြုလုပ်၍ ဝိညာဉ်ငါးများကို ကိုယ်တိုင်မွေးမြူကာ စားသုံးရန်နှင့် အပိုဝင်ငွေရှာရန် ဆုံးဖြတ်လိုက်ပေတော့သတည်း။
***