ချင်းဖူးဖန့်ဟူသည်မှာ ဟွမ်လုံဈေးအတွင်း၌ အကြီးဆုံးသော ဆိုင်ကြီးဖြစ်ပေရာ ဧကပေါင်းများစွာ ကျယ်ဝန်းလှချေသည်။
ထိုဆိုင်၏ လုပ်ငန်းမှာ အလွန်တရာ ကြီးမားလှပြီး အရှေ့ဘက်လွင်ပြင်တစ်ခွင်ရှိ ကျင့်ကြံခြင်းလောကတစ်ခုလုံးသို့ ပျံ့နှံ့နေသည်ဟု ဆိုကြပေသည်။
"သခင်လေး..."
ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ရှေ့မှ ပေါ်လာကာ ပြုံးလျက် နှုတ်ဆက်လေသည်။
"ချင်းဖူးဖန့်ကို သွားမလို့လားခင်ဗျာ၊ အဲဒီက ဆိုင်ခန်းတွေက ရှုပ်ထွေးလွန်းလို့ ကျွန်တော် လမ်းပြပေးရမလား"
နင်တောက်ရန်မှာ ချင်းဖူးဖန့်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ပေရာ လမ်းပြမည့်သူ ရှိသည်မှာ အကောင်းဆုံး ဖြစ်တန်ရာသည်။
"ကောင်းသားပဲ၊ မင်းနာမည် ဘယ်လိုခေါ်လဲ"
သူက ခေါင်းငြိမ့်ပြုံးပြရင်း "ငါ ဝိညာဉ်ငါးသားပေါက်အချို့ ဝယ်ချင်လို့ပါ၊ ဈေးနှုန်းသင့်တင့်တဲ့နေရာကို မင်းသိမလား" ဟု မေးလိုက်၏။
"ကျွန်တော့်နာမည် ကျိူးချီ ပါခင်ဗျာ၊ ဝိညာဉ်ငါးအကြောင်းကိုတော့ ကျွန်တော် သိပါတယ်၊ ကောင်း မိသားစုရဲ့ ငါးဆိုင်က ငါးတွေက ဆူဖြိုးပြီး အသားကောင်းသလို ငါးသားပေါက်လည်း ရောင်းပါတယ်၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ သခင်လေး"
မကြာမီမှာပင် သူတို့သည် ချင်းဖူဖန့်ရှိ ဆိုင်တစ်ဆိုင်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။
"ဟော..."
ဆိုင်ရှင်မှာ ပါးနပ်လှသော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပေသည်။
သူသည် နင်တောက်ရန် ဝတ်ဆင်ထားသော အပြင်စည်းတပည့်ဝတ်စုံကို မြင်သည်နှင့် မျက်လုံးများ တောက်ပသွားကာ ထရပ်လျက်
"မိတ်ဆွေ... ဝိညာဉ်ငါး ဝယ်မလို့လားခင်ဗျာ" ဟု ပြုံး၍ မေးမြန်းချေသည်။
"အင်း..."
နင်တောက်ရန်သည် လမ်းပြပေးသော လူသားလူငယ် ကျိူးချီထံသို့ ငွေတစ်ကျပ် သို့မဟုတ် နှစ်ကျပ်ခန့် ပစ်ပေးလိုက်၏။
ဈေးအတွင်း၌ ကျင့်ကြံသူများကို လမ်းပြပေးခြင်းဖြင့် အသက်မွေးရသော လူသားတစ်ဦးအဖို့ ငွေတစ်ကျပ်ကို တစ်ကြိမ်တည်းနှင့် ပေးကမ်းသူမှာ တကယ့် ဖောက်သည်ကြီးပင် ဖြစ်ပေသည်။
ကျိူးချီမှာ အလွန်ဝမ်းမြောက်သွားပြီး အကြိမ်ကြိမ် ဂါရဝပြုကာ ထွက်ခွာသွားလေတော့သည်။
"ငါးဝယ်ဖို့ မဟုတ်ပါဘူး"
နင်တောက်ရန်သည် ဖန်ကန်အတွင်းရှိ ဆူဖြိုးသော ဝိညာဉ်ငါးများကို အားရအောင် ကြည့်ရှုပြီးမှ "ဆိုင်ရှင်... ငါ ကိုယ်တိုင်မွေးဖို့ ငါးသားပေါက်တွေ ဝယ်ချင်တာပါ" ဟု ဆိုလိုက်၏။
"အော်... ငါးသားပေါက်လား၊ ကောင်းတာပေါ့"
အခြားကန်တစ်ခုအတွင်း၌ ဆိုင်ရှင်က သူသားဖောက်ထားသော ဝိညာဉ်ငါးမျိုးစုံကို ပြသလေသည်။ ငါးသားပေါက်များမှာ ဈေးမကြီးလှပေ။ ဝိညာဉ်ကျောက်တုံး အနိမ့်တန်း (၁၀) တုံးဆိုလျှင်ပင် ငါးကောင်ရေ သောင်းချီ၍ ရနိုင်ချေသည်။
"မိတ်ဆွေ..." ဆိုင်ရှင်ကောင်းက ရယ်မောလျက် "ဒီငါးသားပေါက်တွေက သိပ်နုနယ်တယ်၊ ဂရုမစိုက်ရင် သေသွားတတ်တယ်၊ မိတ်ဆွေမှာ ဝိညာဉ်သားရဲအိတ် ပါသလား၊ ခရီးဝေး သယ်သွားမယ်ဆိုရင်တော့ အဲဒီအိတ် လိုလိမ့်မယ်၊ မဟုတ်ရင် အိမ်ရောက်တဲ့အခါ တစ်ဝက်လောက် သေကုန်ပါလိမ့်မယ်" ဟု အကြံပြုလေသည်။
နင်တောက်ရန်က အသာပြုံးလျက် "ဒါဆို ဆိုင်ရှင်လည်း အဲဒီအိတ်ကို ရောင်းတယ်ပေါ့" ဟု ဆိုလိုက်၏။
"အတိအကျပါပဲ"
ဆိုင်ရှင်သည် ခါးရှိ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အသစ်စက်စက် ဝိညာဉ်သားရဲအိတ်များ ထွက်ပေါ်လာချေသည်။ "ချင်းဖူအလုပ်ရုံက ဆရာကြီးတွေ ကိုယ်တိုင်လုပ်ထားတာမို့ စိတ်ချရပါတယ်၊ တစ်အိတ်ကို ဝိညာဉ်ကျောက်တုံး (၁၀) တုံးပါပဲ"
နင်တောက်ရန်သည် အားကောင်းသော အသိစိတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေရာ ဆိုင်ရှင်၏ မျက်ဝန်းအတွင်းမှ ဝေဝါးသောအမူအရာကို ရိပ်မိလိုက်၏။ ဤအိတ်၏ ဈေးနှုန်းမှန်မှာ ရှစ်တုံးခန့်သာ ရှိတန်ရာသည်။ သို့သော် သူ အငြင်းအခုန် မလုပ်တော့ပါ။
"ကောင်းပြီ... အိတ်နှစ်အိတ်နဲ့ ငါးသားပေါက် တစ်သောင်း ယူမယ်၊ ဒီမှာ ဝိညာဉ်ကျောက်တုံး (၃၀)၊ အကြွေပြန်မလိုတော့ဘူး" ဟု ဆိုလိုက်လေသည်။
"ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် မိတ်ဆွေ"
မကြာမီမှာပင် နင်တောက်ရန်သည် ငါးသားပေါက်တစ်သောင်းလုံးကို ဝိညာဉ်သားရဲအိတ်အတွင်းသို့ ထည့်လိုက်ချေပြီ။
"မိတ်ဆွေ... ဒီဝိညာဉ်ငါးတွေက အရှင်မွေးဖို့ သိပ်ခက်တယ်၊ ရေအရည်အသွေး၊ အစာနဲ့ နေရောင်ခြည်ကို သိပ်ဦးစားပေးရတာ၊ ငါ့မှာ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ 'ဝိညာဉ်ငါးမွေးမြူနည်း လက်စွဲကျမ်း' ရှိတယ်၊ မိတ်ဆွေ လိုချင်ရင်တော့ ဝိညာဉ်ကျောက်တုံး (၅၀) နဲ့ပဲ ပေးပါ့မယ်" ဟု နှမြောတသဟန်ဖြင့် ပြောဆိုပြန်၏။
နင်တောက်ရန်မှာ စိတ်ထဲမှပင် လှောင်ပြောင်မိလေသည်။ 'ဒီကုန်သည်စုတ်က စာအုပ်အစုတ်တစ်အုပ်ကို ကျောက်တုံး ၅၀ နဲ့ ရောင်းချင်နေတာလား၊ ငါ့မှာ ဝိညာဉ်သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ စွမ်းအားရှိနေတာပဲ၊ ငါးတွေ ဘာစားချင်လဲ၊ ဘယ်လိုနေချင်လဲဆိုတာ သူတို့ကိုပဲ တိုက်ရိုက်မေးလိုက်လို့ ရတာပဲ မဟုတ်လား'
သူသည် ယဉ်ကျေးစွာ ငြင်းဆိုပြီးနောက် အနန္တဂိုဏ်းသို့ ပြန်လာခဲ့လေသည်။ ဈေးပြင်ပသို့ ရောက်သောအခါ 'အေးချမ်းမှုတံဆိပ်ပြား' ကို ထုတ်၍ ခါးတွင် ချိတ်ဆွဲလိုက်ရာ လမ်းခရီး၌ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိခဲ့ချေ။
---
"လေငြိမ်စင်မြင့် "
အုတ်မြင့်တည်ဆောက်ခြင်းအဆင့် ပညာရှင် ဟွမ်ချန်ယန်သည် ဆူဖြိုးသော စိမ်းလဲ့ဝါး ဝိညာဉ်ဆန်များကို အသာအယာ ပွတ်သပ်ရင်း ပြတင်းပေါက်ပြင်ပသို့ ငေးကြည့်နေပေသည်။
"ဆရာ..." တပည့်ဖြစ်သူက တံခါးဖွင့်ဝင်လာ၏။
"သူ ဘယ်လိုနေလဲ"
"ဟဲဟဲ... အဲဒီညီငယ်က တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ် ဆရာ၊ ချင်းဖူဈေးကို သွားပြီး ဝိညာဉ်ငါးတွေ ဝယ်တယ်၊ တောင်ပေါ်မှာ ငါးမွေးဖို့ ထင်ပါတယ်၊ ဒါပေမဲ့ သူက ကျောက်စိမ်းပြားကို လမ်းမှာ ထုတ်မပြဘူး၊ ဈေးထဲက ထွက်ပြီး ဂိုဏ်းကို ပြန်ခါနီးမှပဲ ခါးမှာ ချိတ်ဆွဲသွားတာပါ"
"အင်း..." ဟွမ်ချန်ယန်က ပြုံးလိုက်၏။ "သူက လူမှုရေး နားလည်တဲ့သူပဲ၊ ယဉ်ကျေးပျူငှာပြီး ဘယ်လိုပြုမူရမလဲဆိုတာ သိတဲ့သူမျိုးက တကယ်ပဲ ရှားပါးတယ်၊ မင်းတို့လည်း သူ့ဆီကနေ အတုယူကြဦး"
"တပည့် နားလည်ပါပြီ ဆရာ"
"ဒါနဲ့ နောင်မှာ နင်တောက်ရန် ဈေးထဲလာရင် ဂရုစိုက်ကြည့်ပေးထားဦး၊ ဘယ်သူမှ သူ့ကို အနိုင်မကျင့်စေနဲ့၊ ငါတို့ အနန္တဂိုဏ်းကလူတွေ ဟွမ်လုံဈေးထဲမှာ မျက်နှာငယ်လို့ မဖြစ်ဘူး"
"(၇၇) ကွက်မြောက်ဝိညာဉ်လယ်ကွင်း"
လူနှင့် သမင်တို့မှာ တက်ကြွစွာ အလုပ်ပြန်စကြပြန်ချေပြီ။
နင်တောက်ရန်၏ အပြင်စည်းရှိ မြေနေရာလျှောက်ထားမှုမှာ အဆင်ပြေချောမွေ့လှပေသည်။ တာဝန်ခံ အကြီးအကဲမှာ နင်တောက်ရန် ပေးအပ်သော ဒုတိယအဆင့် ဝိညာဉ်ဆန် ပိဿာသုံးဆယ်ကို လက်ခံရရှိပြီးနောက် "တပည့်... မင်းက တကယ်ပဲ ယဉ်ကျေးလွန်းပါတယ်" ဟု ဆိုကာ မြေနေရာကို ချက်ချင်း ခွင့်ပြုပေးလိုက်လေသည်။
ယခုအခါ ခြံနောက်ဘက်ရှိ နှစ်ဧကနီးပါး ကျယ်ဝန်းသော မြေကွက်ကို ငါးကန်အဖြစ် သတ်မှတ်ကာ ဂိုဏ်း၏ မြေစာရင်းတွင် ထည့်သွင်းလိုက်ချေပြီ။
သုံးရက်အတွင်းမှာပင် သူနှင့် သမင်ကြီးတို့သည် ခွန်အားသုံး၍ ငါးကန်ကို တူးဖော်ပြီးနောက် ချုန်းပီတောင်ထိပ်ရှိ စမ်းချောင်းမှ ရေများကို သွယ်ယူဖြည့်တင်းကာ ငါးသားပေါက်များကို ထည့်လိုက်ကြလေသည်။
သူသည် ငါးသားပေါက်အချို့ကို ယဉ်ပါးအောင် ပြုလုပ်ပြီးနောက် ၎င်းတို့၏ နေထိုင်မှုပုံစံကို နေ့စဉ် မေးမြန်းစုံစမ်းလေသည်။ ငါးကန်ဘေးတွင် အရိပ်ရစေရန် သစ်ပင်များ စိုက်ပျိုးပြီး ဝိညာဉ်ဆန်မှုန့်များ၊ ဆန်ကွဲများကို အစာအဖြစ် ကျွေးမွေးခဲ့၏။
ငါးများ လက်တစ်ချောင်းခန့် အရွယ်ရှိလာသောအခါ စိမ်းလဲ့ဝါးဝိညာဉ်ဆန်၏ ဝါးရွက်နှင့် ဝါးရိုးများကို ငါးကန်အတွင်းသို့ ပစ်ထည့်ပေးလိုက်ရာ ငါးများမှာ ဝိညာဉ်စွမ်းအားများကို ဆက်လက် စုပ်ယူနိုင်ခဲ့ချေပြီ။ ယင်းကား သိပ္ပံနည်းကျပြီး ယုတ္တိတန်သော မွေးမြူရေးစနစ်ပင် ဖြစ်ချေသည်။
ဝိညာဉ်ငါးများ တစ်နေ့တခြား ကြီးထွားလာသည်နှင့်အမျှ ၎င်းတို့မှာ ချုန်းပီတောင်ထိပ်၏ အမာခံ အရင်းအမြစ်များ ဖြစ်လာခဲ့လေသည်။
နင်တောက်ရန်သည် ဂိုဏ်းအတွင်း၌ အလုပ်တစ်ခုခု သွားရောက်လုပ်ဆောင်တိုင်း ဆူဖြိုးသော ဝိညာဉ်ငါးတစ်ကောင် နှစ်ကောင်ကို ခါးတွင် ချိတ်ဆွဲသွားလေ့ရှိရာ အကြီးအကဲများနှင့် စီမံခန့်ခွဲသူတိုင်းက သူ့အား "လူမှုရေး သိနားလည်သော ကလေးငယ်" ဟု ချီးမွမ်းကြလေတော့သည်။
စီနီယာလင်းရှန့်နှင့် ညီမငယ်ဟန်ပင်းတို့လည်း မကြာခဏ လာရောက်တတ်ကြပေသည်။ သူတို့ လာသည့်အခါတိုင်း နင်တောက်ရန်က ဝိညာဉ်ငါးနှင့် ဝိညာဉ်ဆန်များဖြင့် ဧည့်ခံကျွေးမွေးသဖြင့် သူတို့မှာပင် အားနာနေကြရချေပြီ။
ချုန်းပီတောင်ထိပ်ရှိ လယ်ယာစိုက်ပျိုးသည့် နေ့ရက်များမှာ ပျော်ရွှင်စရာ ကောင်းလှပေသည်။ အချိန်ကာလမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ သုံးနှစ်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ချေပြီ။
ယခုအခါ နင်တောက်ရန်မှာ အသက် (၂၇) နှစ် ရှိပြီဖြစ်ကာ အနန္တဂိုဏ်းသို့ ရောက်ရှိသည်မှာ (၇) နှစ် ပြည့်ခဲ့လေပြီ။
နံနက်ခင်းတစ်ခု၌ နင်တောက်ရန်သည် မြေအောက် လျှို့ဝှက်ခန်းအတွင်း၌ နိုးထလာကာ အချိန်တန်ပြီဟု ခံစားလိုက်မိ၏။
သူ၏ လက်ဝယ်၌ ကျင့်ကြံမှုအချိန် နာရီပေါင်းလေးသောင်းနီးပါး စုဆောင်းမိနေပြီ ဖြစ်ပေရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ်၏ နောက်ဆုံးအဆင့်သို့ တွန်းတင်ရန် အချိန်ကျရောက်ပြီ ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' နှင့် 'ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်' တို့မှာ သူ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်ခြင်း မရှိချေ။
ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ်သာလျှင် သူ့အား ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၇) သို့ ပို့ဆောင်ပေးနိုင်မည် ဖြစ်ပေသည်။ မိမိ၏ အစွမ်းသတ္တိ မတိုးတက်ပါက လက်ဝယ်ရှိ အရင်းအမြစ်များမှာ အဓိပ္ပာယ်မဲ့နေမည် မဟုတ်လား။
သူသည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံမှုအချိန်များကို ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ်အတွင်းသို့ သွန်းလောင်းလိုက်လေသည်။
【နှစ်ပေါင်း ၉၄၀၀ တိုင်တိုင် အရှင်သည် ကြိုးစားကျင့်ကြံအားထုတ်ခဲ့သော်လည်း ကျင့်စဉ်မှာ အပြောင်းအလဲ မရှိခဲ့ချေ။ လွန်ခဲ့သော နှစ်ပေါင်း ကိုးထောင်ကျော်မှာ အချည်းနှီး ဖြစ်နေပုံရပါတယ်။】
【နှစ်ပေါင်း ၁၇၀၀၀ တွင် အရှင်သည် အရှုံးမပေးဘဲ ဝိညာဉ်သဲမျိုးစုံဖြင့် ခန္ဓာကိုယ်ကို စတင်သန့်စင်ခဲ့ပါသည်။ သံသဲများ ပြည့်နေသော သံပုံးအတွင်း၌ ရေချိုးခြင်း၊ ပေရာပေါင်းများစွာ မြင့်သော ရေတံခွန်အောက်၌ ခန္ဓာကိုယ်ကို အနှိပ်စက်ခံခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိခဲ့ပါ။】
【နှစ်ပေါင်း ၂၄၅၆၀ တွင် အရှင်၏ သက်စောင့်အားမာန်တို့မှာ တစ်ဖန် ခန်းခြောက်လာပြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အိုမင်းမစွမ်းသော အဖိုးအိုတစ်ဦး ဖြစ်သွားခဲ့ချေပြီ။ အရှင်၏ ဇနီးမယားများမှာလည်း အရှင့်ကို စွန့်ခွာသွားကြပြန်ပေရာ၊ အရှင်သည် ဘဝ၏ နိဂုံးကို မြင်တွေ့နေရသကဲ့သို့ ခံစားရကာ အားကိုးရာမဲ့စွာ မျက်လုံးများကို ပိတ်ထားလိုက်ပါသည်။】
【နှစ်ပေါင်း ၃၂၄၀၀ သို့ ရောက်သောအခါ မြေမှုန့်အဖြစ် ပြောင်းလဲတော့မည့် ဆဲဆဲတွင် အရှင်သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပါသည်။ မြင့်မားသော သစ်ပင်ကြီး၏ သစ်ရွက်များကြားမှ တိုးထွက်လာသော နေရောင်ခြည် အလင်းတန်းလေးကို အရှင် ငေးကြည့်မိ၏။ သစ်ရွက်များ မည်မျှပင် ထူထပ်စေကာမူ နေရောင်ခြည်မှာ အပေါက်ငယ်လေးတစ်ခုမှ တိုးထွက်လာနိုင်သေးလျှင်၊ အရှင်သည် အဘယ်ကြောင့် မလုပ်နိုင်ရမှာလဲ။】
【ရုတ်တရက်ဆိုသလို အရှင်သည် နက်နဲသော အသိဉာဏ်ကို ဆုပ်ကိုင်မိလိုက်ပြီး သက်စောင့်အားမာန်တို့ ပြန်လည်ဝင်ရောက်လာကာ၊ ခန္ဓာကိုယ်မှာလည်း ငယ်ရွယ်နုပျိုသော အခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ】
[သွေးနှင့်ဝိညာဉ်စွမ်းအား အသွင်ပြောင်းလဲခြင်း (၇၂) မျိုး]
[ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ် - မြေအဆင့် အနိမ့်တန်း (မူလသဘာဝသို့ ပြန်လည်ရောက်ရှိခြင်းအဆင့်)]
[ဝိညာဉ်စွမ်းအင်သန့်စင်မှုအဆင့် - အဆင့် ၇]
[ကျန်ရှိသော ကျင့်ကြံမှုအချိန် - ၅၄၃၃ နှစ်]
"စူး..."
နင်တောက်ရန်၏ ခန္ဓာကိုယ်မှ စိမ်းလဲ့သော မီးခိုးအမျှင်တန်းလေးများ ထွက်ပေါ်လာချေပြီ။ ကျင့်စဉ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော ပြောင်းလဲမှုများကို ကြုံတွေ့နေရပေသည်။
အရေပြားအောက်ရှိ သွေးများမှာ ပူပြင်းသော ချော်ရည်များကဲ့သို့ စီးဆင်းနေပြီး၊ ကြွက်သားများမှာလည်း ပိုမိုခိုင်မာလာခဲ့ချေပြီ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည့်အခါ ဝိညာဉ်စွမ်းအားများမှာ တစ်ကိုယ်လုံးကို ထူထပ်စွာ ဖုံးလွှမ်းသွားပြီး ပေါက်ကွဲထွက်လုမတတ် စွမ်းအားများကို ခံစားနေရပေသည်။
ထူးခြားသည်မှာ ကျင့်စဉ်ကို လည်ပတ်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး ဆံပင်များမှာလည်း ရွှေရောင်အမျှင်တန်းများအဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်ချေသည်။
"ငါ... ဖားကန့်"
ကြေးမုံပြင်အတွင်းမှ မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုမိသော နင်တောက်ရန်မှာ တစ်စုံတစ်ခုနှင့် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရ၏။
ယခုအခါ ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ်မှာ အဆုံးစွန်သို့ ရောက်ရှိသွားခဲ့ချေပြီ။ ဤကျင့်စဉ်တစ်ခုတည်းဖြင့် ခန္ဓာကိုယ်ကို ထပ်မံသန့်စင်ရန် မဖြစ်နိုင်တော့ချေ။
အဆုံးစွန်သော သန့်စင်မှုမှာ အဆုံးစွန်သော စွမ်းအားကို ဆောင်ကျဉ်းပေးခဲ့ပေရာ နင်တောက်ရန်က လက်မောင်းကို အသာအယာ ဝှေ့ယမ်းလိုက်သည့်တိုင်အောင် သူ၏ လက်သီးချက်စွမ်းအားမှာ အနည်းဆုံး 'အရည်ဖွဲ့စည်းခြင်းနယ်ပယ်' အစောပိုင်းရှိ ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေပေပြီ။
ဆိုလိုသည်မှာ လက်ချင်းယှဉ် တိုက်ခိုက်မည်ဆိုပါက အုတ်မြင့်တည်ဆောက်ခြင်းအဆင့် ပညာရှင်တစ်ဦးကို လက်သီးသုံးချက်အတွင်း အသေသတ်ရန် မခဲယဉ်းတော့ချေ။ (အကယ်၍ တစ်ဖက်လူတွင် အစွမ်းထက်သော ကာကွယ်ရေးမှော်လက်နက် မရှိပါက ဖြစ်ပေသည်။)
ထို့ပြင် ဤတစ်ကြိမ် ကျင့်ကြံမှုမှ ရရှိလိုက်သော အကြီးမားဆုံး အကျိုးကျေးဇူးမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှု နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းပင် ဖြစ်ချေသည်။
အဆင့် (၇) ဟူသော ကျင့်ကြံမှုအဆင့်မှာ လွန်ခဲ့သော ငါးနှစ်က စီနီယာလင်းရှန့်၏ အဆင့်နှင့်ပင် တူညီနေချေပြီ။
အနန္တဂိုဏ်း၏ အပြင်စည်း၌ ဤအဆင့်ရှိသော တပည့်များကို တန်ဖိုးရှိသော ရတနာများသဖွယ် ဆက်ဆံလေ့ရှိပေရာ၊ အဆင့် (၇) သို့ ရောက်သည်နှင့် အတွင်းစည်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခွင့် ရှိပေသည်။
သို့သော် နင်တောက်ရန်မှာ ထင်ပေါ်ကျော်ကြားမှုကို မလိုလားဘဲ ချုန်းပီတောင်ထိပ်၌သာ အေးအေးဆေးဆေး ဝိညာဉ်ဆန် စိုက်ပျိုးလိုပေသည်။
ထို့ကြောင့်ပင် သူသည် 'ဝိညာဉ်အရှိန်အဝါ ဖုံးကွယ်ခြင်းကျင့်စဉ်' ကို အသုံးပြုလိုက်ချေပြီ။
သူသည် အဆင့် (၃) ၌သာ ရှိနေဟန် ဆက်လက် ပြသထားမည် ဖြစ်ပေသည်။ ပါရမီညံ့ဖျင်းသော အပြင်စည်းတပည့်တစ်ဦးမှာ (၇) နှစ်ကြာ ကျင့်ကြံပြီးနောက် အဆင့် (၃) ၌သာ ရှိနေခြင်းမှာ အလွန်ယုတ္တိတန်လှပေရာ မည်သူမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။
နင်တောက်ရန်သည် မိမိ၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရင်း ချုန်းပီတောင်ထိပ်၏ အေးချမ်းသော နေ့ရက်များကို ဆက်လက် ဖြတ်သန်းသွားရန်သာ ဆုံးဖြတ်လိုက်ပါတော့သတည်း။
***