ယခုအခါ ဝိညာဉ်စွမ်းအင်သန့်စင်မှု နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သော နင်တောက်ရန်အဖို့ လမ်းနှစ်သွယ် ရွေးချယ်စရာ ရှိနေပေသည်။
ပထမတစ်ခုမှာ မိမိ၏ ကျင့်ကြံမှုအဆင့်ကို ဆက်လက်ဖုံးကွယ်ထားကာ အေးအေးဆေးဆေးပင် ဆက်လက်နေထိုင်ရန် ဖြစ်ချေသည်။
ဒုတိယတစ်ခုမှာမူ မိမိ၏ အဆင့်ကို ထုတ်ဖော်ပြသကာ ဂိုဏ်း၏အကျိုးဆောင်ခန်းမမှ 'နေမင်းအရှိန်အဝါ ကျင့်စဉ်' ကို အခမဲ့ ထုတ်ယူကျင့်ကြံရန်ပင် ဖြစ်တော့သည်။
ထို 'နေမင်းအရှိန်အဝါ ကျင့်စဉ်' သည် 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' ကဲ့သို့ပင် မြေအဆင့် အထက်တန်းစား ကျင့်စဉ်တစ်ခု ဖြစ်ပေရာ မီးဒြပ်ဝိညာဉ်မြစ် ရှိသူတိုင်း ကျင့်ကြံနိုင်ပေသည်။
ထို့ပြင် ယင်းကား အနန္တဂိုဏ်း၏ တည်ထောင်သူဘိုးဘေးကိုယ်တိုင် တီထွင်ခဲ့ခြင်းဖြစ်ပြီး ဓားသိုင်းပညာရပ်များနှင့်လည်း ဆက်နွှယ်မှု ရှိနေပေသည်။
တတ်မြောက်သွားပါက ခန္ဓာကိုယ်အတွင်းမှ မီးဒြပ်စွမ်းအင်များကို လက်ညှိုးမှတစ်ဆင့် ပြင်းထန်သော ဓားအရှိန်အဝါများအဖြစ် ထုတ်လွှတ်တိုက်ခိုက်နိုင်မည် ဖြစ်ချေသည်။
ထို့ကြောင့်ပင် တောင်ပေါ်ရှိ စီနီယာအစ်ကို၊ အစ်မများမှာ လက်ညှိုးများကို မြှောက်ကာ 'ဗျူး... ဗျူး...' ဟု အသံပြုလျက် ဓားချက်များ ထုတ်လွှတ်နေကြသည်ကို မြင်ရတိုင်း နင်တောက်ရန်နှင့် သမင်ကြီးတို့မှာ "တကယ့်ကို အံ့မခန်းပါပဲ" ဟု တအံ့တဩ ရေရွတ်မိကြလေသည်။
နင်တောက်ရန်အနေဖြင့် နောင်တစ်ချိန်တွင် သစ်သားဒြပ်နှင့် မီးဒြပ် နှစ်မျိုးလုံးကို ပူးတွဲကျင့်ကြံရန် ရည်ရွယ်ထားပေရာ၊ ဤနေမင်းကျင့်စဉ်မှာ သူ့အတွက် ဖြတ်လမ်းတစ်ခုပင် ဖြစ်ချေတော့မည်။
သို့သော်လည်း သူသည် အေးအေးဆေးဆေး လယ်ယာစိုက်ပျိုးသည့် လမ်းကိုသာ ဆက်လက်ရွေးချယ်လိုက်ပေသည်။
လက်ရှိ၌ သူသည် မူလသဘာဝသို့ ပြန်လည်ရောက်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဉ်နှင့် အဆင့် (၇) ရှိ ထာဝရစိမ်းလန်းခြင်းကျင့်စဉ်တို့ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ သက်တူရွယ်တူများကြား၌ အနှိုင်းမဲ့နေပြီ ဖြစ်ပေသည်။ ထို့ကြောင့် အလောတကြီး လုပ်ဆောင်ရန် မလိုအပ်သေးချေ။
နေမင်းကျင့်စဉ်ကိုမူ နောင်နှစ်အနည်းငယ်ကြာ၍ ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားလာမှသာ ထုတ်ယူရန် ဆုံးဖြတ်လိုက်၏။ အချိန်တန်၍ ထိုကျင့်စဉ်ကို တတ်မြောက်သွားပါက သူ၏ အစွမ်းသတ္တိမှာ မည်သူမျှ ခန့်မှန်း၍ မရနိုင်လောက်အောင် ရှိနေပေတော့မည်။
---
"ချုန်းပီတောင်ထိပ် "
ချန်ဝေ့မော လေးမှာ ယခုအခါ ရှစ်နှစ်သမီးအရွယ် မိန်းကလေးငယ်လေး ဖြစ်လာခဲ့ချေပြီ။ သူမသည် အဖွား ယွင်စွေ့ချုပ်ပေးထားသော ဝတ်စုံလေးကို ဆင်မြန်းကာ လယ်ကွင်းပြင်များကြား၌ ပြေးလွှားဆော့ကစားနေတတ်ပေသည်။
"ဦးလေးနင်"
"ဦးလေးသမင်"
နင်တောက်ရန်နှင့် သမင်ကို မြင်တိုင်း ထိုမိန်းကလေးငယ်မှာ ချက်ချင်းပင် ရပ်တန့်ကာ အလေးပြုတတ်ပေရာ နင်တောက်ရန်က ပြုံးလျက် သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးကာ "တော်တယ်... တော်တယ်၊ ဆုပေးရမယ်" ဟု ဆိုကာ သစ်သီးများ ပေးခြင်း သို့မဟုတ် နောက်ဖေးကန်၌ ငါးဖမ်းခေါ်သွားခြင်းတို့ကို ပြုလုပ်ပေးလေ့ရှိသည်။
ချန်ဝေ့မောမှာ ငါးဖမ်းရသည်ကို အလွန်ဝါသနာပါပေသည်။ ညနေစောင်း၌ သူမ၏ အမေဖြစ်သူက ထိုငါးများကို အရသာရှိလှသော ဟင်းလျာများအဖြစ် ချက်ပြုတ်ပေးလေ့ရှိရာ၊ ထိုမိန်းကလေးငယ်မှာ ရုပ်ရည်လှပသော်လည်း အတွင်း၌မူ အစားပုတ်လေးတစ်ဦးပင် ဖြစ်ချေတော့သည်။
"နင်တောက်ရန်... သူ့ကို သိပ်ပြီး အလိုမလိုက်ပါနဲ့ဦး" အဖွား ယွင်စွေ့က မြေးမလေး ငါးများ သယ်လာသည်ကို မြင်တိုင်း ပြုံးလျက် ဆိုတတ်သည်။
"ဒီဝိညာဉ်ငါးတွေက သိပ်တန်ဖိုးရှိတာ၊ မင်း အပင်ပန်းခံ မွေးထားရတာဆိုတော့ ဈေးမှာ သွားရောင်းပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာသင့်တယ်၊ ဒီကလေးမလေးအတွက်ကတော့ သာမန်ငါးကလေးတွေ ကျွေးရင် ရပါတယ်"
"ရပါတယ် အမေကြီးရဲ့၊ ကျွန်တော့်ကန်က ငါးတွေ အများကြီး ထွက်ပါတယ်၊ ဝေ့မောလေးအတွက် တစ်ကောင်နှစ်ကောင်က ကိစ္စမရှိပါဘူး" ဟု နင်တောက်ရန်က ဆိုလေရာ အဖွားယွင် စွေ့မှာ ပြုံး၍ ခေါင်းငြိမ့်ပြသော်လည်း မိမိတို့အပေါ် နင်တောက်ရန် ထားရှိသော ကျေးဇူးတရားများကိုမူ ရင်ထဲ၌ အမှတ်ရနေပေသည်။
ဝေ့မောလေးမှာလည်း ကံကောင်းလှပေရာ သူမ၌ ဝိညာဉ်မြစ် ရှိနေပေသည်။
သို့သော်လည်း အဆင့် (၈) ဝန်းကျင်သာ ရှိသဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန်မှာမူ မျှော်လင့်ချက် နည်းပါးလှချေသည်။ သို့သော် ဝိညာဉ်ငါးနှင့် ဝိညာဉ်ဆန်များကို စားသုံးနေရသဖြင့် ဝိညာဉ်စွမ်းအင်သန့်စင်မှု နောက်ဆုံးအဆင့်အထိ ရောက်ရှိနိုင်မည်ဆိုလျှင်ပင် လုံလောက်လှပြီ ဖြစ်ပေသည်။
" (၇၈)ကွက်မြောက် ဝိညာဉ်လယ်ကွင်း"
မာချွမ်ယို မှာမူ သူစုဆောင်းမိသော ဝိညာဉ်ကျောက်တုံးများအတွက် ကျေနပ်အားရနေပေသည်။ သူ၏ ပါရမီမှာ အလွန်ညံ့ဖျင်းသဖြင့် အခြေတည်အဆင့်ကို စဉ်းစားရန်ပင် မလိုတော့ချေ။
"မိတ်ဆွေနင်... ဈေးရဲ့ အရှေ့ဘက်မှာ တဲလေးတွေရှိတယ်၊ အဲဒီမှာ လှပတဲ့ မိန်းကလေးတွေ ရှိတယ်၊ သူတို့ ဘာလုပ်ကြလဲ မင်းသိလား"
"သိတာပေါ့" နင်တောက်ရန်၏ မျက်ဝန်းတို့မှာ အေးစက်နေပေသည်။ "သူတို့က ဝိညာဉ်မြစ် အားနည်းပေမဲ့ မသေမျိုးလမ်းစဉ်ကို လိုက်စားချင်လွန်းလို့ ကိုယ်ခန္ဓာကို ရောင်းချပြီး ဝိညာဉ်ကျောက်တုံး ရှာနေကြတဲ့ ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးတွေပဲ မဟုတ်လား"
မာချွမ်ယိုမှာ ကြောင်အသွားပြီးနောက် "မိတ်ဆွေနင်က လူပျိုအရွယ် သွေးကြွနေတဲ့အချိန်ပဲ၊ ငါနဲ့အတူတူ အဲဒီနတ်သမီးလေးတွေရဲ့ နူးညံ့မှုကို သွားခံစားကြည့်မလား" ဟု လျှာသပ်လျက် ဆိုလေသည်။
"ငါ အမြဲသွားနေကျ နတ်သမီးလေးနာမည်က ရှီးဟန် တဲ့၊ မင်းလိုက်မယ်ဆိုရင် အဲဒီလို ချိုမြိန်လွန်းတဲ့ အရသာကို ငါကပဲ လမ်းညွှန်ပေးပါ့မယ်"
"ဦးကြီးမာ ..." နင်တောက်ရန်က တည်ကြည်စွာ ဆိုလိုက်သည်။ " တစ်ယောက်တည်း သွားရမှာ ပျင်းလို့ ကျွန်တော့ကို လာခေါ်နေတာလား"
မာချွမ်ယိုမှာ မျက်နှာနီမြန်းသွားကာ ဂါရဝပြုလျက် ထွက်ခွာသွားတော့သည်။ အပြင်စည်းတပည့်ကို မိမိနှင့်အတူ လမ်းမှားသို့ ခေါ်ဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း သူ နားလည်သွားပုံရပေသည်။
" (၈၀) နှင့် (၈၁) ဝိညာဉ်လယ်ကွင်းများ"
ဟုန်မင် နှင့် ကျူံးယန် တို့မှာ နှစ်အတော်ကြာ ခွဲမရအောင် ရှိနေကြပေသည်။ ဟုန်မင်က ကျူံးယန်အလိုရှိသမျှ ဖြည့်ဆည်းပေးသလို၊ ကျူံးယန်ကလည်း ဟုန်မင်ကို ဂရုတစိုက် ပြုစုတတ်ပေသည်။
သို့သော်လည်း တစ်ခါတစ်ရံ၌ ကျူံးယန်၏ မျက်ဝန်းတို့တွင် တောင့်တမှုနှင့် မကျေနပ်မှု အရိပ်အယောင်အချို့ ဖြတ်သန်းသွားတတ်ပေသည်။
ဝိညာဉ်လယ်ကွင်း (၈၁) မှ ဟွမ်ရှန် မှာမူ နေ့ဘက်၌ လယ်ထွန်ကာ ညဘက်၌ ကြိုးစားကျင့်ကြံသော်လည်း နှစ်အနည်းငယ်ကြာသည့်တိုင် သူ၏ ကျင့်ကြံမှုမှာ တိုးတက်လာခြင်း မရှိချေ။
ထိုနေ့တွင် ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းလျက်ရှိပြီး မိုးသည်းထန်စွာ ရွာသွန်းတော့မည့်ဟန် ရှိပေသည်။
ညနေစောင်းအချိန် မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ နင်တောက်ရန်သည် ကျင့်ကြံနေရင်း မိမိယဉ်ပါးအောင် ပြုလုပ်ထားသော တောစာကလေးများမှတစ်ဆင့် ဂိုဏ်း၏ အတွင်းအပြင် အခြေအနေများကို စောင့်ကြည့်နေပေသည်။
ဂိုဏ်း၏ တံခါးဝပြင်ပတွင် သာမန်ဝတ်စုံဝတ် အမျိုးသားနှစ်ဦးမှာ နှစ်ရက်တိုင်တိုင် ဝဲလည်နေကြပေရာ သူတို့၏ အမူအရာမှာ အလွန်ထူးဆန်းနေပေသည်။ နင်တောက်ရန်က စာကလေးတစ်ကောင်ကို အနီးကပ် လွှတ်၍ နားထောင်ကြည့်လိုက်သည်။
"အကြီးအကဲ... သဲလွန်စက တကယ်ပဲ ဟုတ်လို့လား၊ လွန်ခဲ့တဲ့ ခုနစ်နှစ်က 'တတိယခေါင်းဆောင်' ကို သတ်သွားတဲ့သူက တကယ်ပဲ အနန္တဂိုဏ်းကလား"
"ဒုတိယညီလေး... ခေါင်းဆောင်ကြီးက ငါတို့ကို စုံစမ်းဖို့ လွှတ်လိုက်တာလေ၊ သဲလွန်စတွေက ဒီဂိုဏ်းဆီကိုပဲ ညွှန်ပြနေတာ၊ ဂိုဏ်းရဲ့ မှတ်တမ်းတွေကို ကြည့်နိုင်ရင် တတိယခေါင်းဆောင် သေတဲ့နေ့က ဘယ်သူတွေ အပြင်ထွက်သွားလဲဆိုတာ သိနိုင်မှာပဲ"
"ခေါင်းဆောင်ကြီးက ပြောထားတယ်၊ သံသယရှိတဲ့သူကို တွေ့ရင် လက်မနှေးနဲ့တဲ့၊ ငါတို့က ဒီဂိုဏ်းကို ရန်မစနိုင်ပေမဲ့ အဲဒီလူ ဂိုဏ်းပြင်ပကို ထွက်လာတဲ့အချိန်မှာ ဖမ်းဆီးပြီး အရေခွံနွှာပစ်ရမယ်"
'လေပွေနက်စခန်း' မှ ဓားပြများမှာ မိမိ၏ တံခါးဝအထိ ရောက်လာကြပြီ ဖြစ်ပေရာ -နင်တောက်ရန်မှာ ချက်ချင်းပင် ဂိုဏ်းပြင်ပသို့ ထွက်ခွာခဲ့လေသည်။
တောအုပ်အတွင်း၌ နင်တောက်ရန်သည် ထိုဓားပြနှစ်ဦးကို အလွယ်တကူ ဖမ်းဆီးကာ 'ဝိညာဉ်ရှာဖွေခြင်းကျင့်စဥ်' ကို အသုံးပြုလိုက်၏။
သူတို့၏ စိတ်အစဉ်အတွင်း၌ လေပွေနက်စခန်းမှ ဓားပြဗိုလ်နှင့် ဒုတိယခေါင်းဆောင်ကြီးများ၏ ပုံရိပ်များ ပေါ်လာချေသည်။
တတိယခေါင်းဆောင်မှာ ဓားပြဗိုလ်ခေါင်းဆောင်ကြီး၏ အချစ်ဆုံး မယားငယ်၏ မောင်ဖြစ်ပေရာ ထိုမယားငယ်၏ ပူဆာမှုကြောင့် ခေါင်းဆောင်ကြီးမှာ နှစ်ပေါင်းများစွာ စုံစမ်းခဲ့ပြီးနောက် ယခုအခါ အနန္တဂိုဏ်းမှ လူတစ်ဦး ထိုနေ့က တောအုပ်အတွင်း ဖြတ်သန်းသွားကြောင်း သိရှိသွားခြင်းပင် ဖြစ်ချေသည်။
"ဒုက္ခပဲ... ငါ့ဆီကို သဲလွန်စတွေ ရောက်လာတော့မယ်"
နင်တောက်ရန်သည် ထိုဓားပြနှစ်ဦးကို သုတ်သင်လိုက်လေသည်။ ညဉ့်နက်ချိန်၌ သူသည် သမင်ကြီးကို ဤအကြောင်း ပြောပြရာ သမင်ကြီးမှာလည်း အလွန်ဒေါသထွက်နေပေသည်။
"သမင်ကြီး... ငါတို့ကို သတ်ဖို့ ကြံစည်နေတဲ့သူတွေကို မင်း သည်းခံနိုင်လား"
"အူး~~~" သမင်ကြီးက ဟိန်းဟောက်လိုက်ရာ သူ၏ နဖူးပေါ်၌ အကြောများပင် ထောင်တက်လာချေသည်။
"ကဲ... ပစ္စည်းတွေပြင်၊ ငါတို့ တောင်ပေါ်က ဆင်းကြမယ်"
နင်တောက်ရန်သည် သူစုဆောင်းထားသော ကျင့်ကြံမှုအချိန်များမှ နှစ်ပေါင်း လေးထောင်ကျော်ကို အသုံးပြု၍ 'ကိုယ်ဖျောက်ကျင့်စဥ်' နှင့် 'ဝိညာဥ်အသံစုပ်ယူခြင်းကျင့်စဥ်' တို့ကို အဆင့်မြှင့်တင်လိုက်၏။ ထို့နောက် လှံရှည်ကို သမင်ကြီး၏ ကျောပေါ်၌ တင်ကာ ထီးတစ်လက်ကို ဆောင်းလျက် တောင်ပေါ်မှ ဆင်းလာခဲ့လေတော့သည်။
အနန္တဂိုဏ်းမှ ထွက်ခွာပြီးနောက် သူသည် ဝတ်စုံလဲလိုက်၏။ အနက်ရောင်ဝတ်စုံပေါ်၌ မိုးကာအင်္ကျီနှင့် ခမောက်ကို ဆောင်းလျက်၊ လက်၌ လှံရှည်ကို ကိုင်ထားသော နင်တောက်ရန်မှာ သိုင်းလောကမှ သူရဲကောင်းတစ်ဦးနှင့် တူလှပေသည်။
မိုင်တစ်ရာကျော် ခရီးနှင်ပြီးနောက် ဝေးလံသော တောင်ကုန်းပေါ်၌ မီးရောင်များကို မြင်တွေ့ရပေရာ ယင်းကား လေပွေနက်စခန်းပင် ဖြစ်တော့သည်။
"သမင်ကြီး... ငါ တစ်ယောက်တည်း စခန်းထဲကို ခိုးဝင်မယ်၊ မင်းက မြေလျှိုးအတတ်နဲ့ ငါ့နောက်က လိုက်ခဲ့၊ ငါ မှားယွင်းတာမျိုး မရှိရင် မင်း မတိုက်ခိုက်နဲ့ဦး၊ သိလား"
"အူး~~~" သမင်ကြီးက နားလည်ကြောင်း ပြန်ထူးလေသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသော ည၌ နင်တောက်ရန်သည် အဆင့်မြှင့်ထားသော အတတ်ပညာများကို အသုံးပြုကာ လေပွေနက်စခန်းအတွင်းသို့ အရိပ်အယောင်မပြဘဲ တိတ်တဆိတ် ဝင်ရောက်ခဲ့ချေပြီ။
လေပွေနက်စခန်း၏ ဒုတိယခေါင်းဆောင်မှာ စားသောက်မြူးထူးပြီးနောက် မိမိ၏ မယားငယ်များရှိရာ အခန်းသို့ ယိမ်းထိုးလျက် လာခဲ့ပေသည်။ အခန်းအတွင်း၌ မီးမလင်းသည်ကို မြင်သောအခါ သူသည် ဒေါသထွက်လျက် တံခါးကို ကန်ဖွင့်ကာ ဝင်သွားလေသည်။
သို့သော်လည်း အခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ကျောရိုးတလျှောက် စိမ့်တက်သွားကာ အမူးများပင် ပြေသွားချေပြီ။
အမှောင်ထုအတွင်းမှ ပုံရိပ်တစ်ခုမှာ ထုတ်တန်းပေါ်မှ ခုန်ဆင်းလာပြီးနောက် လက်နက်တစ်ခုမှာ လေထုကို ဖြတ်သန်းလျက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာချေတော့သည်။
နင်တောက်ရန်သည် မိမိ၏ ခွန်အားအားလုံးကို အသုံးပြု၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေရာ ဒုတိယခေါင်းဆောင်မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ဦးခေါင်းတစ်ခုလုံး ကြေမွပျက်စီးကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ချေပြီ။
နင်တောက်ရန်သည် ထိုသူ၏ အလောင်းကို ရှာဖွေကာ ပစ္စည်းများကို ယူဆောင်ပြီးနောက် မိုးမှောင်အတွင်း၌ပင် ဓားပြဗိုလ်ခေါင်းဆောင်ကြီးရှိရာသို့ ဆက်လက်ထွက်ခွာခဲ့လေသည်။
ဓားပြဗိုလ်ခေါင်းဆောင်ကြီးမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၉) ၌ ရှိနေသော ပညာရှင်တစ်ဦး ဖြစ်ပေရာ သူသည် ကျင့်ကြံခြင်းအခန်းအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေခိုက် တံခါးပွင့်သွားသည်နှင့်အမျှ တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ပြင်းထန်သော အရှိန်အဟုန်တစ်ခုက သူ၏ မျက်နှာဆီသို့ တိုးဝင်လာခဲ့လေတော့သည်။
"မကောင်းတော့ဘူး"
ခေါင်းဆောင်ကြီး၏ မျက်ခွံများမှာ တုန်ခါသွားပြီး ထိုပြင်းထန်သော အရှိန်အဟုန်ကြောင့် သူ၏ မျက်နှာမှာပင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ရချေတော့သတည်း။
***