ဆောင်းဦးနံနက်ခင်းတစ်ခုတွင် မြူနှင်းများမှာ ပတ်ဝန်းကျင်၌ ဝေဆာလျက်ရှိပေသည်။
နင်တောက်ရန်သည် ဝင်းအတွင်းရှိ စင်တွင် တွဲလောင်းကျနေသော သခွားသီးတစ်လုံးကို ဆတ်ခနဲ လိမ်ယူလိုက်ပြီး ရေဖြင့် အသာအယာ ဆေးကြောကာ တကျွတ်ကျွတ် ဝါးစားနေတော့သည်။
ထိုစဉ် သူသည် လွန်ခဲ့သော ဘဝဟောင်းက ကျေးလက်တောရွာတွင် နေထိုင်ခဲ့စဉ်က နံနက်တိုင်း အဖွား၏ သခွားခင်းထဲသို့ သွားရောက်ကြည့်ရှုခဲ့ရပုံကို သတိရမိသွား၏။
ထိုသို့ အောက်မေ့သတိရခြင်းနှင့်အတူ ကဗျာဉာဏ်တို့ ပွင့်လင်းလာကာ ရေရွတ်လိုက်မိသည်။
"မုန်တိုင်းထန်လည်း မူလရည်မှန်းချက် မပျက်ပေ၊ သခွားသီး တစ်ပိဿာ နှစ်ကျပ်ခွဲပါ"
"ဟင်..."
နောက်မှီကုလားထိုင်ပေါ်၌ ထိုင်ကာ သခွားသီးစားနေသော သမင်ကြီးမှာ လန့်ဖျတ်သွားပြီး မျက်လုံးအဝိုင်းသားနှင့် ကြည့်ရှုနေတော့သည်။
'ငါ့အစ်ကိုကြီးကတော့ တကယ့်ကို စာပေနှံ့စပ်တဲ့သူပဲ၊ ဒီလောက် ကာရံနရီညီတဲ့ ကဗျာမျိုးကို ငါဆိုရင် ဘယ်လိုမှ စပ်ဆိုနိုင်မှာ မဟုတ်ဘူး' ဟု သမင်ကြီးက တွေးမိပုံရပေသည်။
"ဟော..."
နင်တောက်ရန်သည် သူ၏ အသိစိတ်ကို ဖြန့်ကြက်လိုက်ရာ ဝိညာဉ်လယ်ကွင်း (၈၀) ဘက်မှ ဝိညာဉ်စွမ်းအင် အရှိန်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို ခံစားလိုက်ရ၏။ တစ်စုံတစ်ဦး ကျင့်ကြံမှုအဆင့် တက်လှမ်းသွားချေပြီ။
မမျှော်လင့်ဘဲ ထိုသူမှာ ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၆) ၌ ရှိနေသော ဟုန်မင် ပင် ဖြစ်ပေသည်။ ယခုအခါ သူသည် အဆင့် (၇) သို့ ရောက်ရှိသွားကာ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ချေပြီ။
ချုန်းပီတောင်ထိပ်ရှိ အနီးအနားမှ လယ်သမားများမှာလည်း ဝမ်းမြောက်ဝမ်းသာ သွားရောက်ဂုဏ်ပြုကြလေသည်။
မာချွမ်ယိုက ရယ်မောလျက် "မိတ်ဆွေဟုန်... အဆင့် (၇) ကို ရောက်သွားတာ ဂုဏ်ယူပါတယ်၊ နောင်မှာ အခြေတည်အဆင့်ကိုတောင် မျှော်လင့်လို့ ရနေပြီပဲ" ဟု ဆိုကာ ဂုဏ်ပြုလေသည်။ ဟွမ်ရှန်ကလည်း အားကျသော မျက်နှာထားဖြင့် "မိတ်ဆွေဟုန်က အခုဆိုရင် ချုန်းပီတောင်ထိပ်ရဲ့ နံပါတ်တစ် ကျင့်ကြံသူ ဖြစ်သွားပြီပဲ၊ ကျွန်တော်တို့အတွက်လည်း ဂုဏ်ယူစရာပါပဲ" ဟု ဆိုချေသည်။
နင်တောက်ရန်မှာမူ လက်အုပ်ချီလျက် "ဂုဏ်ယူပါတယ် မိတ်ဆွေ... မသေမျိုးလမ်းစဉ်မှာ ထာဝရ အောင်မြင်ပါစေ" ဟု ရိုးရှင်းစွာ ဂုဏ်ပြုလိုက်၏။
လူတိုင်းက ဂုဏ်ပြုရုံသာမက လက်ဆောင်ပစ္စည်းများပါ ပေးအပ်ကြရာ မာချွမ်ယိုနှင့် ဟွမ်ရှန်တို့က ဝိညာဉ်ကျောက်တုံး နှစ်တုံးစီ ပေးကြသော်လည်း နင်တောက်ရန်ကမူ 'စိမ်းလဲ့ဝါး ဝိညာဉ်ဆန်' ဆယ်ပိဿာ ပေးအပ်လိုက်ပေသည်။
ယင်းက ဈေးကွက်ပေါက်ဈေးအရ အခြားသူများထက် ပိုမိုတန်ဖိုးရှိလှပေရာ နင်တောက်ရန်၏ စေတနာမှာ သိသာလှချေသည်။
---
ချုန်းပီတောင်ထိပ်ရှိ ဘဝမှာ အေးချမ်းစွာ ဆက်လက်တည်ရှိနေမည်ဟု ထင်မှတ်ထားကြသော်လည်း ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ညနေခင်းတစ်ခုတွင် ဟုန်မင်သည် သူ၏ ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော လယ်ယာဝင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့ချေပြီ။
ကျူံးယန်ကို မေးမြန်းကြည့်ရာတွင်လည်း ဟုန်မင်မှာ အတွေ့အကြုံသစ်များ ရှာဖွေရန် ထွက်သွားခြင်းဖြစ်သည်ဟုသာ ဝေဝါးစွာ ဖြေကြားလေသည်။
နင်တောက်ရန်မှာမူ ဟုန်မင် အဘယ်ကြောင့် ထွက်သွားသည်ကို သိရှိနေသော်လည်း လူတိုင်း၌ မိမိတို့၏ ကံကြမ္မာ ရှိကြသည်ဖြစ်ရာ သူ ဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ချေ။
တစ်နှစ်တာ ကုန်လွန်သွားခဲ့ရာ လေပွေနက်စခန်းမှ ခေါင်းဆောင်နှစ်ဦး သေဆုံးမှုမှာလည်း ငြိမ်သက်သွားခဲ့ချေပြီ။
ထိုစခန်းမှာ အချင်းချင်း အာဏာလုကြရင်း ကျင့်ကြံသူအားလုံး သေကျေပျက်စီးကုန်ကာ ယခုအခါ သာမန်ရွာသားများကိုသာ အနိုင်ကျင့်တတ်သော လူရမ်းကားအုပ်စုအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။
မိမိ၏ "ရာဇဝတ်မှု" မှာလည်း လုံးဝ ဖုံးကွယ်သွားပြီ ဖြစ်ပေရာ ယခုမူ တောင်ပေါ်မှ ဆင်းရန် ဘေးကင်းပြီ ဖြစ်ချေသည်။
ထိုနေ့တွင် နင်တောက်ရန်သည် သမင်ကြီးကို ခေါ်ဆောင်ကာ တောင်ပေါ်မှ ဆင်းလာခဲ့၏။ သူ၏ သိုလှောင်အိတ်အတွင်း၌ ဝိညာဉ်ဆန်များ၊ ဝိညာဉ်လက်နက်များနှင့် ဝိညာဉ်ငါးများ ပါရှိလာပေသည်။
တောင်ပေါ်မှ ဆင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လက်ရဖန်ပစ္စည်းများကို ရောင်းချရန်နှင့် 'ပျံသန်းနိုင်သော ဝိညာဉ်လက်နက်' တစ်ခု ဝယ်ယူရန်ပင် ဖြစ်တော့သည်။
"ချင်းဖူးဖန့်"
နင်တောက်ရန်သည် ချင်းဖူးဖန့်သို့ ရောက်ရှိသောအခါ အသက် (၁၇) နှစ်ခန့်ရှိသော အလွန်လှပသော မိန်းကလေးတစ်ဦးက လာရောက်ကြိုဆိုလေသည်။
သူမ၏ အမည်မှာ ချန်ဖျင်အာ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့် (၂) ၌ ရှိနေသူ ဖြစ်ပေသည်။
"ကျွန်တော့်နာမည် နင်တောက်ရန်ပါ၊ အနန္တဂိုဏ်းက အပြင်စည်းတပည့်ပါ၊ ပျံသန်းနိုင်တဲ့ ဝိညာဉ်လက်နက်တစ်ခု ဝယ်ချင်လို့ပါ"
ချန်ဖျင်အာသည် ပြုံးလျက် နင်တောက်ရန်အား ဆိုင်အတွင်းသို့ ခေါ်ဆောင်သွားရာ ဆိုင်အတွင်း၌ သစ်ရွက်ပုံ၊ ယပ်တောင်ပုံ၊ လက်ကိုင်ပုဝါပုံစံ အမျိုးမျိုးသော ပျံသန်းရေးလက်နက်များ ဝေဆာလျက် ရှိနေပေသည်။
နောက်ဆုံး၌ နင်တောက်ရန်သည် ကျောက်စိမ်းကဲ့သို့ စိမ်းလဲ့နေသော 'ဝါးရွက်စိမ်း' ပုံစံ ဝိညာဉ်လက်နက်တစ်ခုကို သဘောကျသွား၏။
"ဒါက 'စိမ်းလဲ့ဝါးရွက်' ပါ၊ ပထမတန်းစား အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိတဲ့ ဝါးရွက်နဲ့ လုပ်ထားတာပါ၊ ပျံသန်းနှုန်း မြန်သလို ဝိညာဉ်စွမ်းအားကိုလည်း အကုန်အသက်သာဆုံးပါပဲ" ဟု ချန်ဖျင်အာက ရှင်းပြလေသည်။
ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး ၂၇၀ ဖြစ်ပေရာ နင်တောက်ရန်က သဘောတူလိုက်၏။
ထို့နောက် သူသည် မိမိစိုက်ပျိုးထားသော ဝိညာဉ်ဆန် ပိဿာတစ်ရာကိုလည်း ရောင်းချခဲ့ရာ ဝိညာဉ်ကျောက်တုံး ၅၀ ပြန်လည် ရရှိခဲ့ချေပြီ။
နင်တောက်ရန်သည် ဟွမ်လုံဈေး၏ အဓိကလမ်းမကြီးပေါ်၌ လမ်းလျှောက်နေစဉ် ရုတ်တရက် မျက်နှာနီမြန်းသော အမျိုးသားတစ်ဦးက လာရောက် နှုတ်ဆက်လေသည်။
"မိတ်ဆွေ... ကျွန်တော့် သခင်လေးက မိတ်ဆွေနဲ့ စကားပြောချင်လို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
ထိုသူမှာ သူဌေးအိမ်မှ အစေခံတစ်ဦးဖြစ်ပြီး အဆင့် (၃) ၌ ရှိနေသူ ဖြစ်ပေသည်။ နင်တောက်ရန်မှာ အနည်းငယ် တွေဝေသွားသော်လည်း ငြင်းပယ်လိုက်ပါက ပြဿနာတက်နိုင်သည်ဟု ယူဆကာ လိုက်ပါသွားခဲ့လေသည်။
သူတို့ ရောက်ရှိသွားသော နေရာမှာ ဟွမ်လုံဈေး၏ အချက်အချာကျသော နေရာရှိ 'မင်ရှန်းခန်းမ' ဟု အမည်ရသော လက်ဖက်ရည်ဆိုင် ဖြစ်ပေသည်။
ထိုနေရာ၌ ဝတ်စုံဖြူဝတ် လူငယ်တစ်ဦးက စောင့်ကြိုနေ၏။ "ကျွန်တော်က ရှစ်ကူး ဝမ်မိသားစုရဲ့ သခင်လေး ဝမ့်ရွှမ်ထုံ ပါ၊ မိတ်ဆွေနင်ကို တွေ့ရတာ ဝမ်းသာပါတယ်"
ဝမ့်မိသားစုဟူသည်မှာ ဟွမ်လုံတောင်တန်းတစ်ခွင်၌ ထင်ရှားသော ' အုတ်မြစ်တည်ဆောက်ခြင်းအဆင့်' မိသားစုတစ်ခု ဖြစ်ပေရာ သူတို့၌ အုတ်မြစ်တည်ဆောက်ခြင်းအစောပိုင်းအဆင့် ဘိုးဘေးတစ်ဦး ရှိနေပေသည်။
"မိတ်ဆွေနင်က အရွယ်နဲ့မမျှအောင် ' ဝိညာဉ်မိုးသွန်းကျင့်စဥ်' ကို အဆင့် (၄) အထိ တတ်မြောက်ထားသလို ဒုတိယအဆင့် ဝိညာဉ်ဆန်တွေကိုလည်း စိုက်ပျိုးနိုင်တယ်လို့ ကြားပါတယ်၊ ဒါပေမဲ့ အနန္တဂိုဏ်းမှာတော့ အပြင်စည်းတပည့်အဆင့်မှာပဲ ရှိနေသေးတယ် မဟုတ်လား" ဝမ့်ရွှမ်ထုံက ပြုံးလျက် ဆိုသည်။
"ကျွန်တော့် ဝမ့်မိသားစုကို လာခဲ့ပါ၊ မိတ်ဆွေကို အကြီးအကဲအဖြစ် ခန့်အပ်ပါ့မယ်၊ တစ်နှစ်ကို ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးမယ့်အပြင် ဝိညာဉ်လက်နက်တွေ၊ ကျင့်စဉ်တွေနဲ့ လိုလေသေးမရှိ ဖြည့်ဆည်းပေးပါ့မယ်၊ ဒါ့အပြင်... မိတ်ဆွေ သဘောကျတဲ့ မိန်းကလေးတွေကိုလည်း လက်ထပ်ပေးဖို့ သို့မဟုတ် မယားငယ်အဖြစ် ထားဖို့ စီစဉ်ပေးပါ့မယ်"
ဝမ့်ရွှမ်ထုံသည် ကျင့်စဉ်၊ ဥစ္စာ၊ အဖော်နှင့် နေရာဟူသော အချက်လေးချက်လုံးဖြင့် စည်းရုံးသိမ်းသွင်းလိုက်ခြင်း ဖြစ်ပေရာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှချေသည်။ သို့သော် နင်တောက်ရန်မှာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မိတ်ဆွေ... ကျွန်တော်က အနန္တဂိုဏ်းရဲ့ တပည့်တစ်ဦးဆိုတာ သိရဲ့သားနဲ့"
"သိပါတယ်၊ ဒါပေမဲ့ အပြင်စည်းတပည့်လေး တစ်ယောက်အဖြစ် နေတာထက် ကျွန်တော်ပေးတဲ့ အခွင့်အရေးတွေက ပိုမကောင်းဘူးလား"
"ရယ်စရာပဲ" နင်တောက်ရန်က တည်ငြိမ်စွာ ဆိုလိုက်သည်။ "တစ်ခါ ဂိုဏ်းဝင်ဖြစ်ရင် အမြဲတမ်း ဂိုဏ်းဝင်ပါပဲ၊ ကျွန်တော် ကျင့်ကြံမှု အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းက ဂိုဏ်းက ကျွန်တော့်ကို လက်ခံပေးခဲ့တာ၊ အဲဒီကျေးဇူးကို ကျွန်တော် မမေ့ပါဘူး၊ မိတ်ဆွေ... နောက်ထပ် ပြောစရာ မလိုတော့ဘူး၊ ကျွန်တော် ခွင့်ပြုပါဦး"
သူသည် သမင်ကြီးကို ခေါ်ဆောင်ကာ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။ ဝမ်ရွှမ်ထုံ၏ မျက်ဝန်းအတွင်း၌ လူသတ်လိုသော အရိပ်အယောင်များ ဖြတ်သန်းသွားသော်လည်း နင်တောက်ရန်၏ နောက်ကွယ်ရှိ အင်အားကြီးမားသော ဂိုဏ်းတော်ကြီးကိုမူ သူ တွန့်ဆုတ်နေမိပေသည်။
ထိုအချိန် လေငြိမ် မျှော်စင်ပေါ်မှ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ပညာရှင်ကြီးမှာ ထိုမြင်ကွင်းကို ကြည့်လျက် "ဒီကလေးက ဂိုဏ်းအပေါ် တကယ်ပဲ သစ္စာရှိတာပဲ..." ဟု ပြုံးလျက် ရေရွတ်လိုက်ပါတော့သတည်း။
***