မျက်တောင်တစ်ခတ်အတွင်း ခြောက်လတာကာလမှာ ကုန်လွန်ခဲ့ချေပြီ။
ချုန်းပီတောင်ထိပ် ပေါ်ရှိ ဘဝမှာ အေးချမ်းသာယာမြဲ ရှိပေရာ နင်တောက်ရန် နှင့် သမင်အူကြောင်တို့မှာလည်း ဝိညာဉ်ကောက်နှံပျိုးပင်များကို စိုက်ပျိုးပြီးစီး၍ အားလပ်နေခိုက်ဖြစ်၏။
ထိုစဉ် တိမ်တိုက်မြူခိုးအစီအရင်အတွင်းသို့ အသံလွှင့်မန္တန်စက္ကူတစ်ချပ် ပျံသန်းဝင်ရောက်လာချေသည်။ ယင်းက ဟန်ပင်းထံမှဖြစ်ပြီး "စီနီယာအစ်ကို လင်းရှန့်ဒဏ်ရာအပြင်းအထန်နဲ့ ပြန်ရောက်လာတယ်၊ အမြန်လာခဲ့ပါ" ဟူသော စာတိုလေးသာ ပါရှိပေသည်။
နင်တောက်ရန်သည် လက်မှ ရွှံ့နွံများကို အပြေးအလွှား ဆေးကြောသန့်စင်ကာ ဝါးရွက်စိမ်းကို ဆင့်ခေါ်လျက် အတွင်းစည်းတံခါးရှိရာသို့ ခပ်သုတ်သုတ် ပျံသန်းခဲ့တော့သည်။
ကျန်းယန်တောင်ထိပ်သည် အနန္တဂိုဏ်း ၏ ပင်မတောင်ထိပ်လေးခုအနက် တစ်ခုဖြစ်ပေသည်။ လင်းရှန့်သည် အတွင်းစည်းရှိ မီးလျှံမွေးတောင်ပံဆောင် ၏ တာဝန်ခံတစ်ဦး ဖြစ်သော်လည်း အကြီးအကဲ ၏ အမည်ခံတပည့်မျှသာ ဖြစ်ပေရာ သူ၏နေအိမ်မှာ တောင်ခါးပန်းရှိ ရိုးရှင်းသော အုတ်ကြွပ်မိုးအိမ်လေးသာ ဖြစ်ချေသည်။
အိမ်အတွင်း၌ လင်းရှန့် သည် သတိလစ်မေ့မြောလျက် အိပ်ရာပေါ်တွင် လဲလျောင်းနေ၏။ သူ၏ရင်ဘတ်မှာ မီးလောင်ကျွမ်းထားသကဲ့သို့ မည်းနက်နေပြီး နံရိုးအချို့မှာလည်း ကျိုးကြေနေကာ နှလုံးသွေးကြောများမှာ အလွန်အမင်း ပျက်စီးနေပေရာ အသက်ရှင်ရန် မျှော်လင့်ချက်မှာ မရှိသလောက်ပင် ဖြစ်နေတော့သည်။
"စီနီယာအစ်ကို လင်း..."
နင်တောက်ရန် ၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ ဂိုဏ်းတစ်ခုလုံးတွင် သူ့အပေါ် အကောင်းဆုံးဖြစ်ခဲ့သော လင်းရှန့်မှာ ဤကဲ့သို့ အခြေအနေသို့ ရောက်ရှိနေချေပြီ။
စုံစမ်းကြည့်ရာတွင် သူတို့အဖွဲ့သည် ဒုတိယအဆင့် ဝိညာဉ်သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပေသည်။ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်အကြီးအကဲက ဆေးကုသပေးထားသော်လည်း ယနေ့ညကိုပင် ကျော်ဖြတ်နိုင်ရန် ခဲယဉ်းကြောင်း ဆိုထားချေသည်။
နင်တောက်ရန် သည် ထာဝရစိမ်းလန်းခြင်းကျင့်စဉ် အဆင့် (၇) ၏ ကုသနိုင်စွမ်းကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။ ဤကျင့်စဉ်သည် အဆင့်မြင့်လာပါက ကြွယ်ဝသော သစ်သားဒြပ်ဝိညာဉ်စွမ်းအင်ဖြင့် ဒဏ်ရာများကို ကုသပေးနိုင်ပေရာ သူသည် အခြားသူများကို အပြင်သို့ ထွက်ခိုင်းလိုက်တော့သည်။
အခန်းအတွင်း၌ နင်တောက်ရန်နှင့် လင်းရှန့် နှစ်ဦးတည်းသာ ကျန်ရှိတော့စဉ် သူသည် လင်းရှန့် ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ကျင့်စဉ်စွမ်းအားကို စီးဆင်းစေလိုက်၏။
ထိုစဉ် မီးလောင်ကျွမ်းထားသော ဒဏ်ရာများပေါ်၌ စိမ်းလန်းသော အလင်းတန်းများ ပေါ်ထွက်လာပြီး အသားနုများ ပြန်လည်ဖြစ်ပေါ်လာချေသည်။ အထူးသဖြင့် ပြင်းထန်စွာ ပျက်စီးနေသော နှလုံးသွေးကြောများကို သိမ်မွေ့စွာ ပြန်လည်တည်ဆောက်ပေးလိုက်၏။
သို့သော် ဤသို့ ကုသခြင်းမှာ နင်တောက်ရန်အတွက် အဖိုးအခ ကြီးမားလှပေသည်။ နာရီဝက်ခန့်အတွင်း သူ၏ အသက်ရှင်နိုင်စွမ်းမှာ ကိုးလခန့် လျော့နည်းသွားခဲ့ရ၏။
သို့သော်လည်း လင်းရှန့် ၏ ခန္ဓာကိုယ်အတွင်း၌မူ အားကောင်းသော ဇီဝအသက်ဓာတ်တို့ ပြန်လည်ရှင်သန်လာခဲ့ချေပြီ။
ရက်အနည်းငယ်အကြာတွင် လင်းရှန့်သည် သတိပြန်လည်လာပြီး ဒဏ်ရာများမှာလည်း သိသိသာသာ သက်သာလာခဲ့သည်။
သူသည် မိမိကိုယ်ကို ကယ်တင်ခဲ့သူမှာ နင်တောက်ရန် ဖြစ်ကြောင်း ရိပ်မိသော်လည်း ဤလျှို့ဝှက်ချက်ကို မည်သူမျှ မသိစေရန် အကြီးအကဲ၏ ဆေးစွမ်းကြောင့်ဟုသာ အပြင်သို့ ပြောဆိုလိုက်တော့သည်။
နှစ်ပတ်ခန့်အကြာတွင် လင်းရှန့်သည် သူ၏ကျေးဇူးရှင်အား ဂါရဝပြုရန် ချုန်းပီတောင်ထိပ် သို့ ရောက်ရှိလာ၏။ သူနှင့်အတူ အတွင်းစည်းမှ စီနီယာအစ်မ လျှိူရူယန် လည်း ပါလာပေသည်။
"နှုတ်ဆက်ပါတယ် စီနီယာအစ်မ လျှိူ"
လျှိူရူယန် သည် တော်ဝင်မန္တန်စက္ကူပညာရှင် တစ်ဦးဖြစ်ပြီး ပထမအဆင့် အဆင့်မြင့်မန္တန်စက္ကူများကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်သူဖြစ်၏။ သူမသည် နင်တောက်ရန် ၏ အစီအရင်ပြား၌ ချို့ယွင်းနေသော အသံလုံစနစ်ကို ပြင်ဆင်ရန် အသံလုံမန္တန်စက္ကူ တစ်ချပ်ကို လက်ဆောင်ပေးလိုက်ပေသည်။
နင်တောက်ရန် သည် အခွင့်ကောင်းကိုယူကာ "စီနီယာအစ်မ... အဆင့်(၂) မန္တန်စက္ကူတွေကိုရော ရေးဆွဲနိုင်ပါသလား" ဟု မေးမြန်းလိုက်၏။
သူသည် တောင်အောက်သို့ ဝိညာဉ်ဆန် ဆင်းရောင်းရာတွင် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် အဆင့်(၂) မန္တန်စက္ကူများကို အလိုရှိနေခြင်းဖြစ်ပေသည်။
အကယ်၍ အဆင့်(၂) မန္တန်စက္ကူသာ ရှိပါက အုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်ပေလိမ့်မည်။
လျှိူရူယန် သည် သူမ၏ ရေကဲ့သို့ ကြည်လင်သော မျက်ဝန်းများဖြင့် နင်တောက်ရန် ကို စိုက်ကြည့်လျက် "မောင်လေးက အဆင့်(၂) မန္တန်စက္ကူကို တကယ်ပဲ အလိုရှိနေတာလား" ဟု တိုးညင်းစွာ မေးလိုက်တော့သတည်း။
***