ဆူညံလှုပ်ရှားဖွယ်ရာ အတိပြီးသော ညတစ်ညသည် ကုန်လွန်သွားခဲ့ချေပြီ။
နောက်တစ်နေ့တွင်မူ အနန္တဂိုဏ်းအတွင်းရှိ လူအများစုမှာ လွန်ခဲ့သောညက ကောင်းကင်ယံ၌ ပေါ်ထွန်းခဲ့သည့် ငွေနဂါးပုံရိပ်အကြောင်းကို တစ်ဦးတစ်ပေါက် ပြောဆိုနေကြတော့သည်။
ဂိုဏ်းချုပ်ဖြစ်သူ ကျန်းယုကိုယ်တိုင်ပင်လျှင် အခြေတည်အဆင့်ရှိ အကြီးအကဲအချို့ကို စေလွှတ်၍ စုံစမ်းစစ်ဆေးစေခဲ့၏။
သို့ရာတွင် ထိုစုံစမ်းစစ်ဆေးမှုမှာ အဖြေတစ်စုံတစ်ရာ မထွက်ပေါ်ခဲ့ဘဲ အဆင့်မြင့်ကျင့်ကြံသူတစ်ဦးဦးက အနန္တဂိုဏ်းအနီးမှ ဖြတ်သန်းသွားရင်း အစွမ်းပြသွားခြင်းသာ ဖြစ်တန်ရာသည်ဟု ကောက်ချက်ချလိုက်ကြသဖြင့် ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များမှာလည်း ကာလအတန်ကြာအောင် ထိတ်လန့်တုန်လှုပ်နေခဲ့ကြရပေသည်။
လအနည်းငယ် ကုန်လွန်ပြီးနောက်တွင်မူ မည်သည့်ထူးခြားမှုမျှ ထပ်မံမရှိတော့သဖြင့် ထိုဖြစ်ရပ်မှာလည်း တဖြည်းဖြည်း မေ့ပျောက်ခြင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။
ချုန်းပီတောင်ထိပ်သည်လည်း အရင်ကကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေတော့သည်။ ထိုကဲ့သို့သော ထူးခြားဆန်းပြားသည့် နိမိတ်မျိုးကို ချုန်းပီတောင်ထိပ်မှ ဝိညာဉ်စွမ်းအင်သန့်စင်မှု အလတ်တန်းစား ကျင့်ကြံသူလေးတစ်ဦးနှင့် ဆက်စပ်၍ မည်သူမျှ တွေးတောမိကြမည်မဟုတ်ပေ။
တစ်နေ့သောအခါ နင်တောက်ရန်သည် သမင်အူကြောင်ကြီးကို ခေါ်ဆောင်၍ 'တာဝန်ပေးအပ်ရေးဆောင်' သို့ သွားရောက်ခဲ့သည်။ ယခုအခါ မိမိကိုယ်မိမိ လုံလောက်သော ကာကွယ်နိုင်စွမ်းရှိပြီဟု ယူဆသဖြင့် တောင်ပေါ်၌ပင် အမြဲအောင်းမနေတော့ဘဲ တောင်အောက်သို့ ဆင်းရန် ရိုးရှင်းသော တာဝန်တစ်ခုကို သွားရောက်ရယူခြင်း ဖြစ်ပေသည်။
...
ဂိုဏ်း၏ တာဝန်ပေးအပ်ရေးဆောင်မကြီးအတွင်း၌ လူအများမှာ လာသူလာ၊ သွားသူသွားနှင့် အလွန်ပင် စည်ကားလျက်ရှိ၏။ နင်တောက်ရန်သည် လဲလှယ်၍ရနိုင်သော ရတနာပစ္စည်းစာရင်းကို ကြည့်ရှုနေစဉ် ပစ္စည်းတစ်ခုထံ၌ မျက်စိကျသွားတော့သည်။
ယင်းက ဝိညာဉ်သားရဲများ ကျင့်ကြံသည့် ကျမ်းစာတစ်အုပ်ပင် ဖြစ်ချေသည်။ အမှန်တကယ်ပင် ဂိုဏ်း၏ ဂိုဒေါင်အတွင်းမှ ဝိညာဉ်သားရဲကျမ်းကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပေရာသတည်း။
ထိုကျမ်းမှာ 'ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဥ်' ဟု အမည်ရပြီး ဝိညာဉ်သားရဲများ၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာစေနိုင်သော အဝါရောင်အဆင့် အလတ်တန်းစား ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။
သမင်အူကြောင်ကြီးအတွက် အလွန်ပင် သင့်လျော်လှချေပြီ။ နင်တောက်ရန်သည် သမင်ကြီးအတွက် ဝိညာဉ်သားရဲကျင့်စဉ်ကို ရှာဖွေနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုမှပင် လိုအင်ဆန္ဒ ပြည့်ဝတော့မည်ဖြစ်သည်။
အနန္တဂိုဏ်းသည် သားရဲထိန်းကျောင်းသည့် ဂိုဏ်းမဟုတ်သဖြင့် အခြားသော ကျင့်ကြံသူများမှာ မိမိတို့ကိုယ်တိုင် ကျင့်ကြံရန်ပင် အချိန်မလောက်ငကြရာ ဝိညာဉ်သားရဲများအတွက် ဂရုစိုက်နေရန် အချိန်မရှိကြပေ။
ထို့ကြောင့် ဤကျမ်းစာမှာ နင်တောက်ရန်အတွက်သာ သီးသန့်ဖြစ်နေသကဲ့သို့ ရှိချေသည်။
ဤ 'ခန္ဓာကိုယ်ကြံ့ခိုင်မှုကျင့်စဥ်' ကျမ်းစာကို ရယူရန်အတွက် ဂိုဏ်း၏ အကျိုးပြုမှတ် ၁၀၀ လိုအပ်ပေသည်။
နင်တောက်ရန်သည် အမှတ်များကို ဖြည်းဖြည်းချင်း မစုဆောင်းလိုသဖြင့် တောင်အောက်ဆင်းရင်း အမှတ် ၁၀၀ ရမည့် တာဝန်တစ်ခုကို ရယူရန် ဆုံးဖြတ်လိုက်၏။
“ညီလေးနင် မဟုတ်လား...”
ရင်းနှီးသော အသံတစ်ခုကြောင့် လှည့်ကြည့်လိုက်ရာ တာဝန်ပေးအပ်ရေးဆောင်၌ အလုပ်လုပ်နေဆဲဖြစ်သော အတွင်းစည်းတပည့် ကျောက်လီချန်ကို တွေ့လိုက်ရသည်။
“စီနီယာကျောက်... မတွေ့ရတာ ကြာပြီနော်”
“တကယ့်ကို ကြာသွားပြီပဲ” ဟု ကျောက်လီချန်က ပြုံးလျက် ဆိုသည်။ “ညီလေး ဝိညာဉ်စွမ်းအင်သန့်စင်မှု အလတ်တန်းအဆင့်ကို ရောက်သွားပြီပဲ၊ ဂုဏ်ယူပါတယ်... ဒီနေ့ရော ဘယ်လိုတာဝန်မျိုးကို ယူချင်လို့လဲ”
“အကျိုးပြုမှတ် ၁၀၀ ရမည့် တာဝန်မျိုးကို ယူချင်လို့ပါ စီနီယာ”
“ဟေ...” ကျောက်လီချန်သည် အနည်းငယ် တုန့်ကနဲ ဖြစ်သွားပြီး “ဒီလို တာဝန်မျိုးတွေက တော်တော်လေး အန္တရာယ်များတယ်နော်၊ ညီလေး သေချာပြန်စဉ်းစားပါဦး” ဟု သတိပေးရှာသည်။
သို့ရာတွင် နင်တောက်ရန်က ကျောက်စိမ်းပြားပေါ်ရှိ တာဝန်စာရင်းကို ကြည့်ကာ “ပိုင်ယဲ့မြို့က သူဌေးအိမ်မှာ အမျိုးသမီးဝိညာဉ် ခြောက်လှန့်နေလို့တဲ့၊ ဝိညာဉ်က ဝိညာဉ်စွမ်းအင်သန့်စင်မှု အလတ်တန်းအဆင့်မှာ ရှိတယ်... ဒါကို ပြီးအောင်လုပ်ရင် အမှတ် ၁၀၀ ရမှာပဲ။ စီနီယာ... ဒီတာဝန်က ကျွန်တော်နဲ့ အကိုက်ညီဆုံးပဲ၊ ကျွန်တော်က အမျိုးသမီးဝိညာဉ်တွေကို နှိမ်နင်းတဲ့နေရာမှာ ဆရာတစ်ဆူပါ” ဟု ရွှန်းရွှန်းဝေအောင် ပြောဆိုတော့သည်။
ကျောက်လီချန်ကမူ တည်ကြည်စွာဖြင့် “ညီလေးနင်... ပေါ့ပေါ့တန်တန် မလုပ်ပါနဲ့၊ ဒီလို ဝိညာဉ်တွေ၊ နတ်ဆိုးတွေက တော်တော်လေး လက်ပေါက်ကပ်တယ်၊ တစ်ခါတလေ သူတို့က နတ်ဆိုးသံစဉ်တွေနဲ့ ကျင့်ကြံသူရဲ့ စိတ်အာရုံကို တိုက်ခိုက်တတ်ကြတယ်... ဂိုဏ်းတူတွေ အများကြီး ဒုက္ခရောက်ဖူးတယ်” ဟု ထပ်မံသတိပေးပြန်သည်။
“စီနီယာ မစိုးရိမ်ပါနဲ့၊ ကျွန်တော် အသာလေး ကိုင်တွယ်နိုင်ပါတယ်” ဟု နင်တောက်ရန်က ပြန်ပြောလိုက်၏။
သူ၏ စိတ်ထဲတွင်မူ ‘စီနီယာ... ကျွန်တော် ဘယ်လောက်တောင် သန်မာနေပြီလဲဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး၊ ဝိညာဉ်စွမ်းအင်သန့်စင်မှု အလတ်တန်းအဆင့် မပြောနဲ့၊ အဆင့်မြင့်အဆင့် ဝိညာဉ်ဆိုရင်တောင် ကျွန်တော် အသာလေး နှိမ်နင်းနိုင်တယ်’ ဟု တွေးတောနေမိသည်။
နောက်ဆုံးတွင် ကျောက်လီချန်သည် နင်တောက်ရန်၏ ဇွဲကို မဆန်နိုင်တော့ဘဲ တာဝန်ပေး ကျောက်စိမ်းပြားကို ထုတ်ပေးလိုက်ရလေသည်။ ထို့ပြင် သူ၏ အိတ်အတွင်းမှ မန္တန်စက္ကူတစ်ချပ်ကို ထုတ်ပေးရင်း “ဒါက အဆင့်(၁)အနိမ့်တန်း‘အတားအဆီးခွင်းမန္တန်’ ပါ၊ ဝိညာဉ်တွေနဲ့ နတ်ဆိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အသုံးဝင်တယ်... လိုအပ်ရင် သုံးလိုက်ပါ၊ မလိုအပ်ရင်တော့ ငါ့ကို ပြန်ပေးပေါ့... မင်းစီနီယာကလည်း သိပ်ချမ်းသာတာ မဟုတ်ဘူးလေ” ဟု ရယ်မောလျက် ဆို၏။
နင်တောက်ရန်သည် ထိုလက်ဆောင်ကို ဝမ်းမြောက်စွာ လက်ခံလိုက်ပြီး သူ၏ သိုလှောင်အိတ်အတွင်းမှ ကိုယ်တိုင်စိုက်ပျိုးထားသော 'စိမ်းလဲ့ဝါးဝိညာဉ်ဆန်' အချိန်နှစ်ဆယ်ခန့်ကို ကျောက်လီချန်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်တော့သည်။
ကျောက်လီချန်မှာ အစပိုင်းတွင် ငြင်းဆန်နေသော်လည်း နင်တောက်ရန်၏ စေတနာကြောင့် မျက်နှာလေး နီမြန်းလျက် လက်ခံလိုက်ရချေသည်။
အတိတ်ကာလက နင်တောက်ရန်ကို ကျေးလက်ဒေသမှ ဂိုဏ်းသို့ နွားလှည်းဖြင့် ခေါ်ဆောင်လာခဲ့သူမှာ သူပင်ဖြစ်ရာ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ဂိုဏ်းတူညီအစ်ကိုထက်ပင် ပိုမိုလေးနက်နေခဲ့ပြီ ဖြစ်ပေသည်။
တာဝန်ကို လက်ခံပြီးနောက် နင်တောက်ရန်သည် သမင်ကြီးကို ခေါ်ဆောင်ကာ တောင်အောက်သို့ အရှိန်အဟုန်ဖြင့် ဆင်းလာခဲ့သည်။ သူ၏ မူဝါဒမှာ ‘အမြန်ဆုံး နှိမ်နင်း၍ ဘေးကင်းစွာ ပြန်လာရန်’ ပင် ဖြစ်ပေသည်။
ပိုင်ယဲ့မြို့။
ဤမြို့ကလေးမှာ အနန္တဂိုဏ်း၏ အနောက်တောင်ဘက် မိုင်နှစ်ရာခန့်အကွာတွင် တည်ရှိပြီး မြို့အတွင်း၌ ပေါက်ရောက်သော 'ရွက်ဖြူပင်' များကို အစွဲပြု၍ အမည်မှည့်ခေါ်ထားခြင်း ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် အလွန်ပင် စည်ကားဝပြောသော မြို့တစ်မြို့ ဖြစ်ပေသည်။
နင်တောက်ရန်သည် သမင်ကြီးကို ဦးဆောင်လျက် မြို့မလမ်းမအတိုင်း ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။ လမ်းဘေးဝဲယာတွင် တည်ရှိသော တံခါးကြီးများနှင့် အိမ်ဝင်းကျယ်ကြီးများမှာ ဒေသခံ သူဌေးသူကြွယ်များ၏ အိမ်ဂေဟာများ ဖြစ်ကြကုန်၏။
နောက်ဆုံးတွင် သူတို့သည် ‘ကျန်းအိမ်တော်’ ဟု ရေးထိုးထားသော အိမ်ကြီးရှေ့၌ ရပ်တန့်လိုက်ကြသည်။
အိမ်ရှင်ဖြစ်သူ ကျန်းချန် သို့မဟုတ် သူဌေးမင်းကျန်းသည် ယခင်က စာမေးပွဲအောင်မြင်ထားသော ပညာတတ်တစ်ဦးဖြစ်ပြီး နယ်စားမင်း၏ သမီးနှင့် လက်ထပ်ကာ ပိုးထည်လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာသူ ဖြစ်ပေသည်။
သူဌေးမင်းကျန်းသည် နင်တောက်ရန်၏ အနည်းငယ် နွမ်းဖတ်သော်လည်း ထူးခြားသော အရှိန်အဝါရှိသည့် ရုပ်ရည်ကို မြင်တွေ့ရသောအခါ အနည်းငယ် အံ့အားသင့်သွားရသည်။
“ကျွန်ုပ်က အနန္တဂိုဏ်းက တပည့်တစ်ဦးပါ၊ သင်တို့အိမ်က ဘေးဥပဒ်တွေကို ဖယ်ရှားပေးဖို့ လာခဲ့တာဖြစ်ပါတယ်”
“ဪ... ကြွပါ၊ ကြွပါ ဆရာလေး”
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ကျန်းချန်၏ မယားငယ်ဖြစ်သူ ဒုတိယကတော် ထွက်လာပြီး “အရှင်... ဒါ ဘယ်သူလဲ” ဟု မေးမြန်းလေသည်။ ကျန်းချန်က ဂိုဏ်းမှ ဆရာလေးဖြစ်ကြောင်း ပြောပြလိုက်ရာ ဒုတိယကတော်က “ကောင်းတာပေါ့၊ ဟိုနတ်ဆိုးမက တော်တော်လေး နှောင့်ယှက်နေတာ... အမြန်ဆုံး နှိမ်နင်းပေးပါဦး” ဟု ဆိုလေသည်။
ကျန်းချန်၏ မျက်နှာမှာမူ အနည်းငယ် ပျက်သွားပြီး ထိုအမျိုးသမီးမှာ စကားများလွန်းသည်ဟု ယူဆပုံရပေသည်။
မကြာမီ အခြားသော ကတော်များလည်း ထွက်လာကြရာ တစ်ဦးထက်တစ်ဦး လှပကြသော်လည်း သူဌေးမင်းအား အလွန်ပင် ရိုသေကြောက်လန့်ကြသည်မှာ သိသာလှ၏။
ထိုအမျိုးသမီးများထဲမှ မည်သူမျှ အမျိုးသမီးဝိညာဉ်အကြောင်းကို ထပ်မံ၍ အစဖော်ခြင်း မရှိကြတော့ပေ။
နင်တောက်ရန်သည် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း သူ၏ အာရုံခံစွမ်းအား ဖြင့် အိမ်တော်တစ်ခုလုံးကို ဖြန့်ကြက်ကြည့်လိုက်ရာ နောက်ဖေးဝင်းအတွင်းရှိ ရေတွင်းအိုတစ်ခုမှ ပြင်းထန်သော နာကျည်းမှုအရှိန်အဝါများ ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ပြဿနာ၏ မြစ်ဖျားခံရာမှာ ထိုနေရာပင် ဖြစ်တန်ရာသည်။
သူဌေးမင်းကျန်းက “ဆရာလေး... အဲ့ဒီ အမျိုးသမီးဝိညာဉ်က သိပ်ပြီး အစွမ်းထက်တယ်၊ တစ်နေ့လုံးလည်း မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာ... ဆရာလေးအနေနဲ့ သူမကို တွေ့တာနဲ့ သတ်ပစ်ပေးပါ” ဟု ဆိုကာ ရွှေတုံးများ အပြည့်ထည့်ထားသော သေတ္တာတစ်လုံးကို လက်ဆောင်အဖြစ် တိုးပေးလေသည်။
ရွှေတုံး အချိန်သုံးရာခန့်။ ကျင့်ကြံသူများအတွက် လောကီဥစ္စာမှာ မလိုအပ်လှသော်လည်း ရွှေအချိန် ၁၀ ပတ်လျှင် ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ညီမျှရာ၊ ဤပမာဏမှာ နင်တောက်ရန်ကဲ့သို့ ကျင့်ကြံသူတစ်ဦးအတွက် ဝိညာဉ်ကျောက်တုံး ၃၀ ခန့် ရရှိနိုင်သဖြင့် မနည်းလှသော ပမာဏပင် ဖြစ်ပေသည်။
နင်တောက်ရန်က “ကောင်းပါပြီ၊ ကျွန်ုပ် နောက်ဖေးဝင်းကိုသွားပြီး ဝိညာဉ်ကို နှိမ်နင်းလိုက်ပါ့မယ်... ဘာပဲဖြစ်ဖြစ် မနက်လင်းတဲ့အထိ ဘယ်သူမှ အပြင်မထွက်လာကြနဲ့” ဟု မှာကြားလိုက်သည်။
(၄)ယောက်မြောက်ကတော်က “ဆရာလေး... အခုပဲ မှောင်စပြုနေပြီ၊ ညဘက်ဆို နတ်ဆိုးတွေက ပိုပြီး အစွမ်းထက်တယ်လို့ ပြောကြတယ်... အဲ့ဒီဝိညာဉ်က အရင်က ဆရာတစ်ယောက်ရဲ့ မန္တန်တွေနဲ့ ရေတွင်းထဲမှာ ပိတ်မိနေတာဆိုတော့ မနက်ကျမှ သွားဖမ်းရင် ပိုပြီး စိတ်မချရဘူးလား” ဟု စိုးရိမ်တကြီး မေးမြန်းပြန်သည်။
နင်တောက်ရန်ကမူ တည်ငြိမ်စွာပင် ထရပ်လိုက်ပြီး “မစိုးရိမ်ပါနဲ့၊ သူမ အစွမ်းအထက်ဆုံး အချိန်မှာပဲ ကျွန်ုပ် နှိမ်နင်းပေးပါ့မယ်” ဟု ဆိုကာ ထွက်လာခဲ့တော့သည်။
သူ၏ အာရုံခံစွမ်းအားအရ ဤအိမ်သားများတွင် တစ်ဦးချင်းစီ၌ ကိုယ်စီလျှို့ဝှက်ချက်များ ရှိနေကြသည်မှာ သိသာလှ၏။
နောက်ဖေးဝင်းမှာ ခြောက်ကပ်၍ အေးစက်လှပေသည်။
“အူးးးး~~~”
သမင်အူကြောင်ကြီးမှာ အေးစက်သော လေကြမ်းကြောင့် နင်တောက်ရန်၏ လက်မောင်းကို ပွတ်တိုက်ကာ ကြောက်လန့်နေရှာသည်။
နင်တောက်ရန်က သမင်ကြီး၏ ခေါင်းကို အသာအယာ ပွတ်ပေးရင်း ရေတွင်းအိုအနီးသို့ ချဉ်းကပ်သွားရာ ရေတွင်းအောက်ခြေမှ နာကျည်းဖွယ်ရာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး စိတ်နှလုံး ဖြူစင်သင့်တာကို... အခုတော့ သစ္စာဖောက်တစ်ယောက်ရဲ့ လက်ပါးစေ ဖြစ်နေပြီလား၊ မင်း နောက်ထပ် တစ်လှမ်းတိုးလာရင် ငါ အားနာမှာ မဟုတ်ဘူးနော်”
နင်တောက်ရန်ကမူ ပြုံးလျက် နောက်ထပ်တစ်လှမ်း တိုးလိုက်ပြန်သည်။ ထိုခဏ၌ သူ၏ ခန္ဓာကိုယ်အတွင်းရှိ 'ထာဝရစိမ်းလန်းခြင်းကျင့်စဉ်' မှ ဝိညာဉ်စွမ်းအားတို့သည် ရေတွင်းအိုတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
ရေတွင်းထဲမှ ဝိညာဉ်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် “မင်း... မင်းက ဝိညာဉ်စွမ်းအင်သန့်စင်မှု အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်လား...” ဟု အော်ဟစ်မိရှာသည်။
နင်တောက်ရန်က ရေတွင်းဘောင်ပေါ်၌ ထိုင်ချလိုက်ပြီး “ထွက်လာခဲ့စမ်းပါ၊ အေးအေးဆေးဆေး စကားပြောရအောင်... အသံတော့ အရမ်းမကျယ်စေနဲ့နော်” ဟု ဆိုလိုက်ရာ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးဝိညာဉ်လေးတစ်ဦး ထွက်ပေါ်လာပြီး နင်တောက်ရန်၏ ဘေး၌ ထိုင်လိုက်ရလေတော့သည်။
သူမ၏ မျက်နှာမှာ ဖြူလျော့နေသော်လည်း အသက်ရှင်စဉ်က အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ကြောင်း သိသာလှပေသည်။
“ပြောစမ်းပါဦး... ဘာကြောင့် ဒီအိမ်ကို ဒီလောက်တောင် နာကျည်းနေရတာလဲ”
အမျိုးသမီးဝိညာဉ်လေးက သူမ၏ ဇာတ်လမ်းကို စတင်ပြောပြတော့သည်။ အမှန်စင်စစ် သူမမှာ ကျန်းချန်၏ ပထမဦးဆုံးသော ဇနီးသည် ဖြစ်ပေသည်။ ကျန်းချန်သည် စာမေးပွဲအောင်ပြီးနောက် နယ်စားမင်း၏ သမီးနှင့် လက်ထပ်ခွင့်ရသောအခါ သူမအား စွန့်ပစ်ခဲ့ခြင်း ဖြစ်ပေသည်။
သူမသည် ကျန်းချန်အား လိုက်လံရှာဖွေခဲ့သော်လည်း စိတ်နာကိုယ်နာဖြင့် ထိုရေတွင်းအတွင်းသို့ ခုန်ချ၍ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပေသတည်း။
ကျန်းချန်မှာ လောကီစည်းစိမ်နှင့် မိန်းမမက်သူဖြစ်ရာ ကာလကြာလာသည်နှင့်အမျှ မယားငယ်များစွာကို ထပ်မံယူခဲ့ပြန်သည်။ သို့ရာတွင် နောက်ဖေးမှ ရေတွင်းမှာမူ သူမ၏ နာကျည်းမှုများကြောင့် အမြဲခြောက်လှန့်နေခဲ့ခြင်း ဖြစ်ပေသည်။
နင်တောက်ရန်သည် သူမ၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် သနားကရုဏာ သက်မိသွားကာ “မင်း အပြစ်မရှိဘူးဆိုတာ ငါသိပါတယ်၊ ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်... တစ်ခုက ငါ့ရဲ့ ဓားချက်နဲ့ အဆုံးစွန် ပျောက်ကွယ်သွားဖို့၊ နောက်တစ်ခုကတော့ မင်းရဲ့ နာကျည်းမှုတွေကို မင်းဘာသာ စွန့်လွှတ်ဖို့ပဲ... ဒါပေမဲ့ မင်း မပျောက်ကွယ်ခင် တစ်ခုခု လုပ်ချင်တယ်ဆိုရင်တော့ ငါ မျက်စိမှိတ်ပေးထားလို့ ရပါတယ်” ဟု တိုးညင်းစွာ ဆိုလိုက်သည်။
အမျိုးသမီးဝိညာဉ်လေးမှာ မျက်ရည်များ ဝိုင်းလာကာ နင်တောက်ရန်အား ကျေးဇူးတင်စကား ဆိုပြီးနောက် သူမ၏ ဝိညာဉ်အရှိန်အဝါများကို မိမိဘာသာ စွန့်လွှတ်လိုက်ရာ သူမ၏ ပုံရိပ်မှာလည်း လေပြေနှင့်အတူ ပျောက်ကွယ်သွားရပေတော့သည်။
နောက်တစ်နေ့ နံနက်တွင်မူ နင်တောက်ရန်သည် ရေတွင်းအတွင်းမှ သူမ၏ ရုပ်ကြွင်းများကို ဆယ်ယူ၍ အနီးရှိ တောင်ကုန်းပေါ်တွင် စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့သည်။ ထို့နောက် ကျန်းချန်ထံမှ ရွှေအချိန် ၃၀၀ ကို ယူ၍ ပြန်ရန် ပြင်ဆင်တော့သည်။
ကျန်းချန်နှင့် ကတော်များမှာ ပျော်ရွှင်စွာဖြင့် နင်တောက်ရန်အား လိုက်လံပို့ဆောင်ကြကုန်၏။ နင်တောက်ရန်သည် ကျန်းချန်၏ ပတ်ဝန်းကျင်၌ ကျန်ရှိနေသော နာကျည်းမှု အရှိန်အဝါအချို့ကို မြင်တွေ့နေရသည်။
ထိုအရှိန်အဝါမှာ ကျန်းချန်ကို ချက်ချင်း မသေစေနိုင်သော်လည်း လအနည်းငယ် သို့မဟုတ် တစ်နှစ်အတွင်းတွင်မူ ကျန်းချန်၏ အသက်မှာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထိုကဲ့သို့သော လောကီရေးရာများသည် အနန္တဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးဖြစ်သော နင်တောက်ရန်နှင့် အဘယ်သို့ သက်ဆိုင်ပါသနည်း။
နေထွက်စပြုချိန်တွင်မူ ပိုင်ယဲ့မြို့၏ အရှေ့မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ မြူထူများ ဖုံးလွှမ်းနေသော တောင်တန်းကြီးအတွင်း၌ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေလျက် ရှိပေတော့သည်။
***