ယွီလျန်၏ လက်မှာ ဒဏ်ရာရထားသဖြင့် ဘယ်လက်ဖြင့်သာ ထမင်းစားတူကို သုံးနေရသည်။ အစားအစာများကို ခက်ခက်ခဲခဲ ယူနေရပြီးနောက် သူက ကျန်းကျိုးကို ကန်ကာ ပြောလိုက်သည်။ "ငါ့ကို ကြက်သားလေး ခွံ့ပါဦး။"
ကျန်းကျိုး - ..
ကျန်းကျိုးက မျက်မှောင်ကြုတ်ပြီး ယွီလျန်၏ ထမင်းစားတူကို ယူကာ ကြက်သားအချို့ ခွံ့ပေးခဲ့သည်။
ယွီလျန်က ခေါင်းငြိမ့်လျက် ပြောလိုက်သည်။ "တကယ် အရသာ ရှိတာပဲ။"
ချန်ယောင်ကလည်း ယွီလျန်ကို အသားအချို့ ခွံ့ပေးလိုက်ရာ ယွီလျန်မှာ ညည်းညူခြင်း ရပ်သွားတော့သည်။
ညစာ စားပြီးနောက် ချန်ယောင်တို့ ပြန်သွားကြသည်။ လုယွီက ကျန်းနျန်ကို အနားယူခိုင်းကာ သူက ပန်းကန်များကို ဆေးကြောရန် မီးဖိုချောင်ထဲသို့ ယူသွားပြီး ကျန်းနျန်ကမူ အပြင်ဘက်ရှိ စားပွဲကို သုတ်သည်။ သူမ ကြမ်းပြင်လှည်းပြီးချိန်တွင် လုယွီက နောက်မှနေ၍ သူမကို ပွေ့ဖက်လိုက်ပြီး မေးစေ့ကို သူမ၏ ပခုံးပေါ် တင်လာခဲ့သည်။ "နျန်နျန်။"
သူ၏ နိမ့်ရှိုင်းသော အသံမှာ ဆွဲဆောင်မှုရှိသော နူးညံ့မှု ပါဝင်နေသဖြင့် ကျန်းနျန်၏ နှလုံးမှာ ခုန်လှုပ်သွားသည်။
သူမသည် လုယွီ၏ မျက်နှာကို စောင်းငဲ့ကြည့်လိုက်ပြီး သူ တစ်ခုခု ပြောစရာ ရှိနေသည်ကို ခံစားမိလိုက်သည်။
သူက သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ပါမောက္ခလင်ရဲ့ ဇနီးက လွန်ခဲ့တဲ့ ခြောက်နှစ်က ကွယ်လွန်သွားခဲ့ပြီ။"
ကျန်းနျန် မှင်တက်သွားသည်။ လုယွီ၏ ရင်ခွင်ထဲတွင် လှည့်ကာ မေးလိုက်သည်။ "ရှင် ဘယ်လို သိတာလဲ။"
"ကုရှစ်ကျိုး ပြောပြတာ" လုယွီ ပြန်ဖြေလိုက်သည်။
"အိုး။"
ကျန်းနျန်သည် ပါမောက္ခလင်၏ ရုန်းကန်နေရသော မျက်နှာကို မြင်ယောင်မိပြီး သူ၏အတွက် စိတ်မကောင်း ဖြစ်မိသည်။ အကယ်၍ လွန်ခဲ့သော ခြောက်နှစ်က ဆိုလျှင် ပါမောက္ခလင် နယ်သို့ အပို့ခံရသည့် နှစ်ပင် ဖြစ်ပေမည်။ သူ၏ ဇနီးမှာလည်း ထိုကိစ္စကြောင့်ပင် ကွယ်လွန်ခဲ့ရခြင်း ဖြစ်နိုင်ပေသည်။
သူမ တွေးတောနေစဉ် လုယွီ၏ အသံ ထပ်ထွက်လာပြန်သည်။ "နျန်နျန်၊ ပါမောက္ခလင်ရဲ့ ဇနီးက ဟင်းချက် မတော်ဘူး။ မင်းကို မုန့်လုပ်နည်း ဘယ်သူ သင်ပေးခဲ့တာလဲ။"
ကျန်းနျန် - ???
အိုးးး သွားပြီ။
သူမသည် မျက်တောင် အကြိမ်ကြိမ် ခတ်လိုက်ပြီး ဘာမှ ပြန်မပြောနိုင်ဘဲ ခေတ္တမျှ ကြောင်အသွားခဲ့သည်။
လုယွီက ကျန်းနျန်ကို စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူသည် အရင်က ကျန်းနျန်၏ လျှို့ဝှက်ချက်များကို အများကြီး မမေးချင်ခဲ့သော်လည်း သူမ၏ မကြာသေးမီက ထူးဆန်းသော အပြုအမူများနှင့် မနေ့ညက အိပ်မက်ထဲတွင် နာမည်ခေါ်မိခြင်းတို့ကြောင့် သူ စိတ်မအေးနိုင် ဖြစ်နေရသည်။ သူသည် ကျန်းနျန်၏ လျှို့ဝှက်ချက်များကို သိရှိပြီး သူမကို သူ၏ ဘေးတွင် ထာဝရ ရှိနေစေရန် နည်းလမ်း ရှာချင်နေမိသည်။
ထို့ကြောင့် သူက ထပ်၍ မေးခဲ့သည်။ "မင်းကို မုန့်လုပ်နည်း ဘယ်သူ သင်ပေးခဲ့တာလဲ။"
ကျန်းနျန် - …
ကျန်းနျန်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး လုယွီ၏ အကြည့်ကို ရင်မဆိုင်ရဲ ဖြစ်နေခဲ့သည်။ သူမ ကိုယ်တိုင် သင်ယူခဲ့သည်ဟု ပြောချင်သော်လည်း ဤအကြောင်းပြချက်မှာ မလုံလောက်ဟု သူမ ခံစားရသည်။ သူမ အဖန်ဖန် စဉ်းစားသော်လည်း ဘာပြန်ပြောရမည်ကို မသိဖြစ်နေသည်။
လုယွီက ကျန်းနျန်၏ မေးကို ကိုင်ကာ သူမ၏ မျက်နှာကို မော့စေပြီး သူ၏ ပြင်းထန်သော အကြည့်ကို ရင်ဆိုင်စေသည်။ "ကျန်းနျန်၊ ကိုယ့်ကို ပြောပြပါ။"
သူ၏ အသံမှာ နိမ့်ရှိုင်းပြီး ဆွဲဆောင်မှု ရှိနေကာ ကျန်းနျန်အား အရာအားလုံး ဖွင့်ဟပြောပြရန် တိုက်တွန်းနေသကဲ့သို့ ရှိသည်။
"ကျွန်မ..."
ကျန်းနျန် ပါးစပ်ဟလိုက်သော်လည်း စကားလုံးများမှာ လည်ချောင်းတွင် တစ်ဆို့နေခဲ့သည်။
သူမသည် ၂၁ ရာစုက လာသည်ဟု ပြောရမည်လား။ သူမတို့သည် စာအုပ်တစ်အုပ်ထဲမှာ နေထိုင်နေကြပြီး လူတိုင်းမှာ စက္ကူလူသားတွေ ဖြစ်ကာ သူက အမျိုးသား ဇာတ်လိုက်ဖြစ်ပြီး စွင်းယင်က အမျိုးသမီး ဇာတ်လိုက်ဖြစ်သည်ဟု ပြောရမည်လား။ တကယ့် ကျန်းနျန်မှာ အစကတည်းက သေဆုံးသွားခဲ့သင့်ပြီး သူမကသာ ကျန်းနျန်၏ ခန္ဓာကိုယ်ကို ယူပြီး ပြန်လည် ရှင်သန်နေခြင်း ဖြစ်သည်ဟု ပြောရမည်လား။
ဒါတွေ အကုန်လုံးက ယုံကြည်နိုင်စရာ မရှိပေ။ သူမ ပြောပြလျှင်ပင် လုယွီက သူမကို မည်သို့ ယုံကြည်နိုင်ပါမည်နည်း။
ကျန်းနျန်သည် နှုတ်ခမ်းကို ကိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။ "ကျွန်မမှာ ပါရမီ ပါလို့ ကိုယ့်ဘာသာကိုယ် သင်ယူခဲ့တာပါ။"
လုယွီ - …
လုယွီက ခပ်ပြုံးပြုံးဖြင့် ကြည့်ကာ ကျန်းနျန်မှာ တကယ်ပင် နှုတ်လုံလှသည်ဟု ခံစားလိုက်ရသည်။
ကျန်းနျန်က လုယွီ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းကာ ပြောလိုက်သည်။ "ညဉ့်နက်နေပြီဆိုတော့ ရှင် တပ်ရင်းကို ပြန်သင့်ပြီ။ ကျွန်မ ပန်းထိုးစရာ ရှိသေးတယ်။"
သူမ အမှန်တရားကို ဖုံးကွယ်ထားသည်ကို မြင်သောအခါ လုယွီက သူမကို လွှတ်ပေးပြီး ဆံပင်ကို အသာအယာ ဖွပေးကာ ပြောလိုက်သည်။ "ကိုယ် နောက်မှ ပြန်လာခဲ့မယ်။"
လုယွီ ထွက်သွားပြီးမှ ကျန်းနျန် သက်ပြင်းချနိုင်တော့သည်။ သူမသည် စားပွဲတွင် ထိုင်ကာ ပြီးခါနီး ဖြစ်နေသော ပန်းထိုးထည်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်မိသည်။ ဤအကြောင်းအရာများမှာ သူမ၏ လျှာဖျားတွင် ရှိနေသော်လည်း မည်သို့ ပြောပြရမည်ကို မသိဖြစ်နေသည်။
လုယွီက သူမကို ရူးနေသည်ဟု ထင်သွားမည်ကိုလည်း သူမ စိုးရိမ်မိသည်။
အထူးသဖြင့် ဤခေတ်ကာလတွင် ထိုကဲ့သို့သော အရာများမှာ တားမြစ်ချက်များ ဖြစ်ပြီး လုယွီမှာ တည်ကြည်သော တပ်သားတစ်ဦး ဖြစ်ရာ ထိုသို့သော အရာများကို သူ မည်သို့ ယုံကြည်နိုင်ပါမည်နည်း။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းနျန်သည် ပန်းထိုးခြင်းကို အပြီးသတ်ရန် ကြိုးစားနေခဲ့ပြီး လုယွီကလည်း ထိုကိစ္စကို ထပ်မမေးတော့ပေ။ သို့သော် သူ မမေးခြင်းမှာ ထိုကိစ္စ ပြီးဆုံးသွားပြီဟု မဆိုလိုပေ။ ယင်းမှာ သူမတို့အကြားတွင် အချိန်မရွေး ကျလာနိုင်သော ဓားတစ်စင်းကဲ့သို့ ရှိနေသည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လုယွီကို ရင်ဆိုင်ရလျှင် ကျန်းနျန်မှာ အပြစ်မကင်းသကဲ့သို့ ခံစားရပြီး သူ့ကို တည့်တည့် မကြည့်ရဲ ဖြစ်နေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လက်ထောက်တပ်ရင်းမှူးနင်က အဘွားကြီးဝူ၏ ကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်ခဲ့ပြီး နင်ရှို့၏ အခြေအနေမှာလည်း တိုးတက်လာခဲ့သည်။ မနက်စာ စားပြီးနောက် ထျန်မိုင်က နင်ရှို့နှင့် နင်ချန့်တို့ကို ခေါ်ကာ ကျန်းနျန်ဆီသို့ လာခဲ့သည်။ သူမသည် ကျန်းနျန်ကို ကျေးဇူးတင်သောအားဖြင့် သကြားညို နှစ်ပေါင်ပင် ယူဆောင်လာခဲ့သည်။
ကျန်းနျန် ပြုံးလိုက်သည်။ "အစ်မထျန် မပြောရင်တောင် ကျွန်မက နိုင်ငံရေးမှူးကုတို့ကို သွားတွေ့မှာပါ။ ဒီသကြားညိုကို ကလေးနှစ်ယောက် သောက်ဖို့အတွက် သိမ်းထားလိုက်ပါ။"
ကျန်းနျန်က အတင်းအကျပ် ငြင်းဆိုသဖြင့် ထျန်မိုင်မှာ အားနာသွားသည်။ "ကျန်းနျန်၊ ဒီတစ်ခါတော့ မင်းကို တကယ် ကျေးဇူးတင်ချင်တာပါ။"
ထိုသို့ ပြောဆိုပြီးနောက် သူမက နင်ရှို့၏ ခေါင်းကို ပွတ်ပေးကာ ပြောလိုက်သည်။ "သူမ အခုဆို ချစ်စရာ ပုံလေးတွေ ဆွဲတတ်နေပြီ၊ ငါတို့ကိုတောင် စကားအနည်းငယ် ပြန်ပြောနေပြီ။"
ကျန်းနျန်သည် နင်ရှို့၏ ရှေ့တွင် ထိုင်ကာ သူမ၏ လက်ကလေးများကို လိမ်ယှက်ထားပြီး ခေါင်းငုံ့နေသည်ကို ကြည့်နေမိသည်။ သူမ၏ဆီမှ မူလ ကျန်းနျန်၏ အရိပ်အယောင်များကို မြင်ရပြီး လုယွီ၏ မေးခွန်းထုတ်မှုများကို ပြန်လည် စဉ်းစားမိသောအခါ ကျန်းနျန် စိုးရိမ်ပူပန်မိသည်။
လုယွီက သံသယဝင်နေသည်ကို သူမ သိသော်လည်း မည်သို့ ရှင်းပြရမည်ကို တကယ် မသိပေ။
"ဒေါ်လေးကျန်း၊ ဒါတွေက သမီးရဲ့အစ်မ လွန်ခဲ့တဲ့ ရက်တွေက ဆွဲထားတာတွေပါ။ ဒေါ်လေးကို ပြချင်လို့တဲ့။"
နင်ချန့်က စာအုပ်ကို ကျန်းနျန်ထံသို့ ကမ်းပေးခဲ့သည်။ ကျန်းနျန်က ရှက်သွေးဖြန်းနေသော နင်ရှို့ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပြီ၊ ဒေါ်လေး ကြည့်ပေးမယ်နော်။"
သူမ စာအုပ်ကို ဖွင့်လိုက်သည်နှင့် ပထမစာမျက်နှာကို ကြည့်ကာ အံ့သြသွားမိသည်။
နင်ရှို့က ခဲတံဖြင့် ဆွဲထားခြင်းဖြစ်ပြီး ပုံစံမှာ ပုံကြမ်းဆွဲသည့် ပုံစံနှင့် ဆင်တူသည်။ ပထမစာမျက်နှာတွင် ယုန်တစ်အုပ် မြက်ခင်းပြင်တွင် မြက်စားနေပုံကို ဆွဲထားပြီး သူတို့၏ မျက်လုံးများနှင့် မြက်ပင်များမှာ သက်ဝင်လှုပ်ရှားနေသည်။ ဒုတိယစာမျက်နှာကို လှန်လိုက်သောအခါ ဖန်ရှနှင့် ဖန်ကောတို့ လက်ချင်းချိတ်ကာ ကျောင်းလွယ်အိတ်များ လွယ်ပြီး စာသင်ခန်းထဲမှ ထွက်လာပုံကို တွေ့ရသည်။ သူတို့နှစ်ဦးစလုံးမှာ ပြုံးနေကြပြီး မျက်နှာသွင်ပြင်များမှာလည်း ကောင်းမွန်စွာ ဆွဲထားသည်။
ကျန်းနျန်က နင်ရှို့ကို မော့ကြည့်လိုက်ရာ သူမ၏ အကြည့်နှင့် ဆုံသွားခဲ့သည်။ နင်ရှို့မှာ လန့်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားကာ ဘာမှ မပြောပေ။
ကျန်းနျန်က ဘာမှ မပြောဘဲ ဆက်ကြည့်ခဲ့သည်။
တတိယစာမျက်နှာမှာ သူမနှင့် လုယွီ၏ ပုံဖြစ်သည်။ လုယွီက စက်ဘီးစီးနေပြီး သူမက နောက်တွင် ထိုင်ကာ လုယွီ၏ ခါးကို ဖက်ထားသည်။ သူမ၏ ဆံပင်များ လေထဲတွင် လွင့်နေပုံမှာ ခဲတံစုတ်ချက်များဖြင့် အသေးစိတ် ပေါ်လွင်နေပြီး တိုက်တန်း၏ ပတ်ဝန်းကျင်နှင့် ပြတင်းပေါက်များကိုလည်း သေချာစွာ ဆွဲထားသည်။
ဤနေရာကို သူမ မှတ်မိသည်။ ယင်းမှာ သူမတို့ မင်္ဂလာဆောင်ပြီးနောက် နောက်တစ်နေ့တွင် လုယွီက သူမကို စက်ဘီးဖြင့် ပစ္စည်းဝယ်ရန် ခေါ်သွားခဲ့သည့် နေ့ ဖြစ်သည်။
နင်ရှို့က သူမ၏ ပုံကို ဆွဲနေသည်ကို တွေ့ခဲ့စဉ်က ကျန်းနျန်မှာ အံ့သြရုံသာ ရှိခဲ့သော်လည်း ယခုမှာမူ အံ့သြမှုမှာ အတိုင်းအထက်အလွန် ဖြစ်သွားသည်။ နင်ရှို့သည် ကြောက်ရွံ့တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသော်လည်း သူမ၏ အကဲခတ်နိုင်စွမ်းမှာ အလွန်ပင် ထက်မြက်လှသည်။ လူတိုင်း၏ သိမ်မွေ့သော အမူအရာများနှင့် ပတ်ဝန်းကျင်၏ အသေးစိတ် အချက်အလက်များကို သူမက သေချာစွာ လေ့လာထားနိုင်သည်။
ဤကလေးမှာ ထူးခြားလှသည်။ အကယ်၍ အဘွားကြီးဝူသာ မရှိခဲ့လျှင် နင်ရှို့မှာ ယခုထက် ပို၍ပင် တိုးတက်နေနိုင်သည်။
ကျန်းနျန်သည် ကျန်ရှိသော စာမျက်နှာများကို လှန်ကြည့်ရာ နင်ချန့်နှင့် ထျန်မိုင်၏ ပုံများကိုလည်း တွေ့ရသည်။ နင်ရှို့၏ မျက်ဝန်းထဲတွင် ဤအရာများမှာ သူမ မြင်နိုင်သမျှနှင့် စိတ်ကူးနိုင်သမျှ အရာများပင် ဖြစ်သည်။ သူမအနေဖြင့် အနာဂတ်တွင် အတွေ့အကြုံများ ပိုရရှိလာပါက ပို၍ပင် တိုးတက်လာမည်မှာ သေချာလှသည်။
"ကျန်းနျန်၊ နင်ရှို့ရဲ့ ပုံတွေက ဘယ်လိုလဲ" ထျန်မိုင်က မနေနိုင်ဘဲ မေးလိုက်သည်။ သူမအနေဖြင့် ထူးခြားသည်ဟု မမြင်သော်လည်း နင်ရှို့က သူတို့နှင့် တူအောင် ဆွဲနိုင်သည်ဟုသာ ခံစားရသည်။
ကျန်းနျန်က စာအုပ်ကို ပိတ်လိုက်ပြီး ထျန်မိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "အရမ်း ကောင်းပါတယ်။" ထို့နောက် သူမက နင်ရှို့ကို နူးညံ့စွာ ပြောလိုက်သည်။ "နင်ရှို့၊ ဒီစာအုပ်ကို ဒေါ်လေးကို ပေးနိုင်မလား။ ဒေါ်လေးက ဒီပုံတွေကို နားလည်တဲ့ ဆရာတစ်ယောက်ဆီ ပြချင်လို့။ သမီး ကြီးလာတဲ့အခါ ဒီပညာရပ်ကို ဆက်ပြီး လေ့လာလို့ ရတာပေါ့၊ ဟုတ်ပြီလား။"
နင်ရှို့က ကျန်းနျန် ပြောသည်ကို အကုန်နားမလည်သော်လည်း ကျန်းနျန်က ထိုပုံများကို ကြိုက်သည်ဟု သိသဖြင့် ခေါင်းညိတ်ပြသည်။
ထျန်မိုင်ကလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ "ဘယ်သူ့ဆီ ပေးမလို့လဲ။"
ကျန်းနျန် ရှင်းပြလိုက်သည်။ "ကျွန်မ ရက်အနည်းငယ်အတွင်း မြို့ထဲသွားရင် ပန်းထိုးဆိုင်က ဒါရိုက်တာကို ဒီစာအုပ် ပြချင်လို့ပါ။ သူမမှာ အဆက်အသွယ်တွေ အများကြီး ရှိသလို ဒီပညာရပ်ပိုင်းမှာလည်း နားလည်တဲ့သူတွေလည်း သိတယ်။ နင်ရှို့အတွက် ဆရာကောင်းတစ်ယောက် ရှာပေးနိုင်မလားလို့။"
နင်ရှို့က သူမကို မော့ကြည့်နေသည်ကို မြင်သောအခါ ကျန်းနျန် နွေးထွေးစွာ ပြုံးပြလိုက်သည်။ "ဒေါ်လေး သမီးကို ဆရာရှာပေးမယ်လို့ ကတိပေးထားတယ်လေ၊ ဒေါ်လေးက ကတိတည်စေရမယ်။"
နင်ရှို့သည် ခေတ္တမျှ မှင်တက်သွားပြီးနောက် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းပြန်ငုံ့သွားတော့သည်။ သူမ၏ လက်ချောင်းလေးများမှာ ပေါင်ပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
ထျန်မိုင်သည် ဆက်၍ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ ရုတ်တရက် ထရပ်လိုက်ကာ ကျန်းနျန်ကို ပြောလိုက်သည်။ "ရှို့အာကို ခဏကြည့်ပေးထားပါဦး၊ အစ်မ အပြင်ကို ခဏလောက်သွားလိုက်ဦးမယ်၊ ချက်ချင်းပြန်လာခဲ့ပါ့မယ်။"
ပြောပြောဆိုဆိုနှင့် သူမသည် ကျန်းနျန်ပင် တုံ့ပြန်ချိန်မရလိုက်ဘဲ အပြင်သို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
ကျန်းနျန် - .....
ထျန်မိုင် ထွက်သွားသည်နှင့် နင်ရှို့သည် စတင်၍ စိုးရိမ်ထိတ်လန့်လာကာ အသက်ရှူသံများ မြန်ဆန်လာခဲ့သည်။ ကျန်းနျန်က လက်လှမ်း၍ နင်ရှို့၏ တုန်ရင်နေသော လက်ကလေးကို ဆုပ်ကိုင်ပေးလိုက်ရင်း နှစ်သိမ့်ပေးလိုက်သည်။ "မကြောက်ပါနဲ့၊ ဒေါ်လေးကျန်း ဒီမှာရှိနေတာပဲဟာ။"
နင်ချန့်ကလည်း ဘေးမှနေ၍ ဝင်ပြောသည်။ "အစ်မ ညီမလေးလည်း ဒီမှာရှိတယ်လေ။"
ကျန်းနျန် နင်ချန့်ကို တစ်ချက် ကြည့်လိုက်သည်။ အဘွားကြီးဝူ ထွက်သွားပြီးနောက်ပိုင်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နင်ချန့်၏ အခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ဤကလေးမလေး၏ စိတ်ဓာတ်ကြံ့ခိုင်မှုမှာ အားရစရာကောင်းပြီး လျင်မြန်စွာ ပြန်လည် နာလန်ထူနိုင်ခဲ့သည်။ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ဖြူစင်ရိုးသားသော အပြုံးများမှာ သူမ၏ မျက်နှာပေါ်တွင် ပြန်လည် ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။
ကျန်းနျန် ပြုံး၍ ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ချန့်အာလည်း ရှိတာပဲ။"
နင်ချန့်ကလည်း ကျန်းနျန်ကို ကြည့်ကာ ပြုံးလျက် ပြောခဲ့သည်။ "ဒေါ်လေးကျန်း ပြုံးလိုက်ရင် တကယ်လှတာပဲ။"
တစ်နာရီခန့် ကြာပြီးနောက် ထျန်မိုင် ပြန်ရောက်လာသည်။ သူမ၏ လက်ထဲတွင် ပစ္စည်းမျိုးစုံ ပါလာသည်။ ပန်းသီးတစ်အိတ်၊ မုယောနို့တစ်ဘူးနှင့် ကြက်ဥတစ်တောင်းတို့မှာ ပြည့်လျှံနေသည်။ သူမက ထိုပစ္စည်းအားလုံးကို ကြမ်းပြင်ပေါ်သို့ တန်းချလိုက်သည်။ ကျန်းနျန်မှာ အံ့အားသင့်သွားပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ "အစ်မထျန် ဒါတွေက ဘာလုပ်ဖို့လဲ။"
ထျန်မိုင်က နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ပြောသည်။ "ညီမက ရှို့အာအတွက် ဆရာရှာပေးတာပဲ၊ အစ်မက ဒီအတိုင်းတော့ လက်မခံနိုင်ဘူး။ ဒါတွေကို ညီမ လက်ခံရမယ်၊ မဟုတ်ရင် နောက်တစ်ခါ အစ်မ မလာတော့ဘူး။"
သူမ၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် ကျန်းနျန်ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရသည်။"ကောင်းပါပြီ၊ ကျွန်မ လက်ခံပါ့မယ်။"
တကယ်တမ်းတွင် ကျန်းနျန်သည် ထိုပစ္စည်းများ မရလျှင်ပင် နင်ရှို့၏ ဝါသနာကို ပျိုးထောင်ပေးရန် ကောမိန်ထံသို့ သွားရောက် အကူအညီတောင်းရန် စိတ်ကူးထားပြီးသား ဖြစ်သည်။
ကျန်းနျန်က ပန်းသီးအချို့ကို ဆေးကြောကာ လူတိုင်းကို တစ်လုံးစီ ဝေပေးလိုက်သည်။ ထျန်မိုင်သည် ထိုင်ကာ စကားစမြည် ပြောရင်း သူမ၏ ယောက္ခမအကြောင်းကို ပြောပြလာသည်။ လက်ထောက်တပ်ရင်းမှူးနင်သည် သူ့အမေကို ဇာတိရွာသို့ ပြန်ပို့လိုက်ကြောင်း၊ ထိုအဘွားကြီးမှာ ရွာထဲတွင် လက်ထောက်တပ်ရင်းမှူးနင်နှင့် မိသားစုမှာ မိဘအပေါ် မသိတတ်ကြောင်း၊ သူမကို သေကြောင်းကြံစည်ကာ အမေအဖြစ် အသိအမှတ် မပြုလိုတော့ကြောင်း ကောလာဟလများ လွှင့်နေသည်ဟု ဆိုသည်။
မိမိ၏ ချွေးမနှင့် မြေးမလေးနှစ်ဦးက သူမကို နှိပ်စက်နေကြောင်း၊ သူမကို သေစေချင်နေကြောင်း ပြောဆိုသဖြင့် ဤကိစ္စမှာ တပ်ဖွဲ့အထိ ရောက်သွားခဲ့ပြီး တပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အမှန်တရားကို စုံစမ်းရန် ရောက်လာခဲ့ရသည်။
အမြဲတမ်း ပြဿနာ မတက်လိုသော လက်ထောက်တပ်ရင်းမှူးနင်သည်ပင် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ တပ်ဖွဲ့ခေါင်းဆောင်နှင့် ရွာသားများရှေ့တွင် မိသားစုအတွင်းရေးများကို အကုန်ဖွင့်ချလိုက်တော့သည်။ ရွာသားများမှာလည်း အဘွားကြီးမှာ မိမိမြေးမလေးကိုပင် သေအောင် တွန်းပို့ခဲ့သည်ဟု ကြားသိရသောအခါ အံ့အားသင့်ကာ သက်ပြင်းချမိကြတော့သည်။
ရွာသားများ၏ ဝိုင်းဝန်း ကဲ့ရဲ့ပြစ်တင်မှုကို ခံရပြီးနောက် အဘွားကြီးဝူမှာ နောက်ဆုံးတွင် ငြိမ်ကျသွားပြီး အိမ်ပြင်ပင် မထွက်ရဲတော့ပေ။
လက်ထောက်တပ်ရင်းမှူးနင်သည် အဘွားကြီးအတွက် ငွေ ၅၀ ယွမ်နှင့် စားနပ်ရိက္ခာကတ်အချို့ ထားခဲ့ပေးပြီး တစ်နှစ်လျှင် တစ်ကြိမ် လာရောက်တွေ့ဆုံမည်ဟု ကတိပေးခဲ့သည်။
ဤသည်မှာ အကောင်းဆုံးပင်ဖြစ်သည်ဟု ကျန်းနျန် တွေးမိသည်။ လူကြီးပိုင်းများနှင့် မရောနှောတော့မှသာ ကလေးနှစ်ယောက်မှာ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းနိုင်မည်ဖြစ်သည်။ လက်ထောက်တပ်ရင်းမှူးနင်သည် စစ်ခရိုင်အတွင်းရှိ ကျောင်းနှင့်လည်း ဆက်သွယ်ထားပြီး ကလေးနှစ်ယောက်ကို ရက်အနည်းငယ်အတွင်း ကျောင်းပို့ရန် စီစဉ်ထားသည်။ နင်ရှို့၏ အခြေအနေကြောင့် နင်ချန့်မှာ တာဝန် ပို၍ ကြီးလာပေလိမ့်မည်။
ထျန်မိုင် ပြန်သွားပြီးနောက် ကျန်းနျန်သည် နေ့လယ်စာအတွက် မုန့်အချို့ကို ပြင်ဆင်ကာ ထျန်မိုင်အတွက် ထည့်ပေးလိုက်သည်။ ထို့ပြင် ဟဲယွဲ့၊ ယွဲ့ချောင်နှင့် ကွမ်လုတို့၏ မိသားစုများအတွက်လည်း မုန့်များကို ခွဲ၍ လိုက်ပို့ပေးခဲ့သည်။
ကျန်းနျန် ရောက်သွားချိန်တွင် ကွမ်လုက အိမ်မှာ ရှိနေသည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "ဝင်ပြီး လာထိုင်ပါဦး။"
ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။"
မိသားစုတိုက်ခန်းများ၏ အိမ်ဖွဲ့စည်းပုံမှာ အတူတူပင်ဖြစ်သော်လည်း ကွမ်လု၏အိမ်ထဲသို့ ဝင်လိုက်သည်နှင့် စာအုပ်စင်ပေါ်ရှိ စာအုပ်အမျိုးမျိုး၊ စားပွဲပေါ်က ဖန်ပုလင်းဟောင်းလေးထဲတွင် အပြင်မှခူးလာသော ပန်းကလေးများ ထိုးထားသည်ကို တွေ့ရပြီး လိုက်ကာနှင့် အလှဆင်ပစ္စည်းများမှာလည်း တစ်မျိုးလေး ကျက်သရေရှိလှသည်။
ကွမ်လု၏ မိသားစုနောက်ခံမှာ အတော်လေး ကောင်းမွန်ခဲ့ပုံရပြီး နယ်သို့ အပို့မခံရခင်က သူမ၏မိဘများသည် အဆင့်အတန်းမြင့်မားသူများ ဖြစ်ခဲ့လိမ့်မည်ဟု ကျန်းနျန် ခံစားမိသည်။
ကွမ်လုက ကျန်းနျန်အတွက် မုယောနို့တစ်ခွက် ဖျော်ပေးကာ သူမ၏ရှေ့တွင် ဝင်ထိုင်လိုက်သည်။ သူမ၏ဘေးတွင် ဖတ်လက်စ စာအုပ်တစ်အုပ်ကို ချထားသည်။ ကျန်းနျန်က မုယောနို့ တစ်ငုံသောက်ရင်း စာအုပ်ထဲက အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်ရာ ယင်းမှာ ဤခေတ်ကာလတွင် ခွင့်ပြုထားသော စာအုပ်မျိုးသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လော့ချန်ယိကဲ့သို့ ရာထူးမျိုးနှင့်ဆိုလျှင် ခေတ်စနစ်အရ တားမြစ်ထားသော စာအုပ်များကို အိမ်တွင်ထားရှိရန် ခွင့်ပြုမည်မဟုတ်ပေ။
***