မွန်းတည့်ချိန်တွင် အတန်းပြီးသွားသဖြင့် ကျန်းနျန်နှင့် အခြားသူများ ပြန်လာခဲ့ကြသည်။ သူတို့ အိမ်နီးနားချင်း အဆောက်အဦးသို့ ရောက်သောအခါ ထျန်မိုင်သည် သူမ၏ ကလေးနှစ်ယောက်နှင့်အတူ ကျောင်းမှ ပြန်လာသည်ကို တွေ့လိုက်ရသည်။ ဟဲယွဲ့ မေးလိုက်သည်။ "ရှို့အာကို သွားကြိုတာလား။"
ထျန်မိုင် ပြန်ဖြေခဲ့သည်။ "မနက်က သူမနဲ့အတူ ကျောင်းမှာ နေပေးခဲ့တာ။ သူမ အသားကျသွားပြီဆိုရင်တော့ နေပေးစရာ မလိုတော့ပါဘူး။"
နင်ရှို့သည် ခေါင်းငုံ့ထားဆဲ ဖြစ်ပြီး ကျန်းနျန်နှင့် ဟဲယွဲ့ကို နှုတ်ဆက်သည့် နင်ချန့်၏ ဘေးတွင် ရပ်နေသည်။
ဟဲယွဲ့ ပြောလိုက်သည်။ "သူမနဲ့ အချိန်ပိုပေးတာ ကောင်းပါတယ်။"
"မေမေ၊ သားတို့ ပြန်ရောက်ပြီ။"
သူတို့၏ နောက်တွင် ဖန်ရှနှင့် ဖန်ကောတို့ ပါလာသည်။ လူတိုင်း အသီးသီး အိမ်ပြန်သွားကြသည်။ ကျန်းနျန် နေ့လယ်စာ ချက်ပြုတ်ပြီးသောအခါ လုယွီ ပြန်ရောက်လာခဲ့သည်။ သူတို့၏ ကိုယ်ပိုင် ခြံကွက်ထဲမှ ဟင်းသီးဟင်းရွက်များမှာ ခူးရန် အဆင်သင့် ဖြစ်လုနီးပါး ရှိနေပြီ ဖြစ်သဖြင့် စားသောက်ပြီးနောက် လုယွီက ရေသွားလောင်းပေးသည်။
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး တနင်္ဂနွေနေ့သို့ ရောက်ရှိလာခဲ့သည်။ ကျန်းနျန် စောစောထသော်လည်း လုယွီမှာ ထနှင့်ပြီးဖြစ်ကာ မနက်စာပင် အဆင်သင့် ပြင်ထားပြီးပြီ ဖြစ်သည်။ စားသောက်ပြီးနောက် ကျန်းနျန်သည် ပန်းထိုးထားသည်များကို အဝတ်အိတ်လေးထဲ ထည့်ကာ သူတို့နှစ်ဦး အတူတူ ထွက်လာခဲ့ကြသည်။
ဒီနေ့ ရာသီဥတုက ပူပြင်းသဖြင့် လုယွီသည် စစ်ဝတ်စုံ မဟုတ်ဘဲ အဖြူရောင် ရှပ်အင်္ကျီ လက်စကကို ဝတ်ဆင်ထားပြီး သူ၏ သန်မာသော လက်မောင်းများ ပေါ်လွင်နေသည်။ သူသည် ကျန်းနျန်၏ လက်ကို ဆွဲကိုင်ကာ စစ်အခြေစိုက် စခန်းဆီသို့ လျှောက်လှမ်းခဲ့ကြသည်။
လုယွီသည် ဒီနေ့ တပ်ကားကို မသုံးရန် ဆုံးဖြတ်ထားသည်။ သူတို့သည် မြို့ထဲသို့ ဘတ်စ်ကားဖြင့် သွားရန် စီစဉ်ထားပြီး တစ်နာရီခန့်သာ ကြာမည်ဖြစ်သည်။
သူတို့ စခန်းကို ဖြတ်ကျော်လာစဉ် တပ်ရင်းမှ လာသော ကုရှစ်ကျိုးနှင့် ဆုံခဲ့သည်။ သူသည်လည်း အဖြူရောင် ရှပ်အင်္ကျီကို ဝတ်ထားပြီး ဘယ်ဘက်လက်တွင် သိုင်းကြိုး ပတ်ထားသည်။ လုယွီနှင့် ကျန်းနျန်ကို မြင်သောအခါ သူ၏ တည်တင်းသော မျက်နှာသည် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ "မင်းတို့ နှစ်ယောက် ဘယ်သွားမလို့လဲ။"
လုယွီ ပြန်ဖြေလိုက်သည်။ "ပန်းထိုးဆိုင်ကို သွားမလို့လေ။ မင်းကရော…"
ကုရှစ်ကျိုး - "မြို့ထဲက သူငယ်ချင်းဟောင်းတစ်ယောက်ဆီ သွားမလို့။"
လုယွီ - "ဒါဆို အတူတူ သွားကြတာပေါ့။"
သူသည် ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်လျက် ကုရှစ်ကျိုးနှင့်အတူ လျှောက်လာခဲ့သည်။ သူတို့သည် တပ်ရင်းကိစ္စများကို ဆွေးနွေးရင်း နောက်ဆုံးတွင် ကိုယ်ပိုင် ခြံကွက်ကိစ္စသို့ ရောက်သွားသည်။ လုယွီ ပြောလိုက်သည်။ "ပေါင်းပင်တွေ ရှင်းပေးတဲ့အတွက် ကျေးဇူးပဲ။ နျန်နျန် ပြောပြလို့ သိရတယ်။"
လုယွီသည် လူအများရှေ့တွင် သူမကို "နျန်နျန်" ဟု စတင်ခေါ်ဝေါ်နေပြီဖြစ်ကြောင်း ကျန်းနျန် သတိထားမိလိုက်ရာ သူမ အသားမကျသေးပေ။
ကုရှစ်ကျိုးက ပြုံးလျက် ပြောခဲ့သည်။ "ဘာမှမဖြစ်ပါဘူး။ ငါ ပိုလုပ်ပေးလေလေ မင်းရဲ့မိန်းမ သက်သာလေလေပေါ့။"
ထို့နောက် သူက လုယွီကို ကြည့်ကာ ပြောလိုက်သည်။ "မင်း တကယ်ပဲ အားနာတယ်ဆိုရင် တစ်နေ့ကြရင် ထမင်းတစ်နပ်လောက် ကျွေးပေါ့။"
လုယွီ ရယ်မောလိုက်သည်။ "ရတာပေါ့။"
သူတို့ စခန်းမှ ထွက်လာပြီး ဘတ်စ်ကားစီးကာ မြို့ထဲသို့ သွားကြသည်။ ကားပေါ်တွင် လူသိပ်မများသဖြင့် တစ်နာရီကြာ ခရီးစဉ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကုရှစ်ကျိုးက အရင် ဆင်းသွားပြီးနောက် လုယွီနှင့် ကျန်းနျန်တို့ ပန်းထိုးဆိုင်သို့ ဦးတည်ခဲ့ကြသည်။ ထိုနေရာသို့ ရောက်သောအခါ လုယွီက ပြောလိုက်သည်။ "မင်းပဲ အထဲဝင်လိုက်ပါ။ ကိုယ် အပြင်က စောင့်နေမယ်။"
ဆိုင်ထဲတွင် အမျိုးသမီးများသာ ရှိသဖြင့် မလိုအပ်သော အတင်းအဖျင်းများ မဖြစ်စေရန် လုယွီက ရှောင်ရှားချင်မှန်း ကျန်းနျန် နားလည်လိုက်သည်။
ရာသီဥတုက ပူပြင်းသဖြင့် လုယွီသည် ဆိုင်ဘေးရှိ သစ်ပင်ရိပ်အောက်တွင် ရပ်နေသည်။ ကျန်းနျန်က လှည့်ကြည့်လိုက်သောအခါ သူတို့၏ အကြည့်ချင်း ဆုံသွားပြီး သူမ ပြုံးပြကာ ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။
"အို... သတို့သမီးအသစ် ပြန်ရောက်လာပြီပဲ" စုနက ကောင်တာနောက်မှနေ၍ မေးထောက်လျက် နှုတ်ဆက်ခဲ့သည်။ "နင့်ယောက်ျားရော။ သူက နင့်ကို နောက်ဆုံးတော့ အပြင်ထွက်ခွင့် ပေးလိုက်ပြီလား။"
ကျန်းနျန် - ....
သူမ ပြုံးလျက် ပြောလိုက်သည်။ "သူ အပြင်မှာ စောင့်နေတယ်။"
စုနသည် အံ့ဩသွားပြီး အပြင်သို့ တကယ်ပင် ထွက်ကြည့်ခဲ့သည်။ သူမသည် လုယွီ လက်ကို အိတ်ကပ်ထဲ ထည့်ကာ ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသားသည် အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ စုန၏ ကျီစယ်သော အကြည့်များနှင့် ဆုံသွားခဲ့သည်။
လုယွီက နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
စုနသည် ကျန်းနျန်ကို ကျီစယ်သော အပြုံးဖြင့် ပြန်ကြည့်ကာ ပြောလိုက်သည်။ "တပ်ရင်းမှူးလုက တကယ့်ကို ချောတာပဲ။ ငါ့ယောက်ျားနဲ့တော့ ယှဉ်လို့တောင် မရဘူး။"
သူမ စုနကို တစ်ချက်ကြည့်လိုက်သည်။ "သတိထားဦး၊ နင် ပြောတဲ့စကားကို နင့်ယောက်ျားကို သွားပြောလိုက်မယ်။"
စုန ရယ်မောလိုက်သည်။ "ငါက သူ့ကို မကြောက်ပါဘူး။"
ယွီရှနှင့် အခြားသူများသည်လည်း ကျန်းနျန် ရောက်လာမှန်း သိသဖြင့် စကားပြောရန် နောက်ခန်းသို့ ဖိတ်ခေါ်ကြသည်။ ကောမိန်သည် ပန်းထိုးလက်ရာအချို့ကို သွားရောက် စစ်ဆေးနေသဖြင့် နောက်မှ ပြန်ရောက်လာမည်ဖြစ်သည်။ ကျန်းနျန်သည် ရှု့ရွှယ်၏ ဘေးတွင် ထိုင်လိုက်ရာ ရှု့ရွှယ်က ပန်းထိုးနည်းလမ်းအချို့ကို မေးမြန်းသဖြင့် ကျန်းနျန်က ချုပ်ရိုးချုပ်ကွက် အသစ်တစ်ခုကို သင်ပြပေးလိုက်သည်။ အရှေ့တွင် ထိုင်နေသော တုန်းရှု့က ကျန်းနျန်၏ တည်ငြိမ်သော အမူအရာနှင့် နူးညံ့သော အသံကို သတိပြုမိပြီး လှည့်ကြည့်လိုက်သည်။
ပြီးခဲ့သည့် အကြိမ်က ကျန်းနျန်နှင့် တုန်းရှု့တို့၏ ပန်းထိုးလက်ရာ တစ်ခုစီကို ကောမိန်ထံ တင်ပြခဲ့ကြသည်။ ကျန်းနျန် ဆိုင်တွင် မရှိသော်လည်း နိုင်ငံခြား ဝယ်ယူသူများက သူမ၏ လက်ရာကို အရင်ဆုံး ရွေးချယ်ခဲ့သည်ကို သူမ မသိခဲ့ပေ။ အစပိုင်းတွင် ဝန်မခံချင်သော်လည်း တုန်းရှု့သည် ကျန်းနျန်၏ သာလွန်သော အရည်အချင်းကို အသိအမှတ်ပြုလိုက်ရသည်။
ကျားယွမ်သည် စိတ်အခြေအနေ မကောင်းဘဲ မျက်လုံးအောက်တွင် အမည်းစက်များ ရှိနေသည်။ ကျန်းနျန်သည် ရှု့ရွှယ်ကို သင်ပြပေးပြီးနောက် တိုးတိုးလေး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ၊ တစ်ခုခု စိတ်ပူစရာ ရှိလို့လား။"
ကျားယွမ်က သက်ပြင်းချလိုက်သည်။"ထုန်ကန်းက ပြန်ပေါင်းဖို့ လာပြောပြန်ပြီ။ ငါ သူ့ကို နှင်လွှတ်လိုက်တယ်။"
ထုန်ကန်းက ထိုသို့ပင် စဉ်းစားရဲသေးသည်လား။
ကျားယွမ်သည် ပန်းထိုးနေရင်း ပြုံးစိစိနှင့် ပြောခဲ့သည်။ "ကိုယ်ဝန်ရှိနေတဲ့ ရန်လီက ထုန်ကန်းအပြင် တခြားယောက်ျားတစ်ယောက်နဲ့လည်း ပတ်သက်နေတာ ပေါ်သွားပြီ။ အခုတော့ ကလေးက ဘယ်သူ့ကလေးမှန်း ဘယ်သူမှ မသိကြတော့ဘူး။"
ပန်းထိုးဆိုင်က လူတိုင်း ဤအကြောင်းကို သိကြသည်။ ဖန်ရှန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ "နှစ်ယောက်လုံးရဲ့ ကလေး ဖြစ်နိုင်တာပဲ။"
တံခါးဘောင်ကို မှီရပ်နေသော စုနကလည်း ထပ်ဖြည့်ပြောခဲ့သည်။ "ကလေးက နှစ်ယောက်လုံးနဲ့ တူရင် တူမှာပေါ့။"
အခန်းထဲတွင် ရယ်သံများ ထွက်ပေါ်လာခဲ့သည်။ ရှု့ရွှယ်မှာမူ မိန်းကလေးငယ် ဖြစ်သဖြင့် ကလေးမွေးသည့် ကိစ္စများကြားရသောအခါ ရှက်သွေးဖြန်းသွားခဲ့သည်။ ယွီရှက ကျန်းနျန်၏ ဗိုက်ကို ကြည့်ကာ မေးခဲ့သည်။ "ကျန်းနျန်၊ နင်ရော ကိုယ်ဝန်ရှိပြီလား။"
ကျန်းနျန် ခေါင်းခါလိုက်သည်။ "မရှိသေးပါဘူး။"
ယွီရှက မျက်မှောင်ကြုတ်ကာ ဘေးဘီကို ကြည့်ပြီး အသံနှိမ့်ပြောခဲ့သည်။ "နင်တို့ မင်္ဂလာဆောင်တာ လအနည်းငယ် ရှိပြီလေ။ ဘာသတင်းမှ မကြားရသေးဘူးလား။ မဟုတ်မှလွဲ... တပ်ရင်းမှူးလုက မစွမ်းဆောင်နိုင်လို့လား။"
ကျန်းနျန် -.....
မဟုတ်ဘူး၊ သူက အရမ်း စွမ်းဆောင်နိုင်တယ်။
သူမသည် လုယွီ၏ အရှိန်ကို လိုက်ရန် အမြဲတမ်း ခက်ခဲနေရသည်။
စုန စလိုက်သည်။ "တပ်ရင်းမှူးလုမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး။ သူ ကြည့်ရတာ အရမ်း ကျန်းမာပုံရတယ်။ ကျန်းနျန်ကပဲ ကလေး မလိုချင်သေးတာ ထင်တယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကျွန်မတို့တွေ အခုလောလောဆယ် ကလေးမယူသေးဖို့ စဉ်းစားထားကြတာ။ နောက်နှစ်အနည်းငယ် ကြာမှပေါ့။"
လုယွီက ကလေးမယူခင် သုံးနှစ်လောက် စောင့်ချင်သည်ဟု ပြောခဲ့ဖူးသည်ကို သူမ မှတ်မိသည်။ ဘာကြောင့်လဲ မသိသော်လည်း သူမ သူ့ကို အတင်းအကျပ် မတောင်းဆိုချင်ပေ။
သူမတွင် သူမ၏ လျှို့ဝှက်ချက်ရှိသလို လုယွီတွင်လည်း သူ၏ လျှို့ဝှက်ချက် ရှိပေလိမ့်မည်။
ကျန်းနျန်၏ အတွေးများသည် ပျံ့လွင့်သွားပြီး တစ်ဖန် ပြန်လည် သိချင်စိတ် ဖြစ်ပေါ်လာသည်။
ဘာလို့ သုံးနှစ် စောင့်ရတာလဲ။
နာရီဝက်ခန့် ကြာသောအခါ ကောမိန် ပြန်ရောက်လာပြီး အပြင်ရှိ လုယွီနှင့် ခဏမျှ စကားပြောပြီးနောက် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ကျန်းနျန်က ပန်းထိုးလက်ရာကို ပေးအပ်လိုက်ရာ ကောမိန်က စစ်ဆေးပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
"မင်းကတော့ ဘယ်တော့မှ ပြဿနာမရှိမှန်း ငါ သိသားပဲ။ နောက်ရက်အနည်းငယ်နေရင် တန့်ခယ်က နင့်ကိုပဲ သီးသန့် အော်ဒါမှာထားတဲ့ ပန်းထိုးလက်ရာအသစ် လာလိမ့်မယ်။ အဲဒါကို နင့်ဆီ ပို့ပေးလိုက်မယ်။"
ကျန်းနျန် ခေါင်းညိတ်လြိက်သည်။ "ဟုတ်ကဲ့ပါ။"
"ကျွန်မမှာ နောက်ထပ် ဆွေးနွေးစရာ တစ်ခု ရှိသေးတယ်။"
သူမသည် မှတ်စုစာအုပ်ကို ထုတ်ကာ ကောမိန်ကို ပေးလိုက်ပြီး နင်ရှို့၏ အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ ကောမိန်သည် စာအုပ်ထဲက ပန်းချီများကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။ "ဒီကလေးက ကိုးနှစ်ပဲ ရှိသေးတာလား။"
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ အခုမှ ကိုးနှစ်ပြည့်တာ။"
ကောမိန်က အံ့ဩတကြီးနှင့် ချီးကျူးလိုက်သည်။ "ဒီကလေးမှာ နင့်လိုပဲ အလားအလာတွေ အများကြီး ရှိတာ ငါ မြင်နေရတယ်။ သူမရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည်က အခုကတော့ အပြည့်အစုံ မဖြစ်သေးပေမယ့် လူကြီးပန်းချီဆရာ အများစုထက်တောင် သာနေပြီ။ ဆရာကောင်းကောင်းနဲ့သာ စနစ်တကျ သင်ယူခွင့်ရရင် အနာဂတ်မှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရမှာ သေချာတယ်။"
ထိုသို့ ပြောပြီးနောက် ကောမိန်က စာအုပ်ကို ပိတ်ပြီး ပြောလိုက်သည်။ "ဒါကို ငါ့ဆီကိုပဲ ထားခဲ့လိုက်ပါ။ နောက်ရက်အနည်းငယ်နေရင် ပန်းချီဆရာအချို့နဲ့ ငါ တွေ့ဖို့ရှိတယ်။ သူတို့ကို ဒီစာအုပ် ပြလိုက်မယ်၊ ဘယ်သူက သူမကို တပည့်အဖြစ် လက်ခံချင်လဲဆိုတာ ကြည့်ရတာပေါ့။ အဆင်ပြေရင် နင့်ကို ငါ ပြန်ဆက်သွယ်ပေးမယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မကော။"
ကောမိန်လည်း ပြန်ပြုံးပြခဲ့သည်။ "အားနာနေစရာ မလိုပါဘူး။"
ပန်းထိုးဆိုင်မှ ထွက်လာသောအခါ ကျန်းနျန်သည် လုယွီထံသို့ ပြေးသွားရာ သူက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "အားလုံး ပြီးပြီလား။"
ကျန်းနျန် ခေါင်းညိတ်ပြလိုက်သည်။ "အင်း။"
သူမက အိမ်ပြန်ကြတော့မည်ဟု ထင်ထားသော်လည်း လုယွီတွင် အခြား အစီအစဉ်များ ရှိနေသည်။ "ရုပ်ရှင် သွားကြည့်ကြရအောင်၊ ပြီးရင် အနီရောင်ကြယ်ဟိုတယ်မှာ တစ်ယောက်ယောက်နဲ့ နေ့လယ်စာ သွားစားကြမယ်။"
ကျန်းနျန် အံ့အားသင့်သွားသည်။ "ဘယ်သူနဲ့ တွေ့မှာလဲ။"
လုယွီသည် သူမ၏ လက်ချောင်းလေးများကို အသာအယာ ညှစ်လိုက်ရင်း ရုပ်ရှင်ရုံဆီသို့ ဦးတည်ကာ ခေါ်သွားခဲ့သည်။ "ထန်ဇီ ရောက်နေတယ်။"
ရုပ်ရှင်သည် ဂန္ထဝင်ရုပ်ရှင်ဟောင်းတစ်ကား ဖြစ်ပြီး ကျန်းနျန်နှင့် လုယွီတို့သည် အနောက်တန်းတွင် ထိုင်ခဲ့ကြသည်။ ရုပ်ရှင်ရုံ၏ မှိန်ပျပျ အလင်းရောင်အောက်တွင် လုယွီသည် သူမ၏ ခါးကို ဖက်ထားရင်း သူမ၏ နှုတ်ခမ်းကို ခိုးနမ်းလိုက်သည်။ ကျန်းနျန်သည် ရုပ်ရှင်ရုံထဲက အခြားစုံတွဲအချို့ကိုလည်း သတိပြုမိရာ သူမ၏ ပါးပြင်များ နီမြန်းလာခဲ့သည်။
နေ့လယ်စာ စားချိန် နီးလာသောအခါ လုယွီနှင့် ကျန်းနျန်တို့သည် အနီရောင်ကြယ်ဟိုတယ်သို့ သွားခဲ့ကြသည်။ သူတို့သည် ပြတင်းပေါက်နားက စားပွဲဝိုင်းတစ်ခုသို့ ရောက်သွားရာ ထိုနေရာတွင် ထန်ဇီနှင့် ကုရှစ်ကျိုးတို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။ ကုရှစ်ကျိုးသည် လက်တွင် သိုင်းကြိုး ပတ်ထားဆဲ ဖြစ်ပြီး ကျန်းနျန်သည် သူ၏ နဖူးပေါ်ရှိ ချွေးစများကို သတိထားမိသဖြင့် သူ၏လက်မှာ နာကျင်နေဆဲလားဟု တွေးမိကာ "ရှင့်လက်က နာနေတုန်းလား။" ဟု သူမ တိုးတိုးလေး မေးလိုက်သည်။
ကုရှစ်ကျိုး ပြုံးလိုက်သည်။ "မနာတော့ပါဘူး၊ အဆင်ပြေသွားပါပြီ။"
လုယွီသည် ကျန်းနျန်ကို သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်စေပြီး သူမ၏ လက်ချောင်းများကို သူ၏ ကြမ်းတမ်းသော လက်ဖြင့် ညှစ်လိုက်သည်။ ကျန်းနျန်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူသည် ဘာမှ မဖြစ်သလို တည်ငြိမ်သော အမူအရာနှင့် ဖြစ်နေသည်။
ပြီးခဲ့သည့် အကြိမ်က လုယွီသည် သူမကို ကုရှစ်ကျိုးအတွက် ဘယ်နှစ်ကြိမ် ချက်ကျွေးဖူးလဲဟု မေးခဲ့သည်ကို သူမ သတိရလိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူ ထပ်ပြီး သဝန်တိုနေပြန်ပြီလား။
"တွေ့ရတာ ဝမ်းသာပါတယ် ခယ်မလေး" ထန်ဇီက သူတို့စုံတွဲကို ခဏမျှ ကြည့်ပြီး ပြောလိုက်သည်။ "မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ထန်ဇီက ရှင်းပြခဲ့သည်။ "မင်းတို့ မင်္ဂလာဆောင်တုန်းက ကျွန်တော် စစ်သင်တန်း သွားနေလို့ မတက်နိုင်ခဲ့တာပါ။"
လုယွီ ခေါင်းညိတ်လိုက်သည်။ "ရပါတယ်၊ အားလုံး အဆင်ပြေရဲ့လား။"
ထန်ဇီက သောက်စရာကို တစ်ငုံသောက်လိုက်ရာ သူ၏ မျက်ဝန်းများတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်အချို့ ရှိနေသည်။ "အဆင်ပြေပါတယ်။"
သူသည် မနေ့က မြို့ထဲမှ ထွက်လာစဉ် စွင်းယင်နှင့် ဝူယိုရှန်တို့ကို တွေ့ခဲ့သည်။ စွင်းယင်သည် ဖြူဖတ်ဖြူရော် ဖြစ်နေပြီး ရင်ခွင်ထဲတွင် ကလေးတစ်ယောက် ချီထားကာ ဝူယိုရှန်က သူမ၏ နောက်မှ လိုက်လာသည်။
ထန်ဇီသည် နောက်ထပ် တစ်ခွက်ကို ထည့်ကာ တစ်ကျိုက်တည်းနှင့် သောက်လိုက်သည်။ စွင်းယင်သည် လုယွီအပေါ် စိတ်ကစားခဲ့သည်ကို သူ စိတ်မရှိပေ၊ အကြောင်းမှာ သူတို့ကြားတွင် ဘာမှ မဖြစ်နိုင်မှန်း သူ သိသောကြောင့် ဖြစ်သည်။ သို့သော် သူမ မင်္ဂလာမဆောင်ခင်မှာပင် ဝူယိုရှန်နှင့် ထိုသို့သော ကိစ္စမျိုး ဖြစ်ပျက်ခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အခုတော့ သူမ ဘယ်လမ်းကိုပဲ ရွေးရွေး သူမ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်တော့သည်။
ထန်ဇီက နောက်ထပ် တစ်ခွက် ထပ်သောက်ရန် ပြင်နေသည်ကို မြင်သောအခါ လုယွီက ပုလင်းကို ဖိထားလိုက်သည်။ "မင်း ဒီည ရထားစီးရမှာလေ။ အများကြီး မသောက်တာ ကောင်းမယ်။"
ထန်ဇီ၏ အသံမှာ ဩရှနေသည်။ "နောက်ဆုံး တစ်ခွက်တည်းပါ။"
ကုရှစ်ကျိုးက ထန်ဇီကို တစ်ချက်ကြည့်လိုက်ပြီး လုယွီက ပုလင်းကို လွှတ်ပေးလိုက်သည်ကို မြင်သောအခါ သူနှင့် လုယွီအတွက်ပါ တစ်ခွက်စီ ထည့်လိုက်သည်။ "ငါတို့တွေ အောင်ပွဲခံကြတာပေါ့။"
ကျန်းနျန်သည် ထန်ဇီက နယ်စပ်သို့ သွားရန် လျှောက်ထားသည်ဟု ပြောခဲ့ဖူးသည်ကို သတိရကာ နှုတ်ခမ်းကို စေ့ထားလိုက်သည်။
"ရှင် နယ်စပ်ကို သွားတော့မှာလား။"
ထန်ဇီသည် ပြင်းရှသော အရက်ကို မြိုချလိုက်ပြီး ကျန်းနျန်၏ ဖြူဝင်းသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည်။
"ဟုတ်တယ်၊ စုန့်ပိုင်ဆီ သွားပူးပေါင်းမလို့။"
စုန့်ပိုင်၏ အမည်ကို ကြားလိုက်ရသဖြင့် ကျန်းနျန် တိတ်ဆိတ်သွားသည်။
သူမသည် တိတ်တိတ်ဆိတ်ဆိတ်သာ ထမင်းစားနေပြီး ရုတ်တရက် သူမ၏ လက်ချောင်းများကို တစ်ယောက်ယောက်က လာညှစ်ပြန်သည်။ သူမ လှည့်ကြည့်လိုက်ရာ လုယွီသည် ထန်ဇီနှင့် တည်တည်ငြိမ်ငြိမ် စကားပြောနေသည်ကို တွေ့လိုက်ရသည်။
ဒီတစ်ခါ သူ ဘာလို့ သူမလက်ကို လာညှစ်တာလဲ။
ထန်ဇီသည် ထိုညတွင် ရထားစီးရမည် ဖြစ်သည်။ မြို့မှ နယ်စပ်သို့ သွားရန် ရထားဖြင့် လေးရက်ခန့် ကြာမည်ဖြစ်ရာ ပင်ပန်းလွန်းလှသော ခရီးစဉ် ဖြစ်ပေလိမ့်မည်။
နေ့လယ်စာ စားပြီးနောက် ထန်ဇီသည် သူ၏ အထုပ်အပိုးများကို ယူကာ ရထားဘူတာသို့ ဦးတည်သွားခဲ့သည်။ ကျန်းနျန်၊ လုယွီနှင့် ကုရှစ်ကျိုးတို့သည် ဘတ်စ်ကားဖြင့် စခန်းသို့ ပြန်လာကြသည်။ အိမ်ရောက်ရောက်ချင်းမှာပင် လုယွီသည် ကျန်းနျန်ကို ရုတ်တရက် ပွေ့ချီလိုက်သဖြင့် သူမ အံ့အားသင့်သွားရသည်။ သူမသည် အလိုအလျောက်ပင် သူ၏ လည်ပင်းကို သိုင်းဖက်ထားရင်း သူ၏ မှောင်နက်သော မျက်ဝန်းများကို ကြည့်ကာ "ဘာဖြစ်လို့လဲ။" ဟု သူမ ရယ်မောလျက် မေးလိုက်သည်။
လုယွီသည် သူ၏ မျက်နှာကို သူမ၏ လည်ပင်းကြားတွင် ဖုံးကွယ်ထားပြီး သူ၏ ထွက်သက်တွင် အရက်နံ့ ခပ်သင်းသင်း ရနေသည်။ "နေ့လယ်စာ စားတုန်းက စုန့်ပိုင်အကြောင်း စဉ်းစားနေတာလား။"
ကျန်းနျန် - ???
သူမသည် မျက်တောင်တဖျပ်ဖျပ် ခတ်ရင်း လုယွီကို ကြည့်လိုက်ရာ သူက ခေါင်းမော့၍ သူမကို စိုက်ကြည့်နေသည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "ထန်ဇီက သူ့အကြောင်း ပြောလို့ သူ နယ်စပ်မှာ ဘယ်လိုနေမလဲဆိုတာ သိချင်ရုံတင်ပါ။"
လုယွီသည် အတော်လေး သဝန်တိုတတ်သည်ကို သူမ ရုတ်တရက် သတိထားမိလိုက်သည်။
ယခင်က သူမ သတိမထားမိခဲ့ပေ။
လုယွီက ဘာမှ ထပ်မပြောဘဲ သူမကို တိတ်တိတ်ဆိတ်ဆိတ်သာ ပွေ့ဖက်ထားသည်။ ကျန်းနျန်က သူ၏ သွယ်လျသော ခါးကို ဖက်ထားရင်း ရယ်မောလျက် မေးလိုက်သည်။ "ရှင် မူးနေတာလား။"
လုယွီ ပြန်ဖြေခဲ့သည်။ "မမူးပါဘူး။"
မွန်းလွဲပိုင်းတွင် ဟဲယွဲ့ ရောက်လာပြီး ကျန်းနျန်ကို ကိုယ်ပိုင် ခြံကွက်သို့ သွားရန် ခေါ်ခဲ့သည်။ ဟင်းသီးဟင်းရွက် အချို့မှာ ခူးဆွတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ကျန်းနျန်သည် ခြံထဲတွင် လှည့်ပတ်ကြည့်ရင်း သခွားသီးနှင့် ခရမ်းချဉ်သီး အချို့ကို ခူးလိုက်သည်။ ထိုညတွင် တပ်ရင်း၌ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပွားသဖြင့် လုယွီသည် မိုးချုပ်သည်နှင့် ထွက်သွားပြီး ညဉ့်နက်မှ ပြန်ရောက်လာသည်။
ပန်းထိုးစရာ အလုပ်မရှိသေးသဖြင့် ကျန်းနျန်တွင် အားလပ်ချိန် အနည်းငယ် ရှိနေသည်။ ကွမ်လု သူမထံ လာလည်သောအခါ သို့မဟုတ် သူမ ကွမ်လုထံ သွားသောအခါတွင် မှတ်စုစာအုပ်နှင့် ဘောပင်ကို အမြဲ ယူသွားလေ့ရှိသည်။ ဒီနေ့တွင် ကွမ်လုက သူမကို ကဗျာတစ်ပုဒ် သင်ပေးပြီး ရေးခိုင်းသည်။
ကျန်းနျန်သည် နေဝင်ချိန်တွင် အိမ်ပြန်ရောက်လာပြီး မှတ်စုစာအုပ်နှင့် ဘောပင်ကို စားပွဲပေါ် တင်ထားကာ ဟင်းချက်တော့သည်။
***