မကြာမီ ဖန်ရှနှင့် ဖန်ကောတို့ ကျောင်းမှ ပြန်လာသံများ ထွက်ပေါ်လာခဲ့သည်။ မှောင်စပျိုးချိန်တွင် လုယွီ ပြန်ရောက်လာပြီး အိမ်ထဲသို့ ဝင်လာရာ စားပွဲပေါ်ရှိ မှတ်စုစာအုပ်နှင့် ဘောပင်ကို တွေ့လိုက်ရသည်။ သူသည် စာအုပ်ကို ကောက်ယူကာ လှန်လှောကြည့်လိုက်သည်။ ပထမစာမျက်နှာတွင် လက်ရေးများမှာ မညီမညာ ဖြစ်နေသော်လည်း ဒုတိယစာမျက်နှာတွင် အနည်းငယ် ပိုကောင်းလာပြီး နောက်ဆုံး စာမျက်နှာနှစ်ခုတွင်မူ လက်ရေးများသည် အတော်လေး သပ်ရပ်သွားသည်။
အလွန်အမင်း လှပသည်ဟု မဆိုနိုင်သော်လည်း လက်ခံနိုင်စရာ ရှိသည်။
လုယွီသည် မျက်ခုံးတစ်ဖက်ကို ပင့်ပြီး ဘောပင်ကို ယူကာ ထိုလက်ရေးများပေါ်တွင် လိုက်ရေးကြည့်သည်။ သူ၏ မျက်ဝန်းများမှာ ပို၍ အာရုံစိုက်လာပြီး ခဏအကြာတွင် သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဒီ လူလည်မလေး။
သူမ တကယ်တော့ တတ်နေပါလျက်နှင့် မတတ်သလို ဟန်ဆောင်နေခြင်း ဖြစ်သည်။ လူတစ်ယောက်သည် စာကို ကောင်းကောင်း ရေးတတ် မရေးတတ်သည်ကို လက်ရေး အစအဆုံးရှိ အားစိုက်မှုမှ တစ်ဆင့် သိနိုင်ပေသည်။
"ညစာ အဆင်သင့်ဖြစ်ပြီ။ ရှင့်အကြိုက်ဆုံး အစုံသုပ်ခေါက်ဆွဲ လုပ်ထားတယ်။" ကျန်းနျန်က မီးဖိုချောင်မှ ပန်းကန်တစ်ခုကို သယ်လာရင်း ပြောလိုက်သည်။ လုယွီက မှတ်စုစာအုပ်ကို ကိုင်ထားသည်ကို မြင်သောအခါ သူမ ခဏမျှ ရပ်တန့်သွားသည်။ "ဘာဖြစ်လို့လဲ။"
လုယွီက မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။"မင်းရဲ့ တိုးတက်မှုက အရမ်း မြန်တာပဲ။"
ကျန်းနျန် ပြန်ပြုံးပြလိုက်သည်။ "ကျွန်မက သဘာဝအတိုင်း ပါရမီပါတာလေ။"
လုယွီ - ....
ကျန်းနျန်သည် အစုံသုပ် အများကြီး ချက်ထားရာ လုယွီသည် သုံးပန်းကန်မျှ စားလိုက်သည်။ ထိုညတွင် အိပ်ရာထဲ လှဲနေစဉ် ကျန်းနျန်သည် ထိုအမျိုးသား၏ ဝမ်းဗိုက်ကြွက်သားများကို မထိဘဲ မနေနိုင် ဖြစ်နေသည်။ သူမက လုယွီကို မော့ကြည့်ရင်း မေးလိုက်သည်။ "ရှင်တို့ နေ့တိုင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာလား။"
လုယွီက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ သူမ၏ လှုပ်ရှားနေသော လက်ကို တားဆီးလိုက်သည်။ "ဟုတ်တယ်။"
သူသည် သူမကို အနားသို့ ဆွဲခေါ်ကာ သူမ၏ နှာခေါင်းလေးကို နမ်းလိုက်သည်။ "တစ်နေ့ကြရင် မင်းကိုပါ လေ့ကျင့်ရေး ခေါ်သွားရင် ကောင်းမလား။"
ကျန်းနျန် - ....
လုယွီနှင့် စုန့်ပိုင်တို့ လေ့ကျင့်နေကြသည်ကို ပြန်မြင်ယောင်ကြည့်လိုက်ရာ နှစ်ယောက်လုံး ဒဏ်ရာဒဏ်ချက်များဖြင့်သာ အဆုံးသတ်လေ့ရှိသည်။ ကျန်းနျန်သည် လုယွီ၏ သန်မာသော လက်များကို ကြည့်လိုက်ပြီး သူ အားသိပ်စိုက်စရာ မလိုဘဲ လက်တစ်ဖက်တည်းနှင့်ပင် သူမကို လဲအောင် လုပ်နိုင်မည်ဟု တွေးမိသွားသည်။
ထိုအတွေးနှင့်အတူ သူမသည် ချက်ချင်း တစ်ဖက်သို့ လှည့်ကာ ပြောလိုက်သည်။"အိပ်တော့မယ်။"
လုယွီက ရယ်မောလျက် သူမ၏ ဆံပင်အချို့ကို နားနောက်သို့ သပ်ပေးလိုက်သည်။ "ကိုယ်က အပြေးလေ့ကျင့်တာကို ပြောတာပါ။"
"မလိုက်ဘူး။"
"ကျွန်မက ဝလာတာကိုပဲ ပိုကြိုက်တယ်။"
လုယွီ ရယ်မောလိုက်သည်။ "ကောင်းပါပြီ။" သူက ထပ်ဖြည့်ပြောခဲ့သည်။ "မင်း ဝလာရင်လည်း ကိုယ် ပွေ့ချီနိုင်ပါသေးတယ်။"
ကျန်းနျန် - .....
နှစ်ရက်ကြာသောအခါ တပ်မှ အစောင့်တစ်ဦး ရောက်လာပြီး ကျန်းနျန်ကို အပြင်မှာ တစ်ယောက်ယောက်က တွေ့ချင်နေကြောင်း ပြောလာသည်။ ၎င်းမှာ ကောမိန်က ပန်းထိုးဒီဇိုင်း လာပို့ခြင်း ဖြစ်မည်ဟု ကျန်းနျန် ခန့်မှန်းမိလိုက်သည်။ အစောင့်နောက်သို့ လိုက်သွားသောအခါ ရှု့ရွှယ်ကို တွေ့လိုက်ရသဖြင့် သူမ အံ့အားသင့်သွားသည်။ ရှု့ရွှယ်က အထုပ်လေးကို ကမ်းပေးရင်း ပြောခဲ့သည်။ "အစ်မကျန်း၊ ပန်းထိုးဒီဇိုင်း ရပြီ။"
နေ့လယ်စာ စားချိန် ဖြစ်နေသဖြင့် ကျန်းနျန်က ရှု့ရွှယ်ကို ခဏစောင့်ခိုင်းလိုက်သည်။ သူမသည် စခန်းထဲသို့ ပြေးဝင်ကာ ရှု့ရွှယ်ကို အထဲသို့ ခေါ်ဆောင်ရန် လက်မှတ်ထိုးပေးမည့် လူတစ်ယောက်ယောက်ကို ရှာလိုက်သည်။ သူမသည် လက်ထောက်တပ်ရင်းမှူးလော့နှင့် ဆုံရာ အနားသို့ ပြေးသွားပြီး ပြောလိုက်သည်။"လက်ထောက်တပ်ရင်းမှူးလော့၊ ကျွန်မကို ကူညီပါဦး။"
လော့ချန်ယိ အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဘာကူညီရမလဲ။"
ကျန်းနျန်က စခန်းအပြင်ဘက်ကို ညွှန်ပြကာ ပြောလိုက်သည်။ "ကျွန်မရဲ့ ပန်းထိုးဆိုင်က လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရောက်နေလို့ပါ။ သူမကို နေ့လယ်စာ ကျွေးဖို့ အထဲခေါ်ချင်လို့ တပ်ရင်းက တစ်ယောက်ယောက် လက်မှတ်ထိုးပေးဖို့ လိုနေတယ်။"
လက်ထောက်တပ်ရင်းမှူးလော့ ပြောလိုက်သည်။ "ပြဿနာမရှိပါဘူး။"
လော့ချန်ယိ၏ လက်မှတ်ဖြင့် ကျန်းနျန်သည် ရှု့ရွှယ်ကို မိသားစု တိုက်ခန်းသို့ ခေါ်ဆောင်လာကာ နေ့လယ်စာအတွက် ဟင်းအချို့ ထပ်ချက်လိုက်သည်။ လုယွီနှင့် ချန်ယောင်တို့ အတူတူ ပြန်ရောက်လာကြပြီး ချန်ယောင်က အထဲဝင်လာစဉ် အော်လာခဲ့သည်။ "မရီး၊ ကျွန်တော် ထမင်းလာစားပြန်ပြီဗျို့။"
ကျန်းနျန်က ပန်းကန်တစ်ခုကို သယ်လာရင်း ထွက်လာရာ ချန်ယောင်က ပြောနေသည်ကို ကြားလိုက်ရသည်။ "ဒီနေ့ ကျွန်တော် တပ်ရင်းမှူးလုကိုယ်စား တပ်ရင်းက လူအချို့နဲ့ ယှဉ်ပြိုင်ခဲ့တာ။ သူ့ကို မျက်နှာမပျက်စေခဲ့ပါဘူး၊ ကျွန်တော် နိုင်ခဲ့တယ်။ အဲဒါကြောင့် တပ်ရင်းမှူးလုက ကျွန်တော့်ကို ထမင်းကျွေးမယ်လို့ ကတိပေးထားတာ။"
ကျန်းနျန် ပြုံးလိုက်သည်။ "ဟုတ်ပါပြီ။"
သူမ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားရာ လုယွီက နောက်မှ လိုက်လာသည်။ သူသည် စားပွဲကို မှီထားရင်း သူမကို သူ၏ လက်မောင်းကြားတွင် ပိတ်ထားကာ သူမ၏ နားရွက်လေးကို နမ်းလိုက်သည်။ အပူရှိန်ကြောင့် သူမ၏ ပါးများ နီမြန်းနေသည်ကို မြင်လိုက်ရသောအခါ သူသည် တံတွေးမြိုချရင်း သူမ၏ သွယ်လျသော ခါးလေးကို ဖက်လိုက်သည်။ "ပန်းထိုးဒီဇိုင်း ရပြီလား။"
ကျန်းနျန်က ခေါင်းညိတ်ပြလိုက်သည်။ "အင်း။"
သူမသည် သူ၏ နွေးထွေးသော ခန္ဓာကိုယ်နှင့် ဝေးရာသို့ အနည်းငယ် ရွှေ့လိုက်ပြီး ပြောလိုက်သည်။ "ထမင်း သွားသယ်တော့။"
ထို့နောက် သူမ ပြေးထွက်သွားခဲ့သည်။
ချန်ယောင်သည်လည်း ထမင်းသယ်ရန် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားသည်။ သူ ပြန်ထွက်လာသောအခါ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှု့ရွှယ်ကို သတိပြုမိလိုက်သည်။ သူမသည် လိမ္မော်နုရောင် လက်တိုရှပ်အင်္ကျီကို ဝတ်ထားပြီး ဆံပင်ကို နှစ်ဖက် ကျစ်ထားသည်။ သူမ၏ မျက်ခုံးများသည် ကွေးညွတ်နေပြီး အပြုံးသည် နူးညံ့လှသည်။ သူမသည် သတို့သမီး ခေါ်ဆောင်စဉ်က သူ့ကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့သော ပန်းထိုးဆရာမလေး ဖြစ်ကြောင်း သူ မှတ်မိလိုက်သည်။
ချန်ယောင်က သူမကို မကြာခဏ လှည့်ကြည့်နေသည်ကို မြင်သောအခါ ရှု့ရွှယ်သည် မျက်မှောင်ကြုတ်ကာ စိတ်ဆိုးချင်ယောင် ဆောင်လျက် သူ့ကို စိုက်ကြည့်လိုက်သည်။ သူမသည် ဤအမျိုးသားမှာ သတို့သမီး ခေါ်ဆောင်စဉ်ကအတိုင်း ရဲတင်းပြီး ခွန်အားကြီးသူတစ်ယောက် ဖြစ်နေဆဲဟု ထင်မိသည်။
ချန်ယောင်သည် သူမ စိတ်ဆိုးချင်ယောင် ဆောင်နေသည်မှာ ချစ်စရာကောင်းသည်ဟု ထင်ကာ မရယ်ဘဲ မနေနိုင် ဖြစ်နေသည်။
လုယွီက ချန်ယောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
ကျန်းနျန်သည် မီးဖိုချောင်မှ ထွက်လာရင်း မေးလိုက်သည်။"ဘာတွေ ရယ်နေတာလဲ။"
ချန်ယောင်က အမြန် ခေါင်းခါလျက် ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"
ထမင်းစားရင်း ကျန်းနျန်နှင့် ရှု့ရွှယ်တို့သည် ပန်းထိုးဆိုင်အကြောင်း စကားပြောကြရာ ကျားယွမ်က ထုန်ကန်းကို ထပ်ပြီး ရိုက်နှက်လိုက်သည့် အကြောင်း ပါလာသည်။ ရှု့ရွှယ်က ထိုအကြောင်းကို အားရပါးရ ပြောပြနေစဉ် ချန်ယောင်က သူမကို မကြာခဏ မော့ကြည့်နေသည်။ ရုတ်တရက် သူ၏ ခြေထောက် နာသွားသဖြင့် မော့ကြည့်လိုက်ရာ တပ်ရင်းမှူးလု၏ မှောင်နက်သော အကြည့်များနှင့် ဆုံသွားခဲ့သည်။ "ငါ့ကို အရှက်ရအောင် မလုပ်မိစေနဲ့။" လုယွီက တိုးတိုးလေး ပြောလိုက်သည်။
ချန်ယောင် - ....
သူသည် အမြန် ခေါင်းငုံ့ကာ ထမင်းကိုသာ အာရုံစိုက် စားနေပြီး ထပ်မကြည့်ရဲတော့ပေ။
ရှု့ရွှယ်သည်လည်း ချန်ယောင်၏ အကြည့်များကို သတိပြုမိသဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ သူမသည် အနေခက်မှုကို လျှော့ချရန် ကျန်းနျန်ကိုသာ စကားပြောနေလိုက်သည်။
နေ့လယ်စာ စားပြီးနောက် ချန်ယောင်နှင့် လုယွီတို့ တပ်ရင်းသို့ ပြန်သွားကြသည်။ ကျန်းနျန်သည် ရှု့ရွှယ်ကို စခန်းအပြင်အထိ လိုက်ပို့ပေးပြီးနောက် သူမ၏ ပန်းထိုးအလုပ်ဆီသို့ အပြန်နှင်ခဲ့သည်။ ဒီတစ်ခါ ဒီဇိုင်းသည် ရှုခင်းပန်းချီ ဖြစ်သဖြင့် လူပုံများထက် ပို၍ ရိုးရှင်းသည်။ သူမသည် တစ်မွန်းလွဲလုံး ပန်းထိုးစင်ရှေ့တွင် ထိုင်နေပြီး နေဝင်ချိန်တွင် လုယွီ ပြန်ရောက်လာခဲ့သည်။
သူ အိမ်ရောက်ရောက်ချင်းမှာပင် တပ်အစောင့်တစ်ဦးက နိုင်လွန်အိတ် အကြီးကြီးတစ်အိတ်ကို ယူဆောင်လာပြီး တပ်ရင်းမှူးလုအတွက် ပါဆယ်ထုပ် ဖြစ်ကြောင်း ပြောခဲ့သည်။
ကျန်းနျန်က သိချင်စိတ်ဖြင့် မေးလိုက်သည်ယ "ဘယ်သူ ပို့တာလဲ။"
"ကျွန်တော် မသိပါဘူး"
လုယွီသည် ထိုအိတ်ကို အိမ်ထဲသို့ ယူလာပြီး စားပွဲပေါ် တင်လိုက်သည်။ ကျန်းနျန် ကတ်ကြေး သွားယူနေစဉ် လုယွီ အိတ်ကို လှန်ကြည့်လိုက်ရာ ပို့သူ၏ အမည် ပေါ်လာခဲ့သည်။
ပို့သူမှာ စုန့်ပိုင် ဖြစ်သည်။
ကျန်းနျန်သည် အံ့အားသင့်သွားပြီး လုယွီကို မော့ကြည့်လိုက်သည်။ သူ၏ မျက်မှောင်များ တွန့်ချိုးနေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်ကို သူမ မြင်လိုက်ရသည်။
သူမ ကျီစယ်လိုသော အပြုံးလေးဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။"
လုယွီက ကျန်းနျန်၏ တောက်ပသော အပြုံးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းသည် ဖတ်ရခက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့သည်။ "မင်းက ကိုယ့်ကို ရန်စနေတာလား။"
ကျန်းနျန် ဘာမှပြန်မပြောသော်လည်း သူမ၏နှုတ်ခမ်းထက်က အပြုံးမှာ ပို၍နက်ရှိုင်းလာခဲ့သည်။
သူမသည် ကတ်ကြေးကို ချလိုက်ပြီးနောက် ခုန်တက်ကာ လုယွီ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ "စုန့်ပိုင် ဘာတွေပို့လိုက်လဲဆိုတာ ဖွင့်ကြည့်ရအောင်။"
လုယွီသည် ကတ်ကြေးကိုကောက်ယူပြီး အိတ်ကိုဖြတ်ကာ အထဲကပစ္စည်းများကို တစ်ခုချင်းစီ ထုတ်လိုက်သည်။ တောသစ်ကြားသီးများ၊ ဗာဒံစေ့များ၊ စပျစ်သီးခြောက်များ၊ ဆီးသီးခြောက် သစ်ကြားသီးများနှင့် အခြားနယ်စပ်ဒေသထွက် အစားအစာများစွာ ပါဝင်သည်။ အောက်ဆုံးတွင် ဝါဂွမ်းစက္ကူနှင့် ပတ်ထားသော အရာတစ်ခုရှိသည်။ လုယွီ ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဖြူစင်ဝင်းပပြီး နူးညံ့ချောမွေ့သော မြေခွေးဖြူ သားမွေးတစ်ထည် ဖြစ်နေသည်။
လုယွီသည် သားမွေးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ကျန်းနျန်၏ မျက်ဝန်းထဲရှိ အံ့အားသင့်နေသော အရိပ်အယောင်ကို ငုံ့ကြည့်ကာ သားမွေးကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် အိတ်ထဲမှ စာတစ်စောင်ကို ထုတ်၍ ဖတ်လိုက်သည်။ ထိုစာထဲတွင် သူတို့၏မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားများ၊ နယ်စပ်က အလုပ်အခြေအနေများနှင့် လက်ဆောင်များအကြောင်း ရှင်းပြထားချက်များ ပါဝင်သည်။ ထိုသားမွေးမှာ ကျန်းနျန် ဆောင်းရာသီတွင် အအေးဒဏ်ခံနိုင်ရန်အတွက် ဖြစ်သည်။
လုယွီက ရယ်မောလိုက်သော်လည်း ထိုရယ်သံမှာ မည်သည့်ခံစားချက်မှ ဖော်ပြခြင်းမရှိပေ။
သူသည် စာကို ခြေဖျားထောက်၍ ဖနောင့်မြှောက်၍ လိုက်ဖတ်နေသော ကျန်းနျန်ကို ကြည့်ကာ မျက်ခုံးပင့်လျက် ပြုံးလိုက်သည်။ "မင်း စာဖတ်တတ်လို့လား။"
သူမသည် ချောင်းအသာဟန့်ကာ အပြစ်ရှိသလို ခံစားရခြင်းမရှိဘဲ လုယွီလက်ထဲက စာကို လုယူလိုက်ပြီး တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။ "ကွမ်လုက ကျွန်မကို နည်းနည်းသင်ပေးထားတယ်။ အကုန်လုံးတော့ မဖတ်တတ်သေးပေမယ့် စာလုံးအချို့ကိုတော့ မှတ်မိတယ်။"
လုယွီသည် ပစ္စည်းများကို ဗီရိုထဲတွင် သိမ်းဆည်းလိုက်ပြီး မြေခွေးသားမွေးကိုလည်း သိမ်းလိုက်သည်။ သူ ကျန်းနျန်ကို ပြောလိုက်သည်။ "ဆောင်းတွင်းအတွက် ဒါနဲ့ မင်းကို ခါးစွပ်အင်္ကျီတစ်ထည် ချုပ်ပေးမယ်။ အဲဒါဆို မင်းရဲ့ကျောပြင်နဲ့ ဝမ်းဗိုက်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။"
ဒီပစ္စည်းက ကျန်းနျန် အအေးဒဏ်ခံနိုင်ဖို့အတွက် တကယ်ကို သင့်တော်သည်။
စုန့်ပိုင်၏စာကို ဖတ်ပြီးနောက် ကျန်းနျန် လုယွီကို မေးလိုက်သည်။ "သူက ကျွန်မတို့ကို ပစ္စည်းတွေ အများကြီး ပို့ပေးတာပဲ။ ကျွန်မတို့လည်း သူ့ကို တစ်ခုခု ပြန်ပို့ပေးသင့်တယ် မဟုတ်လား။"
လုယွီ ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။"
ကျန်းနျန် ထပ်မေးခဲ့သည်။ "ရှင် ဘာပို့ဖို့ စဉ်းစားထားလဲ။"
လုယွီသည် ကျန်းနျန်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် သူမကို စားပွဲပေါ်သို့ ချီတင်လိုက်ကာ သူမ၏လည်ပင်းကို ဆုပ်ကိုင်လျက် နှုတ်ခမ်းကို ခပ်ပြင်းပြင်း နမ်းလိုက်သည်။ သူ၏အသက်ရှူသံများ ပြင်းထန်လာပြီး မေးလိုက်သည်။ "မင်းရော ဘာပို့သင့်တယ် ထင်လဲ။"
သူက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ရာ ကျန်းနျန်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။ သူမသည် ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်းကာ ရိုးရိုးသားသား ပြောလိုက်သည်။ "ကျွန်မ မသိဘူး။"
ကျန်းနျန် တကယ်မသိပါ။ စုန့်ပိုင်သည် ဒေသထွက် အစားအစာအားလုံးကို မြည်းစမ်းဖူးပြီးသား ဖြစ်သဖြင့် ပို့ပေးရန် သင့်တော်မည့်အရာ မတွေးမိပေ။
လုယွီသည် စုန့်ပိုင်ထံ ဘာပို့မည်ကို သူမအား လုံးဝမပြောပြခဲ့ပေ။ နှစ်ရက်အကြာ နေ့လယ်ပိုင်းတွင်မှ လုယွီသည် ဈေးကြီးပုံရသော ချောကလက်နှင့် သကြားလုံးအိတ် အကြီးကြီးတစ်အိတ်ကို သယ်ဆောင်၍ ပြန်လာသောကြောင်ြ ကျန်းနျန် အံ့အားသင့်သွားခဲ့သည်။ "ဘာလို့ ချောကလက်နဲ့ သကြားလုံးတွေ ဒီလောက်အများကြီး ဝယ်လာတာလဲ။"
လုယွီက သူမကို ကြည့်ကာ လက်ကိုဆွဲပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။ "စုန့်ပိုင်က ချောကလက် ကြိုက်တတ်တယ်။ သူ့ဆီ ဒါတွေ ပို့ပေးလိုက်မယ်။"
ကျန်းနျန် - ???
တကယ်လား။
စုန့်ပိုင် ချောကလက်ကြိုက်မှန်း သူမ မသိခဲ့ပါ။
လုယွီ ပစ္စည်းများ ပို့သည့်အခါ စာတစ်စောင်လည်း ထည့်ပေးလိုက်သည်။ နေ့လယ်စာစားပြီးနောက် သူသည် စာတိုက်သို့သွားရာ ကျန်းနျန်လည်း လိုက်သွားခဲ့သည်။ သူမအနေဖြင့် ညစာအတွက် ဖက်ထုပ်လုပ်ရန် အသားအရောင်းဆိုင်မှ အသားအချို့ ဝယ်ရန်လိုအပ်သောကြောင့် ဖြစ်သည်။
စခန်းသို့ ပြန်ရောက်သောအခါ လုယွီက တပ်ရင်းသို့ သွားပြီး ကျန်းနျန်က မိသားစု တိုက်ခန်းဆီသို့ ဦးတည်ခဲ့သည်။ မိုးမခပင်တန်းအောက်တွင် ကွမ်လုနှင့် ယွဲ့ချောင်တို့ အတူတူ လမ်းလျှောက်နေသည်ကို သူမ တွေ့လိုက်ရသည်။ ခြေသံကြားသဖြင့် သူတို့ လှည့်ကြည့်လာရာ ယွဲ့ချောင်က ပြုံးလျက် ပြောလိုက်သည်။ "ကျန်းနျန်၊ ဘယ်သွားနေတာလဲ။ စောစောက ရှာတာ မတွေ့လို့။"
ကျန်းနျန် ပြုံးလိုက်သည်။ "အသားအရောင်းဆိုင်က ပြန်လာတာ။"
ယွဲ့ချောင် - "ဒါကြောင့်ကိုး၊ ငါတို့ကတော့ ကျန်းမာရေးဌာနက လာတာ။"
ကွမ်လု မျက်နှာဖြူဖျော့နေသည်ကို ကျန်းနျန် သတိထားမိလိုက်ပြီး သူမ၏ဘေးတွင် ယှဉ်လျှောက်လိုက်သည်။ "ဘာဖြစ်လို့လဲ။"
သူမ မေးလိုက်သည်နှင့် ကွမ်လုသည် ပါးစပ်ကိုအုပ်ကာ ပျို့အန်တော့သည်။ ယွဲ့ချောင်က သူမ၏ကျောကို အမြန်ပုတ်ပေးကာ ကျန်းနျန်ကို ကြည့်ပြီး ပြုံးလိုက်သည်။ "သူမ ကျန်းမာရေးဌာနမှာ စစ်ဆေးပြီးပြန်လာတာ။ သူမမှာ ကိုယ်ဝန်ရှိနေပြီလေ၊ ဒါက ကိုယ်ဝန်ဆောင်စမှာ ဖြစ်တတ်တဲ့ ပုံမှန်တုံ့ပြန်မှုပါပဲ။"
ဒီအကြောင်းပြောရင်း ယွဲ့ချောင်က သူမ၏ဗိုက်ကို ပွတ်လိုက်သည်။ "ငါ့ဆီမှာတော့ ဘာသတင်းမှ မရှိသေးပါလား။"
သူမက ကျန်းနျန်ကို ကြည့်လိုက်သည်။ "နင့်ရဲ့ဗိုက်ထဲမှာရော ဘာထူးခြားမှု ရှိပြီလဲ။"
ကျန်းနျန်က အမြန်ခေါင်းခါလိုက်သည်။ "ငါတို့ကတော့ နောက်နှစ်အနည်းငယ်အထိ ကလေးမယူဖို့ စဉ်းစားထားတယ်။"
ယွဲ့ချောင် အံ့ဩသွားသည်။ "ဘာလို့လဲ။"
ကျန်းနျန် ပြောလိုက်သည်။ "ပန်းထိုးအလုပ်ကို အရင်အာရုံစိုက်ချင်လို့ပါ။ နောက်နှစ်အနည်းငယ်ကြာမှ ကလေးယူလည်း နောက်မကျပါဘူး။"
ယွဲ့ချောင်က ထပ်မေးရန် ပြင်နေသော်လည်း ကွမ်လုက တားလိုက်သည်။ "ပြန်ကြရအောင်။"
ယွဲ့ချောင် - "ကောင်းပါပြီ၊ ဆရာဝန်က နင် နားနားနေနေ နေဖို့ ပြောထားတယ်၊ ပြန်ပြီး လှဲနေလိုက်တော့။ ပြီးတော့ ရှောင်ယွဲ့ကိုလည်း စိတ်မဆိုးနဲ့ဦး၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်ရင် မတန်ဘူး။"
ကွမ်လု ခေါင်းညိတ်လိုက်သည်။ "အင်း။"
သူတို့ သုံးယောက် မိသားစု တိုက်ခန်းသို့ ပြန်ရောက်သောအခါ အိမ်ထဲမှ ထွက်လာသော လော့ချန်ယိ၊ လော့ရှောင်ယွဲ့တို့နှင့် ဆုံသည်။ ကျောင်းလွယ်အိတ် လွယ်ထားသော လော့ရှောင်ယွဲ့သည် ထုံးစံအတိုင်း ကျန်းနျန်ကို နှုတ်မဆက်ဘဲ ခေါင်းငုံ့ထားသည်။ ကွမ်လု၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသော လော့ချန်ယိသည် ရှေ့သို့တက်ကာ သူမ၏လက်မောင်းကို တွဲပေးလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "နေလို့မကောင်းဘူးလား၊ ဘာဖြစ်လို့လဲ။"
ကွမ်လု စကားမပြောရသေးခင်မှာပင် ယွဲ့ချောင်က ကြားဖြတ်ပြောလိုက်သည်။ "သူမမှာ ကိုယ်ဝန်ရှိနေပြီ လက်ထောက်တပ်ရင်းမှူးလော့၊ ရှင် ဖခင်ထပ်ဖြစ်တော့မယ်။"
လော့ချန်ယိ၏ အမူအရာမှာ ခဏမျှ တောင့်တင်းသွားပြီးနောက် ဝမ်းသာအားရနှင့် ကွမ်လုကို ကြည့်ကာ မေးခဲ့သည်။ "တကယ်လား။"
ကွမ်လုက နူးနူးညံ့ညံ့ ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ကျန်းမာရေးဌာနမှာ ဆရာဝန်က အတည်ပြုလိုက်ပြီ။"
လော့ချန်ယိသည် အလွန်အမင်း ဝမ်းသာသွားပြီး ကျန်းနျန်နှင့် အခြားသူများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကွမ်လုကို ဖက်ကာ အိမ်ထဲသို့ ခေါ်သွားရင်း ပြောလိုက်သည်။ "အိမ်ပြန်ကြစို့၊ မင်းအတွက် နူးညံ့ပြီး အရသာရှိတာတစ်ခုခု ချက်ကျွေးမယ်။ နေ့လယ်ပိုင်း တပ်ရင်းကို မသွားတော့ဘဲ ခွင့်ယူလိုက်မယ်။"
ထို့နောက် သူက လော့ရှောင်ယွဲ့ကို ပြောလိုက်သည်။ "ကျောင်းကို ကိုယ့်ဘာသာကိုယ်သွား၊ ဆရာ့ပြောစကားကိုလည်း နားထောင်ဦး။"
လော့ချန်ယိက ကွမ်းလုကို ပွေ့ချီသွားသည်ကို ကြည့်နေသော လော့ရှောင်ယွဲ့၏ မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ပုန်းကွယ်နေသည်ကို ကျန်းနျန် မြင်လိုက်ရသည်။ ထိုကလေးမလေး၏ အကြည့်မှာ ပုံမှန်အတိုင်း ပြုံးနေသောမျက်နှာနှင့် ကွဲပြားနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ယွဲ့ချောင် ပြောလိုက်သည်။ "လက်ထောက်တပ်ရင်းမှူးလော့၊ သတိထားဦး၊ ကွမ်လုကို လွှတ်ချမိဦးမယ်။" ထိုသို့ ပြောကာ သူတို့နောက်သို့ လိုက်သွားခဲ့သည်။
လော့ရှောင်ယွဲ့သည် သူတို့နောက်သို့ လိုက်သွားသော ယွဲ့ချောင်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းနျန်၏ အကြည့်နှင့် ဆုံသွားခဲ့သည်။ သူမ၏ မျက်ဝန်းထဲက ဒေါသနှင့် အေးစက်မှုတို့မှာ ပြုံးနေသော မျက်နှာနှင့် ရောယှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အမူအရာကို ဖြစ်ပေါ်စေသည်။
သူမသည် ကျန်းနျန်ကို ကြည့်ကာ ချက်ချင်း ထွက်ပြေးသွားတော့သည်။
ကျန်းနျန်သည် နှုတ်ခမ်းကို စေ့ထားရင်း လော့ရှောင်ယွဲ့၏ ကျောကို ကြည့်နေမိသည်။ အထူးသဖြင့် ကွမ်လုမှာ ကိုယ်ဝန်ရှိနေပြီ ဖြစ်သဖြင့် လော့ရှောင်ယွဲ့ကို သတိထားရန် ကွမ်လုကို သတိပေးဖို့ လိုအပ်သည်ဟု သူမ ခံစားလိုက်ရသည်။ တစ်ခါတရံတွင် သတိထားခြင်းမှာ အပိုမဖြစ်နိုင်ပေ။
ကွမ်လုသည် ကိုယ်ဝန်ရှိနေသဖြင့် ယနေ့ရက်ပိုင်းများတွင် အိမ်မှာပင် နေသည်။ လော့ရှောင်ယွဲ့ ကျောင်းသွားသည့် အချိန်တိုင်း သူမသည် ကျန်းနျန်၏ အိမ်သို့ ရောက်လာပြီး ကျန်းနျန်ကို စာသင်ပေးရင်း စကားပြောလေ့ရှိသည်။ ကွမ်လုသည် ကျန်းနျန်နှင့်အတူ ရှိနေခြင်းကြောင့် စိတ်သက်သာရာရပြီး ပြောစရာ စကားဝိုင်းများလည်း တူညီနေကြသည်။
ကွမ်လုသည် ခွက်ကိုယူကာ ရေပုလင်းထဲသို့ ရေထည့်လိုက်သည်။ ညှိုးနွမ်းနေသော ပန်းများနှင့် အပင်များကို ကြည့်ကာ သူမက ပြုံးပြီး ပြောသည်။ "နောက်ရက်အနည်းငယ်နေရင် ပန်းတွေ ထပ်ခူးလာခဲ့မယ်။"
စကားပြောပြီးသည်နှင့် ကွမ်လုသည် ပါးစပ်ကိုအုပ်ကာ ရေချိုးခန်းသို့ ပြေးသွားပြီး အန်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းနျန်သည် လောလောဆယ် ကလေးမယူသေးသည်မှာ ပိုကောင်းမည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ မဟုတ်လျှင် ဤကဲ့သို့ အမြဲတမ်း အန်နေရသည်ကို သူမ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
***