စုပင်းက အနည်းငယ်စပ်စုချင်လာသဖြင့် ထပ်မေးလိုက်သည် ။"အဲဒီ ဆန်းကြယ်နယ်မြေအကြောင်း ကျွန်တော့်ကို အသေးစိတ် ထပ်ပြောပြလို့ ရမလား?"
သူကိုယ်တိုင် သွားဖို့ စိတ်မပါသေးပေမဲ့ သိထားတော့လည်း ဘာမှ မနစ်နာဘူးလေ။
ယဲ့ချန်းရှန်းက စုပင်း ဒီလိုမေးလာလိမ့်မယ်လို့ မထင်ထားမိပါဘူး။ အသက်အရွယ် ဒီလောက်ငယ်ငယ်နဲ့ 'မှော်ဝင်အလောင်းကောင်သားရဲ' ကို သတ်နိုင်စွမ်းရှိပြီး ဒီလောက်အထိ အစွမ်းထက်နေတဲ့ စုပင်းဟာ အခြေစိုက်မြို့က အင်အားကြီးအဖွဲ့အစည်းတစ်ခုခုက လေ့ကျင့်ပေးထားတဲ့သူလို့ပဲ သူ ထင်နေတာပါ။ အဲဒီလိုလူမျိုးက ဆန်းကြယ်နယ်မြေအကြောင်းကို ဘာလို့ မသိရတာလဲ?
ယဲ့ချန်းရှန်း မျက်တောင်တဖျတ်ဖျတ် ခတ်သွားမိကာ....စုပင်းက တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် သူ့ရဲ့ နောက်ခံကို ဖုံးကွယ်ချင်လို့ မသိချင်ယောင်ဆောင်နေတာလားဆိုတာ သူ မဝေခွဲတတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ယဲ့ချန်းရှန်းကတော့ လိုက်လျောညီထွေရှီစွာပဲ ပြန်ဖြေပေးလိုက်ပါတယ်။ "ဒီတစ်ခေါက် ပွင့်မယ့် ဆန်းကြယ်နယ်မြေက ကျွန်တော်တို့ တိုက်ငယ်မှာရှိတဲ့ နယ်မြေသုံးခုထဲက တစ်ခုဖြစ်တဲ့ 'လုံထိုင်တောင် ' ပဲ။"
"ခင်ဗျား သိတဲ့အတိုင်း လုံထိုင်တောင်က တစ်နှစ်ပတ်လုံး ပိတ်ထားတာ။ အဆက်အသွယ် အင်အားကြီးတဲ့လူတွေပဲ တစ်ကိုယ်တော် သွားခွင့်ရတာလေ။ ကျွန်တော်တို့လို သာမန်လူတွေအတွက်ကတော့ ဆန်းကြယ်နယ်မြေကို အများပြည်သူအတွက် ဖွင့်ပေးတဲ့အချိန်မှပဲ သွားရောက် စူးစမ်းခွင့်ရတာ။"
"အခု ဆန်းကြယ်နယ်မြေကို ဖွင့်ပေးတာက 'ထိပ်သီးသားရဲစစ်သည် ပြိုင်ပွဲ' ဝင်မယ့်သူတွေအတွက် သီးသန့်လို့ ကြားတယ်။ ကျွန်တော်တို့ တိုက်ငယ်က အကြီးအကဲတွေက ကမ္ဘာ့ချန်ပီယံဆုကို ရနိုင်ခြေရှိအောင် ပြိုင်ပွဲဝင်တချို့ကို ဆန်းကြယ်နယ်မြေထဲမှာ လေ့ကျင့်ပေးချင်နေပုံပဲ။"
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကံကောင်းသွားတာပေါ့။"
အဲဒီတော့မှ စုပင်း နားလည်သွားတော့သည်။
ထိပ်သီးပြိုင်ပွဲက ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာ သူ မသိခဲ့ဘူး။ အကြီးအကဲတွေပါ စောင့်ကြည့်နေရတယ်ဆိုတော့ ဒီပြိုင်ပွဲနောက်ကွယ်မှာ အကျိုးစီးပွားတွေ အများကြီး ရှိနေမှာ အသေအချာပါပဲ။
"ဒါနဲ့ ခင်ဗျား ဘာလို့ ကျွန်တော့်ဆီ လာတာလဲ?" စုပင်းက မေးလိုက်တယ်။
ယဲ့ချန်းရှန်းက ရယ်မောရင်း "ပြီးခဲ့တဲ့ တစ်ခေါက်က ခင်ဗျားကို အကြွေးတင်ထားတာလေ။ ပြန်ဆပ်ဖို့ နည်းလမ်းလည်း မရှိသေးဘူး။ အခုလို အခွင့်အရေးကောင်းကြီး ပေါ်လာတော့ ခင်ဗျားကိုပဲ အရင်ဆုံး သတိရမိတာပေါ့။"
စုပင်းက လိုရင်းကိုပဲ တည့်တိုးမေးလိုက်သည်။ "အမှန်အတိုင်း ပြောစမ်းပါ... တကယ်တမ်း အကြောင်းရင်းက ဘာလဲ?"
ယဲ့ချန်းရှန်း အံ့ဩသွားပြီးမှ ခါးသီးတဲ့ အပြုံးတစ်ခု ပြုံးလိုက်မိကာ "ဒါက အမှန်တရားပါပဲ ဆရာစု။ ဆုလာဒ် နဲ့ အန္တရာယ် ဆိုတာ ဒွန်တွဲနေတတ်တာ ခင်ဗျား နားလည်မှာပါ။ ဆန်းကြယ်နယ်မြေထဲမှာ အခွင့်အရေးတွေ ရှိသလို အန္တရာယ်တွေလည်း အပြည့်ပဲ။ ဒီတစ်ခေါက် ကျွန်တော်တို့ အဖွဲ့က ရတနာမြေပုံတစ်ခု ရထားတယ်။ အဲဒီမှာ တစ်ခုခုတော့ ရမှာ အသေအချာပဲ။ ဒါကြောင့် ခင်ဗျား ကျွန်တော်တို့နဲ့ ပူးပေါင်းရင် ခင်ဗျားအတွက် အကျိုးရှိမှာ မို့လို့ပါ။ ကျွန်တော်က ကျေးဇူးဆပ်ချင်ရုံ သက်သက်ပါပဲ။" စုပင်းက ယဲ့ချန်းရှန်းကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး သူပြောတာ အမှန်ပဲလို့ ခံစားလိုက်ရသဖြင့် "ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်" ဟုသာ မယုတ်မလွန် ပြောရင်း စုပင်း ခေါင်းညိတ်ပြလိုက်သည်။
"စဉ်းစားကြည့်မယ် ဟုတ်လား?" ယဲ့ချန်းရှန်း အံ့ဩသွားရပြန်တယ်။ ပုံမှန်ဆိုရင် ဒီလောက် အခွင့်အရေးကောင်းကြီးကို လူတိုင်းက ချက်ချင်း လက်ခံကြမှာလေ။ စုပင်းက ဘာလို့ စဉ်းစားဖို့ အချိန်လိုနေရတာလဲ?
ယဲ့ချန်းရှန်း စိတ်ထဲကနေ ခါးခါးသီးသီး ပြုံးလိုက်မိရင်း စုပင်းက နောက်ခံ အင်အားကြီးလွန်းလို့ လောကကြီးကို နှံ့နေပြီးသားမို့ ဆန်းကြယ်နယ်မြေကို ဂရုမစိုက်တာလည်း ဖြစ်နိုင်တာပဲလို့ သူ တွေးလိုက်မိသည်။ ဒါကြောင့် စုပင်းကို ထပ်ပြီး အတင်းမတိုက်တွန်းတော့ပါဘူး။ "ဆန်းကြယ်နယ်မြေက နောက်ထပ် ရက်အနည်းငယ်ကြာမှ ပွင့်မှာပါ။ ဆရာစု အေးအေးဆေးဆေး စဉ်းစားပါ။ ပွင့်တဲ့အခါကျရင် ကျွန်တော် အကြောင်းကြားပေးပါ့မယ်။ တကယ်လို့ သွားချင်တယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် လာကြိုပါ့မယ်။"
စုပင်း လဲ"ကောင်းပါပြီ... ကျေးဇူးပဲ " ဟု သာ ပြန် ပြောလိုက်သည် ။ ခဏတဖြုတ် စကားစမြည် ပြောပြီးတဲ့နောက် ယဲ့ချန်းရှန်း ပြန်သွားပါတော့တယ်။
ယဲ့ချန်းရှန်း ထွက်သွားတာနဲ့ စုပင်းက အင်တာနက်ပေါ်မှာ 'ဆန်းကြယ်နယ်မြေ' အကြောင်းကို ချက်ချင်း ရှာကြည့်တော့သည်။
ရှာဖွေရေး အင်ဂျင်အမျိုးမျိုးနဲ့ ရှာကြည့်ပေမဲ့ ကောလဟာလ သာသာ ရှင်းရှင်းလင်းလင်း မရှီတဲ့ အချက်အလက်တွေပဲ တွေ့ရကာ ဆန်းကြယ်နယ်မြေရဲ့ တကယ့် အမှန်တရားကိုတော့ ဘယ်မှာမှ ရှာမတွေ့ပါဘူး။
အဲဒီတော့မှ စုပင်းက သူဟာ 'ငွေတံဆိပ်ဆုရ စူးစမ်းရှာဖွေသူ' တစ်ယောက်ဆိုတာ သတိရသွားသည်။ စူးစမ်းရှာဖွေသူများ သီးသန့် ဝဘ်ဆိုဒ်ထဲကို ဝင်ကြည့်ရင်တော့ အများပြည်သူ မသိနိုင်တဲ့ လျှို့ဝှက်ချက်အချို့ကို သိရနိုင်မှာပါ။
သူ စူးစမ်းရှာဖွေသူ တရားဝင် ဝဘ်ဆိုဒ်ထဲကို ဝင်လိုက်ကာ အချက်အလက်တွေ ရှာကြည့်နေတုန်း "ဆန်းကြယ်နယ်မြေ" ဆိုတဲ့ စာလုံးကို တွေ့လိုက်ရလို့ လင့်ခ်ကို နှိပ်လိုက်တဲ့အခါ နောက်ထပ် စာမျက်နှာတစ်ခုကို ရောက်သွားပါတော့တယ်။
အဲဒီစာမျက်နှာမှာတော့ တိုက်ကြီး ၄ ခုကိုပဲ ပြထားတယ်။ စုပင်း က လုံကျန်း အခြေစိုက်မြို့ တည်ရှိတဲ့ တိုက်ငယ်ထဲကို ဝင်ကြည့်လိုက်သည်။
အဲဒီမှာ ဆန်းကြယ်နယ်မြေ ၃ ခု ရှိနေတာပါ။
အဲဒါတွေကတော့ 'လုံထိုင်တောင်' ၊ 'ဝေလငါးအရိုးမြစ်' နဲ့ 'နတ်ဘုရားနှင့် မိစ္ဆာများရဲ့ သင်္ချိုင်းဂူ' တို့ပါပဲ။
အဲဒီအမည်တွေရဲ့ အောက်မှာတော့ ဆန်းကြယ်နယ်မြေတွေရဲ့ နောက်ခံသမိုင်းကြောင်းတွေကို ဖော်ပြထားတယ်။
ဒီဆန်းကြယ်နယ်မြေတွေဟာ မူလက 'ဟင်းလင်းပြင် အက်ကြောင်း' တွေထဲမှာ ရှိနေတာပါ။ သားရဲတွေ၊ မိစ္ဆာတွေ နေထိုင်တဲ့ အမည်မသိ ဟင်းလင်းပြင် ကမ္ဘာတွေနဲ့ မတူတာကတော့ ဒီဆန်းကြယ်နယ်မြေတွေထဲမှာ ယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ အကြွင်းအကျန်တွေ ရှိနေတာပဲ ဖြစ်ပါတယ်။
နယ်မြေတစ်ခုချင်းစီမှာ အန္တရာယ်ရှိတဲ့ သားရဲတွေ ဒါမှမဟုတ် ရတနာတွေ ပုန်းကွယ်နေတတ်ပေသည်။ ကံကောင်းရင်တော့ တစ်ညတည်းနဲ့ ချမ်းသာကြွယ်ဝပြီး လူ့အဖွဲ့အစည်းရဲ့ ထိပ်တန်းကို ရောက်သွားနိုင်ပေမဲ့၊ ကံမကောင်းရင်တော့ ဘာအစအနမှ မကျန်ဘဲ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။
အလွယ်ပြောရရင်တော့ ဆန်းကြယ်နယ်မြေဆိုတာ အစွမ်းထက်တဲ့ စူးစမ်းရှာဖွေသူတွေ အကျိုးအမြတ်ရှာဖို့ သွားကြတဲ့ ပိုပြီး ရင်ခုန်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ နေရာမျိုးပါပဲ။
စုပင်းက အသေးစိတ် သိချင်တာကြောင့် 'လုံထိုင်တောင်' စာမျက်နှာကို နှိပ်ပြီး ဝင်ကြည့်လိုက်သည်။
ဝင်လိုက်တာနဲ့ နဂါးဦးခေါင်းခွံကြီး တစ်ခုကို အရင်ဆုံး မြင်လိုက်ရတာပဲ။ ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ မျက်လုံးအိမ်ကြီးတွေက သူ့ကို စိုက်ကြည့်နေသလိုမျိုး။ နဂါးရဲ့ မျက်လုံးတွေထဲမှာ အစွမ်းတစ်ခုခု ရှိနေပြီး အချိန်ကာလတွေကို ဖြတ်ကျော်ကာ သူ့ကို ကြည့်နေသလို ခံစားလိုက်ရသည်။
နဂါးဦးခေါင်းခွံရဲ့ အောက်မှာတော့ ကြီးမားတဲ့ ရင်ပြင်ကျယ်ကြီး တစ်ခု ရှိကာ အဲဒါက ဗဟိုနယ်မြေ ဖြစ်သလို ဆန်းကြယ်နယ်မြေရဲ့ အဝင်ဝလည်း ဖြစ်ပါတယ်။
နဂါးဦးခေါင်းခွံရဲ့ အနောက်မှာတော့ ကျယ်ပြောလှတဲ့ စူးစမ်းရှာဖွေရေး နယ်မြေကြီး ရှိနေတာပါ။ လုံထိုင်တောင်မှာ နယ်မြေပေါင်း ၁၀၆ ခု ရှိတဲ့အနက် အခုအချိန်အထိ ၅၇ ခုကိုပဲ စူးစမ်းရသေးတယ်။
သိပြီးသား နယ်မြေတွေထဲမှာတော့ ရှေးဟောင်းခေတ်က ပျောက်ဆုံးသွားတဲ့ သားရဲတိုက်ခိုက်ရေး စွမ်းရည်တွေ၊ ထူးခြားတဲ့ လက်နက်တွေနဲ့ မျိုးတုံးသွားပြီလို့ ထင်ရတဲ့ သားရဲဥတွေကို တွေ့ရှိထားကြသည်။ တချို့ အမည်မသိ ပိုးမွှားတွေကိုလည်း ရှာဖွေတွေ့ရှိထားပြီး ဒါတွေဟာ ဆေးပညာလောကအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ဒီနေရာဟာ တောရိုင်းနယ်မြေတွေနဲ့ ယှဉ်ရင် ပိုပြီး ကျယ်ပြောသလို၊ ရလာမယ့် အကျိုးအမြတ်ကလည်း ပိုများပါတယ်။
စုပင်းက အချက်အလက်တွေကို ဖတ်ပြီးနောက် ဆန်းကြယ်နယ်မြေတွေအကြောင်းကို အကျဉ်းချုပ် မှတ်သားလိုက်သည်။
ဒါပေမယ့် လဲ သူ့ရဲ့ စိတ်ဝင်စားမှုကတော့ လျော့ကျသွားပါတယ်။ ယဲ့ချန်းရှန်းက ရတနာမြေပုံရှိတယ်လို့ ပြောပေမဲ့၊ ရတနာရှိတဲ့ နေရာတိုင်းမှာ ကြောက်စရာကောင်းတဲ့ အစောင့်သားရဲတွေ ရှိနေမှာပါ။ အလွယ်ပြောရရင်တော့ ဒါဟာ တောရိုင်းနယ်မြေကို စူးစမ်းတာနဲ့ အတူတူပါပဲ။ အန္တရာယ် များသလို ရလဒ်ကလည်း ပိုကောင်းရုံပါပဲ။ အစာပဲ မြင်နေရင် တော့ ဝါးရင်းတုတ်နဲ့ အရိုက်ခံရမှာပါ။
စုပင်းက လုံထိုင်တောင် စာမျက်နှာကို ပိတ်လိုက်ပြီး ကျန်တဲ့ နယ်မြေနှစ်ခုဖြစ်တဲ့ 'ဝေလငါးအရိုးမြစ်' နဲ့ 'နတ်ဘုရားနှင့် မိစ္ဆာများရဲ့ သင်္ချိုင်းဂူ' ကို ဆက်ကြည့်လိုက်သည်။ နှစ်ခုလုံးက ဆင်တူပေမဲ့ ထူးခြားတာက 'နတ်ဘုရားနှင့် မိစ္ဆာများရဲ့ သင်္ချိုင်းဂူ' ထဲမှာ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ လက်နက်တွေ၊ အရိုးတွေကို ရှာဖွေတွေ့ရှိခဲ့ဖူးတာပါ။ အဲဒီတုန်းက စူးစမ်းရှာဖွေသူတွေကြားမှာ တော်တော်လေးကို ဟိုးဟိုးကျော် သွားခဲ့ဖူးပါတယ်။
စိတ်ဝင်စားစရာ မကောင်းတော့တာနဲ့ စုပင်း စာမျက်နှာတွေကို ပိတ်လိုက်ပါတော့သည်။ ထို့နောက် စုပင်း သည် ဆိုင်ထဲမှာပဲ နေရင်း ခရမ်းရောင် မြွေဟောက်အတွက် သင့်တော်မယ့် လေ့ကျင့်ရေးနယ်မြေကိုပဲ ရှာ ဖွေ နေခဲ့သည်။
အဆင့် ၄ ဆင့်ရှိတဲ့ လေ့ကျင့်ရေးနယ်မြေတွေထဲမှာ အခြေခံအဆင့်နယ်မြေ က အရေအတွက် အများဆုံးပါပဲ။ 'ဂြိုဟ်သိမ်ဂြိုဟ်မွှား နယ်မြေ " တစ်ခုတည်းတင် နံပါတ် ၀ ကနေ သန်း ၇၀ ကျော်အထိ ရှိပါသည်။ စုပင်း တစ်ခေါက် သွားဖူးတာက နံပါတ် ၁၀၀၀ ဝန်းကျင်က နယ်မြေတစ်ခုပါ။
ဂြိုဟ်သိမ်ဂြိုဟ်မွှား နယ်မြေ တစ်ခုချင်းစီဟာ ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး ကွဲပြားကြပေမဲ့ ထိုနယ်မြေမျာူ ကို'ဂြိုဟ်သိမ်ဂြိုဟ်မွှား နယ်မြေ' လို့ အုပ်စုဖွဲ့ထားတာက တူညီတဲ့ အချက်တစ်ခုခု ရှိလို့ ဖြစ်မှာပါ။စုပင်းက ဂြိုဟ်သိမ်ဂြိုဟ်မွှား နယ်မြေတွေကို ခပ်မြန်မြန် ကြည့်လိုက်ပြီး တခြား လေ့ကျင့်ရေးနယ်မြေတွေရဲ့ မိတ်ဆက်တွေကို တစ်ခုချင်းစီ လိုက်ဖတ်ကြည့်နေခဲ့သည်။
ရုတ်တရက်ဆိုသလို သူ စိတ်ဝင်စားစရာ တစ်ခုကို တွေ့လိုက်ရသည်။အဲဒါကတော့ 'အမွေအနှစ် အရိပ်နယ်မြေ နံပါတ် ၀ - အရိုးမိစ္ဆာ အမွေအနှစ်နယ်မြေ' ပါပဲ။
နံပါတ် ၀ ပြီးရင် နံပါတ် ၁၊ နံပါတ် ၂... ဆိုပြီး အများကြီး ရှိသေးတာမို့ ဂြိုဟ်သိမ်ဂြိုဟ်မွှား နယ်မြေတွေလိုပဲ ဒါကလည်း လေ့ကျင့်ရေးနယ်မြေများရဲ့ အုပ်စုကြီးတစ်ခုပုံစံပါပဲ။
ဒါပေမဲ့ နံပါတ်တစ်ခုချင်းစီရဲ့ နောက်မှာတော့ မတူညီတဲ့ အမွေအနှစ်နယ်မြေ အမည်တွေ ရှိနေကြသည်။ အရိုးမိစ္ဆာ အမွေအနှစ်နယ်မြေ အပြင် 'နဂါးဘုရင် အမွေအနှစ်နယ်မြေ' ၊ 'မိုးမခနတ်ဘုရား အမွေအနှစ်နယ်မြေ' စတာတွေလည်း ရှိပါသေးတယ်။
စုပင်းက ဒီအုပ်စုထဲက နယ်မြေတွေကို ခပ်ပေါ့ပေါ့ပဲ ကြည့်လိုက်သည်။ မိတ်ဆက်ထဲတွင် ဒီနယ်မြေများ တည်ရှိခဲ့တဲ့ ခေတ်ကာလတွေကိုပါ ထည့်သွင်းဖော်ပြထားသည်။ ဥပမာ - အရိုးမိစ္ဆာ အမွေအနှစ်နယ်မြေ နံပါတ် ၀ က 'သန့်ရှင်းသော ပြက္ခဒိန်သစ်' ၉ နှစ်မြောက်မှာ တည်ရှိခဲ့တာပါ။ နဂါးဘုရင် အမွေအနှစ်နယ်မြေကလည်း အဲဒီခေတ်ကပါပဲ။
အဲဒါက ဘယ်အချိန်လဲဆိုတာ စုပင်း အတိအကျ မသိပေမဲ့ စနစ်ဆီကနေ သူ သိလိုက်ရတာကတော့... အစပိုင်းမှာ အချိန်ကို 'မူလဦးပြက္ခဒိန် ' နဲ့ မှတ်တမ်းတင်ခဲ့ပြီး၊ နောက်တော့ 'ရှေးဦး သန့်ရှင်းသော ပြက္ခဒိန်' ၊ အဲဒီနောက်မှာတော့ ပိုပြီး ခေတ်ဆန်တဲ့ 'သန့်ရှင်းသော ပြက္ခဒိန်သစ်' ကို သုံးခဲ့ကြတာပါ။
အချိန်ကာလတွေအပြင် စုပင်း သတိထားမိတာက ဒီအုပ်စုထဲက လေ့ကျင့်ရေးနယ်မြေတွေ အားလုံးဟာ အမည်အတိုင်း 'အရိပ်နယ်မြေ ' တွေ ဖြစ်နေတာပါပဲ။ အဲဒီမှာ သားရဲစာ မရှိသလို ဘယ်အပင်ကိုမှ အပြင်ကို ယူထုတ်သွားလို့ မရပါဘူး။ အရာအားလုံးက စိတ်ကူးယဉ် ပုံရိပ်ယောင် တွေပါပဲ။
အဲဒီနေရာကနေ ရနိုင်တဲ့ တစ်ခုတည်းသော အကျိုးကျေးဇူးကတော့ အမွေအနှစ်နယ်မြေတွေမှာ သတ်မှတ်ထားတဲ့ စမ်းသပ်ချက်တွေကို ကျော်ဖြတ်ပြီး လေ့ကျင့်ခွင့် ရတာပါပဲ။
အဲဒီ အထင်အယောင်တွေက တကယ့်အစစ်အတိုင်းပါပဲ။ ဆိုလိုတာက အဲဒီ လေ့ကျင့်ရေးနယ်မြေတွေထဲမှာ သေတာက တကယ်သေတာနဲ့ အတူတူပါပဲ။
ဒါပေမဲ့ စုပင်းကတော့ အကြိမ်ကြိမ် ပြန်ရှင်နိုင်တဲ့ အခွင့်အရေး ရှိနေတာဆိုတော့ ဒါကို မကြောက်ပါဘူး။
စနစ်ရဲ့ လေ့ကျင့်ရေးနယ်မြေတွေထဲမှာ ကျဆုံးသွားတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ အမွေအနှစ်နယ်မြေတွေ ပါဝင်နေတာကို စုပင်း စိတ်ဝင်စားသွားမိသည်။
"လေ့ကျင့်ရေးနယ်မြေတွေက တကယ့်ကို အစုံအလင်ပါပဲလား။ နဂါးဘုရင် အမွေအနှစ်နယ်မြေက ကျဆုံးသွားတဲ့ နဂါးဘုရင် တစ်ပါးနဲ့ ဆက်စပ်နေတာပဲ။ ငါ့မှာ အဲဒီမှာ လေ့ကျင့်ပေးလို့ရတဲ့ ငရဲမီးနဂါး ရှိတာပဲ" လို့ စုပင်း သူ့ဘာသာသူ ရေရွတ်လိုက်သည်။ အဆင့် ၉ သားရဲတစ်ကောင်အနေနဲ့ ငရဲမီးနဂါး ကို မြန်မြန်လေ့ကျင့်ပေးနိုင်လေ ပိုကောင်းလေပါပဲ။ ဒီအမွေအနှစ်နယ်မြေတွေက ပုံရိပ်ယောင်တွေ ဖြစ်နေပြီး စမ်းသပ်ချက်တွေကို အောင်မြင်တာနဲ့ အမွေအနှစ်ကို ရမယ်လို့ မဆိုလိုပေမဲ့၊ နဂါးတွေအတွက်တော့ အဲဒီစမ်းသပ်ချက်တွေက လေ့ကျင့်ဖို့ တကယ့်ကို ထိရောက်မှာပါ။
မွန်းတည့်ချိန် နီးလာပြီဆိုတော့ လူတွေက နေ့လယ်စာ စားနေကြလောက်ပါပြီ။ ဖောက်သည်လည်း သိပ်မရှိတာနဲ့ စုပင်း ဆိုင်ကို ခေတ္တပိတ်လိုက်သည်။ ပြီးတော့ ငရဲမီးနဂါး ၊ ခရမ်းရောင် မြွေဟောက်၊ အရိုးစုလေး နဲ့ သူ့သခင် စွန့်ပစ်သွားတဲ့ 'မာနာဂမ် 'တို့ကို ခေါ်ပြီး 'နဂါးဘုရင် အမွေအနှစ်နယ်မြေ' ဆီကို ထွက်ခွာလာခဲ့ပါတော့တယ်။
ဝင်ကြေးကတော့ စွမ်းအင် ၈ မှတ် ပေးခဲ့ရပြီး နောက်မှာတော့ ...အချိန်နဲ့ ဟင်းလင်းပြင် ပြောင်းလဲသွားတဲ့ ရင်းနှီးနေတဲ့ ခံစားချက်ကြီးက စုပင်းကို လွှမ်းမိုးသွားေတာ့သည်။ စုပင်း မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ မီတာ တစ်ထောင်ကျော် ရှည်လျားတဲ့ ကြီးမားလှတဲ့ နဂါးအရိုးစုကြီးရဲ့ ရှေ့မှာ သူ ရပ်နေတာကို တွေ့လိုက်ရသည်။ အရိုးစုကြီးက တွန့်လိမ်နေပြီး၊ ကြီးမားလှတဲ့ နဂါးဦးခေါင်းခွံကြီးနဲ့ ကြောက်စရာကောင်းလောက်အောင် သန်မာတဲ့ ဦးချိုကြီးတွေက စကားလုံးနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ခွန်အားနဲ့ ခန့်ညားထည်ဝါမှုကို ထုတ်ဖော်ပြသနေခဲ့သည်။
စုပင်း နဂါးဦးခေါင်းခွံကြီးကို မော့ကြည့်လိုက်ပြီး ဒီမြင်ကွင်းကြောင့် သူ အံ့ဩမှင်တက်သွားရသလို၊ တစ်ဖက်မှာလည်း ဒီမြင်ကွင်းက တစ်နေရာရာမှာ မြင်ဖူးသလိုလိုနဲ့ ရင်းနှီးနေတယ်လို့ ခံစားလိုက်ရသည်။
"ငါ့ရဲ့ အမွေအနှစ်အတွက် စိန်ခေါ်မှုကို လက်ခံဖို့ မင်း အဆင်သင့် ဖြစ်ပြီလား?" ဟောင်းနွမ်းပြီး ခွန်အားအပြည့်နဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိတဲ့ အသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ အဲဒီအသံက တကယ့်ကို ကျယ်လောင်လွန်းပြီး တစ်ဟင်းလင်းပြင်လုံးကို တုန်ခါသွားစေသလားပင် ထင်ရပေသည်။
ဒါဟာ နဂါးဘုရင်ရဲ့ ဝိညာဉ်ဆိုတာ စုပင်း ချက်ချင်း သိလိုက်ပါတယ်။ ဒီအမွေအနှစ်နယ်မြေရဲ့ ပုံရိပ်ယောင်တွေကနေ ဖန်တီးထားတဲ့ ဝိညာဉ်က စကားပြောနေတာပါ။
မိတ်ဆက်ထဲမှာ ဖတ်ခဲ့ရတာအရတော့ ဒါဟာ စနစ်က သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တစ်ခုဆိုတာ စုပင်း သိထားပြီး သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူဟာ အမွေအနှစ်နယ်မြေရဲ့ စမ်းသပ်ချက်တွေဆီကို ပို့ဆောင်ခံရမှာပဲ ဖြစ်သည်။
***