စုပင်းက ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ သိချင်တာကြောင့် တိတ်တိတ်လေးပဲ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ သူ ထင်ထားတဲ့အတိုင်းပါပဲ၊ နဂါးဝိညာဉ်က စုပင်း ဘာကိုပဲ ရွေးချယ်ရွေးချယ် ဂရုမစိုက်ဘဲ သူ့စကားကို သူ ဆက်ပြောနေပါတော့တယ်။
"ဒါဟာ မင်းရဲ့ ရွေးချယ်မှုဆိုတော့လည်း ငါ့ရဲ့ စမ်းသပ်ချက်တွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပေတော့!"
အဲဒီအသံကြီးက အရှိန်အဝါကြီးမားလှသယောင် ဟန်ဆောင်နေပေမဲ့ တကယ်တမ်းကျတော့ သိပ်ပြီးတော့ အလုပ်မဖြစ်လှပါဘူး။
ရုတ်တရက် ငလျင်လှုပ်တော့မလိုမျိုး သူ့ပတ်ပတ်လည်က ဟင်းလင်းပြင်ကြီး တုန်ခါသွားတာကို စုပင်း ခံစားလိုက်ရသည်။ သူ့ရှေ့က မြေပြင်ကလည်း အရိုးတိုင်ကြီးတစ်ခုရဲ့ ထိပ်ဖျားဟာ မြေပြင်ထဲက နေ ထိုးထွက်လာမှု ကြောင့် အက်ကွဲထွက်သွားပြီး အဲဒီအရိုးတိုင်ကြီးက ဧရာမမျှော်စင်ကြီးတစ်ခုလို မြင့်တက်လာပါတော့တယ်။
စုပင်း စစ်ဆေးကြည့်လိုက်တော့ အဲဒီ "အရိုးမျှော်စင်" မှာ စုစုပေါင်း အပိုင်း ၉ ပိုင်း ဒါမှမဟုတ် အဆင့် ၉ ဆင့် ရှိနေတာကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ နဂါးဝိညာဉ်က စုပင်းရဲ့ စိတ်ထဲကို တိုက်ရိုက်စကားပြောလာပြီး ဒီမျှော်စင်ကို ဘာအတွက် အသုံးချရမလဲဆိုတာ ရှင်းပြလာခဲ့သည်။
သိသာတာကတော့ သူဟာ အမွေအနှစ်ကို မရယူခင် စမ်းသပ်ချက်တွေ ပြီးဆုံးဖို့အတွက် ဒီ "နဂါးမျှော်စင်" ကို တက်ရမှာပါ။ နောက်ဆုံးအဆင့်ကို ရောက်ပြီဆိုမှ နောက်ဆုံးမစ်ရှင်ကို စိန်ခေါ်ဖို့ အရည်အချင်းပြည့်မီမှာ ဖြစ်ပါတယ်။ နောက်ဆုံးမစ်ရှင်မှာတော့ စုပင်း ဟာ နဂါးကြီး ချန်ထားရစ်ခဲ့တဲ့ နဂါးအကြေးခွံ ၁၀၉ ခုလုံးကို သန့်စင်ပေးရမှာဖြစ်ပြီး နဂါးရဲ့ ဝိညာဉ်ကို ပြန်လည် နိုးထစေရမှာပါ။ နဂါးကြီး သေဆုံးချိန်မှာ သူ့ရဲ့ ဝိညာဉ်အစအနတွေကို အဲဒီ အကြေးခွံတွေထဲမှာ ချိပ်ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ အကြေးခွံတစ်ခုချင်းစီက ညစ်ညမ်းမှုတွေနဲ့ မိစ္ဆာတွေ ကြီးစိုးနေတဲ့ နယ်မြေအသေးစားလေးတွေ ဖြစ်သွားခဲ့ရခြင်းပင်။ အကြေးခွံတစ်ခုကို သန့်စင်ဖို့ဆိုရင် စုပင်းအနေနဲ့ အဲဒီထဲမှာ နေထိုင်တဲ့ မိစ္ဆာအားလုံးကို နှိမ်နင်းရမှာပဲ ဖြစ်ပါတယ်။
စုပင်းက သူ့ရဲ့ "မစ်ရှင်" ကို အကြမ်းဖျင်း နားလည်သွားပေမဲ့ ဒီအလုပ်က သူ့အတွက်တော့ တော်တော်လေး လက်ဝင်လွန်းနေတာပါ။ မျှော်စင် အဆင့် ၉ ဆင့်ကို ဖြတ်ကျော်ရတာက ပြဿနာမရှိပေမဲ့ နဂါးအကြေးခွံ ၁၀၉ ခုကို သန့်စင်ရမယ်ဆိုတာကတော့ တော်တော်လေးကို ပျင်းစရာကောင်းမယ့် အလုပ်ပါပဲ။
အဲဒီနယ်မြေ "အသေးစား" လေးတွေဆိုတာကလည်း နာမည်ကသာ အသေးစား ဆိုပေမယ့် လူသားတွေရဲ့ စံနှုန်းနဲ့ကြည့်ရင်တော့ သေးလှတာ မဟုတ်ပါဘူး။ အဲဒီထဲမှာ မြေမျက်နှာသွင်ပြင် အမျိုးမျိုး၊ မိစ္ဆာအမျိုးမျိုးနဲ့ 'သားရဲဘုရင်' တွေတောင် လှည့်လည်သွားလာနေကြတာပါ။ အဲဒီနေရာမှာ အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ 'ဒဏ္ဍာရီလာ သားရဲစစ်သည်' တစ်ယောက် ဖြစ်နေမှ ရမှာပါ။
စနစ်ရဲ့ အဆိုအရတော့ ဒီနဂါးဘုရင်ဟာ သားရဲဘုရင်တွေထက်တောင် ပိုပြီး ရှေးကျသလို ပိုပြီးတော့လည်း အစွမ်းထက်ခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ အမွေအနှစ်ကို အားနည်းတဲ့သူတွေ အလွယ်တကူ မရနိုင်အောင် စီစဉ်ထားတာကတော့ သဘာဝကျပါတယ်။
စုပင်းက မစ်ရှင်ရဲ့ ခက်ခဲမှုအပေါ် နည်းနည်းတော့ စိတ်ပျက်မိပေမဲ့ သိပ်ပြီးတော့လည်း ခံစားမနေပါဘူး။ ဘာလို့လဲဆိုတော့ ဒီစိန်ခေါ်မှုက သူ့အတွက် ဘာမှ အဓိပ္ပာယ်မရှိလို့ပါပဲ။ ဒီနေရာက ပုံရိပ်ယောင်နယ်မြေ တစ်ခုမို့ သူ ရနိုင်တာဆိုလို့ မိစ္ဆာတွေနဲ့ တိုက်ခိုက်ရင်း ရလာမယ့် အတွေ့အကြုံပဲ ရှိတာပါ။ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ဆုလာဒ်တွေ ပေးမယ်လို့ ကတိပေးထားပါစေဦး၊ သူ အပြင်ကမ္ဘာကို ယူသွားလို့ရမှာမှ မဟုတ်တာ။
တစ်နည်းအားဖြင့် ပြောရရင်တော့ နောက်ဆုံးပန်းတိုင်ကို ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အရေးမကြီးပါဘူး။ မစ်ရှင်ရဲ့ လုပ်ငန်းစဉ်အတွင်းမှာ လေ့ကျင့်ခွင့်ရဖို့ကသာ ပိုပြီး အရေးကြီးတာပါ။
"ကောင်းပြီလေ... လာစမ်းပါ"
စုပင်း သူ့ဘာသာသူ အားပေးလိုက်ပြီး သားရဲတွေနဲ့အတူ ရှေ့ကို ဆက်လျှောက်ကာ မျှော်စင်အောက်ခြေက အပေါက်ငယ်လေးကနေ အထဲကို ဝင်လိုက်ပါတော့တယ်။ စုပင်း ခေါ်လာတဲ့ သားရဲတွေထဲမှာ နဂါးဝိညာဉ်ရဲ့ ဖိအားဒဏ်ကို မတုန်မလှုပ် ခံနိုင်တာဆိုလို့ အရိုးစုလေး တစ်ကောင်ပဲ ရှိပါတယ်။ 'မာနာဂမ်' ကတော့ အဆိုးဆုံး အခြေအနေမှာ ရှိနေပြီး ကြောက်လွန်းလို့ တုန်တုန်ယင်ယင်နဲ့ ကျောက်ရုပ်လို ဖြစ်နေရှာသည်။ ငရဲမီးနဂါး ကလည်း နဂါးမျိုးနွယ် ဖြစ်နေပေမဲ့ အခြေအနေ သိပ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ နဂါးတွေက သူတို့ရဲ့ မျိုးနွယ်စု အဆင့်အတန်းကို အမြဲတမ်း တင်းတင်းကျပ်ကျပ် လိုက်နာကြလို့ပါပဲ။ အဆင့်မြင့်တဲ့ နဂါးတစ်ကောင်က သူ့ထက်နိမ့်တဲ့ မျိုးနွယ်စုဝင်တွေကို ဘယ်လိုအခြေအနေမှာမဆို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါတယ်။
ခရမ်းရောင် မြွေဟောက်ကတော့ စုပင်းရဲ့ ခြေထောက်နားမှာပဲ ကပ်နေပြီး သားရဲစာချုပ်ကတစ်ဆင့် စိတ်သက်သာရာရဖို့ ကြိုးစားနေရှာသည် ။
မျှော်စင်ထဲကို ခြေလှမ်းလှမ်းလိုက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားက ပိုပြီး ပြင်းထန်လာခဲ့သည်။အမှောင်ထဲမှာ နဂါးတွေ အများကြီး ပုန်းနေပြီး သူတို့ရဲ့ သားကောင်ကို ကြိုဆိုနေသလိုမျိုးပါပဲ။ စိတ်ဓာတ်မခိုင်မာတဲ့သူဆိုရင်တော့ ဒီနေရာကနေ ခြေဦးတည့်ရာ ထွက်ပြေးမိကြမှာ အသေအချာပါပဲ။
စုပင်းကတော့ အသက်ပြင်းပြင်းရှူလိုက်ပြီး ဒီအန္တရာယ်ရှိတဲ့ အငွေ့အသက်တွေကို ဂရုမစိုက်ဘဲ ရှေ့ကို ဆက်တိုးလာခဲ့လိုက်သည်။ သူက "မသေမျိုး" တွေရဲ့ ရှုပ်ထွေးလှတဲ့ နယ်မြေတွေကို စူးစမ်းတုန်းက ဒီထက်မက ကြောက်စရာကောင်းတဲ့ သေခြင်းတရား အငွေ့အသက်တွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားပြီးသားပါ။ ဒီကျဆုံးသွားတဲ့ နဂါးဘုရင်ရဲ့ ဖိအားဆိုတာ ငရဲပြည်က ဆိုးသွမ်းတဲ့ ဘုရင်တွေ၊ အရှင်သခင်တွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။
ရှေ့ကို ဆက်သွားတဲ့အခါမှာတော့ စုပင်းက သူ့ကို ဟိန်းဟောက်နေတဲ့ ရွှေရောင်နဂါးကြီးတစ်ကောင်ရဲ့ ပုံရိပ်ကို မြင်လိုက်ရကာ ထိုနဂါးကြီးရဲ့ ခန့်ညားထည်ဝါမှုကတော့ အတုမရှိပါပဲ။
တခြားသားရဲတွေရှေ့မှာ အမြဲတမ်း မာန်တက်နေတတ်တဲ့ ငရဲမီးနဂါး လေးကတော့ အခုတော့ သူ့ခေါင်းကို အတောင်ပံအောက်ထဲမှာ ဝှက်ထားလိုက်ပါတယ်။ အနားမှာသာ ယုန်တွင်းရှိရင်တော့ ဝင်ပြေးမိမယ့် ပုံပါပဲ။
'မာနာဂမ်' ကတော့ လုံးဝ မလှုပ်နိုင်တော့ပဲ ကြမ်းပြင်ပေါ်မှာ သတိလစ်ပြီး လဲကျနေပါတော့သည်။
ခရမ်းရောင် မြွေဟောက်ကလည်း ခွေနေပြီး သူ့ခေါင်းကို အလယ်မှာ ဝှက်ထားခဲ့ပြီး... ဒီလိုလုပ်ရင် သူ့ကို မမြင်ရဘူးလို့ ထင်နေပုံရသည်။
အရိုးစုလေး ကတော့... ထုံးစံအတိုင်းပါပဲ၊ ဘာထူးခြားတဲ့ တုံ့ပြန်မှုမှ မပြပါဘူး။
စုပင်းက ကြောက်လန့်နေတဲ့ သားရဲတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်မိသည်။ ဒီရွှေရောင်နဂါးကြီးက တကယ်တမ်း ဘာဒဏ်ရာမှ မပေးနိုင်တဲ့ ပုံရိပ်ယောင် သက်သက်ဆိုတာ သိသာနေတာပဲ။ နဂါးဘုရင်ရဲ့ အရှိန်အဝါ အစအနလေးကို သုံးပြီး ရန်သူကို ခြောက်လှန့်နေတာကလွဲရင် ဘာမှ မဟုတ်ပါဘူး။
"ကာကွယ်မှုအောက်မှာပဲ ကြီးပြင်းလာတဲ့ ကောင်တွေဆိုတော့လည်း ဒီထက်ပိုပြီး မျှော်လင့်လို့ မရတော့ပါဘူးလေ။ တောက်! လျှပ်စီးကြွက်ကတောင် ဒီကောင်တွေထက် အများကြီး ပိုတော်ဦးမယ်။"
စုပင်းက နောက်လှည့်ပြီး မာနာဂမ်ကို နိုးလာအောင် ဖင်ကို တစ်ချက် ကန်လိုက်သည်။
အစပိုင်းမှာတော့ အလုပ်ဖြစ်သွားပြီး ပြန်နိုးလာပေမယ့် မာနာဂမ်က ကြောက်စရာကောင်းတဲ့ နဂါးပုံရိပ်ကြီးကို မြင်လိုက်ရတာနဲ့ လျှာကြီးထုတ်ပြီး ပြန်ပြီး မေ့လဲသွားပြန်သည်။
စုပင်းက မျက်မှောင်ကြုတ်ပြီး နောက်တစ်ခါ ထပ်ကန်လိုက်သည်။ အဲဒီခွေးကြီး နည်းနည်း အခြေအနေ ကောင်းလာတဲ့အထိ သူ ထပ်ခါတလဲလဲ ပိတ်ကန်နေခဲ့ပြီး .... ဒီလို မတတ်သာလို့ လေ့ကျင့်ပေးတာက "မာနာဂမ် ခေွးကြီး" ကို အကြိမ်ကြိမ် သတိလစ်လိုက်၊ နိုးလာလိုက် ဖြစ်စေပြီးတဲ့နောက်မှာတော့ အကျိုးသက်ရောက်မှု အဖြစ် သတိမမေ့ပဲ နေလာနိုင်ခဲ့သည်။ဒါပေမဲ့လည်း ခွေးကြီးက အဆူခံထားရတဲ့ ခွေးပေါက်လေးလို ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေပါတော့တယ်။
စုပင်းက" မာနာဂမ် ခွေးကြီး" ကို "သတ်ဖြတ်လိုစိတ် " စွမ်းရည်နဲ့ လှုံ့ဆော်ပေးလိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေက နီရဲတောက်လာပြီး နဂါးပုံရိပ်ကြီးကို ရုတ်တရက် အော်ဟစ်ဟောင်လိုက်ပါတော့သည် ။ ဒါပေမဲ့ စွမ်းရည်သက်ရောက်မှု ကုန်ဆုံးသွားတာနဲ့ တစ်ပြိုင်နက် ခွင့်လွှတ်ပေးဖို့ တောင်းပန်နေသလိုမျိုး အမြီးကို ကြားညှပ်ပြီး ပြန်ဝပ်သွားပြန်သည်။ သူ့ဖင်အောက်မှာလည်း အဝါရောင် ရေအိုင်ကြီးတစ်ခုက ပြန့်နှံ့သွားပြီး လေထဲမှာလည်း အနံ့အသက်တစ်ခု ကူးစက်သွားပါတယ်။ "ဒီငကြောက်ကောင်..." လို့ စုပင်း စိတ်ထဲကနေ တိတ်တိတ်လေး ညည်းတွားလိုက်မိ တော့သည် ။
ခွေးသေးနံ့ ကနေ လွတ်အောင် စုပင်းက ရှေ့ကို ဆက် လျှောက်သွားရာ သူ့အထက်က မျက်နှာကြက်မှာ အလင်းစက်လေးတစ်ခုကို တွေ့လိုက်ရသည်။ အဲဒါက နောက်တစ်ဆင့်ကို တက်ဖို့ အပေါက်ဖြစ်ပုံရပါတယ်။
သားရဲတွေကို အဲဒီအပေါက်ထဲကနေ ပစ်ထည့်လိုက်ပြီးတဲ့နောက် သူကိုယ်တိုင်လည်း ခုန်တက်ပြီး ဒုတိယထပ်ကို ရောက်သွားပါတော့သည်။
စုပင်း ထင်ထားသလိုပါပဲ ၊ဒုတိယထပ်မှာ နဂါးရဲ့ စိတ်ဝိညာဉ်ဖိအားက ပထမထပ်ထက် အဆပေါင်းများစွာ ပိုပြီး ပြင်းထန်လာခဲ့သည်။ မမြင်ရတဲ့ ဖိအားတွေအပြင် မှောင်မိုက်ထဲကနေ တရှပ်ရှပ်မြည်သံတွေကိုလည်း စုပင်း ကြားလိုက်ရသည်။ ဒါပေမယ့်လဲ
ဒီနဂါးမျှော်စင်ရဲ့ စိန်ခေါ်မှုက ဒါပဲလားလို့ စုပင်း တွေးနေမိခြင်းပင်။ ဒီနဂါးအတုက တကယ်တော့ သူ့အတွက်က ဘာမှ မဟုတ်ပါဘူး။ ဒီပုံစံအတိုင်းဆိုရင်တော့ ဒုတိယထပ်ကို ခဏလေးနဲ့ သူ ဖြတ်ကျော်နိုင်မှာပါ။
စုပင်းဟာ သူ့နားတစ်ဝိုက်မှာ နဂါးတစ်ကောင် အိပ်ပျော်နေသလိုမျိုး ထွက်ပေါ်နေတဲ့ အသံတွေကို ဂရုမစိုက်ဘဲ နောက်ထပ် "အပေါက်" တစ်ခုကို ရှာတွေ့သွားပြီး တတိယထပ်ကို ခုန်တက်လိုက်ပြန်ပါတယ်။ ဒီတစ်ခါတော့ အရိုးစုလေး တစ်ကောင်တည်းကိုပဲ ခေါ်သွားလိုက်တော့သည်။ တခြားသားရဲတွေကိုတော့ သူတို့ရဲ့ စိတ်ကို ဆက်ပြီး လေ့ကျင့်ဖို့ ဒုတိယထပ်မှာပဲ ထားခဲ့လိုက်သည်။ အပေါက်ထဲကနေ စုပင်း ထွက်လာတာနဲ့ လက်သည်းတွေ ထောင်ပြီး သူ့ဆီ ဦးတည်လာတဲ့ နောက်ထပ် ရွှေရောင်နဂါးတစ်ကောင်ကို တွေ့လိုက်ရပြီး ဒီတစ်ကောင်ကတော့ ခေါင်းကနေ အမြီးအထိ ၁၀ မီတာလောက်ပဲ ရှိတာမို့ နဂါးပေါက်လေးတစ်ကောင်ပဲ ဖြစ်ရပါမယ်။ ဒါပေမဲ့ ကြည့်ရတာတော့ တကယ့်ကို အန္တရာယ်ရှိမယ့် ပုံပါပဲ။
ဒါကလည်း သူ့ကို ခြောက်လှန့်ဖို့ ပုံရိပ်ယောင် တစ်ခုပဲလို့ သူ ထင်လိုက်ပေမဲ့ သူ့အရေပြားကို ထိတွေ့လာတဲ့ ထူးခြားတဲ့ စွမ်းအင်တွေကတော့ ဒါဟာ ပုံရိပ်ယောင် မဟုတ်ဘူးဆိုတာကို သတိပေးနေပါတယ်။
အရိုးစုလေး က သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး နဂါးပေါက်လေးနဲ့ စတင် လုံးထွေးတိုက်ခိုက်ပါတော့တသည်။"ဟင်... ဒါက စွမ်းအင်တွေနဲ့ ဖန်တီးထားတဲ့ ကိုယ်ပွား လား?" တိုက်ခိုက်နေတဲ့ နဂါးရဲ့ သဘာဝကို သိလိုက်ရတဲ့အခါ စုပင်းက မျက်ခုံးပင့်လိုက်မိသည်။ သူ ထင်ထားတာနဲ့ မတူဘဲ နဂါးမျှော်စင်က သူ့ဆီကို ပုံရိပ်ယောင် မဟုတ်တဲ့ တကယ့်ရန်သူတွေကို စတင် စေလွှတ်လာခဲ့ပါပြီ။
အရိုးစုလေး က နဂါးပေါက်လေးကို ခဏချင်းမှာပဲ အပြတ်ရှင်းလိုက်ပြီး စုပင်းဘေးကို ပြန်ရောက်လာခဲ့သည်။
"နဂါးပေါက်ကလေးကတောင် သာမန် အဆင့် ၇ သားရဲတွေလောက် အစွမ်းထက်နေတာလား။ နဂါးတွေအတွက်တော့ ဒါက သဘာဝပဲ ဖြစ်မှာပါလေ။" ဟု တွေးရင်း စုပင်းက ဒီထက်မက ပိုပြီး သတိထားဖို့ ဆုံးဖြတ်လိုက်ပြီး ရှေ့ကိုသာ ဆက်လျှောက်လာခဲ့သည်။
နှစ်နာရီလောက် ကြာတဲ့အခါမှာတော့ စုပင်းက သားရဲတွေကို ခေါ်ပြီး နဂါးမျှော်စင်ထဲကနေ ထွက်လာခဲ့ပါ တော့သည်။
အရိုးစုလေး က နောက်ဆုံးထပ်ကို မနည်း ကျော်ဖြတ်ခဲ့ရတာပါ။ တစ်ခုရှီတာက ဒါဟာ ကံကောင်းလို့ အောင်မြင် လာတာ မဟုတ်ဘူးလို့ စုပင်း ခံစား နေရသည်။မျှော်စင်က စိန်ခေါ်မှုအားလုံးကို သူ့မှာရှိတဲ့ အင်အားနဲ့ ချိန်ညှိပြီး စီစဉ်ထားတာ ဖြစ်ရပါမယ်။ တကယ်လို့ အရိုးစုလေး သာ တစ်ဆင့် ပိုမြင့်နေမယ်ဆိုရင် နောက်ဆုံးထပ်က ရန်သူက 'သားရဲဘုရင်' တစ်ကောင် ဖြစ်နေမှာ အသေအချာပါပဲ။
သူ ခန့်မှန်းကြည့်ရသလောက်တော့ ပျမ်းမျှအဆင့်ထက် ပါရမီမြင့်တဲ့သူဆိုရင် လုံလောက်တဲ့ ကြိုးစားမှုနဲ့ ဒီမျှော်စင်ကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မာန်တက်နေတဲ့ နဂါးဘုရင်က သူ့ရဲ့ အမွေအနှစ်ကို "ပျမ်းမျှထက် သာတဲ့ လူသား" တစ်ယောက်ကို လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ပါဘူး။ ဒီစိန်ခေါ်မှုတွေကို စီစဉ်ထားတဲ့သူကလည်း ဒီထက်တော်တဲ့ လူသားတွေ ရောက်လာလိမ့်မယ်လို့ အစကတည်းက မျှော်လင့်မထားခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။
ဒီထက်မက ပါရမီမြင့်တဲ့ လူသားတွေဆိုရင် ဘယ်လိုအခြေအနေမျိုးအထိ ရောက်နိုင်မလဲဆိုတာကို သူ မတွေးဘဲ မနေနိုင်အောင် ဖြစ်မိသွားသည်။စုပင်း အတွေးစကို ဖြတ်ကာ အချိန်ဆက်မဖြုန်းတော့ဘဲ နဂါးအကြေးခွံတွေကို ရှာဖို့အတွက် သားရဲတွေကို သူ့အနားမှာ ကပ်နေဖို့ အမိန့်ပေးလိုက်တာ့သည်။
နဂါးအကြေးခွံတွေကို ရှာရတာ မခက်ပါဘူး။ ဘာလို့လဲဆိုတော့ နဂါးအကြေးခွံတွေက မျှော်စင်ရဲ့ အနောက်မှာ ဟိုတစ်စ ဒီတစ်စ ရှိနေလို့ပါပဲ။ အကြေးခွံတစ်ခုချင်းစီက မှောင်မိုက်တဲ့ သချု႑ိုင်းကုန်း ဒါမှမဟုတ် ပေါက်ကွဲနေတဲ့ မီးတောင်တွေလိုမျိုး ထူးခြားတဲ့ ပတ်ဝန်းကျင်တွေရှိတဲ့ မြို့ငယ်လေးတစ်မြို့လောက် ကျယ်ပါတယ်။ အဝေးကနေ ကြည့်ရုံနဲ့တင် အဲဒီထဲမှာ ဘယ်လိုမိစ္ဆာမျိုးတွေ နေမလဲဆိုတာ စုပင်း ခန့်မှန်းလို့ ရနေပါတယ်။
အကြေးခွံတွေက တစ်ခုနဲ့တစ်ခု တော်တော်လေး နီးနီးကပ်ကပ် ရှိနေပေမဲ့ သူတို့ကို ပိုင်းခြားထားတဲ့ နယ်နိမိတ်တွေကတော့ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ စုပင်းက ဒီနေရာကို သားရဲအမျိုးမျိုးအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ရေးကွင်းတစ်ခုလို့ သာသဘောထားလိုက်သည်။ ဘာလို့လဲဆိုတော့ သားရဲအမျိုးအစားတိုင်းအတွက် သင့်တော်တဲ့ ဒြပ်စင်ရှိတဲ့ အကြေးခွံတစ်ခုကို သူ အလွယ်တကူ ရှာတွေ့နိုင်လို့ပါပဲ။
***