တစ်နေကုန် လုံးပန်းပြီးတဲ့နောက်မှာတော့ စုပင်းဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး ဆိုင်ကို ပြန်ရောက်လာခဲ့တော့သည်။ တကယ်တမ်းမှာတော့ အပြင်ကမ္ဘာရဲ့ အချိန်က တစ်နာရီပဲ ကုန်ဆုံးသေးတာဖြစ်ပြီး ဒါကလည်း စုပင်း မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိတဲ့ အရိုးစုလေး ကလွဲရင် ကျန်တဲ့ သားရဲသုံးကောင်လုံးကတော့ မတူညီတဲ့ စရိုက်လက္ခဏာတွေ စတင်ပြသလာကြပြီ ဖြစ်သည်။
ငရဲမီးနဂါး ကတော့ အရင်ကထက် အများကြီး ပိုကြီးထွားလာခဲ့ပြီး ...အခုထိတော့ အဆင့် ၃ သာရှိတဲ့ ကလေးဘဝပဲ ရှိသေးပေမဲ့ နဂါးတစ်ကောင်ရဲ့ ထူးခြားတဲ့ အရှိန်အဝါတွေ စတင် ထွက်ပေါ်နေပါပြီ။ အကြေးခွံနယ်မြေတစ်ခုမှာ ကျောက်သားဒြပ်စင် သားရဲတစ်ကောင်နဲ့ တိုက်ခိုက်တုန်းကဆိုရင် 'နဂါးဟိန်းသံ ' စွမ်းရည်ကို သူ့အလိုလို သင်ယူသွားပြီး ရန်သူကို ကြောက်လန့်တကြား ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့သည်။တစ်ခု ပြဿနာ ရှိတာကတော့ နဂါးလေး ရဲ့ မဖွံ့ဖြိုးသေးတဲ့ လည်ချောင်းလေးက အဲဒီစွမ်းရည်ကို ခဏခဏ သုံးဖို့ မခံနိုင်သေးတာပါပဲ။ သုံးများရင် သူ့ကိုယ်သူ ပြန်ထိခိုက်နိုင်လို့ အလွန်အကျွံ ထုတ်သုံးမို့ တော့ မဖြစ်နိုင်သေးပါဘူး။
'မာနာဂမ်' ခွေးကြီးကလည်း အတော်လေး သတ္တိရှိလာတာမို့ စုပင်း အနည်းငယ် ကျေနပ်နေမိသည်။နဂါးမျှော်စင်ထဲမှာ နဂါးရဲ့ စိတ်ဝိညာဉ်ဖိအားကို အကြိမ်ကြိမ် ခံစားပြီးတဲ့နောက်မှာတော့ တကယ့် အမဲလိုက်ခွေးတစ်ကောင်လိုပဲ ဘယ်ရန်သူကိုမဆို (နဂါးအစစ်ကလွဲရင် ) မကြောက်မရွံ့ ရင်ဆိုင်နိုင်တဲ့ သတ္တိမျိုး ရှိလာခဲ့ပါပြီ။ နဂါးမျိုးနွယ်နဲ့ မဟုတ်ရင်တော့ "မာနာဂမ်ခွေးကြီး " ဟာ အရင်က ဆုံးရှုံးခဲ့ရတဲ့ သိက္ခာတွေကို ပြန်ဆယ်ချင်နေသလား အောက်မေ့ရအောင် ရန်သူ့ဆီကို အရူးအမူး ရှေ့ဆုံးကနေ ပြေးဝင်တိုက်ခိုက်နေတတ်သည်။
ရလဒ်ကတော့... မာနာဂမ်ခွေးကြီးဟာ သူ့ရဲ့ မဆင်မခြင်မှုကြောင့် အကြိမ်ပေါင်း တစ်ရာကျော် သေဆုံးခဲ့ရပေမဲ့၊ တစ်ဖက်မှာလည်း အလယ်အလတ်တန်းစား စွမ်းရည်အသစ် နှစ်ခုကို သင်ယူနိုင်ခဲ့ပါသည်။ ခရမ်းရောင် မြွေဟောက်ကတော့ သူ့ရဲ့ ပွဲဦးထွက် တိုက်ပွဲတွေမှာ အစွမ်းကုန် ကြိုးစားခဲ့တယ် လို့ ဆိုရမည်ဖြစ်သည်။ အဆင့် ၂ ကို တဖြည်းဖြည်း ချဉ်းကပ်လာတာနဲ့ သူ့ရဲ့ အကွက်အပြောက်တွေပါတဲ့ အရေပြားကလည်း ရင့်ကျက်လာတဲ့ အကြေးခွံတွေအောက်မှာ ပိုပြီး ကာကွယ်မှု အားကောင်းလာခဲ့သည်။ စုပင်းကတော့ လေ့ကျင့်ရေးနယ်မြေကို ချက်ချင်းပြန်သွားဖို့ အစီအစဉ် မရှိပါဘူး။ သူကိုယ်တိုင်လည်း အနားယူဖို့ လိုသလို၊ သားရဲတွေကိုလည်း သူတို့ ရရှိထားတဲ့ အတွေ့အကြုံတွေကို ပြန်လည် အစာချေဖျက်ဖို့ အချိန်ပေးရဦးမှာမို့ပါ။
နောက်ပြီး နောက်တစ်ခေါက်ကျရင် အရိုးစုလေး ကို ခေါ်မသွားဖို့ စုပင်း ဆုံးဖြတ်လိုက်သည်။ "နဂါးအကြေးခွံ တိုက်ပွဲကွင်း" တွေထဲမှာ အရိုးစုလေး အတွက် အချိန်ကုန်ခံရလောက်တဲ့ အဆင့်မြင့်မိစ္ဆာက အတော်လေး ရှားပါတယ်။ အရိုးစုလေး ကို သာမန်မိစ္ဆာတွေနဲ့ လွှတ်ထားရတာက အချိန်ဖြုန်းတာနဲ့ အတူတူပါပဲ။
သားရဲတွေကို သူတို့ရဲ့ ပြုစုစောင့်ရှောက်ရေး ခြံတွေထဲ ထည့်ပြီးတဲ့နောက် စုပင်းက ဖောက်သည်တွေကို စောင့်ရင်း ဆိုင်ဖွင့်လိုက်တော့သည်။စောင့်နေတုန်းမှာလည်း အချိန်မဖြုန်းပဲ သူ့ရဲ့ ' ခေးရောစ့်ကြယ်တာရာ ကျင့်စဉ် 'ကို ကျင့်ကြံနေခဲ့သည်ယ
နေ့လယ်ခင်းတစ်ခုလုံးမှာ စုပင်းဟာ ဝယ်သူကျောင်းသား အနည်းငယ်ကို ရရှိခဲ့သည်။ အဆိုပါ ကျောင်းသားများက တကယ်တော့ ဆရာသစ်က သားရဲဆိုင်တစ်ဆိုင် ပိုင်တယ်ဆိုတဲ့ သတင်းကို ကြားလို့ ကျောင်းကနေ ခိုးထွက်လာကြတဲ့သူတွေပါ။ စုပင်းက ဟိုနာမည်ကြီး 'လျှပ်စီးကြွက်' ကို လေ့ကျင့်ပေးခဲ့တဲ့သူဆိုတာကိုလည်း သိလိုက်ရော... ဒီကျောင်းသားတွေဟာ နေမကောင်းချင်ယောင်ဆောင်တာ ဒါမှမဟုတ် မိဘတွေ၊ ဆွေမျိုးတွေ ဆေးရုံတက်နေရပါတယ်ဆိုပြီး အကြောင်းပြချက် အမျိုးမျိုးပေးကာ ကျောင်းကနေ အတင်း ခွင့်တောင်းပြီး ထွက်လာကြခြင်းပင်။
အားလုံးက လျှပ်စီးကြွက်အကြောင်း ကောလဟာလတွေကို မယုံကြပေမဲ့လည်း စုပင်းနဲ့ ရင်းနှီးအောင် လုပ်ထားရင် နောက်ပိုင်း သူ့ရဲ့ အတန်းတွေကို တက်ရတာ ပိုလွယ်ကူသွားမလားဆိုတဲ့ အတွေးနဲ့ လာကြည့်ကြတာပါ။
ဒီလိုသင်တန်းမျိုးကို တက်ခွင့်ရဖို့ဆိုတာ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာ အကယ်ဒမီက ကျောင်းသားတိုင်း သိကြပါတယ်။ အဆင့်မြင့်ဆရာတစ်ယောက်က သင်တန်းအချိန်ဇယား ကြေညာလိုက်တိုင်း နေရာတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြည့်သွားတတ်တာမို့ လက်မှတ်တွေကို ပြန်ရောင်းစားတာက သာမန်ကျောင်းသားတွေအတွက် ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဘာလို့လဲဆိုတော့ ချမ်းသာတဲ့သူတွေက ပိုက်ဆံပေးပြီး တက်ရမယ်ဆိုရင်တောင် နှမြောတွန့်တိုနေမှာ မဟုတ်လို့ပါပဲ။
ရောက်လာတဲ့ ကျောင်းသားတွေကတော့ စုပင်း ဆိုင်မှာ ရှိနေတာကို မြင်လိုက်ရလို့ သူတို့ ကြိုးစားပြီး ခိုးထွက်လာရကျိုး နပ်သွားပြီဆိုပြီး ဝမ်းသာနေကြသည်။ အလားတူပဲ စုပင်းကလည်း အကယ်ဒမီရဲ့ အဆင့်မြင့်ဆရာ ဖြစ်လာတာက သူ့စီးပွားရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေတာကို တွေ့ရလို့ ဆရာလုပ်မို့ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်ကို ကျေနပ်နေမိသည်။
ဒီနေ့ လာတဲ့ ကျောင်းသားတွေဆီကနေ စွမ်းအင်မှတ် အနည်းငယ် ရလိုက်တာကြောင့် စုပင်းရဲ့ စုစုပေါင်း လက်ကျန်အမှတ်က ၉၂၀၀ ဝန်းကျင်လောက် ဖြစ်သွားခဲ့သည်။ သားရဲသားဖောက်ကန် ကို အဆင့် ၄ တင်ဖို့က စွမ်းအင်မှတ် တစ်သန်းတောင် လိုတာမို့ အဲဒီအတွက် သုံးဖို့ကတော့ မဖြစ်နိုင်သေးပါဘူး။
အရင်က ပစ္စည်းတွေ ဈေးပေါတုန်းကတော့ စွမ်းအင်မှတ် တစ်သောင်းဆိုတာ ကိန်းဂဏန်း အကြီးကြီးပေါ့။ ဒါပေမဲ့ အခုတော့ အဲဒီမှတ်တွေနဲ့ ပိုကောင်းတဲ့ ပြုစုစောင့်ရှောက်ရေး ခြံတွေ ဖွင့်တာ ဒါမှမဟုတ် စနစ်ဆိုင် ထဲက ပစ္စည်းတွေ ဝယ်တာလောက်ပဲ လုပ်လို့ရတော့သည်။ တခြား အဆင့်မြှင့်တင်မှုတွေကတော့ ဒီထက်မက အများကြီး ပိုလိုတာမို့ စုပင်း အနေနဲ့ အလှမ်းဝေးနေတုန်းပါပဲ။
'အလယ်အလတ်အဆင့် စွမ်းအားဆေးလုံး ' တစ်လုံးကိုတင် အမှတ်တစ်သောင်း ကုန်ကျတာမို့ ...လိုနေတဲ့ စွမ်းအင်မှတ်တွေ ရဖို့အတွက်ကတော့ စုပင်းဟာ သိုးသူငယ်လေးတွေ... အဲ... ဖောက်သည်တွေ ပိုလာဖို့ပဲ စောင့်ရုံက လွဲလို့ ရွေးစရာမရှီပါဘူး။
တစ်နေ့တာကုန်ခါနီးမှာတော့ နောက်ထပ် ကျောင်းသားအချို့ ထပ်ရောက်လာတာကြောင့် လိုအပ်တဲ့ စွမ်းအင်မှတ် ပြည့်သွားပါတော့တယ်။ စုပင်း နှစ်ခါမစဉ်းစားတော့ဘဲ စနစ်ထဲကနေ" အလယ်အလတ်အဆင့်စွမ်းအားဆေးလုံး "တစ်လုံးကို ချက်ချင်း ဝယ်ယူလိုက်သည်။ စုပင်းရဲ့ လက်ရှိ 'တိုက်ခိုက်ရေး စွမ်းအား ' က ၃.၉ ရှိတာမို့....အဆင့် ၄ ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။
ကျင့်ကြံခြင်းလမ်းစဉ်မှာ အချိန်နဲ့ ကြိုးစားမှုထက် တစ်ခါတစ်လေမှာ ပိုအဓိက ကြနေတတ်တဲ့ အတားအဆီးကြီးတွေ ရှိတတ်ပါတယ်။ အဆင့် ၄ မရောက်ခင် အတားအဆီးကလည်း အဲဒီလိုပါပဲ။တကယ်လို့ စုပင်းက ' ခေးရောစ့် ကြယ်တာရာကျင့်စဉ် ' ကိုပဲ အားကိုးနေရင် ကျန်နေတဲ့ ၀.၁ ရမှတ် ရဖို့အတွက် အနည်းဆုံး နောက်ထပ် နှစ်ပတ်လောက် စောင့်ရဦးမှာပါ။ ဒါပေမဲ့ ဒီ ဆေးလုံးနဲ့ဆိုရင်တော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီဂြိုဟ်ပေါ်မှာ အဆင့် ၉ သားရဲတွေ အများကြီး ရှိပေမဲ့ 'သားရဲဘုရင်' တွေကတော့ တော်တော်လေး ရှားပါတယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံး အတားအဆီးကို ကျော်ဖြတ်ဖို့က တကယ့်ကို ခက်ခဲလွန်းလို့ပါပဲ။ လူသားတွေလည်း အတူတူပါပဲ၊ အံ့ဖွယ် ကံကောင်းမှုမျိုး မရှိဘဲနဲ့တော့ အဆင့် ၉ ကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။ အသက် ၃၀ နဲ့ အဆင့် ၉ ဘွဲ့ရ သားရဲစစ်သည် ဖြစ်လာပြီး အိုမင်းသွားတဲ့အထိ အဲဒီအဆင့်မှာပဲ တစ်သက်လုံး ရပ်တန့်နေခဲ့ကြတဲ့ ပါရမီရှင်တွေ အများကြီး ရှိခဲ့ဖူးပါတယ်။
ဆေးလုံးက လည်ချောင်းထဲကနေ ဆင်းသွားတာနဲ့ တစ်ပြိုင်နက် စုပင်းဟာ သူ့ရဲ့ အရိုးတွေ အားလုံးက ကျိုးပျက်သွားပြီး အသစ်ပြန်ဖြစ်လာသလိုမျိုး တဖြတ်ဖြတ် မြည်သံတွေကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်က 'ကြယ်တာရာ ဝဲဂယက်' တွေကလည်း အလျင်အမြန် ကြီးထွားလာပြီး ဆဲလ်တွေကို အားဖြည့်ပေးလိုက်ရာ... သူ့ပတ်ဝန်းကျင်က ကြယ်တာရာ စွမ်းအင်အားလုံးကို သူ့အလိုရှိသလို ထိန်းချုပ်နိုင်စွမ်း ရှိလာပြီလို့ ခံစားလာရသည်။ ဒီစွမ်းအားနဲ့ဆိုရင် စုပင်းဟာ အရင်ကထက် အဆပေါင်းများစွာ ပိုမြန်အောင် ကျင့်ကြံနိုင်မှာ ဖြစ်သလို၊ သူ့ရဲ့ နယ်ပယ်အတွင်းက တခြားလူတွေကို စွမ်းအင်စုပ်ယူလို့မရအောင်လည်း တားဆီးနိုင်စွမ်း ရှိလာပါတယ်။ ဒါမှမဟုတ် သူ့ရဲ့ ပတ်ပတ်လည် မီတာ ၃၀ အတွင်းမှာရှိတဲ့ ကြယ်တာရာ စွမ်းအင်အားလုံးကို လုံးဝ ကုန်ခမ်းသွားအောင် လုပ်ပစ်လိုက်လို့လည်း ရ ပေသည်။ စုပင်းအနားမှာ ရှိနေတဲ့သူတွေဟာ ဘယ်စွမ်းအင်မှ ရယူသုံးနိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။
ဒါကလဲ စုပင်း ထင်ထားတဲ့အတိုင်းပါပဲ၊ ဒီ '" ခေးေရာ့စ်ကြယ်တာရာ ကျင့်စဉ် " နည်းစနစ်က တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ထိရောက်လွန်းလှတာပါ။ ဒီခွန်အားလုံးက စုပင်းကို နောက်တစ်ဆင့် တက်အောင် ကူညီပေးရုံတင်မဟုတ်ပဲ....သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို ၄.၅ အထိပါ တွန်းတင်ပေးလိုက်တာမို့ အဆင့် ၄ ရဲ့ အလယ်အလတ်ပိုင်းကို ရောက်သွားပါပြီ။
တစ်ချိန်တည်းမှာပဲ စုပင်းရဲ့ အခြေခံ အားဖြည့်စွမ်းရည် ၄ ခုလုံးဟာလည်း အဆင့် ၃ ကို တက်လှမ်းသွားပြီး ပိုပြီး အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
ရလဒ်ကို ကျေနပ်သွားတဲ့ စုပင်းဟာ လေ့ကျင့်ရေးကိုယ်ပွါး တွေဆီမှာ သားရဲတချို့ကို လေ့ကျင့်ဖို့ ရွေးချယ်ပေးခဲ့ပြီးနောက် အိမ်ကို ပြန်လာခဲ့လိုက်သည်။
စုပင်း အိမ်ပြန်ရောက်တော့ သူ့အမေနဲ့ စုလင်ယွဲ့တို့က ထုံးစံအတိုင်း ဧည့်ခန်းထဲမှာ တီဗွီကြည့်နေကြသည်။သူ့ညီမ က သူ ဘာလို့ ဆရာဖြစ်သွားတာလဲ ဆိုတာမျိုး မေးခွန်းတွေ မေးလိမ့်မယ်လို့ ထင်ထားပေမဲ့ ဘာမှ မမေးလာတာကြောင့် အချိန်ကုန်ခံပြီး ရှင်းပြမနေရလို့ စုပင်း အနည်းငယ် စိတ်ချမ်းသာသွားသည်။
"ကျွန်တော် ပြန်လာပြီ။"
လီချင်းရုက ပြုံးပြုံးလေးနဲ့ တီဗွီကနေ မျက်နှာလွှဲလိုက်ကာ...အနားယူလိုက်ဦး သား။ အမေ ခဏနေရင် ထမင်းနွေးပေးမယ်။"
"ရပါတယ် အမေ။ မလောပါနဲ့။"
လီချင်းရုက တီဗွီက ကြော်ငြာဝင်တဲ့အထိ စောင့်ပြီးမှ မီးဖိုချောင်ထဲ ဝင်သွားပြီး ပြင်ဆင်တော့သည် ။
စုပင်းက မျက်လုံးထောင့်ကနေ ကြည့်လိုက်တော့ စုလင်းယွဲ့ က သူ့ကို ခိုးကြည့်နေတာကို တွေ့လိုက်ရသည်။ စုလင်းယွဲ့က သူ့ ဆရာဖြစ်လာသည့် ကိစ္စ ကို စိတ်မဝင်စားသလိုမျိုး ဟန်ဆောင်နေမှန်း ချက်ချင်း သိလိုက်သဘ်။စုလင်းယွဲ့က စိတ်မလှုပ်ရှားသလိုမျိုး တည်တည်ငြိမ်ငြိမ်ပဲ နေဖို့ ကြိုးစားနေရှာသည်။ သူမက စုပင်း ကို ဘယ်လိုပဲ ကြည့်ကြည့်၊ ဒီလူနဲ့ ဟို "အဆင့်မြင့်ဆရာသစ်" နဲ့ကတော့ ဘယ်လိုမှ စပ်ဆက်လို့ မရနိုင်အောင်ပါပဲ။
ဒါပေမဲ့ သူ့အင်္ကျီက... အတန်းထဲမှာ ဝတ်ထားတဲ့ အပေါ်အင်္ကျီနဲ့ အတူတူပဲ။
"တောက်! ဒီလူက ဒီထက် ပိုလှတာလေး ဘာလို့ မဝတ်တာလဲ!" လို့ သူမ စိတ်ထဲကနေ မဆီမဆိုင် အော်ဟစ်နေမိသည်။ တစ်ဖက်မှာလည်း စုပင်းကတော့ သူ့ညီမ ဘာတွေ တွေးနေသလဲဆိုတာ မသိပါဘူး။ တကယ်တော့လည်း သူ ဂရုမစိုက်ပါဘူး။ ဒီကောင်မလေးက သူ့ကို ဒုက္ခမပေးတော့ရင်ပဲ ကျေးဇူးတင်လှပါပြီ။
သူ့ရဲ့ အလုပ်အသစ်အကြောင်း ရှင်းပြဖို့ဆိုတာလည်း သူ့ခေါင်းထဲမှာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ရှင်းပြနေစရာ အကြောင်းမရှိလို့ပါပဲ။ သူ ပိုပြီး တော်လာတယ်၊ ဩဇာရှိလာတယ်... ဒါက အမှန်တရားပဲလေ။
မကြာမီမှာပဲ ....လီချင်းရု က စုပင်း အကြိုက်ဆုံးဖြစ်တဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ဟင်းပွဲတစ်ပွဲနဲ့ ပြန်ထွက်လာခဲ့သည်။
စုပင်းက စုလင်းယွဲ့ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ဒီနေ့ သူ လုပ်ပြခဲ့တာတွေကို မြင်ပြီးတဲ့နောက် စုလင်းယွဲ့က ဒီဟင်းတွေကို မစားဘဲ ချန်ထားပေးတာဖြစ်မယ်ဆိုတာ သူ ရိပ်မိလိုက်သည်။
ကြည့်ရတာ စုလင်းယွဲ့က ကျောင်းမှာ ဖြစ်ခဲ့တာတွေကို အမေ့ကို မပြောရသေးဘူး ထင်တယ်။ ဒါပေမဲ့လည်း ဒါက ပြဿနာ မရှိပါဘူး။ သူကတော့ အကြောင်းပြချက်တွေ အဆင်သင့် ပြင်ထားပြီးသားပါ။ စာအုပ်တွေထဲက ကံကောင်းတဲ့သူတွေလိုပဲ တစ်နေရာရာမှာ အမွေအနှစ်တစ်ခုခု ရခဲ့ပါတယ်ဆိုပြီး ဟန်ဆောင်လိုက်ရုံပဲလေ။
"စားကောင်းတယ်... ကျေးဇူးပဲ" စုပင်းက ထမင်းစားပြီးနောက် ပြောလိုက်သည်။ ဒီစကားက အမေနဲ့ ညီမဖြစ်သူအတွက် အဓိပ္ပာယ်ချင်းတော့ မတူပါဘူး။ လီချင်းရုက ပြုံးရင်း... "သားရဲ့ လိမ္မာတဲ့ ညီမလေးက သားအတွက် အများကြီး ချန်ထားပေးတာလေ။ နောက်ရက်အနည်းငယ်ကြာလို့ ဆောင်းရာသီ ကျောင်းပိတ်ရက် ရောက်ရင် သူက အဆင့်မြင့်ဆရာတစ်ယောက်ရဲ့ အကူအညီနဲ့ တောရိုင်းနယ်မြေကို သွားပြီး လေ့ကျင့်တော့မှာ။ ထိပ်သီးပြိုင်ပွဲမှာတောင် ဝင်ပြိုင်ဦးမှာတဲ့!"
သူမကလေးတွေက အိမ်မှာ စကား သိပ်မပြောကြတာကြောင့် လီချင်းရုကပဲ ကြားထဲကနေ သတင်းပို့ပေးနေကျပါ။ သမီးဖြစ်သူရဲ့ အစီအစဉ်တွေအကြောင်း ပြောတဲ့အခါ သူမက တကယ့်ကို ဂုဏ်ယူနေပုံပါပဲ။
ပုံမှန်ဆိုရင်တော့ အမေက သူမရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရင် စုလင်းယွဲ့က ခေါင်းမော့ပြီး စုပင်းကို အထက်စီးကနေ ကြည့်နေကျပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူမရဲ့ မျက်နှာက အတော်လေး နီရဲနေပြီး...
"အမေမပြောနဲ့လေ"......
ဟု တားရင်း...သူမက စုပင်းကို တစ်ချက် ခိုးကြည့်လိုက်ကာ စုပင်းဆီက ထူးခြားတဲ့ တုံ့ပြန်မှု ဘာမှ မရှိတာကို မြင်မှပဲ သက်ပြင်းချနိုင်တော့သည်။တကယ်လို့ သူမအစ်ကိုက အခုအချိန်မှာ သူမကို ပြောင်လှောင်လိုက်ရင် ဘာလုပ်ရမှန်းတောင် သိမှာ မဟုတ်ပါဘူး။
လီချင်းရုက မရပ်နိုင်သေးပဲ... "ရပါတယ်ဟယ်၊ အမေကတော့ သမီး ပြိုင်ပွဲမှာ အမှတ်ကောင်းကောင်းရမယ့်အချိန်ကိုပဲ စောင့်နေတာ။ အဲဒီကျရင် အိမ်နီးချင်းတွေကို ပြောပြရမယ်၊ အထူးသဖြင့် ဘေးအိမ်က မစ္စလီပေါ့။ သူ့သားက ကုမ္ပဏီကြီးတစ်ခုက CEO ပါဆိုပြီး လာလာကြွားနေတာတွေကို မကြားချင်တော့ဘူး။" ပြိုင်ပွဲအကြောင်း ထပ်ပြောလိုက်တဲ့အခါမှာတော့ စုလင်းယွဲ့က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး စုပင်းကို စိုက်ကြည့်လိုက်ပါတော့တယ်။
***