စုပင်းက သူ့အမေကို နှုတ်ဆက်ပြီး အပေါ်ထပ်က သူ့အခန်းထဲကို တက်လာခဲ့လိုက်သည်။ ဒါပေမဲ့ ကုတင်ပေါ်မှာ ထိုင်ပြီး ကျင့်ကြံဖို့ ပြင်ရုံရှိသေး... အောက်ထပ်ကနေ သူ့အခန်းဆီ လျှောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရပြီး မကြာခင်မှာပဲ စုလင်းယွဲ့က တံခါးကို ဝုန်းခနဲ ဖွင့်ပြီး ဝင်လာပါတော့သည်။
ဒီကောင်မလေးက တည်ငြိမ်ချင်ယောင် ဆောင်နေပေမဲ့ ဟိုကြည့်ဒီကြည့်နဲ့ သူ့မျက်လုံးတွေကို ရှောင်နေပုံကတော့ လုံးဝကို မတည်ငြိမ်နိုင်မှန်း အသိသာကြီးပါ။
စုပင်းကတော့ သူ့ညီမ အခန်းထဲ ဝင်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားမို့ သိပ်တော့ မအံ့သြပါဘူး။ အခုလောလောဆယ်တော့ စုလင်းယွဲ့ ဘာပြောလာမလဲဆိုတာကိုပဲ သူ အေးအေးဆေးဆေး စောင့်နေလိုက်သည်။
စုလင်းယွဲ့ကတော့ တစ်ယောက်နဲ့တစ်ယောက် အသက်ရှူသံတွေကို ကြားနေရတဲ့အထိ တိတ်ဆိတ်နေတဲ့ အခြေအနေကြောင့် ရုတ်တရက် စိတ်ဖိစီးလာမိသည်။ စုပင်းရဲ့ အခန်းထဲကို ဝင်လာရုံတင်နဲ့ ဒီလောက်အထိ စိတ်ပင်ပန်းရလိမ့်မယ်လို့ သူမ တစ်သက်မှာ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။
စုလင်းယွဲ့ က မသိမသာလေး ကုတင်ပေါ်မှာ ထိုင်နေတဲ့ စုပင်းကို ခိုးကြည့်လိုက်ပေမဲ့ စုပင်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်စိုက်ကြည့်နေတာကို မြင်တော့ ပိုပြီး စိတ်အိုက်လာရသည်။
ဒါနဲ့ပဲ မအီမလည် အနေအထား မှာ စုလင်းယွဲ့ တသ်ယောက် ဒေါပွလာကာ မနေနိုင်တော့ပဲ......
"...အကယ်ဒမီမှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး နင် ငါ့ကို ပြောစရာ ဘာမှမရှိဘူးလား?" စုလင်းယွဲ့က မျက်နှာသေနဲ့ မေးလိုက်သည်။
"ဘာကိုလဲ? ...ငါက နင့်ကို ဘာပြောဖို့ လိုလို့လဲ?"
"နင်... ဘယ်လိုဖြစ်ပြီး—" စုလင်းယွဲ့ သွားကြိတ်လိုက်မိကာ "နင် ငါတို့ ကျောင်းမှာ ဘယ်လိုလုပ်ပြီး အလုပ်ရသွားတာလဲ? ပြီးတော့ ဟို ငရဲမီးနဂါး ကိုရော ဘယ်ကနေ ခိုးလာတာလဲ?"
"ဒါတွေကို နင့်ကို ငါဘာလို့ ပြောပြရမှာလဲ?" စုပင်းက သိပ်ပြီး လေသံအေးအေး၊ ခပ်ပြုံးပြုံးလေး ဖြင့်သာ ပြန်ပြောလိုက်ရာ စုလင်းယွဲ့ မျက်နှာ ပျက်သွားခဲ့သည်။ သူမ ထင်ထားတဲ့အတိုင်း ဖြစ်နေတာကို သိလိုက်ရလို့ ပိုပြီးတော့တောင် စိတ်မသက်မသာ ဖြစ်သွားရပြီး.... "နင် ငါတို့ သိထားတာထက် အများကြီး စောပြီး နိုးထခဲ့တာ မဟုတ်လား?"
စုပင်းကတော့ ဘာမှ ပြန်မပြောပါဘူး။
စုလင်းယွဲ့က အသက်ကို ဝဝရှူပြီးမှ ဆက်မေးလိုက်သည်။ "ဟို အရိုးစုလေး ကရော... နင် ငါ့ကို ယှဉ်နိုင်လောက်တဲ့ အင်အားရှိနေတာ ကြာပြီ မဟုတ်လား?" ဒါကို ပြောတဲ့အချိန်မှာ သူမ မျက်နှာလေး နီမြန်းနေပါ တော့သည်။ ဒီနေ့ သူမ မြင်ခဲ့ရတာတွေအရဆိုရင် သူမရဲ့ 'မီးတောက်မိစ္ဆာသားရဲ' က အဲဒီအရိုးစုကို ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ တကယ်လို့ သူမအစ်ကိုသာ ငရဲမီးနဂါး ကိုပါ အရွယ်ရောက်အောင် မွေးမြူနိုင်ခဲ့ရင် သူမကို "ယှဉ်" ဆိုတဲ့ စကားလုံး ကို သုံးနေမှာ မဟုတ်တော့ပါဘူး၊ ပုရွက်ဆိတ်တစ်ကောင်လို ဖိခြေပစ်မှာပါ။
သူမဟာ စုပင်းရဲ့ ပြိုင်ဘက် မဟုတ်တော့မှန်း သူမ သိလိုက်ပါပြီ။ ဒါပေမဲ့ ဒီစကားကို စုပင်းဆီကနေ တိုက်ရိုက် ကြားချင်နေမိတာပါ။ အဲဒီစကားကို ကြားရရင် စိတ်တိုရမှာ မှန်ပေမဲ့ တစ်ဖက်မှာလည်း စိတ်အေးသွားရမလိုမျိုး ခံစားချက်မျိုး သူမ ခံစား နေရခြင်းပင်။
"တောက်! ဒီကောင်မလေးကတော့ တကယ့် အနှောင့်အယှက်ပဲ" လို့ စုပင်း စိတ်ထဲကနေ ညည်းတွားလိုက်မိကာ....
"အင်း... ဟုတ်တယ်"
ငြင်းနေလည်း အပိုပါပဲ.... အရိုးစုလေး က သူမရဲ့ သားရဲတွေအားလုံးကို အပြတ်ရှင်းနိုင်တယ်ဆိုတာ ဘယ်သူမဆို မြင်နိုင်တာပဲမို့ စုပင်း တိုက်ရိုက်သာ ဝန်ခံလိုက်သည်။
စုလင်းယွဲ့က ဒီအဖြေကို မျှော်လင့်ထားပေမဲ့ တကယ်တမ်း ကြားလိုက်ရတော့ တကယ့်ကို စိတ်မကောင်း ဖြစ်သွားမိသည်။ ဘာလို့ သူမအစ်ကိုက ဘာအရိပ်အယောင်မှ မပြခဲ့ရတာလဲ? အခုအချိန်အထိ သူမက မနက်တိုင်း သူ့ကို ထိန့်လန့်အောင် လုပ်နေတုန်းပဲလေ။ သူက ဘာလို့ ပြန်မချခဲ့တာလဲ?
သူမ စိတ်ထဲမှာ အကြောင်းပြချက်ကောင်းကောင်း တစ်ခု တွေးမိပေမဲ့ အဲဒါကိုတော့ မယုံချင်ပါဘူး။
စုပင်းကတော့ သူ့ညီမက ဘာမှ ပြန်မပြောဘဲ မိနစ်အတော်ကြာအောင် ရပ်နေတာကြောင့် စိတ်မရှည်တော့ပဲ "ပြောစရာ မရှိတော့ရင်လည်း အခန်းကို ပြန်တော့။ ငါ ကျင့်ကြံဖို့ လိုတယ်" ဟု မောင်းထုတ်လိုက် တော့သည်။
စုလင်းယွဲ့က စုပင်းကို အဓိပ္ပာယ်ပါပါ နောက်ဆုံးတစ်ချက် ကြည့်ပြီး အခန်းထဲက ထွက်သွားပါတော့သည်။
စုပင်းကတော့ ဒီထက်မကတဲ့ မေးခွန်းတွေ အများကြီး ဖြေရဦးမယ်လို့ ထင်ထားတာပါ။ ဘာပဲဖြစ်ဖြစ် သူထင်ထားတာထက် အမေးအမြန်း သိပ်မရှီလို့ သူ ဝမ်းသာသွားတာတော့ အမှန်ပင်။
နောက်တစ်နေ့မနက်မှာတော့ စုပင်း အောက်ထပ်ဆင်းလာတဲ့အခါ သူ့ညီမကို မတွေ့ရတာမို့ ဒါက ခပ်ရှားရှား အခြေအနေပါပဲ။ ပုံမှန်ဆိုရင် စုလင်းယွဲ့က ဒီအချိန်မှာ မနက်စာ စားနေကျပါ။
"နည်းနည်း စိတ်ထိခိုက် သွားလို့ အိမ်ပေါ်ကများ ဆင်းသွားတာလား?"
သူက အာရုံခံကြည့်လိုက်တော့ စုလင်းယွဲ့ရဲ့ အခန်းထဲကနေ ကြယ်တာရာ စွမ်းအင်တွေ ထွက်နေတာကို ခံစားလိုက်ရသည်။ ကြည့်ရတာ ဒီကောင်မလေး အိပ်ရာထ နောက်ကျနေတာ ထင်ပါရဲ့.... ဒါလည်း ကောင်းတာပါပဲ။ စုပင်းက ထမင်းကို အမြန်စား၊ အမေ့ကို နှုတ်ဆက်၊ ပေါင်မုန့်တစ်ချပ်ကို ပါးစပ်ထဲ အတင်းထိုးထည့်ပြီး အိမ်ကနေ ထွက်လာခဲ့လိုက်သည်။
စုပင်း ထွက်သွားပြီး မကြာခင်မှာပဲ စုလင်းယွဲ့က အပြင်သွားမယ့် အဝတ်အစားတွေ အပြည့်အစုံနဲ့ အောက်ထပ်ကို ဆင်းလာပါတော့သည်။သူမက အိပ်ပျော်နေတာ မဟုတ်ပါဘူး၊ စုပင်းရဲ့ နောက်ကို ခိုးလိုက်ဖို့ စောင့်နေတာပါ။ ဟို ငရဲမီးနဂါး ဘယ်က ရသလဲဆိုတာကို မေးရင်လည်း စုပင်းက ဖြေမှာမဟုတ်တာကြောင့် သူ့ရဲ့ လျှို့ဝှက်ချက်တွေကို သူမဘာသာ ရှာဖွေဖို့ ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီအပတ် ပိတ်ရက်မှာ စူမ အတွက်လဲ ဘာမှ လုပ်စရာ မရှိတာလဲ ပါပါတယ်။
"အမေ! သမီး သွားပြီနော်" စုလင်းယွဲ့က ပေါင်မုန့်ခြင်းထဲက ပေါင်မုန့်တစ်ခုကို ဆွဲယူပြီး တံခါးဆီကို အပြေးလေး ထွက်သွားတော့သည်။
"ဖြည်းဖြည်းသွားဦး သမီးရဲ့! နေဦး... ဒီနေ့ အိမ်မှာနားမှာ မဟုတ်ဘူးလား?"
လီချင်းရုက မီးဖိုချောင်ထဲက ထွက်လာချိန်မှာတော့ စုလင်းယွဲ့က ပျောက်ကွယ်သွားပါပြီ။
"အလုပ်များနေလို့လား? ဒီ ကောင်မလေးကတော့... ထားလိုက်ပါတော့လေ... သူ့ဘာသာသူ နေပါစေဦး"
စုလင်းယွဲ့က လီချင်းရု ဈေးဝယ်ရင် စီးတဲ့ လျှပ်စစ်စက်ဘီးကို ယူပြီး စုပင်းရဲ့ တည်နေရာကို ကြယ်တာရာ စွမ်းအင်နဲ့ အာရုံခံကာ ဆိုင်ဆီကို အမြန်ဆုံး မောင်းသွားပါတော့သည်။
"နင် ငါ့ကို ဘာမှ ဖုံးကွယ်ထားလို့ မရစေရဘူး..." စုလင်းယွဲ့ ခပ်တိုးတိုး ရေရွတ်ရင်း...တစ်ခုခုကို တွေးမိသလိုနဲ့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြုံးလိုက်မိသည် ။
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ စုပင်းက ပုံမှန်အတိုင်းပဲ ဆိုင်ကို ရောက်ချလာပါတော့သည်။ဆိုင်တံခါးနဲ့ မီတာ အနည်းငယ် အကွာမှာတင် အေးစိမ့်နေတဲ့ မနက်ခင်း လေထုထဲမှာ စောင့်နေကြတဲ့ ကျောင်းသား အုပ်ကြီးကို စုပင်း တွေ့လိုက်ရသည်။အဲဒီထဲမှာ သူ မှတ်မိတဲ့ အရင်က ဖောက်သည်ဟောင်း တချို့လည်း ပါ ပါတယ်။
ကိစ္စတစ်ခုခုကြောင့်လားတော့မသိ ကျောင်းသားတွေက အရင်ကထက် အများကြီး ပိုများနေတာကို စုပင်းသတိထားမိလိုက်သည်။ ဟိုတစ်နေ့က သင်ခန်းစာကြောင့် ကျောင်းသားတွေကြားထဲမှာ သူ ပိုပြီး နာမည်ကြီးလာတာလည်း ဖြစ်နိုင်ပါတယ်။
ကျောင်းသားအချို့က စုပင်းကို မြင်တာနဲ့ သူ့ဆီကို ပြေးလာကြလို့ သူတောင် စက်ဘီးနဲ့ တိုက်မိ တော့မလို ဖြစ်သွားရသည်။
လမ်းပိတ်နေတာကြောင့် သူ စက်ဘီးပေါ်ကနေ မဆင်းချင်ဆင်းချင်နဲ့ ဆင်းလိုက်သည်။။ "မင်္ဂလာပါ ဆရာစု!" "ဟေး... ဆရာ! ကျွန်တော့်ကို မှတ်မိလား?" "ကျွန်တော့်သားရဲကို လေ့ကျင့်ပေးပါဦး ဆရာ!"
စုပင်းက သူ့မျက်နှာနားအထိ ရောက်နေတဲ့ အရမ်းတက်ကြွနေတဲ့ လူအုပ်ကြီးကို မတတ်သာတော့ပဲ "" လမ်းဖယ်ပေးကြပါဦး! ထုံးစံအတိုင်းပဲ တန်းစီပြီး စောင့်ကြ။ အရင်လာတဲ့သူ အရင်ရမယ်!" ဟု အော် ပြောရင်း... စက်ဘီးကိုလည်း ခိုးမခံရအောင် သေချာ ပြန်သော့ခတ်နေရသေးသည်။ ကံကောင်းတာကတော့ ဒီလောက် ဈေးပေါတဲ့ စက်ဘီးကို သူ ဘာလို့ ဒီလောက်အထိ တန်ဖိုးထားနေရတာလဲဆိုပြီး ဘယ်သူမှ မမေးကြတာပါပဲ။
စုပင်းက ဆိုင်ထဲဝင်ပြီး စောင့်နေတဲ့ လူအုပ်ကြီးကို အမြန် လှည့်ကြည့်လိုက်ရာ....လူ ၃၀ လောက် ရှိသည်ကို တေွ့လိုက်ရသည်။ တကယ်လို့ အလယ်အလတ်တန်းစား သားရဲတွေကို လေ့ကျင့်ပေးဖို့ အော်ဒါတွေ ရမယ်ဆိုရင် ဒီဖောက်သည်တွေဆီကနေ စွမ်းအင်မှတ် နှစ်သောင်းလောက် စုပင်း ရနိုင်ပါတယ်။
"နာမည်၊ ဖုန်းနံပါတ်၊ ဘယ်လို ဝန်ဆောင်မှုယူမလဲ... သိကြတဲ့အတိုင်းပဲ ရေးပေးကြပါ။"
ရှေ့ဆုံးက ရပ်နေတဲ့ တစ်ယောက်က စပြောလာခဲ့သည်။ "ကျွန်တော်ပါ ဆရာ! ကျန်းပေါင်ရှင်း။ နောက်ထပ် လေ့ကျင့်ရေး တစ်ကျော့လောက် ထပ်လုပ်ချင်လို့ပါ။"
စုပင်း သူ့ကို မှတ်မိပါတယ်။ ဒီလူက အမြဲတမ်း အလယ်အလတ်တန်းစား သားရဲတွေကို လာလေ့ကျင့်ပေးနေကျပါ။ အခုအချိန်အထိ သူက ဆိုင်အတွက် စွမ်းအင်မှတ် ၃၀၀၀ ကျော်လောက် ပံ့ပိုးပေးထားတဲ့ ဖောက်သည်ကြီးပါပဲ။
"အင်း... အမြဲစောစောထတဲ့တစ်ယောက်ပဲ" စုပင်း ခေါင်းငြိမ့်ပြလိုက်ရင်း....."ငါ မှတ်မိသလောက်ဆိုရင် မင်းက အမြဲတမ်း တန်းစီရင် ရှေ့ဆုံးကပဲနော်။"
"ဟဲဟဲ... ဆရာ...သိရဲ့လား ကျွန်တော် ဒီမှာ မနက် ၅ နာရီကတည်းက လာစောင့်နေတာဗျ။"
"ဘာ! ဟုတ်လား..."
နောက်မှာ တန်းစီနေတဲ့ တခြားဖောက်သည်တွေကလည်း သူတို့ မနက်စောစော ထလာပါရဲ့နဲ့ ဘာလို့ အမြဲတမ်း နောက်ကျနေရသလဲဆိုတဲ့ အကြောင်းရင်းကို သိသွားကြပြီး နောက်တစ်ခါကျရင် ဒီထက် စောစောလာမယ်လို့ စိတ်ထဲကနေ တေးထားလိုက်ကြ တော့သည်။
"အိုကေ..." စုပင်းက အော်ဒါအသစ်ကို ရေးမှတ်လိုက်တယ်။ "ပိုက်ဆံ အရင်ပေးပါဦး။"
ဖောက်သည်ဟောင်း တစ်ယောက်အနေနဲ့ ကျန်းပေါင်ရှင်းက ၁၀၀,၀၀၀ ယွမ် ကို စက္ကန့်ပိုင်းအတွင်းမှာပဲ လွှဲပေးလိုက်ပြီး သူ့ရဲ့ 'မီးလျှံခွေး ' ကို ဆင့်ခေါ်လိုက်ပါတော့သည်။
***