' မီးလျှံခွေး ' က စုပင်းရဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့ သူ့ရဲ့ သားရဲဟင်းလင်းပြင်ထဲကို ချက်ချင်း ပြန်ငုပ်လျှိုးဖို့ ကြိုးစားပါတော့သည်။ ဒါပေမဲ့ အဲဒါက သူ့သဘောနဲ့သူ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ခဲ့ပဲ ကျန်းပေါင်ရှင်းက ဝင်ပေါက်ကို ပိတ်လိုက်တဲ့အခါမှာတော့ အဲဒီသတ္တဝါလေးဟာ ကြမ်းပြင်ပေါ်ကိုပဲ ဘုန်းခနဲ နှာခေါင်းနဲ့ တိုက်မိသွားပါတော့တယ်။
ကျန်းပေါင်ရှင်းကတော့ သူ့သားရဲရဲ့ အူကြောင်ကြောင် အပြုအမူကို ကြည့်ပြီး မျက်နှာနည်းနည်း ပူသွားမိသည်။ ဒီခွေးက ဘာဖြစ်လို့ ဒီဆိုင်ရောက်ရင် အမြဲတမ်း ထူးထူးဆန်းဆန်းတွေ ဖြစ်နေရတာလဲဆိုတာ သူ စဉ်းစားလို့မရ ဖြစ်နေတာပါ။
စုပင်းကတော့ သူ့ကို အသနားခံတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ မီးလျှံခွေး ကို မြင်ပေမဲ့ "လက်လျှော့လိုက်စမ်းပါ" ဆိုတဲ့ အကြည့်နဲ့ပဲ တုံ့ပြန်လိုက်သည်။ ပိုက်ဆံလည်း ရထားပြီးပြီဆိုတော့ သူကတော့ အလုပ်ဖြစ်အောင် လုပ်ပေးရမှာပါပဲ....မေတ္တာတွေ ဂရုဏာတွေ ထားနေမှာ မဟုတ်ပါဘူး။
"ဘယ်ကို သွားရမလဲဆိုတာ မင်း သိပါတယ်နော်? သွားတော့" လို့ စုပင်းက ' မီးလျှံခွေး ' ကို စိတ်ချင်းဆက်သွယ်ပြီး အမိန့်ပေးလိုက်တာနဲ့ " မီးလျှံခွေး " က သူ့သခင်ကို မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ တစ်ချက်လှမ်းကြည့်ပြီး ခေါင်းလေးငုံ့ကာ ဆိုင်နောက်ဘက်ကို တရွေ့ရွေ့ လျှောက်သွားပါတော့သည်။
ကျန်းပေါင်ရှင်းကတော့ သူ့သားရဲက စုပင်းကို "အရမ်းကျေးဇူးတင်လွန်းလို့" ခေါင်းငုံ့သွားတာလို့ ထင်နေပြီး စုပင်းရဲ့ ဝန်ဆောင်မှုကောင်းပုံကို မချီးကျူးဘဲ မနေနိုင် ဖြစ်နေရှာသည်။
"နောက်တစ်ယောက်။"
"ကျွန်တော့်ကို မှတ်မိလား ဆရာစု? ကျွန်တော့်သားရဲကိုလည်း ဆရာ လေ့ကျင့်ပေးဖူးတယ်လေ!" လို့ ဒုတိယမြောက် တန်းစီနေတဲ့သူက ဝမ်းသာအားရ အော်ပြောလိုက်သည် ။
စုပင်း....,..."မမှတ်မိဘူး... စိတ်မရှိပါနဲ့။"
လုဖုန်းဖေး တစ်ယောက် အရှက်ရသွားပြီး မျက်မှောင်ကြုတ်သွားမိပြီး ....အကယ်ဒမီရဲ့ ထိပ်တန်းစားရင်းဝင် တစ်ယောက်ဖြစ်တဲ့ သူ့ကို မှတ်မိလိမ့်မယ်လို့ သူ ထင်ထားတာပါ။ ဒါပေမဲ့လည်း စုပင်းက အလုပ်များတဲ့ ဆရာတစ်ယောက်ဖြစ်နေတော့ သူကပဲ နားလည်ပေးလိုက်ရပါတယ်။
"ကျွန်တော့်ရဲ့ နတ်ဆိုးသမင် ပါ ဆရာစု " လုဖုန်းဖေးက ပြုံးဖြီးဖြီးနဲ့ သူ့သမင်လေးကို ဆင့်ခေါ်လိုက်တယ်။ ဟိုတစ်ခေါက်လေ့ကျင့်တုန်းက ရခဲ့တဲ့ ချုပ်နှောင်ခြင်း စွမ်းရည်ကြောင့် အဆင့်သတ်မှတ်ချက်စာရင်းမှာ သူ့ေပါ်ကလူတွေကို အသာလေး ဖြတ်ကျော်နိုင်ခဲ့တာမို့ သူကတော့ ထပ်ပြီး အဆင့်တိုးချင်နေတာပါ။
သမင်လေးကတော့ အားရပါးရ အော်ဟစ်ပြီး လုဖုန်းဖေးရဲ့ ကျောနောက်မှာ ကပ်နေပါတော့တယ်။
လုဖုန်းဖေးက သူ့သားရဲရဲ့ စိုးရိမ်နေတဲ့ ခံစားချက်ကို သိပေမဲ့ သိပ်ပြီး ဂရုမစိုက်ပါဘူး။ စုပင်းရဲ့ လေ့ကျင့်မှုက အတော်လေး ပြင်းထန်မှာပဲလို့ သူ ယုံကြည်ထားတာကြောင့် သူ့သားရဲ ကြောက်လန့်နေတာ ဖြစ်သင့်ပြီး ကောင်းတဲ့အချက်လို့ပဲ သူ သတ်မှတ်ထားပါတယ်။
"အေးအေးဆေးဆေးပါကွာ... ထွက်လာစမ်းပါ" လုဖုန်းဖေးက သူ့သမင်ကို ချော့မော့ဖို့ ကြိုးစားရင်း... "မင်း တော်ချင်ရင်တော့ ကြိုးစားရမှာပဲလေ" လို့ ချော့မြူလိုက်သည် ။
သမင်လေးကတော့ လုဖုန်းဖေးကို တစ်ခုခု ပြန်ပြောနေပေမဲ့ ဘယ်သူမှ နားမလည်နိုင်ကြပါဘူး။ ကြည့်ရတာတော့ တိုင်တောနေတဲ့ ပုံပါပဲ။
အချိန်မဖြုန်းချင်တာကြောင့် စုပင်းက သမင်လေး ကို သတိပေးတဲ့ အကြည့်နဲ့ တစ်ချက် စိုက်ကြည့်လိုက်ရာ သမင်လေး ချက်ချင်း ငြိမ်ကျသွားပါတော့သည်။ သူ့မျက်လုံးထဲက နောက်ဆုံးမျှော်လင့်ချက်လေးဟာ ချက်ချင်းဆိုသလို လုံးဝ စိတ်ပျက်သွားတဲ့ အရိပ်အယောင်တွေနဲ့ အစားထိုးခံလိုက်ရတော့သည်။
"ကိုယ့်ဘာသာကိုယ် သွားတော့" လို့ စုပင်းက အေးစက်စက် လေသံနဲ့ ပြောလိုက်တာနဲ့ သမင်လေး က အသက်မပါတဲ့ ခြေလှမ်း တွေနဲ့ လျှောက်လှမ်းသွားတော့သည်။
သူ့သားရဲက စကားနားထောင်သွားတာကို မြင်တော့မှ လုဖုန်းဖေး သက်ပြင်းချနိုင်သွားပြီး.... သူ အမြန်ပဲ ပိုက်ဆံပေးကာ တခြားဖောက်သည်တွေကို အားနာကြောင်း ပြောပြီး ဆိုင်ထဲက ထွက်သွားပါတော့တယ်။
စုပင်းရဲ့ လေ့ကျင့်ပေးပုံက တကယ့်ကို အစွမ်းထက်လွန်းတာကြောင့် ဒီနေရာကို သိတဲ့ သားရဲတွေအားလုံးက စုပင်းကို ကြောက်လွန်းလို့ ဘာမှ ပြန်မပြောရဲဘဲ စကားနားထောင်နေကြရတာပါ။ လေ့ကျင့်မှု မခံယူဖူးသေးတဲ့ သားရဲ အနည်းငယ်လောက်ပဲ အတွေ့အကြုံသစ်ကို မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ တန်းစီနေတဲ့ လူတန်းကြီး တဖြည်းဖြည်း တိုလာတဲ့အချိန်မှာတော့ တစ်ဖက်ကနေ အရိပ်တစ်ခု နီးကပ်လာခဲ့သည်။
စုလင်းယွဲ့ဟာ သူမ ကြည့်နေတာ တကယ့် 'ပိုင်စီသားရဲဆိုင် " ဟုတ်မဟုတ် အကြိမ်ကြိမ် ပြန်စစ်ဆေးနေမိသည်။ ဒီလောက်အထိ ဖောက်သည်တွေ အများကြီး လာနေတာကို သူမ မယုံနိုင်အောင် ဖြစ်နေတာပါ။
ဒါတင်မကသေးပါဘူး၊ သူမရဲ့ အတန်းဖော်တွေ အများကြီး ဆိုင်ရှေ့မှာ စောင့်နေတာကိုလည်း သူမ တွေ့လိုက်ရသည်။
"သူ ကျောင်းမှာ တော်တော် နာမည်ကြီးသွားတာပဲ။ ဒါကြောင့် ဒီကျောင်းသားတွေ အကုန် လာကြည့်ကြတာပေါ့လေ..."
ပျင်းနေတဲ့ ကျောင်းသားတစ်ယောက်က သူမ ဆိုင်ထဲကို ခိုးကြည့်နေတာကို မြင်သွားပြီး... "အို! ဒါ စုလင်းယွဲ့ မဟုတ်လား?" လို့ အော်မေးလိုက်သည်။ စုလင်းယွဲ့က ပထမနှစ် ကျောင်းသားတွေထဲမှာ ချန်ပီယံဖြစ်နေတာဆိုတော့ ကျောင်းကလူ အတော်များများက သူမကို သိကြပါတယ်။
စုလင်းယွဲ့ကတော့ ရုတ်တရက် အခေါ်ခံလိုက်ရလို့ လန့်သွားပြီး ဟိုလူ့ကို တိုးတိုးနေဖို့ လက်ဟန်ခြေဟန် ပြလိုက်ကာ "အဟမ်း... ဒီနားက ဖြတ်သွားတာပါ" လို့ သူမက လေသံတိုးတိုးနဲ့ ပြောရင်း... "ဒီလူတွေအကုန်လုံး ဒီမှာ ဘာလုပ်နေကြတာလဲ?" လို့ ခပ်တိုးတိုး လှမ်းမေးလိုက်သည်။
"နင် ဒီနေရာကို မသိဘူးလား?? ဆရာစုက ဒီဆိုင်ကို ဖွင့်ထားတာလေ! သူက တကယ့်ကို ကောင်းတဲ့ လေ့ကျင့်ရေးတွေ ပေးတာ။ နင် သိလား? စုယန်ရင်းရဲ့ လျှပ်စီးကြွက် က ဒီလောက်အထိ တော်လာတာ သူ လေ့ကျင့်ပေးလို့တဲ့!"
"လျှပ်စီးကြွက် ကို သူ လေ့ကျင့်ပေးတာ ဟုတ်လား?" စုလင်းယွဲ့ မျက်လုံးတွေ ပြူးသွားတော့သည်။
ဟိုတစ်နေ့က သူမအမေကို လျှပ်စီးကြွက် ဝယ်ပေးဖို့ ပြောတုန်းက စုပင်းက သူမကို လှောင်သလိုလို လုပ်ခဲ့တာကို သူမ ချက်ချင်း သတိရသွားမိသည်။
"ဒီကောင်စုတ်! ငါ့ကို နောက်ချင်လို့ လုပ်နေတာပဲ မဟုတ်လား?!"
ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့လည်း သူမရဲ့ အသုံးမကျတဲ့ အစ်ကိုက ဒီလောက်အထိ ထူးခြားတဲ့ လျှပ်စီးကြွက် ကို လေ့ကျင့်ပေးနိုင်မယ်လို့ သူမ မယုံနိုင်သေးပါဘူး။ သူမအမေတောင် ဒါမျိုး မလုပ်နိုင်တာလေ။ "တကယ်ကြီးလား? နင် ကြားတာ သေချာလို့လား?" လို့ သူမက သံသယနဲ့ ထပ်မေးလိုက်သည်။
"သေချာတာပေါ့။ ဟိုမှာကြည့်... လုဖုန်းဖေး တောင် လာနေတာလေ။ သူက ဒီကို အခေါက်ခေါက်အခါခါ လာနေတာ။"
"လုဖုန်းဖေး??" အကယ်ဒမီရဲ့ အဆင့်သတ်မှတ်ချက် စာရင်းမှာ အမြဲတမ်း နေရာယူထားတဲ့ စီနီယာကျောင်းသားကြီးကို စုလင်းယွဲ့ ချက်ချင်း မှတ်မိသွားသည်။
"အေးလေ! ဆိုင်က အလုပ်မဖြစ်ဘူးဆိုရင် သူက ဘာလို့ ဒီလောက် ခဏခဏ ပြန်လာမလဲ?"
"တစ်ယောက်ယောက် ပြောတာတော့ ဒီဆိုင်မှာ မာစတာ လေ့ကျင့်ပေးသူ တစ်ယောက် ကူညီပေးနေတယ်ဆိုပဲ" လို့ စောင့်နေတဲ့ တခြားကျောင်းသားတစ်ယောက်က စကားဝိုင်းထဲ ဝင်ပြောလာခဲ့သည် ။
"မာစတာ လေ့ကျင့်ပေးသူ ဟုတ်လား??" စုလင်းယွဲ့ ထပ်ပြီး အံ့သြသွားရပြန်သည်။ ဒါကို ငါ ဘာလို့ မကြားခဲ့တာလဲ? နေဦး... မာစတာ လေ့ကျင့်ပေးသူက ငါတို့ဆိုင်ကို ဘာလို့ လာကူညီပေးရမှာလဲ?
မာစတာ လေ့ကျင့်ပေးသူ တစ်ယောက်ဆိုရင်တော့ အားနည်းတဲ့ လျှပ်စီးကြွက် ကို အချိန်တိုအတွင်းမှာ အဆင့်တွေ အများကြီး တက်အောင် လုပ်ပေးနိုင်တာကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို လူမျိုးက သူတို့ရဲ့ ဆိုင်အသေးလေးမှာ ဘာလို့ လာအလုပ်လုပ်မလဲဆိုတဲ့ အကြောင်းပြချက်ကို စုလင်းယွဲ့ ရှာမတွေ့ ဖြစ်နေတာပါ။
သူမ စိုးရိမ်စိတ်စ ဝင်လာပြီး....သူမက စုပင်းကို ဂရုမစိုက်တာ ကြာပြီဆိုတော့ အခုဆိုရင် သူ့အကြောင်းတွေကို သူမ ဘာမှ မသိတော့သလိုမျိုး ခံစားနေရသည်။
လူတစ်ယောက်က သူမဆီကို ပြုံးပြုံးလေးနဲ့ လျှောက်လာပြီး... "မစု... တစ်ခုခု အမြန်ဝယ်ချင်တယ်ဆိုရင် ကျွန်တော့်နေရာကို ယူလိုက်ပါ" လို့ လှမ်းပြောလာရာ...
စုလင်းယွဲ့ က "...ရပါတယ်..ကျေးဇူးပဲ" ဟု ဝတ်ကေျတန်းကြေ ပြန်လိုက်ပြီး သူမက စုပင်း မြင်သွားမှာ စိုးတာကြောင့် လူတန်းကြီးနဲ့ ဝေးရာကို ပိုပြီး ဆုတ်ခွာသွား တော့သည်။
သစ်ပင်တစ်ပင်အောက်မှာ စောင့်နေရင်းနဲ့ ဖောက်သည်တွေ အဝင်အထွက် အများကြီးကို သူမ မြင်နေရသည်။ဒီနေ့က အတန်းတွေ မရှိတာကြောင့် ကျောင်းသား အတော်များများက အချိန်ပေးပြီး စောင့်နေကြပုံပါပဲ။
သူမ ရုတ်တရက် တစ်ခုကို တွေးမိကာ စိတ်လှုပ်ရှားလာတော့သည်။သူမ မြင်နေရသလောက်ဆိုရင် ဒီလောက်အထိ ဖောက်သည် များနေတာက တစ်နေ့ကို အသားတင် ဝင်ငွေ ၄၀,၀၀၀ ကနေ ၅၀,၀၀၀ ယွမ် လောက်အထိ ရနိုင်မှာပဲ။ ဒီပိုက်ဆံက သူမတို့မိသားစုအတွက် တကယ် လိုအပ်နေတာပါ။
ခဏအကြာမှာတော့ သူမ သိတဲ့ နောက်ထပ် မျက်နှာတစ်ခု လူတန်းနောက်မှာ လာတန်းစီတာကို တွေ့လိုက်ရပြန်သည်။ အဲဒါကတော့ စုပင်းနဲ့ ပြိုင်ပွဲမှာ အတူတူ ယှဉ်ပြိုင်ခဲ့တဲ့ စုယန်ရင်း ပါပဲ။
အစက ကောလဟာလတွေကို သံသယဖြစ်နေတဲ့ ကျောင်းသားတွေတောင် စုယန်ရင်း ရောက်လာတာကို မြင်လိုက်ရတော့ ချက်ချင်းပဲ ယုံကြည်သွားကုန်ကြသည်။ အဲဒီနောက်မှာတော့ လူတိုင်းက သူတို့အလှည့်ရောက်ဖို့ကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပါတော့တယ်။
***