စုယန်ရင်း တစ်ယောက် စုပင်းရဲ့ ဆိုင်ကို မလာဖြစ်တာ ရက်အတော်ကြာပါပြီ။ သူမ မလာချင်လို့မဟုတ်ပဲ... ပြဿနာက ပိုက်ဆံအလုံအလောက် မရှိတာပါ။ အခု ဆိုင်ကို ရောက်လာတော့ ဆိုင်ရှေ့မှာ တန်းစီနေတဲ့ လူတန်းကြီးကို မြင်ပြီး သူမ အံ့သြသွားရသည်။ ရက်ပိုင်းအတွင်းမှာတင် ဒီဆိုင်လေးက တော်တော်လေး နာမည်ကြီးနေပြီပဲ။
သူမ စုပင်းအတွက် ဝမ်းသာပေးမိသလို တစ်ဖက်မှာလည်း စိုးရိမ်စိတ် ဝင်လာမိသည်။
စီးပွားရေးကလည်း ကောင်း၊ ဝယ်လိုအားကလည်း များလာပြီဆိုတော့ စုပင်းက... ဈေးတွေများ တင်လိုက်မလား?
သူမ သိထားတဲ့ စုပင်းရဲ့ စရိုက်အရဆိုရင်တော့... အဖြေက "တင်မှာပေါ့" ဆိုတာပါပဲ။
သူမမှာ စုထားတဲ့ ပိုက်ဆံက ၁၀၀,၀၀၀ ယွမ် ပဲ ရှိတာပါ။ အကယ်လို့ စုပင်းက ဈေးတင်လိုက်ရင်တော့ သူမ အိမ်ပြန်ပြီး ပိုက်ဆံ ထပ်စုရဦးမှာမို့ အတွေးလွန်ရင်း စိတ်ဖိစီး နေမိသည်။
"မစု... ကျွန်တော့်နေရာမှာ လာရပ်ပါလား"
"မစု... ဒီမှာ၊ ကျွန်တော့်နေရာက ပိုရှေ့ရောက်တယ်ဗျ"
စုယန်ရင်း ဆိုင်ရှေ့ရောက်တာနဲ့ ကျောင်းသားတွေ အများကြီးရဲ့ အာရုံစိုက်မှုကို ရရှိသွားပါတော့သည်။ ဒီလို အခွင့်အရေးမျိုးကို ဘယ်သူက လက်လွတ်ခံမလဲ? သူတို့တွေက စုယန်ရင်းကို လက်ယမ်းပြပြီး သူတို့နေရာတွေကို ပေးဖို့ အပြိုင်အဆိုင် ကြိုးစားကြသည်။
ဒီလို အပြုအမူတွေကတော့ အဲဒီမှာ ရှိနေတဲ့ တခြား မိန်းကလေးအချို့ဆီကနေ မနာလိုတဲ့ အကြည့်တွေနဲ့ မျက်စောင်းတွေကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွား တော့သည်။
စုယန်ရင်းက အဲဒီကျောင်းသားတွေကို ပြုံးပြပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူမ ခဏလောက် စဉ်းစားပြီးတော့ ရှေ့ဆုံးနားမှာ ရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ နေရာကို ရွေးလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။အဲဒီကောင်လေးခမျာ စုယန်ရင်းက သူ့နေရာကို ရွေးလိုက်လို့ ဝမ်းသာအားရ ဖြစ်သွားကာ... မျက်နှာမှာ အရေးအကြောင်းတွေ ထင်သွားတဲ့အထိကို ပြုံးဖြီးနေတော့သည်။
ဆိုင်ပြင်ပက ဆူညံသံကြောင့် စုပင်း သတိထားမိသွားပြီး မျက်ခုံးပင့်ကြည့်လိုက်သည်။ ရောက်လာတာ စုယန်ရင်းမှန်း သိလိုက်ပေမဲ့ သူ သိပ်တော့ မအံ့သြပါဘူး။ မကြာခင်မှာပဲ စုယန်ရင်းရဲ့ ရှေ့ကလူတွေက ပိုက်ဆံပေး၊ သားရဲတွေကို အပ်ပြီးသွားကြတော့ သူမ အလှည့် ရောက်လာပါပြီ။
"ဆရာစု... ကျွန်မ ပြန်လာပြီနော်" လို့ စုယန်ရင်းက ရှေ့ကို တိုးလာပြီး ချိုသာတဲ့ လေသံလေးနဲ့ ပြောလိုက်သည်။
စုပင်းက သူမ ဒီလို လေသံမျိုး တမင်သုံးနေတာကို ရိပ်မိလိုက်သည်။ "သားရဲ လာလေ့ကျင့်တာလား?" လို့ သူက မေးလိုက်သည်။
"ဟုတ်ကဲ့"
"ပိုက်ဆံရော အလုံအလောက် ပါရဲ့လား?"
"...နည်းနည်းပါးပါးတော့ ပါပါတယ်"
စုယန်ရင်းက စုပင်းကို အကဲခတ်သလို ကြည့်ရင်း... "ဈေးနှုန်းက အရင်အတိုင်းပဲလားဟင်?"
"အေးပေါ့"
အဲဒီတော့မှ စုယန်ရင်း သက်ပြင်းချနိုင်သွားသည်။ သူမက ပြုံးပြီး... "ဆရာက တကယ့်ကို သဘောကောင်းတာပဲ။ ဒီတစ်ခါတော့ ကျွန်မရဲ့ ကျရှုံးဖီးနစ် ကို လေ့ကျင့်ပေးဖို့ လာတာပါ"
သူမမှာ သားရဲ တစ်ကောင်စာအတွက်ပဲ ပိုက်ဆံရှိတာပါ။ သူမ လျှပ်စီးကြွက် ကို မရွေးချယ်ခဲ့တာကတော့ ဟိုတစ်နေ့က ပြိုင်ပွဲမှာ လျှပ်စီးကြွက် ရဲ့ စွမ်းရည်တွေကို သူမ သေချာ မသိသေးတာကြောင့် အစွမ်းကုန် မထုတ်နိုင်ခဲ့မှန်း သိလိုက်လို့ပါ။ ဒါကြောင့် လျှပ်စီးကြွက် ကို ထပ်ပြီး လေ့ကျင့်ဖို့ မလောတော့တာ ဖြစ်သည်။
ဖော်လန်ဖီးနစ် ကို ရွေးရတဲ့ အကြောင်းရင်းကတော့ ရိုးရှင်းပါသည်။ အဲဒီသားရဲက သွေးမျိုးဆက် အမြင့်ဆုံး သားရဲဖြစ်လို့ပါ။ နောင်တစ်ချိန်မှာ အဲဒီသားရဲက ပိုပြီး အောင်မြင်မှုတွေ ရလာနိုင်ပါတယ်။
အခုလောလောဆယ်မှာတော့ လျှပ်စီးကြွက် က ပိုအစွမ်းထက်နေပေမဲ့ ကျရှုံးဖီးနစ် သာ အရွယ်ရောက်လာရင် လျှပ်စီးကြွက် က သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သွေးမျိုးဆက် နိမ့်တဲ့ သားရဲတွေက သူတို့ရဲ့ ပါရမီ ကန့်သတ်ချက်အောက်မှာပဲ နေရတာက သဘာဝပါပဲ။
"သြော်..." ဟုသာ စုပင်းက အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။ သူမ ဘယ်သားရဲကို လေ့ကျင့်ချင်လဲဆိုတာ သူ ဂရုမစိုက်ပါဘူး။ "ကျရှုံးဖီးနစ် ဆိုတာ အလယ်အလတ်တန်းစား သားရဲ မဟုတ်လား? လေ့ကျင့်ခက ၁၀၀,၀၀၀ ယွမ် ကျမယ်"
ဈေးနှုန်းကို ကြားလိုက်ရတော့မှ စုယန်ရင်း အသက်ရှူ ချောင်သွားပါတော့သည်။ တကယ်ပဲ စုပင်းက ဈေးမတင်ခဲ့ပါဘူး။ သူမ ပိုက်ဆံလွှဲပေးပြီးတာနဲ့ ကျရှုံးဖီးနစ် ကို ဆင့်ခေါ်လိုက်တော့သည်။
တန်းစီနေတဲ့ ကျောင်းသားတွေက အဆင့် ၈ သွေးမျိုးဆက်ရှိတဲ့ ဒီသားရဲကြီး ထွက်လာတာကို မြင်တော့ အံ့သြတကြီးနဲ့ ဝိုင်းအော်ကြပြီး ...လူတိုင်းက ဒီလို ခမ်းနားတဲ့ သားရဲကို မြင်ရအောင် လည်ပင်းတွေ ဆန့်ပြီး ကြည့်နေကြသည်။ "ဒီ ကျရှုံးဖီးနစ် ကိုလည်း ဆရာစုရဲ့ ဆိုင်မှာပဲ လေ့ကျင့်တာဆိုတာ ငါမသိခဲ့ဘူး"
"တကယ်ကို အားကျစရာပဲ။ ဒါကြောင့်လည်း ကျရှုံးဖီးနစ် က အဆင့် ၈ စွမ်းရည်ကို သင်ယူနိုင်ခဲ့တာကိုး"
"ငါသာ ဆရာစုနဲ့ စောစောသိခဲ့ရင် အခုဆို နှစ်ပတ်လည် ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရနေပြီ"
ကျောင်းသား အတော်များများက နှမြောတသဖြစ်ရင်း အော်ဟစ်နေကုန်ကြသည်။ စုပင်းက ကျရှုံးဖီးနစ် ကို သားရဲအခန်းထဲ ခေါ်သွားလိုက်သည်။ အဲဒီက ပြုစုစောင့်ရှောက်ရေး ခြံ ၂၅ ခုလုံးက ပြည့်နေပြီမို့ ကျရှုံးဖီးနစ် ကို လေ့ကျင့်ရေး ဟင်းလင်းပြင်ထဲပဲ ထည့်ထားလိုက်ရသည်။
ဆိုင်ကို အဆင့် ၂ မြှင့်ပြီးတဲ့နောက်မှာ ပြုစုစောင့်ရှောက်ရေး ခြံတွေကို ၅၀ အထိ တိုးလို့ရပေမဲ့ စုပင်းက မတိုးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဆိုင်ရဲ့ အဓိက ဝန်ဆောင်မှုက လေ့ကျင့်ပေးတာဖြစ်ပြီး သားရဲ လာအပ်တဲ့သူက ခပ်ရှားရှားမို့ပါ။
စုပင်း ဆိုင်ရှေ့ကို ပြန်ထွက်လာပြီး နောက်ထပ် ကျောင်းသားဆီက သားရဲနဲ့ ပိုက်ဆံကို လက်ခံဖို့ ပြင်လိုက်သည်။ စုယန်ရင်းကတော့ စုပင်းနဲ့ စကားနည်းနည်းလောက် ပြောချင်နေပေမဲ့ စုပင်း အလုပ်ရှုပ်နေတာကြောင့် အနှောင့်အယှက် မပေးတော့ဘဲ ဆိုင်ရှေ့မှာ ခဏလောက် ဝေ့ဝဲနေပြီးမှ ထွက်သွားပါတော့သည်။
"ဒီမှာ သားရဲ လေ့ကျင့်တဲ့ ဝန်ဆောင်မှု ရှိသလား?"
တန်းစီနေတဲ့ လူတွေထဲက လူငယ်တစ်ယောက်က စူးစမ်းတဲ့ မျက်လုံးတွေနဲ့ စုပင်းကို ချဉ်းကပ်လာခဲ့သည်။ သူက စုပင်းရဲ့ ဆိုင်ထဲကို လှမ်းကြည့်လိုက်သည်။ ဆိုင်က ကျဉ်းကျဉ်းလေးနဲ့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။
ဒီလို စုတ်ပြတ်သတ်နေတဲ့ ဆိုင်လေးမှာ သားရဲ လေ့ကျင့်ဖို့ ဖီးနစ်တောင်အကယ်ဒမီက ကျောင်းသားတွေက ဘာလို့ ဒီလောက်တောင် တန်းစီနေကြတာလဲ..ဆိုတာ သူ တကယ် စဉ်းစားမရပါဘူး။
စုပင်းက ပြန်ဖြေလိုက်သည်။ "သားရဲ လေ့ကျင့်တာ၊ အပ်နှံတာ၊ ငှားရမ်းတာနဲ့ သားရဲစာတွေလည်း ရပါတယ်။ ဝန်ဆောင်မှုတွေကတော့ အများကြီးပဲ။ မင်း ဘယ်ဟာ လိုချင်လို့လဲ?"
စုပင်းက မိတ်ဆက်ပေးနေတုန်းမှာပဲ ရှိနေတဲ့ ကျောင်းသားတွေက စုပင်းရဲ့ ဆိုင်မှာ လေ့ကျင့်တာအပြင် တခြားဝန်ဆောင်မှုတွေ ရှိတာကို သတိထားမိသွားကြသည်။ "သားရဲငှားတဲ့ ဝန်ဆောင်မှုလည်း ရှိတာလား?"
တန်းစီနေတဲ့ နောက်ဆုံးနားက ကောင်လေးတစ်ယောက်က ခြေဖျားလေးထောက်ပြီး စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ "ဆရာ... ဒီမှာ ဘယ်လို သားရဲတွေ ငှားလို့ရလဲ? ဟို ငရဲမီးနဂါး ကိုရော ငှားလို့ရလား?"
သူ ပြောလိုက်တာနဲ့ တခြားကျောင်းသားတွေက ကျောင်းမှာ ကြားခဲ့တဲ့ ပုံပြင်တွေကို သတိရသွားပြီး မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားကြသည်။ ငရဲမီးနဂါး ကို ငှားလို့ရတယ်လား? အဲဒီနဂါးက အခုမှ ကလေးဘဝပဲ ရှိသေးလို့ သိပ်မသန်မာသေးဘူး ဆိုပေမဲ့ အပြင်ကို အပျော်ပတ်ခေါ်သွားရင်တောင် တကယ်ကို အားကျစရာကြီး ဖြစ်မှာလေ။
စုပင်းက အဲဒီကောင်လေးကို တစ်ချက်ကြည့်ပြီး အေးအေးဆေးဆေးပဲ ပြောလိုက်သည်။ "ငရဲမီးနဂါး ကတော့ အခုလောလောဆယ် ငှားလို့ မရသေးပါဘူး"
ဒါက သွေးမျိုးဆက် အမြင့်ဆုံး သားရဲ တစ်ကောင်တည်း ရှိတာလေ။ ကန်ထရိုက် စာချုပ်အရဆိုရင် ငှားထားတဲ့ သားရဲတွေ အန္တရာယ်ရှိရင် သူက အချိန်မရွေး ပြန်ခေါ်လို့ ရပေမဲ့လည်း ဒီနဂါးလေးက တန်ဖိုးကြီးလွန်းပါတယ်။ တကယ်လို့ ငှားလိုက်ရင် ပြန်တွေ့ရဖို့ မလွယ်ဘူးလေ။ သူ့ရဲ့ ခရမ်းရောင် မြွေဟောက် ကြီးထွားလာရင်တော့ ငှားချင်ငှားလို့ ရနိုင်ပေမဲ့ အရိုးစုလေး ကိုတော့ သူ ဘယ်တော့မှ ငှားမှာ မဟုတ်ပါဘူး။
သားရဲ လေ့ကျင့်ဖို့ မေးနေတဲ့ လူငယ်ကတော့ ကျောင်းသားတွေနဲ့ စုပင်း ပြောနေတာကို ကြားပြီး အံ့သြသွားရသည်။ ငရဲမီးနဂါး ဟုတ်လား? သူတို့ တကယ် ပြောနေတာလား? ဒီလို နဂါးမျိုးနွယ် သားရဲကြီး တကယ် ရှိနေတဲ့အတိုင်း ပြောနေကြတာပါလား။ ဒီစုတ်ပြတ်နေတဲ့ ဆိုင်လေးမှာလား?
လူငယ်က ဘာမှ ပြန်မပြောဘဲ ကြာနေတာကို မြင်တော့ စုပင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်လို ဝန်ဆောင်မှု လိုချင်တာလဲ? လေ့ကျင့်မှာလား၊ ဘာလား?"
အဲဒီလူငယ် သတိပြန်ဝင်လာပြီး ငရဲမီးနဂါး အကြောင်းကို ခဏ ဘေးဖယ်ထားလိုက်သည်။ သူ ခဏ စဉ်းစားပြီးမှ... "ကျွန်တော်လည်း သားရဲ လေ့ကျင့်တာပဲ ယူမယ်ဗျာ" လို့ ဖြေလိုက်သည်။
"ဘယ်အဆင့်လဲ?" စုပင်းက မေးလိုက်သည်။
"တောင်ပံသားရဲ ၊ အခု အဆင့် ၅ ရောက်နေပြီ" လို့ လူငယ်က အေးအေးဆေးဆေးပဲ ပြန်ဖြေလာ ပေမယ့်
သူ့နောက်က ကျောင်းသားတွေက ဒါကို ကြားလိုက်ရတော့ အံ့သြတကြီး ကြည့်လိုက်ကြသည်။ ဒီလူငယ်က သူတို့ထက် မကြီးလောက်ပါဘူး။ တကယ်ပဲ အဆင့် ၅ သားရဲကို ပိုင်ဆိုင်ထားတာလား? ဒီလောက်အထိ အစွမ်းထက်ရင် သူတို့ကျောင်းရဲ့ ထိပ်တန်း 10 ထဲမှာတောင် ပါနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး၊ တောင်ပံသားရဲ ဆိုတာ မိစ္ဆာမျိုးနွယ်တွေထဲမှာ နာမည်ကြီးပြီး အဆင့် ၉ သွေးမျိုးဆက် ရှိတဲ့ သားရဲပါ။
"လေ့ကျင့်ပေးနိုင်လား " လို့ လူငယ်က စုပင်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။
စုပင်းက ခေတ္တမျှ ခေါင်းငြိမ့်ပြလိုက်ရင်း... "အဆင့်မြင့် သားရဲတွေကလွဲရင် ကျန်တာ အကုန်ရတယ်"
လူငယ်က ပြုံးပြီး ဘာမှ ပြန်မပြောလိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ လှောင်ပြောင်နေမိသည်။ အဆင့်မြင့် သားရဲတောင် မလေ့ကျင့်နိုင်ဘဲနဲ့ ငရဲမီးနဂါး ရှိတယ်ဆိုပြီး ကြွားနေရဲသေးတယ်ပေါ့။ သူက ဖီးနစ်တောင်အကယ်ဒမီက ကျောင်းသားတွေ အများကြီး ရှိနေလို့ ထူးဆန်းပြီး ဝင်လာကြည့်တာပါ။ "၁၀၀,၀၀၀ ယွမ် ပေးရမယ်" လို့ စုပင်းက ပြောလာရာ... ဈေးနုန်းကြောင့်
လူငယ်က မျက်မှောင်ကြုတ်သွားပေမဲ့ တခြားကျောင်းသားတွေလည်း ပေးနေတာဆိုတော့ သူလည်း မတတ်သာဘဲ ပိုက်ဆံလွှဲပေးလိုက်ပြီးနောက် သူက သူ့ရဲ့ တောင်ပံသားရဲ ကို ဆင့်ခေါ်လိုက်သည်။ အဲဒါက တစ်ကိုယ်လုံး မည်းမှောင်နေတဲ့ သတ္တဝါကြီးပါ။ ရုပ်ဆိုးဆိုး၊ ကျောပေါ်မှာ တောင်ပံကြီး လေးခု၊ ငှက်ခေါင်း၊ လူကိုယ်လုံးနဲ့ သိမ်းငှက်ခြေသည်းတွေ ပေါင်းစပ်ထားသလို ဖြစိနေတဲ့ သားရဲပါ။
တောင်ပံသားရဲ ဆီကနေ မိစ္ဆာမျိုးနွယ် အရှိန်အဝါတွေ ထွက်ပေါ်နေပြီး သူ့ရဲ့ ရွှေရောင်ဖျော့ဖျော့ မျက်လုံးတွေထဲမှာ အန္တရာယ်တွေ ကိန်းအောင်းနေသည်။ သူ့နောက်က ကျောင်းသားတွေကတော့ တောင်ပံသားရဲ ရဲ့ မကောင်းဆိုးဝါး အရှိန်အဝါကြောင့် မျက်နှာတွေ ဖြူဖျော့သွားပြီး နောက်ကို ဆုတ်လိုက်ကြရသည်။
စုပင်းကတော့ ဘာမှ မခံစားရပါဘူး။ လူငယ်က ပိုက်ဆံလွှဲပြီးတာနဲ့ စုပင်းက တောင်ပံသားရဲ ကို ပြောလိုက်သည်။ "သားလေး... ငါနဲ့အတူ အထဲလိုက်ခဲ့" အဲဒီနောက် သူက တောင်ပံသားရဲ ကို သားရဲအခန်းထဲ ခေါ်သွားဖို့ ပြင်လိုက်သည်။
လူငယ်က သူ့သားရဲကို အေးဆေးဖြစ်အောင် လုပ်ဖို့တောင် အချိန်မရလိုက်ပါဘူး။ စုပင်းက သူ့သားရဲနားကို မဆင်မခြင် တိုးသွားတာကို မြင်တော့ သူက အလန့်တကြားနဲ့... "မလုပ်နဲ့...!"
သူ ပြောလို့ မဆုံးသေးခင်မှာပဲ တောင်ပံသားရဲ က ရုတ်တရက် တောင်ပံတွေကို ဖြန့်ပြီး စုပင်းကို ဟိန်းဟောက်လိုက်ပါတော့သည်။ သူ့ရဲ့ အေးစက်တဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်လိုတဲ့ စိတ်တွေ ပေါ်လာပြီး တောင်ပံတွေအောက်မှာ ဝှက်ထားတဲ့ ထက်မြက်တဲ့ ခြေသည်းတွေက စုပင်းဆီကို လှမ်းအုပ်လိုက်တော့သည်။
စုပင်းကတော့ ဒီအကောင်လေးက ဒီလောက်အထိ ရန်လိုလိမ့်မယ်လို့ မထင်ထားပေမဲ့ သူ သိပ်ပြီး မစိုးရိမ်ပါဘူး။ သူ့ရဲ့ 'နေကျီးကန်းကိုယ်ထည်ကျင့်စဉ် "ကြောင့် သူ့ရဲ့ ခုခံနိုင်စွမ်းက အဆင့် ၅ ကျောက်သားမျိုးနွယ် သားရဲတွေထက်တောင် သာလွန်နေတာမို့ပါ။
***