မွန်းတည့်ခါနီး အချိန် ဖြစ်သည်။
စုပင်းရဲ့ ဆိုင်ရှေ့မှာတော့ ဝယ်သူ နည်းနည်းပဲ ကျန်ရှီ တော့ပြီး....အများစုမှာ ကျောင်းသားများသာဖြစ်သည်။
ဆောင်းဦးအစရဲ့ နွေးထွေးတဲ့ နေရောင်ခြည်ဟာ မှန်တံခါးကနေတစ်ဆင့် ဆိုင်ထဲကို ဖြတ်သန်းဝင်ရောက်လာပြီး လေထုထဲက အအေးဓာတ်တွေကို မောင်းထုတ်ပေးနေသည်။
စုပင်းက နေကျီးကန်းကိုယ်ထည်ကျင့်စဉ် ကို ကျင့်ကြံနေသူမို့ အအေးဒဏ်ကို မကြောက်ပါဘူး။ လက်ရှိမှာတော့ သူဟာ ဆိုင်ထဲမှာ တင်ပလ္လင်ခွေထိုင်ရင်း ခြေထောက်လေး လှုပ်ကာ အေးဆေး နားနေသည်။
သူ့ရှေ့မှာတော့ စနစ်ရဲ့ မျက်နှာပြင် က ထွက်ပေါ်နေပြီး သူစုဆောင်းမိထားတဲ့ စွမ်းအင်အမှတ် တွေကို ပြသနေသည်။
၂၁၃,၆၉၂ မှတ်!
ဒါဟာ ဒီနေ့တစ်မနက်ခင်းတည်းမှာတင် ရရှိခဲ့တဲ့ အရောင်းအဝယ်ပမာဏပါ။
အကယ်၍ ဒါကို ဖက်ဒရေးရှင်း ကြယ်တာရာဒင်္ဂါး နဲ့သာ ပြောင်းလဲလိုက်မယ်ဆိုရင် ယွမ် သန်း ၂၀ ကျော် ရှိမှာဖြစ်ပြီး ....ဒါဟာတကယ့်ကို မယုံနိုင်စရာ ကောင်းတဲ့ ကိန်းဂဏန်းပါပဲ။
ဒီလို ဆိုင်သေးသေးလေးကနေ တစ်မနက်ခင်းတည်းနဲ့ ယွမ် သန်း ၂၀ ကျော်ဖိုး ရောင်းရလိမ့်မယ်လို့ ပြောရင် ဘယ်သူကမှ ယုံမှာ မဟုတ်ပါဘူး။
ဒီလမ်းထဲက တခြားဆိုင်တွေကတော့ စုပင်းရဲ့ ဆိုင်ရှေ့မှာ လူတွေ တန်းစီနေတာကို ကြည့်ပြီး မနာလို ဖြစ်နေကြသည်။ ဒါတောင် သူ ဘယ်လောက်တောင် ပိုက်ဆံရနေလဲဆိုတာကို မသိကြပါဘူး.... သူတို့သာ ထပ်သိလိုက်ရရင် ပိုတောင် သွေးတက်သွားနိုင်ပါတယ်။
စတော့ရှယ်ယာဈေးကွက်ထဲက ကုမ္ပဏီကြီးအချို့တောင် ဒီလောက် မြန်မြန်ဆန်ဆန် ပိုက်ဆံမရှာနိုင်ပါဘူး။
အလယ်အလတ်တန်းစား သားရဲ လာအပ်တဲ့သူတိုင်းက ယွမ် ၁၀၀,၀၀၀ ပေးကြရပြီး....ဒီတစ်မနက်ခင်းတင် ကျောင်းသား ၆၀ ကနေ ၇၀ ကြား လာအပ်ခဲ့ကြတာပါ။
ရောက်လာတဲ့သူ အများစုကတော့ အဆင့်နိမ့်သားရဲတွေကို ယူလာကြတာဖြစ်ပြီး လေ့ကျင့်ခက ယွမ် ၁၀,၀၀၀ ပဲ ရှိသည်။ ဘာလို့ဆို ကျောင်းသားအားလုံးထဲမှာမှ အလယ်အလတ်တန်းစား သားရဲ ပိုင်ဆိုင်တဲ့သူတွေက တကယ့် ထူးချွန်တဲ့ လူနည်းစု သာ ဖြစ်တာမို့ ဒါက ပုံမာန်ပါပဲ။
စုပင်းအတွက်တော့ ဒီလို ထူးချွန်တဲ့ ကျောင်းသားတွေဆိုတာ... အဆီတစ်ဝင်းဝင်းနဲ့ သိုးပေါက်လေးတွေ... အဲလေ၊ တကယ့် ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးတွေပါပဲ။ စုပင်းဟာ စွမ်းအင်အမှတ်တွေ ဒီလောက်အများကြီးကို ပထမဆုံးအကြိမ် မြင်ဖူးတာမို့ ရင်တွေ တဒိန်းဒိန်း ခုန်နေပြီး.....စိတ်လှုပ်ရှားလွန်းလို့ သွေးတွေတောင် ဆူပွက်နေသလိုပါပဲ။
ဒါပေမဲ့ ဒီအမှတ်တွေက အခုလောလောဆယ် "အပ်နှံငွေ" သဘောပဲ ရှိသေးတယ်ဆိုတာ သူ သိသည်။ သားရဲတွေကို လေ့ကျင့်ပေးပြီးမှသာ ဒီပိုက်ဆံတွေက သူ့အကောင့်ထဲ တကယ် ရောက်လာမှာပါ။
သူ အဆင့် ၄ ကို ရောက်သွားတော့ စိတ်စွမ်းအားကလည်း ပိုမြင့်မားလာပြီး အခုနှုန်းအရဆိုရင် သူ့ရဲ့ 'ကိုယ်ပွားလေ့ကျင့်ပေးသူ' က တစ်ခါတည်းနဲ့ သားရဲ ၅ ကောင်ကို လေ့ကျင့်ပေးနိုင်ပါတယ်။
တစ်သုတ်ကို တစ်နာရီ ကြာသဖြင့်... ၁၀နာရီအချိန်ယူပြီး ဆယ်သုတ်ဆိုရင် သားရဲ ၅၀ ကို လေ့ကျင့်ပေးလို့ ရပါပြီ။
လက်ရှိမှာ လေ့ကျင့်ရေး ဟင်းလင်းပြင်ထဲမှာ သားရဲ ၄၀ ကျော် ရှိနေပြီး တော်တော်လေး ပြည့်နေပါပြီ။
ပြုစုစောင့်ရှောက်ရေး ခြံတွေလည်း အကုန် ပြည့်နေသည်။
ဒီသားရဲတွေကို အကုန် ပြီးစီးအောင် လုပ်ဖို့ဆိုရင် စုပင်းဟာ မနားမနေဘဲ ၁၀ နာရီကျော်လောက် လေ့ကျင့်ပေးရပါလိမ့်မည်။
စုပင်းမှာ 'ကိုယ်ပွားလေ့ကျင့်ပေးသူ' စနစ် ရှိနေလို့ တော်သေးတာပါ.... မဟုတ်ရင်တော့ သူ ကိုယ်တိုင် လုပ်နေရရင် အားပြတ်သွားမှာ သေချာသလောက်ပါပဲ။
"ဒါဟာ နာမည်ကြီးလာခြင်းရဲ့ အကျိုးကျေးဇူးပါပဲ ...ဝန်ဆောင်မှုကသာ ကောင်းနေမယ်ဆိုရင် လူတွေက ထပ်ပြီး တိုးလာဦးမှာပဲမို့...."စုပင်းရဲ့ မျက်လုံးတွေက အရောင်တောက်ပနေခဲ့သည်။ ဒီနှုန်းအတိုင်းဆိုရင် ရက်ပိုင်းအတွင်းမှာတင် စွမ်းအင်အမှတ် တစ်သန်း ပြည့်နိုင်ပါတယ်။ အဲဒီအခါကျရင် 'သားဖောက်ကန် " ကို အဆင့် ၄ အထိ မြှင့်တင်ဖို့ အခွင့်အရေး ရပါပြီ။
အဆင့် ၄ သားဖောက်ကန်ဆိုရင် သားရဲဘုရင် တွေ ပေါက်ဖွားလာဖို့ အခွင့်အလမ်း ပိုများလာမှာပါ။
သူ့မှာသာ သားရဲဘုရင်တစ်ကောင် ရှိလာလို့ကတော့၊ ဆိုင်ရှေ့မှာ ထားထားလိုက်ရုံနဲ့တင် လူတွေက အုံနဲ့ကျင်းနဲ့ ရောက်လာကြမှာ သေချာသည်။ အဲဒီကျရင် ဆိုင်တံခါးတောင် ပျက်သွားမလား မသိဘူး။
ဒါပေမဲ့ ဆိုင်ထဲမှာ ဘာပဲ ပျက်ပျက် စနစ်က ပြန်ပြင်ပေးမှာဆိုတော့ စိတ်ပူစရာ မရှိပါဘူး။ တစ်ခုပဲ... ဆိုင်ကို လာဖျက်ဆီးတဲ့သူကတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာပါ။
"ငါ့ရဲ့ ကိုယ်ပိုင် အစွမ်းတွေကိုလည်း မြန်မြန် မြှင့်တင်ဖို့ လိုအပ်နေပြီ။ ဆိုင်ထဲမှာဆိုရင်တော့ စနစ်ရဲ့ အကာအကွယ်ကြောင့် ငါက အနိုင်မရနိုင်တဲ့သူ ဖြစ်နေပေမဲ့၊ ဆိုင်ပြင်ပရောက်ရင်တော့ အခြေအနေက တစ်ခြားစီပဲ" စုပင်း တွေးလိုက်မိသည်။ သူ့ကိုယ်ပိုင် စွမ်းရည်တွေကို မြှင့်တင်ဖို့ အရေးကြီးကြောင်း သူ သတိထားမိလာသည်။
သူ့အသက်အရွယ်တူတွေထဲမှာတော့ သူက ထူးချွန်နေပေမဲ့ တကယ့် အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားကြီးတွေနဲ့ ယှဉ်ရင်တော့ သူက လိုအပ်ချက်တွေ ရှိနေပါသေးသည်။
စုပင်းဟာ ပိုပြီး အစွမ်းထက်ချင်စိတ် တွေ ပေါ်လာခဲ့သည်။
ရွှေတုံးတွေကို သယ်ပြီး မြို့ထဲမှာ ဟိတ်ဟန်နဲ့ လျှောက်သွားနေတဲ့ ကလေးလေးတစ်ယောက်ဟာ အစွမ်းမရှိရင် ဘာဖြစ်သွားမလဲဆိုတာ လူတိုင်း သိကြတာပဲ မဟုတ်လား။
လောလောဆယ်တော့ စုပင်း သိပ်မကြောက်ပါဘူး။
တကယ်လို့ သူ မယှဉ်နိုင်တဲ့သူတွေနဲ့ ပြဿနာဖြစ်လာခဲ့ရင်၊ အဆိုးဆုံး အခြေအနေမှာတော့ သူ့အမေနဲ့ ညီမလေးကို ဆိုင်ထဲမှာ ခေါ်ထားပြီး အောင်းနေလိုက်ရုံပါပဲ။
ကျင့်ကြံရေးနယ်မြေတွေမှာ လေ့ကျင့်ပြီး သူ သန်မာလာတော့မှ အပြင်ပြန်ထွက်လာရင် ရတာပဲလေ။
ဒါပေမဲ့ အဲဒီလို နေရတာက တော်တော်လေး ငြီးငွေ့စရာ ကောင်းမှာပါ။ ကိုယ့်ဘာသာကိုယ် လုံလောက်အောင် သန်မာလို့ လွတ်လွတ်လပ်လပ် အပြင်လျှောက်သွားရတာက ပိုကောင်းတာ အသေအချာပါပဲ။
စုပင်းဟာ စွမ်းအင်အမှတ်တွေကို ကြည့်ပြီး စဉ်းစားနေမိသည်။ ဒါတွေကို စုထားရမလား? ဒါမှမဟုတ် အခု သုံးလိုက်ပြီးမှ နောက်ထပ် ပြန်စုရမလား?
အသေအချာ စဉ်းစားပြီးတဲ့နောက်မှာတော့ သူ့ကိုယ်ပိုင် အစွမ်းကို မြှင့်တင်ဖို့က ဦးစားပေး ဖြစ်တယ်လို့ စုပင်း ဆုံးဖြတ်လိုက်သည်။ သားဖောက်ကန်ကို အဆင့်မြှင့်ဖို့က အရေးကြီးပေမဲ့ သူ့ကိုယ်သူ သန်မာအောင် လုပ်ဖို့ အခွင့်အရေးကိုတော့ သူ လက်မလွှတ်နိုင်ပါဘူး။
စုပင်း တစ်ယောက် စနစ်ရဲ့ အရောင်းဆိုင် ကို ဖွင့်ကြည့်လိုက်သည်။ 'မူလစွမ်းအားလုံး ' ကတော့ မရောင်းပါဘူး။ ဒါပေမဲ့ အလယ်အလတ်တန်းစား သားရဲဖမ်းကွင်း နှစ်ခုနဲ့ တခြား ထူးဆန်းတဲ့ ပစ္စည်းနှစ်ခုကို သူ တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသလို စုပင်း သတိထားမိသွားတာက အဲဒီနှစ်ခုထဲက တစ်ခုဟာ သူ လိုအပ်နေတဲ့ အရာ ဖြစ်နေတာပါ။
"မီးဖီးနစ် အမွေး " စုပင်း အဲဒီပစ္စည်းကို ကြည့်လိုက်သည်။ မီးဖီးနစ်ဆိုတာ သားရဲဘုရင် တစ်မျိုးပဲ....ဒါက သူ့ရဲ့ အမွေး ဖြစ်နိုင်မလား?
ဈေးနှုန်းကို ကြည့်လိုက်တော့ စွမ်းအင်အမှတ် ၃၅,၀၀၀ တဲ့။ စုပင်း မျက်နှာလေး ရှုံ့သွားမိသည်။
ဈေးကြီးလိုက်တာ။
ဒီနေ့ ပိုက်ဆံအများကြီး မရထားဘူးဆိုရင်တော့ ဒီဈေးနဲ့ သူ ဝယ်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒါက သူ့ရဲ့ နေကျီးကန်းကိုယ်ထည်ကျင့်စဉ် အတွက် အကျိုးရှိမှာမို့ သူ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဘယ်လောက်ပဲ ဈေးကြီးပါစေ၊ ဒါဟာ စွမ်းအင်အမှတ်တွေပဲ မဟုတ်လား။ ဒါကို သုံးလိုက်ရင် သူ့ရဲ့ တကယ့် အစွမ်းဖြစ်လာမှာဆိုတော့ ဒါကပဲ အဓိက ကျတာပါ။
"နေကျီးကန်းကိုယ်ထည်ကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို ရောက်ဖို့အတွက် ရှားပါးပစ္စည်းတွေနဲ့ ဆေးလုံးတွေ အများကြီး လိုအပ်တယ်။ ဒီ မီးဖီးနစ် အမွေးထဲမှာ သန့်စင်တဲ့ မီးဓာတ်တွေ ပါဝင်နေတာဆိုတော့ ငါ လိုအပ်နေတဲ့ အရာပဲ"
စုပင်း မျက်တောင်တခတ်ခတ်နဲ့ စဉ်းစား နေခဲ့ပြီး...ယဲ့ချန်ရှန်းရဲ့ ဖိတ်ခေါ်မှုကို သူ သတိရလိုက်သည်။ အကယ်၍ သူသာ တောရိုင်းနယ်မြေကို သွားဖို့ နောက်ထပ် အခွင့်အရေး ရခဲ့ရင် သူ့အမေရဲ့ ရောဂါကို အမြစ်ပြတ် ကုသပေးနိုင်မယ့် ဆေးပင်တွေ ရှာဖွေရုံတင်မကဘဲ သူ့ရဲ့ ကျင့်ကြံမှုအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သေချာပေါက် ရှာဖွေရပါလိမ့်မည်။
တခြား ပစ္စည်းတွေကိုလည်း သူ ကြည့်လိုက်ပြီး ခနစဉ်းစားကာ အလယ်အလတ်တန်းစား သားရဲဖမ်းကွင်းတွေကိုလည်း စုပင်း ဝယ်ယူလိုက်သည်။ ဒါတွေက အသုံးတည့်လာမှာပဲမို့ ဝယ်ထားတာ မမှားပါဘူး
တခြား လိုအပ်တာ မရှိတော့သဖြင့် စုပင်း အောက်ခြေမှာ ရှိတဲ့ 'အသစ်ပြန်စတင်ခြင်း " ခလုတ်ကို တစ်ချက် ကြည့်လိုက်ပြီး ဝေခွဲမရ ဖြစ်နေသည်။
တစ်ခါ "အသစ်ပြန်စတင်ခြင်း " လုပ်ရင် စွမ်းအင် ၁၀၀ မှတ် ကျသင့်မှာပါ။
လုပ်သင့်သလား......
စုပင်းရဲ့ မျက်လုံးတွေက သူ့ဆီမှာ ရှိနေတဲ့ စွမ်းအင်အမှတ်တွေဆီ ရောက်သွားသည်။
ဖမ်းကွင်းတွေနဲ့ မီးဖီးနစ်အမွေးကို ဝယ်ပြီးတဲ့နောက်မှာ သူ့ဆီမှာ စွမ်းအင်အမှတ် တစ်သိန်း ခုနစ်သောင်းလောက် ကျန်ပါသေးသည်။
"အသစ်ပြန်စတင်ခြင်း " လုပ်တာက ၁၀၀ မှတ်တည်းပဲဟာ... လုပ်လိုက်တာပေါ့.. ။
စုပင်း ဆုံးဖြတ်ချက်ချပြီး ' အသစ်ပြန်စတင်ခြင်း" လုပ်လိုက်သည်။
အကယ်၍ 'မူလစွမ်းအားလုံး' သာ ရလာရင် ဒီလောင်းကစားက တန်သွားမှာပါ။
မကြာခင်မှာပဲ စာမျက်နှာက အသစ်ဖြစ်သွားသည်။ မြူခိုးတွေက နေရာ ၅ ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ပစ္စည်းအသစ်တွေ ထွက်ပေါ်လာခဲ့သည်။
ဒါပေမယ့်လဲ ' မူလစွမ်းအားေလုံး' မပါလာပါဘူး။
အလယ်အလတ်တန်းစား ဖမ်းကွင်းတွေ နေရာမှာ အဆင့်နိမ့် ဖမ်းကွင်းတွေ ရောက်လာသည်။
တခြား ပစ္စည်းတွေကတော့ အဆင့်နိမ့် သားရဲစာ ၃ ခုနဲ့ သူနဲ့ မဆိုင်တဲ့ ထူးဆန်းတဲ့ ပစ္စည်းအချို့ပါပဲ။
စုပင်း ဒါတွေကို ကြည့်ပြီး တော်တော်လေး စိတ်ပျက်သွားသည်။ စွမ်းအင် ၁၀၀ မှတ်က ဒီတိုင်းပဲ အလဟဿ ဖြစ်သွားပါပြီ။
ဒါ ယွမ် ၁၀,၀၀၀ တောင် တန်တာပါ။
နောက်ဆုံးတော့ စုပင်း ဒုတိယအကြိမ် ' အသစ်ပြန်စတင်ခြင်း " လုပ်မရဲတော့ပါဘူး။ နောက်တစ်ခါဆိုရင်တော့ ကောင်းတာလေးတွေ ပါလာမလားလို့ သူ ခံစားမိပေမဲ့... နှစ်အတော်ကြာ ပိုက်ဆံဖြုန်းခဲ့တဲ့ အတွေ့အကြုံအရဆိုရင်တော့ ဒီလို ခံစားချက်တွေဟာ လှည့်စားတတ်မှန်း သူ သိသည်။
လူတွေက ပြောကြတယ်... အဆိုးဆုံး အခြေအနေ ရောက်သွားရင် အကောင်းတွေ ပြန်လာတတ်တယ် ဆိုတာ... ဒါတွေက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ ပြောတဲ့ စကားတွေပဲ မဟုတ်လား။
"ထားလိုက်ပါတော့။ ပိုက်ဆံဖြုန်းရုံနဲ့ ငါ့ကံကြမ္မာ ပြောင်းမှာ မဟုတ်ပါဘူး။ ဒါက ကံစမ်းတာပဲလေ။ ငါသာ ဒါကို စွဲလမ်းနေရင် လောင်းကစားသမားကြီး ဖြစ်သွားဦးမယ်..." စုပင်း သူ့ကိုယ်သူ စိတ်အေးအေးထားဖို့ ဖျောင်းဖျလိုက်သည်။
စုပင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ဈေးဆိုင် ကို ပိတ်လိုက်သည်။ ကျန်ရှိနေတဲ့ စွမ်းအင်အမှတ်တွေကို ကြည့်ပြီး စွမ်းအင်မှတ် တစ်သိန်း သုံးကာ ဆိုင်ကို အဆင့် ၃ မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်သည်။
ဆိုင်ကို အဆင့် ၃ မြှင့်လိုက်ရင် လေ့ကျင့်ရေး ဟင်းလင်းပြင်က ပိုကျယ်လာမှာဖြစ်ပြီး ပြုစုစောင့်ရှောက်ရေး ခြံတွေလည်း ပိုများလာမှာပါ။ ပိုပြီး အရေးကြီးတာကတော့ 'အဆင့်မြင့် လေ့ကျင့်ပေးမှု' နဲ့ 'သားရဲ အရောင်းအဝယ်' တွေပါ ရလာမှာ ဖြစ်သည်။ နောက်ဆိုရင် သူ မွေးမြူထားတဲ့ သားရဲတွေကို ဆိုင်မှာ တင်ရောင်းလို့ ရပြီပေါ့။
ဒါ့အပြင် အဆင့် ၃ ဆိုင်မှာ သားရဲတွေရဲ့ စွမ်းရည်ကို စမ်းသပ်နိုင်တဲ့ 'စမ်းသပ်ရေး ဟင်းလင်းပြင်' လည်း ပါလာမှာပါ။ အဲဒီမှာဆိုရင် သားရဲတွေက သူတို့ရဲ့ စွမ်းရည်တွေကို ဆိုင်ကို ထိခိုက်မှု မရှိစေဘဲ စိတ်ကြိုက် ထုတ်ဖော်ပြသနိုင်မှာ ဖြစ်သည်။
ဒီအကျိုးကျေးဇူးတွေအားလုံးကို ကြည့်ရင် စွမ်းအင် တစ်သိန်း သုံးရတာ တကယ်ကို တန်ပါတယ်။
ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ စွမ်းအင် တစ်သိန်းဆိုတာ ယွမ် ၁၀ သန်း ဖြစ်နေတာပါပဲ... "အဆင့်မြှင့်တင်မှု မအောင်မြင်ပါ!"
ရုတ်တရက်ဆိုသလို စနစ်က သူ့ကို သတိပေးလိုက်သည်။ "အိမ်ရှင်အနေနဲ့ အဆင့် ၃ ဆိုင်အဖြစ် မြှင့်တင်ဖို့ လိုအပ်ချက်တွေကို မပြည့်စုံသေးပါ။ ပထမအချက် - အဆင့်မြင့် လေ့ကျင့်ပေးမှု ဝန်ဆောင်မှုကို မပြီးမြောက်သေးပါ။ ဒုတိယအချက် - ဆိုင်ရဲ့ အကျယ်အဝန်းက မလုံလောက်သေးပါ။ ဆိုင်ရဲ့ ဧရိယာကို စတုရန်းမီတာ ၃,၀၀၀ အထိ ချဲ့ထွင်ပေးရန် လိုအပ်ပါသည်"
စုပင်း လန့်သွားသည်။
"အဆင့်မြှင့်တင်မှု မအောင်မြင်ပါ" ဆိုတဲ့ စကားကို ကြားလိုက်ရတော့ သူ ထတောင် ခုန်သွားမိမတတ်ပါပဲ။ သူ့ရဲ့ စွမ်းအင်အမှတ်တွေကို အမြန် ပြန်စစ်လိုက်ရသည်။
စွမ်းအင်အမှတ်တွေ မလျော့သွားတာကို မြင်တော့မှ စုပင်း တစ်ယောက် အသက်ပြန်ရှူနိုင်တော့သည်။ တကယ်လို့သာ အဆင့်မြှင့်တာ မအောင်မြင်ဘဲ စွမ်းအင်အမှတ်တွေသာ နှုတ်သွားရင်တော့ သူ ရူးသွားမှာ သေချာသည်။
"လိုအပ်ချက်တွေ ရှိသေးတာလား?" စုပင်း မျက်မှောင်ကြုတ်လိုက်သည်။ အရင်က စနစ်က ပေးထားတဲ့ 'အဆင့်မြင့် လေ့ကျင့်ပေးမှု' တာဝန်ကို သူ သတိရလိုက်သည်။ အဲဒီတာဝန်က အဆင့် ၃ ဆိုင် ဖြစ်လာဖို့အတွက် ကြိုတင်ပြင်ဆင်ခိုင်းတာ ဖြစ်နိုင်တာပေါ့။
ဆိုင်ရဲ့ အကျယ်အဝန်းကတော့...
သူ့ရဲ့ ဆိုင်သေးသေးလေးကို သူ လှည့်ကြည့်လိုက်သည်။ တကယ်လည်း သေးလွန်းတာပါ။စမ်းသပ်ရေး ဟင်းလင်းပြင်သာ ထည့်လိုက်ရင်တော့ နေရာက လုံးဝ ဆံ့မှာ မဟုတ်ပါဘူး။ စနစ်က ဒီဟင်းလင်းပြင်ကို ကျင့်ကြံရေးနယ်မြေတွေလို တခြားနေရာကို ပို့ထားပေးနိုင်ပေမဲ့လည်း...
သားရဲတွေရဲ့ စွမ်းရည်ကိုတော့ သူတို့ရဲ့ သခင်တွေရှေ့မှာတင် စမ်းသပ်ပြဖို့ လိုအပ်တာလေ။ ဒါကြောင့် စမ်းသပ်ရေး ဟင်းလင်းပြင်ကို ဆိုင်ထဲမှာပဲ တည်ဆောက်ရပါလိမ့်မည်။ "စတုရန်းမီတာ သုံးထောင်အထိ ချဲ့ဖို့ဆိုရင် ဘတ်စကတ်ဘောကွင်း ခြောက်ကွင်းစာလောက် ရှိမှာပဲ။ အခု ငါ့ဆိုင်က စတုရန်းမီတာ ၂၀၀ လောက်ပဲ ရှိတာဆိုတော့... ငါ ဒီဘေးက ဆိုင်တွေကို အကုန် ဝယ်ရတော့မှာပေါ့..." စုပင်း တွေးရင်း မျက်မှောင်ကြုတ်မိသည်။ ဒါက မဖြစ်နိုင်တာ မဟုတ်ပေမဲ့ တော်တော်လေးတော့ လက်ဝင်မယ့် အလုပ်ပါ။
"ဒီဘေးက ဆိုင်ရှင်တွေက သူတို့ဆိုင်တွေကို ငှားမလား၊ ရောင်းမလားဆိုတာ မသိပေမဲ့ ပိုက်ဆံ အလုံအလောက် ပေးနိုင်ရင်တော့ အဆင်ပြေမှာပါ။ ပြဿနာက ငါ့မှာရှိတဲ့ ပိုက်ဆံတွေက စွမ်းအင်အမှတ်တွေ ဖြစ်ကုန်တာပဲ။ ငါ့ဆီမှာ စွမ်းအင်အမှတ်အဖြစ် မပြောင်းလဲသေးတဲ့ ကြယ်စင်ဒင်္ဂါးတွေက အများကြီး မရှိဘူး။"
"အရင်ဆုံးတော့ ကြယ်စင်ဒင်္ဂါး သန်းပေါင်း ဆယ်ချီပြီး ရှာနိုင်မယ့် နည်းလမ်းကို ရှာရမှာပဲ"
သာမန်လူတွေအတွက်တော့ ပိုက်ဆံရှာဖို့ ခက်ခဲပေမဲ့ စုပင်းအတွက်ကတော့ အချိန်နည်းနည်း ပေးရရုံပါပဲ။ သူ ပန်နယ်ကို ပိတ်လိုက်ပြီး ဆိုင်ထဲမှာ ထိုင်ကာ ပိုက်ဆံရှာဖို့ အစီအစဉ်တွေကို စဉ်းစားနေမိသည်။
ပိုက်ဆံရှာဖို့ဆိုရင် သူ့မှာ ရှိနေတဲ့ အားသာချက်တွေကို အသုံးချရမှာပေါ့။
စုပင်း သူ့ရဲ့ အားသာချက်တွေကို ပြန်ပြီး ဆန်းစစ်ကြည့်သည်။
မကြာခင်မှာပဲ သူ တစ်ခုခုကို တွေ့သွားသည်။
ကျူရှင်ဆရာ လုပ်ခြင်း ပါပဲ။
စုပင်း ယုံကြည်ထားတာကတော့ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ အားလုံးဟာ သားရဲတွေနဲ့ပဲ ဆက်စပ်နေတာပါ။
တောရိုင်းနယ်မြေတွေကို သွားပြီး ရှာဖွေတာက အမြတ်များပေမဲ့ အန္တရာယ် အရမ်းကြီးသည်။ ဒါ့အပြင် သွားလိုက် လာလိုက် လုပ်နေရတာက သူ့ဆိုင်ရဲ့ အလုပ်တွေကိုလည်း ထိခိုက်စေနိုင်သည်။ အဲဒီနောက်မှာတော့ သူဟာ ဆရာတစ်ယောက်အဖြစ် အလုပ်ခန့်ခံထားရတာကို သတိရလိုက်သည်။
ဖီးနစ်တောင်အကယ်ဒမီက ကျောင်းသားတွေကို သင်ပေးနိုင်တာပဲ၊ တခြားလူတွေကိုလည်း သင်ပေးလို့ ရတာပေါ့။
စဉ်းစားပြီးတဲ့နောက်မှာတော့ စုပင်းဟာ ကျူရှင်ဆရာ ရှာဖွေတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ရှာကြည့်လိုက်သည်။
မကြာခင်မှာပဲ အဲဒီလို ဝက်ဘ်ဆိုက်တွေကို သူ အများကြီး တွေ့လိုက်သည်။ ဒါပေမဲ့ ကိုယ်ပိုင်ဆရာတွေရဲ့ နှုန်းထားက အရမ်းနည်းနေသလို....တစ်ချိန်တည်းမှာပဲ ကိုယ်ပိုင်ဆရာဖြစ်ဖို့ လိုအပ်ချက်တွေကလည်း သိပ်မများပါဘူး။ အလယ်အလတ်တန်းစား တိုက်ခိုက်ရေးသမား ဖြစ်ရင်ကို ရနေပါပြီ။ များသောအားဖြင့် သူတို့က လူလတ်တန်းစား မိသားစုက ကလေးတွေကို သင်ပေးကြတာဖြစ်ပြီး သင်ကြားခကို နာရီအလိုက် တွက်ချက်ကြသည်။ ယေဘုယျအားဖြင့် တစ်နာရီကို ယွမ် ၁,၀၀၀ ကျော် ဒါမှမဟုတ် နာမည်ကြီး ဆရာတွေဆိုရင် ယွမ် ၂,၀၀၀ ကနေ ၃,၀၀၀ ကြားပဲ ရကြသည်။
ဒါဟာ လူလတ်တန်းစား မိသားစုတွေအတွက်တော့ ဈေးကြီးပေမဲ့ စုပင်းအတွက်တော့ ဒီဈေးက အရမ်း နည်းလွန်းလှသည်။
သူ ဖီးနစ်တောင်အကယ်ဒမီမှာ ဟောပြောပွဲ တစ်ကြိမ် လုပ်တာက တစ်နာရီ ကြာသည်။ အဲဒီအတွက် သူ 'ဆရာမှတ် ' တွေ ရခဲ့ပေမဲ့ အဲဒီအမှတ်တွေက ယွမ် သောင်းဂဏန်းလောက်ထက်တောင် ပိုတန်တာပါ။
စုပင်း ဆက်ပြီး ရှာဖွေနေတုန်းမှာပဲ သူဟာ 'တောရိုင်းနယ်မြေ ရှာဖွေသူ ' တစ်ယောက် ဖြစ်နေတာကို သတိရသွားမိသည်။ စုပင်း အစီအစဉ်တစ်ခု ရသွားပါပြီ။ သူ စူးစမ်းရှာဖွေသူ ဝက်ဘ်ဆိုက်ကို ဝင်လိုက်ပြီး တရားဝင် ရှာဖွေရေး အင်ဂျင်ကို သုံးကာ အချက်အလက်တွေကို ရှာကြည့်လိုက်သည်။
မကြာခင်မှာပဲ သူ အရင်က မတွေ့ဖူးတဲ့ ကိုယ်ပိုင်ဆရာ ဝက်ဘ်ဆိုက်တွေကို တွေ့လိုက်ရသည်။
စုပင်း နာမည်အကြီးဆုံး ဝက်ဘ်ဆိုက်တစ်ခုထဲကို နှိပ်ဝင်လိုက်သည်။
ပထမဆုံး စာမျက်နှာမှာတော့ နာမည်ကြီး ဆရာတွေရဲ့ အညွှန်းတွေနဲ့ ကျောင်းသားတွေဘက်က လိုအပ်ချက်တွေကို ပြသထားသည်။ ဆရာတွေရဲ့ မိတ်ဆက်အောက်မှာ သူတို့ရဲ့ သင်ကြားခတွေကိုလည်း ဖော်ပြထားတာကို တွေ့လိုက်ရသည်
မစ္စတာ ဝမ် - အဆင့် ၇ အဆင့်မြင့် တိုက်ခိုက်ရေးသမား။
သင်ကြားခ - ၁၂၀,၀၀၀ ယွမ် / တစ်နာရီ
***