"တစ်သိန်းနှစ်သောင်း... တောင်လား?" စုပင်း တစ်ယောက် ဂဏန်းတွေကို ကြည့်ပြီး အံ့သြတကြီး ရေရွတ်မိသွားသည်။ အဆင့် ၇ တိုက်ခိုက်ရေးသမား တစ်ယောက်ကို ငှားရမ်းခက ဒီလောက်ဆိုရင် တော်တော်လေး မဆိုးဘူးဟု ပြောရမှာပါ။ ဒီထက် ပိုမြင့်တဲ့ အဆင့် ၈ ကျွမ်းကျင်ပညာရှင်ကြီးတွေရဲ့ ပရိုဖိုင်းပုံတွေမှာဆိုရင်တော့ ရောင်စုံဘောင်လေးတွေနဲ့ ခန့်ညားလို့နေသည်။ သူတို့ရဲ့ ဈေးနှုန်းတွေကတော့ ပြောမနေပါနဲ့တော့။ အနိမ့်ဆုံး တစ်နာရီကို ၃၅၀,၀၀၀ ယွမ်အထိ ပေးရတာပါ။
စုပင်းက နာမည်အချို့ကို ကျပန်းရွေးပြီး စစ်ဆေးကြည့်လိုက်သည်။ စာမျက်နှာတိုင်းမှာ အဲဒီဆရာတွေရဲ့ အောင်မြင်မှုမှတ်တမ်းတွေ၊ သင်ကြားခဲ့ဖူးတဲ့ ကျောင်းသားအရေအတွက်နဲ့ အဲဒီကျောင်းသားတွေ နောက်ပိုင်းမှာ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတဲ့ အချက်အလက်တွေကို အသေးစိတ် ဖော်ပြထားသည်။
ဒီလို ဟိတ်ဟန်ကြီးမားတဲ့ အောင်မြင်မှုတွေကို ဘေးဖယ်ထားလိုက်ရင်တောင် စုပင်း အမြင်မှာတော့ ရလဒ်တွေက သိပ်ပြီး အထင်ကြီးစရာ မကောင်းလှပါဘူး။ ဒါမျိုးတွေကို သူလည်း သေချာပေါက် လုပ်ပေးနိုင်တာပဲလေ။
ကျွမ်းကျင်ပညာရှင်တွေအပြင် "အဆင့် ၉ တိုက်ခိုက်ရေးသမား" ဘွဲ့ထူးရထားတဲ့ ထိပ်တန်းဆရာ ၁၂ ယောက်ကိုလည်း အထူးဖော်ပြထားတာ တွေ့ရသည်။
စုပင်း အောက်ကို ဆွဲချပြီး သူတို့ရဲ့ ဈေးနှုန်းတွေကို ကြည့်လိုက်သည်။ အနည်းဆုံး ယွမ် တစ်သန်း.....ဒါက နာရီအလိုက် သတ်မှတ်တာ မဟုတ်ဘဲ သင်ခန်းစာ တစ်ခုချင်းစီအတွက် ပေးရတာပါ။ တစ်နည်းအားဖြင့် ပြောရရင် ဒီလူတွေဟာ ကျောင်းသားတစ်ယောက်ဆီကို ၁၀ ကြိမ်လောက် သွားသင်ပေးရုံနဲ့တင် ယွမ် ဆယ်သန်းကို အေးဆေး ရှာနိုင်ကြပါတယ်။
သူတို့ရဲ့ မှတ်တမ်းတွေအရဆိုရင် အများစုဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ သင်ခန်းစာပေါင်း ရာနဲ့ချီ သင်ကြားပေးခဲ့ကြတာပါ။
ယွမ် သန်းပေါင်း ရာနဲ့ချီ ဆိုတာက နားထောင်လို့ ကောင်းပေမဲ့ သားရဲဘုရင်အဆင့် ရဲ့ အောက် တစ်ဆင့်သာနိမ့်တဲ့ အဆင့် ၉ ဘွဲ့ရ တိုက်ခိုက်ရေးသမားတွေအတွက်တော့ ဒါဟာ သိပ်ပြီး များပြားလှတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ သူတို့လို နာမည်ကျော်ပြီး သြဇာအာဏာရှိတဲ့သူတွေဆိုရင် နေရာအနှံ့ကနေ စီးပွားရေးလုပ်ငန်းရှင်တွေက လာပြီး ဖက်စပ်လုပ်ကိုင်ချင်ကြတာဖြစ်လို့ ဘာမှမလုပ်ဘဲ ထိုင်နေရင်တောင် ရှယ်ယာအမြတ်တွေက အမြဲ စီးဝင်နေတာမျိုးမို့ကိုယ်ပိုင်သင်တန်း ပေးတာကတော့ သူတို့အတွက် အပိုဆုကြေး သဘောပါပဲ။
စုပင်း သိသလောက်ဆိုရင် လုံကျန်းမြို့မှာတင် ပိုင်ဆိုင်မှု ယွမ် ဘီလီယံ ၅၀ ကျော်ရှိတဲ့ အဆင့် ၉ တိုက်ခိုက်ရေးသမား တစ်ယောက် ရှိနေတာပါ။
အဆင့် ၉ ဆရာတွေရဲ့ သင်ကြားမှု ထိရောက်မှုကတော့... တကယ့်ကို အထင်ကြီးစရာပါပဲ။ ကျောင်းသားအများစုဟာ စွမ်းရည်အသစ်တွေ ရရှိလာတာ၊ ကြယ်တာရာစွမ်းအား ထိန်းချုပ်မှု ပိုကောင်းလာတာ ဒါမှမဟုတ် သူတို့ရဲ့ သားရဲတွေကို အမိန့်ပေးနိုင်တဲ့ နည်းလမ်းအသစ်တွေ တိုးတက်လာတာမျိုးတွေ သိသိသာသာ တွေ့ရသည်။
စုပင်းက ပြန်လည်သုံးသပ်ချက် တွေကို ထပ်ဖတ်ကြည့်ပြီးနောက်မှာတော့ ဒါမျိုးတွေကို သူကိုယ်တိုင်လည်း လုပ်ပေးနိုင်တယ်ဆိုတာ ပိုပြီး သေချာသွားသဖြင့် အချိန်ဆွဲမနေတော့ဘဲ ချက်ချင်းပဲ မှတ်ပုံတင်ဖို့ လုပ်လိုက်သည်။
ဒီဝက်ဘ်ဆိုက်မှာ အဆင့် ၇ နဲ့ အထက် တိုက်ခိုက်ရေးသမားတွေကိုပဲ ကိုယ်ပိုင်ဆရာအဖြစ် ခွင့်ပြုတာပါ။ မှတ်ပုံတင်ဖို့အတွက် စုပင်းမှာ ဆရာလက်မှတ် အမှတ်စဉ် လိုအပ်သည်။ ကံကောင်းတာက တုန့်မင်စုန်းက သူ့အတွက် ဒါကို ကြိုတင်လုပ်ပေးထားတာ ရှိနေတာပါ။
ပညာရေးဌာနက ပေးထားတဲ့ ဖိုင်ထဲက လိုအပ်တဲ့ နံပါတ်ကို ကူးယူလိုက်ပြီး၊ သူ့အတွက် သင့်တော်မယ့် နာမည်ဝှက် တစ်ခု ရိုက်ထည့်လိုက်ကာ အဆင့်နေရာမှာတော့ "အဆင့် ၉" ကိုပဲ ရွေးချယ်လိုက်သည်။
ဒါဆိုရင်တော့ သူဟာ တကယ့် အဆင့် ၉ အဖြစ် တရားဝင် အသိအမှတ် မပြုခံရသေးပေမဲ့၊ အဆင့် ၉ ဆရာတစ်ယောက်အနေနဲ့ ပိုက်ဆံစရှာလို့ ရပြီဖြစ်သည် ။
"OK" ကို နှိပ်လိုက်တဲ့အခါမှာတော့ စုပင်းရဲ့ အစွမ်းနဲ့ ကိုက်ညီတဲ့ အချက်အလက်တွေကိုသာ ပေးရမှာဖြစ်ကြောင်း၊ နောင်တစ်ချိန်မှာ စစ်ဆေးလို့ မမှန်ကန်တာ တွေ့ရှိခဲ့ရင် ကိုယ်ပိုင်ဆရာအဖြစ် ထာဝရ ပိတ်ပင်ခံရမှာဖြစ်ကြောင်း သတိပေးချက်တစ်ခု တက်လာခဲ့သည်။ စစ်ဆေးမှု ရလဒ် မထွက်ခင်မှာတင် ကျောင်းသားတွေကို လက်ခံသင်ကြားပေးလို့ ရပေမဲ့၊ အဲဒီကာလအတွင်းမှာ ဝယ်သူဆီကနေ တရားစွဲခံရရင်တော့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ရင်ဆိုင်ရမှာပါ။ အဲဒီလို ဖြစ်ခဲ့ရင် သူ့ရဲ့ ပါမောက္ခ အခွင့်အရေးတွေ ဆုံးရှုံးရုံတင်မကဘဲ လုံကျန်းမြို့က ဘယ်ကျောင်းမှာမှ စာသင်ခွင့်မရအောင် ပညာရေးဌာနရဲ့ နာမည်ပျက်စာရင်း ထဲကို ထည့်သွင်းခံရမှာ ဖြစ်သည်။
ဒီပြစ်ဒဏ်တွေက လူအတော်များများကို သူတို့ မလုပ်နိုင်တာတွေကို လျှောက်ပြီး ကတိမပေးဝံ့အောင် တားဆီးထားနိုင်ပေမဲ့ စုပင်းကတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး။ သူက တစ်သက်လုံး ဆရာလုပ်ဖို့ ရည်ရွယ်ထားတာမှ မဟုတ်ဘဲ။ ဒါ့အပြင် စုပင်းဟာ သူကိုယ်သူ ဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆရာတွေလိုပဲ ထိထိရောက်ရောက် သင်ပေးနိုင်တယ်လို့ ယုံကြည်ချက် အပြည့်ရှိပါတယ်။ဝယ်သူတွေကလည်း ရလဒ်ကောင်းဖို့ကိုပဲ ဂရုစိုက်ကြမှာပါ၊ သူ့ရဲ့ တကယ့် အဆင့်က ဘယ်လောက်လဲဆိုတာ သူတို့အတွက် အရေးမကြီးပါဘူး။
မှတ်ပုံတင်ပြီးတာနဲ့ အညွှန်းပေးထားတဲ့ ကျောင်းသားစာရင်း တက်လာသည်။ လောလောဆယ်တော့ သူ အကျွမ်းကျင်ဆုံး ဖြစ်တဲ့ "မသေမျိုး " အမျိုးအစား သားရဲ ပိုင်ဆိုင်တဲ့သူတွေကိုပဲ ရှာကြည့်လိုက်သည်။
ဒီအချိန်မှာတော့ ဇူရန်း တစ်ယောက် အဆင့်မြင့်ပြိုင်ပွဲမစတင်ခင်မှာ သူ့ရဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်နိုင်ဖို့အတွက် အင်တာနက်ပေါ်မှာ ကိုယ်ပိုင်ဆရာ လိုက်ရှာနေခဲ့သည်။
ကျောင်းပိတ်ရက်တွေက သာမန်ကျောင်းသားတွေအတွက်တော့ အနားယူစရာ အချိန်ဖြစ်ပေမဲ့၊ သူ့လို ကြိုးစားတဲ့သူအတွက်တော့ ကျောင်းကနေ သင်ခန်းစာတွေ မရနိုင်တဲ့ "အလဟဿ ဖြစ်နေတဲ့ အချိန်တွေ" ပါပဲ။
"မသေမျိုး အမျိုးအစားကို နားလည်တဲ့ ဆရာတွေ... တော်တော် ရှားတာပဲဟ " စာမျက်နှာအဆုံးထိ ရှာကြည့်တာတောင် သူ့အတွက် သင့်တော်တဲ့ ဆရာ သိပ်မတွေ့တာကြောင့် ဇူရန်း မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။
သူ့မှာ မသေမျိုး အမျိုးအစား သားရဲ အတော်များများ ရှိသည်။ အပြင်ပန်းကြည့်ရင်တော့ အဲဒီသားရဲတွေက သနားစရာ ကောင်းနေပုံရပေမဲ့ တိုက်ခိုက်တဲ့နေရာမှာတော့ တော်တော်လေး အစွမ်းထက်ကြတာပါ။ သူက ထူးထူးဆန်းဆန်းတွေ ကြိုက်လို့ မဟုတ်ပါဘူး၊ လူတကာနဲ့ မတူဘဲ ထူးခြားနေချင်တာဖြစ်ပြီး... ဒါက သူ့ကို ပိုပြီး "လန်း" စေတယ်လို့ သူ ထင်ထားတာမို့ပါ။
ဒါ့အပြင် ရှားပါးတဲ့ သားရဲတွေက တခြားတိုက်ခိုက်ရေးသမားတွေ သူတို့အကြောင်း သိပ်မသိတာကြောင့် တိုက်ပွဲမှာ အားသာချက် တစ်ခုလည်း ဖြစ်စေပါတယ်။
အကြီးမားဆုံး ပြဿနာကတော့ မသေမျိုး သားရဲတွေကို မွေးမြူရတာက အချိန်နဲ့ လုပ်အား အများကြီး ပေးရတာပါ။ ကျောင်းသားတွေတင်မကဘဲ ဆရာတွေကပါ သူ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်ကြတာကလည်း စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခု ဖြစ်တာက တော့ အမှန်ပါပဲ။
ဇူရန်း ကတော့ တခြားလူတွေ ဘာတွေးလဲဆိုတာကို သိပ်ဂရုမစိုက်ပေမဲ့၊ သူ့သားရဲတွေကို လေ့ကျင့်ပေးဖို့အတွက် လိုအပ်တဲ့ အသိပညာတွေကို ရှာဖွေရတာ ခက်ခဲလွန်းတာကိုတော့ တကယ် စိတ်ပျက်နေ မိသည်။ ကျောင်းက ပုံမှန်သင်ခန်းစာတွေမှာ မသေမျိုး သားရဲတွေအကြောင်း သိပ်မသင်တာကြောင့် ဇူရန်း ဟာ အသုံးဝင်တဲ့ အရာတစ်ခုခု သိရဖို့အတွက် ဆရာတွေကို သီးသန့် လိုက်တွေ့နေရတာပါ။
မသေမျိုး သားရဲတွေကို ကျွမ်းကျင်တယ်လို့ ဆိုထားတဲ့ ပညာရှင်အချို့ကို ဇူရန်း မှတ်သားနေတုန်းမှာပဲ ဝက်ဘ်ဆိုက်ကနေ သတိပေးချက်တစ်ခု တက်လာခဲ့သည်။
[အဆင့် ၉ ဆရာ "လုံကျန်းရဲ့ အလန်းဇယားကောင်လေး" က သင့်ဆီသို့ စာတစ်စောင် ပေးပို့ထားပါသည်]
***