ဇူရန်း တစ်ယောက် စာကိုဖတ်ပြီး မျက်မှောင်ကြုတ်သွားမိသည်။
လုံကျန်းရဲ့ အလန်းဇယားကောင်လေး.... ဒါက ဘာနာမည်ကြီးလဲ.... ပြီးတော့ အဆင့် ၉ ဘွဲ့ရ ကျူရှင်ဆရာတဲ့လား...
သူ ဝမ်းသာအားရနဲ့ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ အဆင့် ၉ တိုက်ခိုက်ရေးသမားကြီးတစ်ယောက်က ငါ့ကို ကူညီချင်နေတာလား...သူ စာပို့လိုက်တဲ့အခါ ပွင့်လာတဲ့ စာပို့တဲ့မျက်နှာပြင် ရဲ့ ဘေးဘောင်က ရွှေရောင်လင်းနေတာပါ။ ဒါဟာ အဆင့် ၉ ဆရာတွေသာ ရရှိနိုင်တဲ့ အထူးအခွင့်အရေးမျိုးပါပဲ။
ဇူရန်း ဟာ ဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ စကားလုံးတွေကို သေချာရွေးချယ်ပြီး နှုတ်ဆက်လိုက်သည်။
[ဇူရန်း - မင်္ဂလာပါ ဆရာကြီးခင်ဗျာ]
စုပင်းဆီက ပြန်စာက ချက်ချင်းဆိုသလို ရောက်လာခဲ့သည်။
[လုံကျန်းရဲ့ အလန်းဇယားကောင်လေး - မင်းက မသေမျိုး သားရဲတွေအကြောင်း သင်ပေးနိုင်မယ့် ဆရာ ရှာနေတာ တွေ့လို့။ ငါ အခု အားနေတယ်။ သင်ခန်းစာ တစ်ခုကို ယွမ် တစ်သန်း ကျသင့်မယ်။ သင်မလား]
သူက ငါ့ကို တကယ် သင်ပေးမှာလား....ဇူရန်း တစ်ယောက် မြင်နေရတာကိုတောင် မယုံနိုင်အောင် ဖြစ်နေရသည်။
ဒီဝက်ဘ်ဆိုက်မှာ လုပ်ငန်းချဲ့ထွင်ဖို့အတွက် အဆင့် ၉ တိုက်ခိုက်ရေးသမား ၁၂ ယောက်ကို ငှားထားတာ မှန်ပေမဲ့၊ သူတို့တွေက ပုံမှန်ဆိုရင် အလုပ်လက်ခံလေ့ မရှိကြပါဘူး။ ကျောင်းသားတစ်ယောက်က သူတို့ဆီက အကူအညီ ရချင်တယ်ဆိုရင် တခြား အဆက်အသွယ်တွေကတစ်ဆင့် အတော်လေး ကြိုးစားကြရတာပါ။
ဟား... တစ်ယောက်ယောက်ကတော့ ငါ့ရဲ့ ဖုံးကွယ်ထားတဲ့ ပါရမီကို မြင်သွားပြီ ထင်တယ်... မဟုတ်ရင်လည်း ဒီဆရာကြီးက ပျင်းလို့ ငါ့ကို လာစနောက်နေတာလား မသိဘူး။
ဘာပဲဖြစ်ဖြစ် ဇူရန်း ကတော့ ဒီအခွင့်အရေးကို လက်လွှတ်မခံပါဘူး။ ယွမ် တစ်သန်းဆိုတာ များတယ်လို့ ထင်ရပေမဲ့ အဆင့် ၉ တိုက်ခိုက်ရေးသမားကြီးဆီက သင်ကြားခွင့်ရမှာဆိုတော့ တန်တာထက်ကို ပိုနေပါပြီ။
[ဇူရန်း - သင်ပါ့မယ် ဆရာကြီး၊ ဆရာကြီးဆီမှာ သင်ယူခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါဗျာ]
[လုံကျန်းရဲ့ အလန်းဇယားကောင်လေး - ကောင်းပြီ။ ဘယ်အချိန် အားမလဲ]
[ဇူရန်း - အချိန်မရွေးပါ ဆရာကြီး..]
[လုံကျန်းရဲ့ အလန်းဇယားကောင်လေး - ဒါဆို ဒီည ၇ နာရီ တွေ့ကြမယ်။ မင်းရဲ့ လိပ်စာ ပို့ထားလိုက်။]
[ဇူရန်း - ဟုတ်ကဲ့ပါ ဆရာကြီး၊ ဒါက ကျွန်တော့်လိပ်စာပါ...]
[လုံကျန်းရဲ့ အလန်းဇယားကောင်လေး - အေး..ဟုတ်ပြီ]
[ဇူရန်း - ဆရာကြီး ကြွလာမှာကို စောင့်နေပါ့မယ်။ လမ်းမှာ အေးအေးဆေးဆေးပဲ ကြွလာပါ ဆရာကြီး ]
စာပို့ကွက်လေးက မှိန်သွားသဖြင့် ဆရာကြီး လိုင်းဆင်းသွားပြီမို့ ဇူရန်း သက်ပြင်းတစ်ချက် အသာချလိုက်ပြီး နာရီကို ကြည့်လိုက်သည်။ နောက်ထပ် ၆ နာရီကြာရင် သူဟာ အဆင့် ၉ တိုက်ခိုက်ရေးသမားကြီးကို လူကိုယ်တိုင် တွေ့ရတော့မှာပါ။ ဒါဟာ ဒီမြို့က လူတိုင်း အိပ်မက်မက်ရတဲ့ အခိုက်အတန့်မျိုးပါပဲ။ ဒီကမ္ဘာပေါ်မှာ အဆင့် ၉ တိုက်ခိုက်ရေးသမားဆိုတာ ရှားပါးလွန်းပြီး လူမြင်ကွင်းကိုလည်း ထွက်လာခဲလှသည်။ အကယ်ဒမီမှာလည်း အဆင့် ၉ ဘွဲ့ရ ပါမောက္ခကြီး အချို့ ရှိပေမဲ့ သူတို့ စာမသင်ပေးတာ အတော်ကြာလှပြီ။
"အော်... ဟုတ်သားပဲ၊ ငါ အဝတ်အစားကောင်းကောင်း ဝတ်ပြီး ပြင်ဆင်ထားမှ။ တကယ်လို့ သူက ငါ့ကို သဘောကျသွားရင် သူ့ရဲ့ တပည့်ရင်းအဖြစ်တောင် လက်ခံလိုက်မလား မသိဘူး " ဟု စိတ်ကူးယဉ်ကာ ဇူရန်း ရဲ့ မျက်လုံးတွေက လတ်ခနဲ ဖြစ်သွားခဲ့သည်။
ဇူရန်း တစ်ယောက် သူ့ရဲ့ အကောင်းဆုံး ကုတ်အင်္ကျီကို ထုတ်ဝတ်ပြီး သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေမှာ ရှိနေစေဖို့ အနီးနားက အားကစားကွင်းဆီကို ထွက်လာခဲ့ပါတော့သည်။
စုပင်းကတော့ နောက်ဆုံးစာကို ရိုက်ပြီး ဝဘ်ဆိုက်ကို ပိတ်လိုက်သည်။
"ကောင်းပြီ... အလုပ်အသစ်တစ်ခုတော့ ရပြီ။"
ဒီသင်တန်းက ညနေ အိမ်ပြန်ခါနီး ကြားဖြတ်လုပ်မယ့် အလုပ်လေးပဲမို့ စုပင်း တစ်ယောက် ပိုက်ဆံရှာရတာ လွယ်လိုက်တာ ဟု တွေးမိကာ သဘောကျနေမိသည်။
'ကိုယ်ပွားလေ့ကျင့်ပေးသူ' ဆီကနေ သားရဲတွေ ပြန်ထွက်လာမယ့် အချိန်လည်း ရောက်ပြီမို့ စုပင်း သားရဲအခန်းထဲကို သွားကြည့်လိုက်တော့ ကျင့်ကြံရေးနယ်မြေတွေဆီကနေ ပြန်ကန်ထုတ်ခံလိုက်ရတဲ့ သားရဲ ၅ ကောင်ကို အချိန်ကိုက် တွေ့လိုက်ရသည်။
အဲဒီသားရဲလေးတွေက သူတို့ ရောက်နေတဲ့ နေရာသစ်ကို ဟိုဟိုဒီဒီ ကြည့်ပြီးမှ ငြိမ်သက်သွားကြသည်။
စုပင်းက သားရဲ ၅ ကောင်လုံးဟာ ဝယ်သူတွေ စိတ်တိုင်းကျဖြစ်မယ့် အဆင့်အထိ တိုးတက်လာပြီဆိုတာ သေချာအောင် စစ်ဆေးပြီးနောက်မှာတော့ သူတို့ကို ပြုစုစောင့်ရှောက်ရေး ခြံတွေထဲ ထည့်လိုက်သည်။ အဲဒီနောက်မှာတော့ လေ့ကျင့်ပေးရမယ့် နောက်ထပ် သားရဲတစ်သုတ်ကို ထပ်ပြီး စုစည်းလိုက်ပြန်သည်။
နာရီဝက်လောက်အထိ ဆိုင်ထဲမှာ ဝယ်သူတစ်ယောက်မှ ရောက်မလာတာကြောင့် စုပင်း ဆိုင်တံခါးကို ပိတ်လိုက်ပြီးနောက်မှာတော့ မန်နာဂမ်ခွေးကြီး ၊ ငရဲမီးနဂါး နဲ့ ခရမ်းရောင် မြွေဟောက် တို့ကို ခေါ်ပြီး နဂါးဘုရင် အမွေအနှစ်နယ်မြေထဲကို တစ်ခေါက် ပြန်ဝင်လိုက်ပြန်သည်။
အရိုးစုလေး မပါဘဲနဲ့တော့ သူ နဂါးတိုင်ရဲ့ ၅ ထပ်မြောက်အထိပဲ ရောက်နိုင်ပြီး ပြန်ထွက်လာခဲ့ရသည်။ သူ ခေါ်လာတဲ့ သားရဲ ၃ ကောင်လုံးက အဲဒီအဆင့်မှာ ဘာမှ သိပ်မလုပ်နိုင်ကြတာကြောင့် စုပင်း ကိုယ်တိုင်ပဲ တိုက်ခိုက်ပြီး ရှေ့ဆက်ခဲ့ရတာပါ။ စုပင်းက အဆင့် ၄ အလယ်အလတ် တိုက်ခိုက်ရေးသမား ဖြစ်နေပြီဆိုတော့ မျှော်စင်ထဲက "နဂါးရိပ်" တွေကလည်း သူ့အဆင့်အတိုင်း လိုက်ပြီး သန်မာလာကြသည်။ စုပင်း ခန့်မှန်းထားတာကတော့ ၉ ထပ်မြောက်မှာ စောင့်နေမယ့် ရန်သူဟာ သေချာပေါက် သားရဲဘုရင်အဆင့် ဖြစ်နေမှာပါပဲ။
မျှော်စင်ထဲက ထွက်လာပြီးနောက်မှာတော့ သူဟာ "နဂါးအကြေးခွံ နယ်မြေ" တွေကို ဆက်ပြီး ရှင်းလင်းဖို့ သူ့သားရဲတွေကို ရန်သူတွေနဲ့ ရင်ဆိုင်ခိုင်းလိုက်သည်။
ဒီနယ်မြေတွေမှာ ရန်သူတွေတင်မကဘဲ တန်ဖိုးကြီး ဆေးပင်တွေနဲ့ ရတနာတွေလည်း နေရာအနှံ့မှာ ဝှက်ထားတာပါ။ ဝမ်းနည်းစရာကတော့ ဒါတွေက ပုံရိပ်ယောင်တွေသာဖြစ်ပြီး အစစ်အမှန် မဟုတ်တာကြောင့် သူ ယူသွားလို့ မရတာပါပဲ။
နယ်မြေရှင်းလင်းမှု အပြီးမှာတော့ သားရဲတွေဟာ သိသိသာသာ တိုးတက်လာကြသည်။ အဲဒီထဲမှာ မန်နာဂမ်ခေွးကြီးကတော့ အထူးခြားဆုံးပါပဲ။ သူဟာ မိစ္ဆာအမျိုးအစား သားရဲတစ်ကောင်နဲ့ တိုက်ခိုက်ရင်း အောင်အောင်မြင်မြင်နဲ့ 'ဆင့်ကဲပြောင်းလဲခြင်း ' ကို လုပ်နိုင်ခဲ့သည်။
ဒါက သာမန် ပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ ထူးခြားတဲ့ သဏ္ဍာန်ပြောင်းလဲမှု မျိုးပါ။ ပုံမှန်ဆိုရင် မန်နာဂမ်ခွေးကြီး ဟာ လေ့ကျင့်မှု အလုံအလောက် ရရင် အဆင့် ၄ ငွေလမင်းခွေး အဖြစ် ပြောင်းလဲရမှာပါ။ ဒါပေမဲ့ စုပင်းရဲ့ လက်ထဲမှာတော့ သူဟာ မှောင်မိုက်နဂါးခွေး အဖြစ် ပြောင်းလဲသွားခဲ့သည်။ မှောင်မိုက်နဂါးခွေး ဆိုတာ သာမန် ခွေးအမျိုးအစား မဟုတ်တော့ဘဲ မိစ္ဆာအမျိုးအစား သားရဲ ဖြစ်သွားတာပါ။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ပြောင်းလဲမှုပါ၊ ဘာလို့လဲဆိုတော့ မှောင်မိုက်နဂါးခွေး က အဆင့် ၆ အထိ ရောက်နိုင်တဲ့ အလားအလာ ရှိလို့ပါပဲ။
အခုဆိုရင် အဲဒီခွေးကြီးဟာ အရွယ်ရောက်ပြီးသား ခြင်္သေ့တစ်ကောင်ထက်တောင် ပိုကြီးနေပြီးဖြစ်လို့ စုပင်းသာ လိုချင်ရင် လမ်းမပေါ်မှာ သူ့ကို စီးသွားလို့တောင် ရနေပါပြီ။
အရင် မန်နာဂမ် တုန်းက ရှိခဲ့တဲ့ ငွေရောင်အမွေးအမျှင်တွေက နည်းနည်းပဲ ကျန်တော့ပြီး၊ ပြောင်လက်နေတဲ့ အမည်းရောင် အမွေးတွေနဲ့ ရောယှက်နေတာကြောင့် တကယ့်ကို ထူးထူးခြားခြားနဲ့ အထာကျနေသည်။
ဒါ့အပြင် မှောင်မိုက်နဂါးခွေး ရဲ့ ဟိန်းသံမှာလည်း တကယ့် နဂါးတစ်ကောင်ရဲ့ အရှိန်အဝါတွေ ပါဝင်နေသည်။ ဒါဟာ နဂါးမျှော်စင်ထဲမှာ ရှင်သန်ခဲ့ရတဲ့ အကျိုးကျေးဇူး ဖြစ်နိုင်ပါတယ်။ ငရဲမီးနဂါး နဲ့ ခရမ်းရောင် မြွေဟောက် တို့လည်း အရွယ်အစားရော အစွမ်းပါ ပိုကြီးလာကြသည်။ အထူးသဖြင့် ငရဲမီးနဂါး ဟာ ဒီကမ္ဘာပေါ် ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးပေမဲ့ လူပျိုပေါက်အရွယ်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ။ ဒါက အတင်းအဓမ္မ လုပ်ယူထားတာ မဟုတ်ဘဲ ပြင်းထန်လှတဲ့ လေ့ကျင့်မှုတွေနဲ့ တိုက်ပွဲ အတွေ့အကြုံတွေကြောင့် သူ့အဆင့်တူ သားရဲတွေထက် အများကြီး ပိုပြီး ထူးချွန်နေတာပါ။
လက်ရှိမှာ နဂါးလေးက အဆင့် ၃ ပဲ ရှိသေးပေမဲ့ အဆင့် ၄ အထက်တန်းက သားရဲတွေကိုတောင် ယှဉ်နိုင်စွမ်း ရှိနေပါပြီ။ သူ့ရဲ့ နဂါးဟိန်းသံနဲ့ဆိုရင် အဆင့် ၅ ရန်သူတွေကိုတောင် ခဏလောက် ကြောင်သွားအောင် လုပ်နိုင်တာမို့ ရင်ဆိုင်ရရင် တောင် အခွင့်အရေးရှီ နေဆဲပါပဲ။ ခရမ်းရောင် မြွေဟောက် ကလည်း သူ့ကိုယ်လုံးနဲ့ အကြေးခွံတွေက သန်မာလာပြီး သူ့အရွယ်အစားတူတဲ့ အရာမှန်သမျှကို ရစ်ပတ်သတ်ဖြတ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။
ဒီနေ့ရဲ့ ရှာဖွေမှုမှာတော့ သူတို့ နဂါးအကြေးခွံ နယ်မြေ အတော်များများကို ရှင်းလင်းနိုင်ခဲ့သည်။ အလုပ်ပြီးသွားတော့ စုပင်း ဆိုင်မှာ ခဏနားပြီး ညမပိတ်ခင် ဝယ်သူအချို့ကို လက်ခံဖို့ ပြင်လိုက်သည်။ ဆိုင်မပိတ်ခင်မှာတင် သတင်းကြားလို့ လာကြည့်တဲ့ ကျောင်းသား နှစ်ယောက်ကို သူ လက်ခံလိုက်ရသေးသည်။ အဆင့်နိမ့်သားရဲတွေကို လေ့ကျင့်ပေးဖို့ လက်ခံလိုက်တာမို့ စုပင်း အိတ်ထဲကို နောက်ထပ် စွမ်းအင် ၂၀၀ မှတ် ရောက်လာပြန်သည်။
ကောင်းကင်က စတင် မှောင်လာပါပြီ။ စုပင်းက သူ့ဆီ သားရဲလာအပ်ထားတဲ့ ဝယ်သူအချို့ကို ဖုန်းဆက်ပြီး နောက်နေ့မှ လာယူဖို့ အကြောင်းကြားလိုက်သည်။ အဲဒီနောက်မှာတော့ သူ ဆိုင်ကနေ ထွက်လာပြီး သူ့ကျောင်းသားဆီကို သွားဖို့ တက္ကစီ တစ်စီး ငှားလိုက်ပါတော့သည်။
စုပင်း ထွက်သွားတာနဲ့ ဆိုင်ဘေးက သစ်ပင်နောက်မှာ လူရိပ်တစ်ခု ပေါ်လာသည်။
စုလင်းယွဲ့ ဟာ ဒီဆိုင်ကို တစ်နေကုန် စောင့်ကြည့်နေတာပါ။ သားရဲတွေ အများကြီးကို ဘယ်နေရာမှာ ထားလဲ၊ ဒါမှမဟုတ် အဲဒီ "မာစတာ လေ့ကျင့်ပေးသူ" ဆိုတာ ဘယ်မှာလဲဆိုတာ သူမ ရှာဖွေချင်နေတာလေ။ ဒါပေမဲ့ သူမ ဘယ်လောက်ပဲ ကြည့်ကြည့်၊ စုပင်း တစ်ယောက်တည်းပဲ ဆိုင်မှာ အလုပ်လုပ်နေတာကို မြင်ရတာပါ။
သူမသာ ဆိုင်တံခါးနားအထိ သွားပြီး ချောင်းကြည့်ရင် ရနိုင်ပေမဲ့ စုပင်းက သူမ ရှိနေတာကို ရိပ်မိသွားနိုင်တာကြောင့် မလုပ်ခဲ့ပါဘူး။
ဒီအချိန်ကြီး သူ ဘယ်ကို သွားနေတာလဲ.....
စုလင်းယွဲ့ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တက္ကစီနောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။
***