တက္ကစီလေးဟာ မြို့အောက်ပိုင်းရပ်ကွက်ကနေ ထွက်ခွာလာပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ချမ်းသာတဲ့သူတွေ စုဝေးရာ မြို့လယ်ခေါင် ဧရိယာထဲကို ဝင်ရောက်လာခဲ့သည်။
အရာအားလုံး သန့်ရှင်းသပ်ရပ်နေတဲ့ ဒီလိုနေရာမျိုးကို စုပင်း ရောက်ခဲလှပါတယ်။ လမ်းသွားလမ်းလာတွေကို သူ မနေနိုင်ဘဲ လိုက်ကြည့်မိတော့ အားလုံးဟာ လက်ကြောမတင်းဖူးတဲ့ နုနယ်ချောမွေ့တဲ့ အသားအရေပိုင်ရှင် သူဌေးကြီးတွေချည်းပါပဲ။ ဒါပေမဲ့ ဒီနေရာမှာတော့ သန်းကြွယ်သူဌေးဖြစ်ရုံနဲ့ ဘာမှမထူးခြားပါဘူး။ ဒါဟာ မြို့လယ်မှာ နေတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေခံအဆင့် လိုအပ်ချက်မျှသာ ဖြစ်ပါတယ်။
အဲဒီနောက် စုပင်း သူ့အိမ်ကို ပြန်တွေးမိပြီး စိတ်မကောင်း ဖြစ်သွားမိသည်။ လူတွေဟာ မွေးဖွားလာကတည်းက ကံတရားချင်း မတူညီကြတာကိုတော့ ငြင်းလို့မရပါဘူး။ အများစုကတော့ တစ်သက်လုံး ဒီဘဝမှာပဲ ရုန်းကန်ရင်း ကုန်ဆုံးသွားကြမှာပါ။
ဒါပေမဲ့ စုပင်းကတော့ သိပ်ဂရုမစိုက်ပါဘူး။ သေခြင်းတရားကိုတောင် ရင်ဆိုင်ခဲ့ဖူးတဲ့သူမို့ ဒီလို အပြင်ပန်း အဆောင်အယောင်တွေက သူ့အတွက် ဘာမှမဟုတ်ပါဘူး။
ခဏအကြာမှာတော့ ဒရိုင်ဘာက တိတ်ဆိတ်အေးချမ်းတဲ့ အဆင့်မြင့်အိမ်ရာဝင်းတစ်ခုရဲ့ အပေါက်ဝမှာ ကားရပ်ပေးလိုက်သည်။ ဒီနေရာက မြို့ထဲမှာ ဈေးအကြီးဆုံး အိမ်ရာတွေထဲက တစ်ခုဖြစ်ပြီး အပြင်ဘက်မှာ လူစည်ကားနေပေမဲ့ အထဲမှာတော့ အေးအေးဆေးဆေး နေထိုင်နိုင်အောင် ပုံစံထုတ်ထားတာပါ။
တက္ကစီခက ၁,၈၀၂ ယွမ် တောင် ကျသင့်တာမို့....ဒါဟာ သာမန်စံနှုန်းနဲ့ကြည့်ရင် တကယ့်ကို ရူးချင်စရာ ဈေးနှုန်းပါပဲ။ မြို့ထဲမဝင်ခင် အဝေးပြေးလမ်း တိုးဂိတ် အတော်များများကို ဖြတ်ခဲ့ရတာကြောင့်လည်း ပါပါတယ်။
စုပင်း အိမ်ရာအမည်ကို တစ်ချက်စစ်ပြီး အထဲဝင်ဖို့ပြင်တော့ လုံခြုံရေးတွေက တားလိုက်ကြတယ်။
"ဘာကိစ္စရှိလို့လဲ " လုံခြုံရေးတစ်ယောက်က စုပင်းဆီက အနံ့အသက်မကောင်းတာတစ်ခုခု ရနေသလိုမျိုး နှာခေါင်းရှုံ့ရင်း မေးလာခဲ့သည်။ သူတို့အမြင်မှာတော့ စုပင်းဟာ ကားပေါ်က ဆင်းလာကတည်းက "အောက်တန်းစား" တစ်ယောက်လို ဖြစ်နေတာပါ။
စုပင်းရဲ့ ပုံစံက ညစ်ပတ်နေတာမျိုး မဟုတ်ပေမဲ့ "မြို့ကြီးသားသူဌေး" တွေရဲ့ စိတ်ထဲမှာတော့ အောက်ခြေလူတန်းစားတွေကို ခွဲခြားဆက်ဆံရမယ်ဆိုတာ အလိုအလျောက် ပါဝင်နေပုံရသည်။
စုပင်း ဒီလိုဆက်ဆံခံရတာကို မကျေနပ်ပေမဲ့ အချိန်ကုန်ခံပြီး ငြင်းခုံမနေချင်တာကြောင့် တစ်စုံတစ်ယောက်က သူ့ကို ဖိတ်ထားလို့လာတာဖြစ်ကြောင်းပဲ ပြောလိုက်တော့....လုံခြုံရေးတွေက မယုံသင်္ကာနဲ့ပဲ အထဲက ဝယ်သူဆီ ဖုန်းဆက်မေးကြည့်လိုက်တော့ ချက်ချင်းပဲ အထဲလွှတ်လိုက်ဖို့ ပြန်ပြောလာတာကြောင့် သူတို့တွေ ကြောင်သွားကြသည်။ သူတို့ သိထားသလောက်တော့ ဒီနေရာမှာ အချမ်းသာဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ နေနိုင်တာလေ။
ဖုန်းချပြီးတာနဲ့ ဇူရန်း တစ်ယောက် သူ့ဆရာကြီးကို ကြိုဆိုဖို့ အဆောက်အဦးရှေ့မှာ စောင့်နေပါတယ်။ အိမ်ရာဝင်းကသာ သိပ်မကျယ်ရင် သူကိုယ်တိုင် အပေါက်ဝအထိ သွားကြိုမှာပါ။
သူ စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတုန်း လုံခြုံရေးတွေနဲ့အတူ ပါလာတဲ့လူကို မြင်လိုက်ရတော့ အံ့သြမှင်သက်သွားတော့သည်။
ဒါ ငါ့ဆရာကြီး မဖြစ်နိုင်ပါဘူးနော်......သူ့ရဲ့ လက်ထောက်များလား....
ဇူရန်း တော်တော်လေး စိတ်ပျက်သွားမိပေမဲ့လည်း အဆင့် ၉ ဆရာကြီးတွေဆိုတာ ရုတ်တရက် အလုပ်ရှုပ်သွားရင် သူတို့ရဲ့ လက်ထောက်တွေကိုပဲ လွှတ်လိုက်တတ်တာမျိုး ရှိတတ်တာပဲလေ။
"ရောက်ပါပြီ" လုံခြုံရေးက စုပင်းကို ယဉ်ကျေးစွာ လမ်းပြပေးလိုက်တယ်။ "မစ္စတာဇူ၊ ဒီလူက ခင်ဗျားကို တွေ့ချင်လို့ဆိုတဲ့သူပါပဲ။"
ဇူရန်းက အားတင်းပြီး ပြုံးပြရင်း လုံခြုံရေးတွေကို ပြန်လွှတ်လိုက်တယ်။ အဲဒီနောက် စုပင်းကို အတတ်နိုင်ဆုံး ယဉ်ကျေးစွာ မေးလိုက်တယ်။ "ခင်ဗျားက ဆရာကြီးရဲ့ တပည့်လား... ဒါမှမဟုတ်.........
"ငါက 'လုံကျန်းရဲ့ အလန်းဇယားကောင်လေး' ပါပဲ" ဟု ပြောပြီး... စုပင်းက ပြုံးကာ ခေါင်းလေးအသာငြိမ့်ပြလိုက်တာ ကြောင့် ....ဇူရန်း တစ်ယောက် အံ့သြလွန်းလို့ စကားတောင် မထွက်နိုင်တော့ပါဘူး။
"ခင်ဗျားက... ဟို... ဘာ....'လုံကျန်းရဲ့ အလန်းဇယားကောင်လေး' ဆရာကြီးလား"
"အေးလေ....ဇူရန်း မဟုတ်လား...၊ မင်းရဲ့ အချက်အလက်တွေကို ငါဖတ်ကြည့်ပြီးပြီ။ မင်းက မသေမျိုး သားရဲတွေကို အသုံးချတာဆိုတော့ ငါနဲ့ ကွက်တိပဲပေါ့။ ငါက အဲဒီကောင်တွေအကြောင်း အတော်လေး နှံ့စပ်တယ်လေ။"
ဇူရန်းရဲ့ ပါးပြင်တွေဟာ ဒေါသကြောင့် နီရဲလာခဲ့ပြီး....."လာနောက်နေတာလား.... မင်းက ငါ့ကို သင်ပေးမလို့လား......မင်းလိုကောင်က ဘယ်လိုလုပ် မှတ်ပုံတင်အောင်သွားတာလဲ.... အော်... သိပြီ၊ မင်းကို သေချာမစစ်ရသေးလို့ ဖြစ်မှာပဲ...အခုပဲ ငါ တိုင်လိုက်မယ်"
စုပင်း သူ့ရဲ့ ငယ်ရွယ်တဲ့ ပုံစံကြောင့် ပြဿနာတက်နိုင်မှန်း သိထားပေမဲ့ ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့တော့ မထင်ထားပါဘူး။
"မစမ်းကြည့်ဘဲနဲ့တော့ မင်း ဘယ်ပြောနိုင်မလဲ....တကယ်လို့ ငါသင်ပေးတာ မထိရောက်ဘူးဆိုရင် မင်း ကြိုက်သလို တိုင်လို့ရပါတယ်"
"စမ်းကြည့်မယ်ဟုတ်လား..m.ဘာကို စမ်းမှာလဲ.... ငါ ဘယ်သူလဲဆိုတာ မင်းသိလား၊ ငါက 'စစ်နတ်ဘုရား အကယ်ဒမီ' ရဲ့ ထိပ်တန်းကျောင်းသားကွ။ မင်းက ဘယ်ကကောင်လဲ ..."
ဇူရန်းဆိုတဲ့ နာမည်အတိုင်းပဲ သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး သူ့ရွယ်တူတွေထက် သာတယ်လို့ အမြဲယူဆထားတဲ့ လူတော်တစ်ယောက်ပါ။ သူဟာ အဆင့်မြင့်ပြိုင်ပွဲက ချန်ပီယံတွေလို သူ အသိအမှတ်ပြုတဲ့သူတွေကိုပဲ လေးစားတာပါ။ ကျန်တဲ့လူတွေကိုတော့ ဂရုမစိုက်သလို၊ စုပင်းလို သာမန်လူတစ်ယောက်ထက်တောင် ပိုပြီး သာမန်ဆန်နေတဲ့သူကိုဆိုရင်တော့ ပြောမနေပါနဲ့တော့။
ဒီကောင်က ငါ့ကို သင်ပေးမလို့တဲ့လား၊ တိုက်ပွဲထဲမှာ ငါးစက္ကန့်တောင် ခံပါ့မလား မသိဘူး! ပြီးတော့... ပြီးတော့ ငါက သူ့ကို "ဆရာကြီး" လို့ ခေါ်လိုက်သေးတယ်၊ ချစ်စရာကောင်းတဲ့ အီမိုဂျီတွေတောင် သုံးလိုက်သေးတယ်၊ အား... ငါ သူ့ကို သတ်ပစ်ချင်တယ်—
စုပင်းက စကားပြောလာသဖြင့် ဇူရန်းရဲ့ အတွေးတွေ ပြတ်သွားခဲ့သည်။ "မင်းရဲ့ စကားလုံးတွေကို ဆင်ခြင်ရင် ကောင်းမယ် ကိုယ့်လူ...."
"မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ " ဇူရန်း ဖုန်းထုတ်လိုက်ကာ "မင်းကို သနားတဲ့ အနေနဲ့ ရိုက်မနေတော့ပါဘူး ၊ ဝက်ဘ်ဆိုက်ကိုပဲ အခုချက်ချင်း တိုင်လိုက်တော့မယ်—"
ဝုန်း......
သူ့လက်ထဲက ဖုန်းက ပေါက်ကွဲသွားပြီး မှန်ကွဲစအချို့က သူ့မျက်နှာဆီ လွင့်စင်လာသဖြင့် ဇူရန်း အလန့်တကြား ဖြစ်နေတုန်းမှာပဲ သူ့ရဲ့ ခန္ဓာကိုယ်ဟာ မြေပြင်ကနေ ကြွတက်သွားခဲ့သည်။ အားကောင်းတဲ့ လက်တစ်ဖက်က သူ့ရဲ့ ကော်လာကနေ ဆွဲမလိုက်တာပါ။
ကြည့်ရတာ ဘာမှမဟုတ်သလို ထင်ရတဲ့ ရှေ့က လူငယ်လေးက သူ့ကို လက်တစ်ဖက်တည်းနဲ့ မလိုက်တာ ဖြစ်တယ်။
ဇူရန်း ပြန်ခုခံချင်ပေမဲ့ စုပင်းရဲ့ မျက်လုံးထဲက ရက်စက်တဲ့ သတ်ဖြတ်လိုစိတ်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ တစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် တောင့်တင်းသွားပါတယ်။
သူ့ဘဝမှာ သေခြင်းတရားနဲ့ ဒီလောက်နီးကပ်တယ်လို့ တစ်ခါမှ မခံစားဖူးပါဘူး။ ရှေ့က လူက သူ့ကို ဘာမှမစဉ်းစားဘဲ သတ်ပစ်နိုင်တယ်လို့ စိတ်ထဲက သိနေတာပါ။
သူ ဘယ်လိုပဲ ကြိုးစားပါစေ၊ သူ့လည်ပင်းကို ညှစ်ထားတဲ့ သံညှပ်လို လက်ကနေ တစ်လက်မတောင် မရွေ့နိုင်ပါဘူး။ သူ့သားရဲတွေကို ဆင့်ခေါ်ချင်ပေမဲ့ ကြောက်လွန်းလို့ တစ်ကိုယ်လုံး အေးစက်နေကာ မလှုပ်မယှက်နဲ့ပဲ ခန္ဓာကိုယ်က ရပ်နေမိသည်။
"ဒီမြို့ရဲ့ အကောင်းဆုံး အကယ်ဒမီက ထိပ်တန်းကျောင်းသားတွေဆိုတာ မင်းလိုမျိုးတွေချည်းပဲလား" စုပင်းက အေးစက်တဲ့လေသံနဲ့ မေးလိုက်သည် ။
ဇူရန်းရဲ့ မျက်နှာတစ်ခုလုံး ဒေါသရော အသက်ရှူကျပ်တာကြောင့်ပါ နီရဲနေပါတယ်။
စုပင်း သူ့ကို လွှတ်ပေးလိုက်တဲ့အခါမှာတော့ ဇူရန်း ဟန်ချက်ပျက်ပြီး နောက်ကို ယိုင်သွားပေမဲ့ မလဲအောင် ထိန်းလိုက်ကာ....သူ လက်မောင်းပေါ်က ချွေးစေးတွေကို ခါထုတ်လိုက်ရင်း စုပင်းကို ကြည့်လိုက်မိသည်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မသေမျိုး သားရဲတစ်ကောင်နဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံကို ပြန်သတိရစေတာပါ။
သူ့ရှေ့ကလူက လူသားတစ်ယောက် မဟုတ်ဘဲ အစွမ်းထက်လှတဲ့ မသေမျိုးသားရဲကြီး တစ်ကောင်လိုပါပဲ။
"လာ... ငါ့မှာ အချိန်အများကြီး မရှိဘူး။ တကယ်လို့ သင်ခန်းစာက မထိရောက်ဘူးဆိုရင် မင်း ကြိုက်သလို တိုင်နိုင်တယ်။ ဒါပေမဲ့ မင်းက မဟုတ်မမှန် တိုင်တန်းမယ်ဆိုရင်တော့ ငါ မင်းကို အရိုးတွေ ကြေသွားအောင် ရိုက်ပစ်မယ်။"
စုပင်း ပြောတဲ့စကားတွေက နောက်နေတာ မဟုတ်မှန်း ဇူရန်း သိပါတယ်။
ဝက်ဘ်ဆိုက်မှာ မှတ်ပုံတင်ဖို့အတွက် အနည်းဆုံး ဆရာလက်မှတ် လိုအပ်တာကြောင့် စုပင်းဟာ တကယ်တော့ ဆရာတစ်ယောက် ဖြစ်နေတာကို ဇူရန်း သတိရသွားတယ်။ ဒါပေမဲ့ ဒီ "အဆင့် ၉ ဆရာကြီး" က သူ့ထက်တောင် ငယ်နေပုံရတာကိုတော့ သူ စိတ်ထဲမှာ ခိုးလုခုလု ဖြစ်နေတုန်းပါပဲ။ ပိုဆိုးတာက သူက ပိုက်ဆံပေးရတာဖြစ်ပြီး အရိုက်ပါ ခံရတော့မလို ဖြစ်သွားတာပါ။
သူ ခဏစဉ်းစားပြီး အခြေအနေကို ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီ "လုံကျန်းရဲ့ အလန်းဇယားကောင်လေး" ကို သူကိုယ်တိုင် တိုက်ရိုက်မယှဉ်နိုင်ရင်တောင် နောက်မှ တခြားလူတွေဆီ အကူအညီ တောင်းလို့ ရတာပဲလေ။
"ကောင်းပြီလေ... လိုက်ခဲ့" ဇူရန်း နာကျင်နေတဲ့ လည်ပင်းကို ပွတ်ရင်း စုပင်းကို လမ်းပြခေါ်သွားလိုက်သည်။
စုပင်းလည်း နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖ်ြစသွားခဲ့သည်။ ဘာလို့ဆို သူရဲ့ သင်တန်း အစက ဓားပြတိုက်နေတဲ့ ပုံစံပေါက်သွားလို့ပါ။ ဒါပေမဲ့ ဒါကလဲ သူ့အမှားမှ မဟုတ်တာမို့ အရမ်းတော့ တွေးမနေတေ့ာပါဘူး။
ခဏအကြာမှာတော့ သူတို့ဟာ အိမ်ရာဝင်းရဲ့ အလယ်မှာရှိတဲ့ အသုံးအဆောင်စုံလင်တဲ့ အားကစားကွင်းကြီးဆီကို ရောက်လာကြသည်။ ဒါက ဒီလို ဈေးကြီးတဲ့ အိမ်ရာတွေမှာ နေထိုင်သူတွေ အတွက်က တော့ ပုံမာန် သာဖြစ်သည်။
အဲဒီကွင်းထဲက ခုံတန်းလျားတစ်ခုပေါ်မှာ ထိုင်ပြီး စကားပြောနေတဲ့ လူငယ်နှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ရှိနေပြီး ဇူရန်း ရောက်လာတာကို မြင်တော့ နှုတ်ဆက်လိုက်ကြသည်။
ဇူရန်းလည်း သူ့ကျောင်းနေဖက်တွေကို မြင်တော့ ပြန်ထူးလိုက်တယ်။ "လေ့ကျင့်နေကြတာလား?"
"အေးပေါ့ဟ...အဆင့်မြင့်ပြိုင်ပွဲက မကြာခင် စတော့မှာလေ။ ဘယ်သူက မလေ့ဘဲ နေမှာလဲ" ဟု တစ်ယောက်က ပြန်ပြောလာခဲ့သည်။
***