ဇူရန်း ဘေးနားမှာ ရပ်နေတဲ့ စုပင်းကို သတိထားမိသွားတော့ ဖျော်ရည်သောက်နေတဲ့ မိန်းကလေးက အံ့သြတကြီး မေးလာခဲ့သည်။
" ဇူရန်း သူက ဘယ်သူလဲ "...
သူတို့အားလုံးက စစ်နတ်ဘုရား အကယ်ဒမီမှာ အတူတူတက်နေကြပြီး အိမ်ရာဝင်းတစ်ခုတည်းမှာ နေထိုင်ကြသူတွေမို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကြပါတယ်။ ကျန်တဲ့လူငယ်နှစ်ယောက်လည်း စုပင်းကို အကဲခတ်သလို ကြည့်လာခဲ့သည်။ စုပင်းက သူတို့နဲ့ ရွယ်တူလောက်ပါပဲ။ ဒီကို အသစ်ပြောင်းလာတဲ့သူလား ဒါမှမဟုတ် အကယ်ဒမီက ကျောင်းသားသစ်လားလို့ ဘာလား ....တွေးနေကြပုံပါပဲ။
သူတို့က စုပင်းအကြောင်း မေးလိုက်တဲ့အခါ ဇူရန်း တစ်ယောက် အယရှိးတိုးရှန်းတန့်ဖြစ်သွား တော့သည် စုပင်းဟာ အင်တာနက်ကနေ သူရှာထားတဲ့ ကိုယ်ပိုင်ဆရာပါလို့ တိုက်ရိုက်ပြောဖို့က ခက်နေတာမို့ပါ။တကယ်လို့သာ အဲဒီအမှန်တရားကို ထုတ်ပြောလိုက်ရင် ကျောင်းမှာ သူ အထာကျခဲ့သမျှတွေ အကုန်သဲထဲ ရေသွန်သလို ဖြစ်ပြီး တစ်ကျောင်းလုံးရဲ့ လှောင်စရာ ဖြစ်သွားမှာပါ။
ဒါကြောင့်မို့ သူက ငါ့ဆီ အလည်လာတဲ့ သူငယ်ချင်းပါ လို့သာ ဇူရန်းက လှည့်စားပြီး ဆင်ခြေပေးလိုက်ရသည်။ စုပင်းရဲ့ ခြိမ်းခြောက်တာ ခံထားရတာကိုလည်း သူ ပြောလို့ မဖြစ်ပါဘူး။ သူ့ထက်ငယ်ပုံရတဲ့ ကိုယ်ပိုင်ဆရာ ရှာထားမိတာရယ်၊ အဲဒီလူရဲ့ အရိုက်ခံရလုနီးပါး ဖြစ်ခဲ့တာရယ်ကို တခြားလူတွေ သိသွားရင် ပိုပြီး အရှက်ရစရာကြီးမို့ ဇူးရန်းခဗျာ အတော် အကြပ်ရိုက် နေရရှာသည်။
ဪ... ဆိုပြီး စုပင်းက ဒီမှာနေတဲ့သူ မဟုတ်မှန်း သိသွားတော့ အားလုံးက စိတ်မဝင်စားတော့ပါဘူး။ သူတို့မှာလည်း ကိုယ်ပိုင် အသိုင်းအဝိုင်းလေး ရှိတာပါ။ ဘယ်သူမဆို သူတို့အဖွဲ့ထဲ ဝင်ချင်ရင် အဆင့်အတန်းချင်းရော အစွမ်းချင်းရော တူညီနေဖို့ လိုအပ်ပါတယ်။
" နင်တို့လည်း နားလိုက်ကြဦးလေ....ငါနဲ့ ငါ့သူငယ်ချင်း ဒီမှာ ခဏလေ့ကျင့်လိုက်ဦးမယ် "လို့ ပြောပြီး ဇူရန်း ဒီနေရာမှာ ဆက်မနေချင်တော့တာမို့ လစ်ထွက်မို့သာ လုပ်လိုက်တော့သည်။
" ကောင်းပြီလေ....နောက်မှ တွေ့ကြတာပေါ့ ""
အဲဒီနောက် သူတို့အုပ်စုက စောစောက စကားဝိုင်းဆီ ပြန်အာရုံရောက်သွားကြပါတယ်။ ဇူရန်းက အပိုစကားတွေ မပြောဘဲ ပါးနပ်စွာ ရှောင်ပေးလိုက်တာကို စုပင်း သဘောကျသွားသည်။ စုပင်းလဲ ဇူရန်းနောက်ကို လိုက်ပြီး တိုက်ပွဲကွင်းပြင်တစ်ခုထဲ ရောက်လာခဲ့သည်။
ဒီကွင်းပြင်က ရေကန်၊ ချော်ရည်ပူကွက်လေး၊ မြက်ခင်းနဲ့ တောအုပ် စတာတွေပါဝင်တဲ့ ရှုခင်းစုံ ကွင်းပြင်ဖြစ်ပြီး သားရဲအတော်များများကို လေ့ကျင့်ပေးဖို့ တကယ့်ကို သင့်တော်ပါတယ်။ စုပင်း ကွင်းထဲခြေချလိုက်တာနဲ့ ဇူရန်းက တံခါးနောက်က သံစလော့ထဲကို သူ့ကတ်ထည့်၊ စကားဝှက်ရိုက်ပြီး တံခါးကို ပိတ်လိုက်ပါတယ်။ အဲဒီနောက် သူ ကွင်းလယ်ခေါင်ကို လျှောက်သွားပြီး သူ့ရဲ့ အဓိက သားရဲတွေကို တစ်ပြိုင်နက် ဆင့်ခေါ်လိုက်ပါတယ်။
သားရဲတွေ ရောက်လာတော့မှ ဇူရန်း စိတ်လုံခြုံမှု ရသွားပုံရပြီး....သူနောက်က စုပင်းကို လှည့်ကြည့်လိုက်ကာ မျက်နှာကို တင်းတင်းထားပြီး တံခါးနားမှာ ရပ်နေတဲ့ စုပင်းကို ".မင်းက ငါ့ကို သင်ပေးမယ်ဆို.. ကဲ... သင်ပေးလေ "
ဇူရန်းရဲ့ မျက်နှာထက်က မကျေနပ်မှုတွေကို မြင်တော့ စုပင်း မျက်ခုံးပင့်လိုက်မိသည်။
" ဘာလဲ...ဒီငနဲက အခုထိ မကျေနပ်သေးဘူးပေါ့"...
ဇူရန်းက စုပင်းနဲ့ အချိန်ဖြုန်းမနေတော့ပါဘူး။ သူ အံကြိတ်လိုက်ပြီး သူ့သားရဲတွေကို စုပင်းကို တိုက်ခိုက်ဖို့ စိတ်ချင်းဆက်ကာ အမိန့်ပေးလိုက် တော့သည်။ စောစောက စုပင်းရဲ့ လူကိုယ်တိုင် ခွန်အားကို သူ အရှုံးပေးခဲ့ရပေမဲ့ ဒါက ဘာမှထူးခြားတာ မဟုတ်ပါဘူး။ သားရဲတွေကို သုံးပြီး တိုက်ခိုက်တာကမှ အဓိကလေ။ သူတို့က သားရဲတိုက်ခိုက်ရေးသမားတွေ ဖြစ်ပြီး ကိုယ်ခံပညာတတ်တဲ့ သိုင်းသမားတွေမှ မဟုတ်တာ။
ဝူးးးး
" ဝိညာဉ်စားသားရဲ" က စုပင်းဆီကို တိုက်ခိုက်မို့ ပထမဆုံး ရောက်ရှီလာခဲ့သည်။ ဒီသားရဲက အဆင့် ၅ ရောက်နေပြီဖြစ်တဲ့ မသေမျိုး အမျိုးအစားဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေမှာ ကျွမ်းကျင်ပါတယ်။ ထိုသားရဲက သေဆုံးသွားတဲ့ ဝိညာဉ်တွေကို စားသောက်တတ်ပြီး မီးခိုးရောင် မြူလုံးကြီးတစ်ခုနဲ့ ဆင်တူပြီး... အဲဒီမြူလုံးထဲကနေ သွေးပျက်စရာကောင်းတဲ့ အော်ဟစ်ငိုကြွေးသံတွေ ထွက်ပေါ်နေခဲ့သည်။
ဒီလို ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ ပုံစံက လူအတော်များများကို လန့်ပြေးစေဖို့ လုံလောက်ပါတယ်။ ဝိညာဉ်စားသားရဲရဲ့ နောက်မှာတော့ အဆင့် ၆ သွေးမျိုးနွယ်ရှိတဲ့ " ရွှံ့နွံတွားသွားကောင် " ကလိုက်ပါလာခဲ့သည်။ လက်ရှီမှာ ဒီရွှံ့နွံတွားသွားကောင်က သူ့ရဲ့ အစွမ်းအထက်ဆုံး အခြေအနေဖြစ်တဲ့ အဆင့် ၅ အဆင့်မြင့်ကို ရောက်နေပါပြီ။
ရွှံ့နွံတွားသွားကောင်က ပိုပြီးတော့တောင် ရွံစရာကောင်းပြီး. .. သူ့တစ်ကိုယ်လုံးဟာ ပုပ်စပ်နေတဲ့ ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းနေသလို ထင်ရပေမဲ့ ဒါတွေက ရွှံ့အစစ် မဟုတ်ပါဘူး။ အဲဒီ ရွှံ့လိုတစ်ရှူးတွေဟာ သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး အခုဆိုရင် မြေပြင်ပေါ်မှာ သားရဲတွေရဲ့ လက်တွေ ခြေထောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူသဏ္ဍာန်ဘီလူးကြီးတစ်ကောင်လို လျင်မြန်စွာ ရွေ့လျားနေခဲ့သည် ။ ရွှံ့နွံတွားသွားကောင် ထိတွေ့မိတဲ့ နေရာတိုင်းမှာလည်း ပုပ်စပ်ညှိဟောင်နေတဲ့ အစွန်းအထင်းတွေ ကျန်ရစ်ခဲ့ တော့သည် ။ဒါကြောင့်လည်း မသေမျိုး သားရဲတွေက ရွံစရာကောင်း နေတာပါ။
အဆင့် ၅ သားရဲနှစ်ကောင်က စတင်တိုက်ခိုက်နေချိန်မှာ နောက်ထပ် သားရဲတစ်ကောင်ကတော့ ဇူရန်းနားမှာနေပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
" မင်းရဲ့ မောက်မာမှုတွေကို ဘယ်လောက်အထိ ထိန်းထားနိုင်မလဲ ကြည့်ကြသေးတာပေါ့ " လို့ တွေးပြီး ဇူရန်းရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့ အငြိုးတွေ လင်းလက်နေခဲ့သည်။ သူက စုပင်းကို တကယ်သတ်ဖို့ ရည်ရွယ်တာ မဟုတ်ပေမဲ့ အဲဒီလို လုပ်ချင်စိတ်ကတော့ သူ့ရင်ထဲမှာ တဖွဖွ ဖြစ်နေတာပါ။ မသေမျိုး သားရဲတွေနဲ့ အချိန်အတော်ကြာ နေခဲ့ရတာကြောင့် သူလည်း အဲဒီသားရဲတွေရဲ့ စရိုက်တွေ ကူးစက်နေပုံရပါတယ်။ သူ့ရဲ့ စိတ်ခံစားမှု ပြောင်းလဲတာတွေက သာမန်လူတွေထက် ပိုပြီး ပြင်းထန်နေတတ်သည်။
စုပင်းကတော့ သူ့ဆီကို ခြိမ်းခြောက်ဟန်နဲ့ ပြေးလာနေတဲ့ အဲဒီ ချစ်စရာကောင်းတဲ့ သားရဲနှစ်ကောင်ကို ကြည့်ရင်း မျက်ခုံးပင့်လိုက်မိကာ... ခေါင်းခါလိုက်မိသည်။
ဝိညာဉ်စားသားရဲ တွေက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမှာ တော်တာလေ... ဒါပေမဲ့ မင်းက သူ့ကို ရှေ့ကို တိုးခိုင်းလိုက်တယ်။ ဒီသားရဲ ရဲ့ လက်ရှိအဆင့်အရ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးက မီတာ ၅၀ ပဲ ရှိတာ။ သူက မင်းနားမှာနေပြီး အကာအကွယ် ယူထားရမှာလေ။ အခုတော့ မင်းက သူ့ကို အန္တရာယ်ကြားထဲ ပို့ပြီး ရန်သူကို ခြိမ်းခြောက်ဖို့ပဲ သုံးတော့မလို့လား။
စုပင်း က သူ့ရှေ့ကို ရောက်လာတဲ့ ရွှံ့နွံတွားသွားကောင် ကို မြင်တော့လည်း သူ ခေါင်းခါလိုက်ပြန်ပါတယ်။
ရွှံ့နွံတွားသွားကောင် ဆိုတဲ့ နာမည်အတိုင်း သူက ဘယ်လိုပတ်ဝန်းကျင်နဲ့ ကိုက်ညီလဲဆိုတာ အသိသာကြီးပါ။ ပတ်ဝန်းကျင်မှာ ရွှံ့နွံမရှိရင်တောင် မင်းက သဲပြင်ပေါ်မှာ ရပ်နေပြီး သူ့ကို လွှတ်မလိုက်သင့်ဘူး။ မြေပြင်ပေါ်က ခြောက်သွေ့ပြီး မာကျောတဲ့ သဲပွင့်တွေက ရွှံ့နွံတွားကောင်ရဲ့ အရှိန်ကို အများကြီး နှေးကွေးသွားစေမှာပေါ့။ ဒါ့အပြင် သူ့ရဲ့ ဗိုက်အောက်ပိုင်းနဲ့ ခြေလေးဖက်အောက်က ရွှံ့နွံအမျှင်လေးတွေဟာလည်း ဒီသဲခြောက်တွေကြောင့် ထိခိုက်ကုန်လိမ့်မယ်။ ဒါက သူ့အတွက် တကယ့်ကို ဆိုးကျိုးပဲ။
စုပင်းက ဝေဖန်နေရင်းနဲ့ပဲ ရွှံ့နွံတွားသွားကောင်ရဲ့ လျှာနဲ့ လက်သည်းတွေကို ကပ်သီးလေး ရှောင်လိုက်သည်။။ ရွှံ့နွံတွားသွားကောင်က သူ့နောက်ကို ဆက်လိုက်နေတာကြောင့် စုပင်း အခြားရွေးချယ်စရာ မရှိတော့ဘဲ အဲဒီကောင်ရဲ့ ရွှံ့တွေပေနေတဲ့ ရှည်လျားတဲ့ လက်မောင်းကို ဆွဲဖမ်းပြီး လှည့်ပစ်လိုက်ပါတယ်။ သူ့လက်မောင်းက အားအင်တွေကို သုံးပြီး ၄ မီတာလောက်ကြီးတဲ့ ရွှံ့နွံတွားကောင်ကြီးကို လွှင့်ပစ်လိုက်တာပါ။ ဒါပေမဲ့ စုပင်းက အဲဒီကောင်ကို ထိခိုက်အောင် လုပ်လိုက်တာ မဟုတ်ပါဘူး။ ရွှံ့နွံတွားသွားကောင် နားနားနေနေ နေလို့ရအောင် ရေကန်ထဲကို ပစ်ထည့်ပေးလိုက်တာပါ။
အဲဒီအချိန်မှာပဲ ဝိညာဉ်စားသားရဲ က စုပင်းကို ဝိုင်းပတ်လိုက်ကာ အဲဒီမြူလုံးထဲက ထွက်လာတဲ့ စူးစူးဝါးဝါး အော်သံတွေက ဘယ်သူမဆို စိတ်ဓာတ်ကျသွားစေဖို့ လုံလောက်ပေမယ့် စုပင်း အတွက် တော့ မလုံလောက်ပါဘူး။
ဝူးးးးးးးး။
စုပင်းရဲ့ လည်ချောင်းက အနည်းငယ် ကြီးထွားလာပြီး ပါးစပ်ကို ဟလိုက်တော့သည်။ စုပင်းက နဂါးဟိန်းသံ တစ်ချက်ကို ဟိန်းထုတ်လိုက်တာပါ။ ဒါက သာမန် ဟိန်းသံ မဟုတ်ပါဘူး။ အဲဒီထဲမှာ ကြယ်တာရာစွမ်းအားတွေ၊ အသံလှိုင်းတွေနဲ့ ဟန့်တားနှိမ်နင်းနိုင်တဲ့ အာနိသင်တွေ ပါဝင်နေပါတယ်။
ဝိညာဉ်စားသားရဲရဲ့ မြူလုံးခန္ဓာကိုယ်ဟာ ဒီရေတွေလိုပဲ တုန်ခါသွားကာ ... စုပင်းနားကနေ ချက်ချင်း နောက်ဆုတ်သွားပြီး မီတာ အတော်ကြာအထိ အကွာအဝေး တစ်ခုမှာ နေပါတော့တယ်။ မြူလုံးထဲက အော်ဟစ်ငိုကြွေးသံတွေလည်း တိတ်ဆိတ်သွားပါ တော့သည်။ဝိညာဉ်စားသားရဲ တကယ်ကို ကြောက်သွားတာပါ။
စုပင်းဟာ နဂါးဘုရင် အမွေအနှစ်နယ်မြေမှာ နဂါးဟိန်းသံတွေကို အဝအပြဲ နားထောင်ခဲ့ဖူးပြီး မန်နာဂမ်ခွေးတောင် နဂါးဟိန်းသံကို တတ်မြောက်သွားတာပဲမို့ စုပင်း မတတ်နိုင်စရာ အကြောင်းမရှိပါဘူး။ လူသားရဲ့ လည်ချောင်းတည်ဆောက်ပုံအရ တကယ့် နဂါးဟိန်းသံစစ်စစ်ကို ထုတ်ဖို့ ခက်ပေမဲ့၊ သူဟာ ကျင့်ကြံရေးနယ်မြေတွေမှာ ကြယ်တာရာစွမ်းအားတွေနဲ့ သူ့လည်ချောင်းကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီလို ကြိုးစားရင်း တစ်ခါတုန်းက သူ့ကိုယ်သူ လည်ပင်း ပြန်ညှစ်မိပြီး သေသွားခဲ့ဖူးသေးတာပါ။ နောက်ပိုင်းမှာတော့ စုပင်း နည်းလမ်းတစ်ခု တွေ့သွားပါတယ်။ သူ့ရဲ့ လည်စိကို အနည်းငယ် ညှိလိုက်ရုံပါပဲ၊ ဒါဆိုရင် သူ့လည်ချောင်းကို မထိခိုက်အောင် ကာကွယ်နိုင်ပါတယ်။
ပုံမှန်ဆိုရင် တိုက်ခိုက်ရေးသမားတွေအတွက် ဒါကို လုပ်ဖို့ ခက်ခဲပေမဲ့၊ စုပင်းက နေမင်းကာကွယ်ခြင်း ကို ကျင့်ကြံထားတာကြောင့် သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုဟာ နဂါးတွေထက် မနိမ့်ပါဘူး။ သူ့လည်ချောင်းရဲ့ ကြံ့ခိုင်မှုကလည်း ထိုနည်းတူပါပဲ။
ဒီဟိန်းသံက ဝိညာဉ်စားသားရဲကိုပဲ ကြောက်လန့်စေတာ မဟုတ်ဘဲ ဇူရန်းကိုလည်း အံ့သြမှင်သက်သွားစေခဲ့သည်။
"...သူ ဘာကို ကြားလိုက်ရတာလဲ။ ဒါ နဂါးဟိန်းသံ မဟုတ်လား။ လူသားတစ်ယောက်က ဘယ်လိုလုပ် နဂါးတစ်ကောင်လို ဟိန်းနိုင်တာလဲ......"
"ဝိညာဉ်စားသားရဲ "ကို ခြောက်လှန့်လိုက်ပြီးနောက် စုပင်း မျက်မှောင်ကြုတ်ကာ အဝေးက ဇူရန်းကို "လျှောက်ကစားနေတာတွေ တော်တော့" ဟု အော်ပြောလိုက်ပြီး ဇူရန်းဆီကို လျှောက်လာခဲ့သည်။
စုပင်း အော်သံကြောင့် ဇူရန်း သတိပြန်ဝင်လာခဲ့ပြီး စုပင်းက သူ့နားကို ပိုပိုပြီး တိုးလာနေတာကို မြင်လိုက်ရသည်။ ဇူရန်းရဲ့ စိတ်ထဲမှာ စုပင်းရဲ့ ကြောက်စရာကောင်းတဲ့ အေးစက်တဲ့ အကြည့်တွေက ပြန်ပေါ်လာပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထသွားရှာသည်။။ တံခါးကို ပိတ်လိုက်မိတာကိုလည်း သူ နောင်တရနေမိပါတယ်။ တကယ်လို့ စုပင်းက သူ့ကို တစ်ခုခုလုပ်ချင်တယ်ဆိုရင် သူအနေနဲ့ ထွက်ပြေးစရာ လမ်းမရှိတော့ပါဘူး။
" ကျွန်... ကျွန်တော် တောင်းပန်ပါတယ် " လို့ ဇူရန်းက အသံတုန်တုန်ယင်ယင်နဲ့ ပြောလာခဲ့သည်။ လက်ရှီမှာ ဇူးရန်း ဟာ သူ့ရင်ထဲက သတ်ဖြတ်လိုစိတ်တွေ အကုန်ပျောက်ကွယ်သွားပါပြီ။ စုပင်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ခွန်အားကိုပဲ သုံးပြီး သူ့သားရဲ နှစ်ကောင်လုံးကို နှိမ်နင်းလိုက်တာ ဖြစ်ပါတယ်။ ဒါမျိုးက အဆင့်မြင့် တိုက်ခိုက်ရေးသမားတွေပဲ လုပ်နိုင်တာမျိုးပါ။ အဆင့်မြင့် တိုက်ခိုက်ရေးသမားတစ်ယောက်က ဒီလောက်အထိ ငယ်ရွယ်နေတာကို ဇူရန်း မယုံနိုင်အောင် ဖြစ်နေရပေမဲ့၊ သူ စုပင်းကို နောက်တစ်ခါ ထပ်ပြီး စော်ကားဖို့တော့ မဝံ့ရဲတော့ပါဘူး။
***