တုကူးဖူကွေ့ လှမ်းကြည့်လိုက်သည်။ လူအုပ်ကြီးက ဘေးသို့ဖယ်ပေးလိုက်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ ရုပ်သွင်က ဖုန့်ချန်ဖုန်းနဲ့ အနည်းငယ် ဆင်တူနေသည်။
“အဖေ...”
ဖုန့်ချန်ဖုန်းက သက်လတ်ပိုင်းအမျိုးသားကို မြင်မြင်ချင်း လှမ်းခေါ်လိုက်သည်။
ရောက်လာသူကတော့ ဖုန့်မိသားစုရဲ့ လက်ရှိ မိသားစုခေါင်းဆောင်ပင် ဖြစ်သည်။
“ကျုပ်က ဖုန့်ကျန်းပါ... ကျုပ်ရဲ့သား မြို့တော်မှာ တစ်ယောက်ယောက်နဲ့ ပြဿနာတက်နေတယ်လို့ ကြားလို့ လာခဲ့တာ။ ဒါပေမဲ့ သခင်လေးတုကူးကို သွားရန်စမိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကျုပ်သားက တကယ်ကို မျက်စိမပါတာပဲ...”
ဖုန့်မိသားစုခေါင်းဆောင်က တုကူးဖူကွေ့ဆိုတာ ဘယ်သူလဲဆိုတာကို သိနေခဲ့တာပဲ။
ရောက်လာသူကို မြင်လိုက်ရတဲ့အခါ တုကူးဖူကွေ့ မျက်မှောင်ကြုတ်သွားသည်။
“အဲဒါ ဘာသဘောလဲ... ခွေးကောင်လေးက ဘာမှ ထုတ်မပြနိုင်တော့လို့ ခွေးကောင်ကြီးက ဝင်ပါလာတာလား...”
“လူဝကြီး... မင်း ဘာပြောလိုက်တယ်...”
ဖုန့်ချန်ဖုန်းက ချက်ချင်း ဒေါသတကြီး ပြန်အော်လိုက်သည်။
ဖုန့်ကျန်းက သူ့သားကို လောလောဆယ် ငြိမ်ငြိမ်နေရန် လက်ကာပြလိုက်ပြီးနောက် သူကိုယ်တိုင် စကားစလိုက်သည်။
“သခင်လေးတုကူးအတွက်တော့ ကျုပ်တို့ ဖုန့်မိသားစုက ခွေးကောင်တွေ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒီနေ့ ကျုပ်သား တစ်ယောက်ယောက်နဲ့ ရတနာယှဉ်ပြိုင်ပွဲ လုပ်နေတယ်လို့ ကြားလို့ ကျုပ်ကိုယ်တိုင် လာကြည့်တာ။ တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ရတနာတစ်ခု ကျုပ် ရထားတာဆိုတော့ ဒီအခွင့်အရေးကိုယူပြီး သခင်လေးတုကူးနဲ့ ရတနာယှဉ်ပြိုင်ပွဲလေး လုပ်ကြည့်ချင်ပါသေးတယ်...”
“စကားပြောတော့ လှသားပဲ... ဒါပေမဲ့ အဆုံးသတ်ကျတော့လည်း ကလေးက မနိုင်လို့ လူကြီးက ဝင်ကူရတဲ့သဘောပဲ မဟုတ်လား... ဒီသခင်လေးက မင်းတို့ကို အနိုင်ကျင့်တယ်လို့ မပြောနဲ့... ပစ္စည်းရှိရင် ထုတ်ပြလိုက်စမ်းပါ...”
“ဒါဆိုရင်လည်း ခွင့်လွှတ်ပါ သခင်လေးတုကူး...”
ဖုန့်ကျန်းက လက်ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် ရိုးရှင်းတဲ့ အဝတ်အစားတစ်ခုကို ထုတ်ယူလိုက်သည်။
အဲဒီအဝတ်အစားကို ကြည့်လိုက်ရုံနဲ့ လယ်သမားတွေဝတ်လေ့ရှိတဲ့ အလုပ်ဝတ်စုံလိုမျိုး အပြာရောင်သန်းနေတာကို တွေ့ရသည်။ ဖုန့်မိသားစုခေါင်းဆောင်က ဘာဖြစ်လို့ ဒီလိုအရာမျိုးကို ထုတ်လာရတာလဲဆိုတာကို လူတွေအားလုံး ချက်ချင်း သိချင်စိတ်ပြင်းပြသွားကြသည်။
ဒါက သာမန်အဝတ်အစားတစ်ခုသက်သက် မဟုတ်ဘူးဆိုတာကို သူတို့ သေချာပေါက် သိနေကြသည်။ ဒါက ဘာကြီးလဲဆိုတာကို အမြန်ဆုံး သိချင်နေကြခြင်းသာ ဖြစ်သည်။
သို့သော် အဲဒီအဝတ်အစားကို မြင်လိုက်ရတဲ့အခါ တုကူးဖူကွေ့ရဲ့ မျက်နှာအမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
စောစောက တုကူးဖူကွေ့ အခက်တွေ့နေတဲ့ပုံစံ ပေါက်သွားတာက သရုပ်ဆောင်နေမှန်း လုချန် ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တုကူးဖူကွေ့ရဲ့ မျက်လုံးတွေထဲမှာ အံ့အားသင့်မှုတွေ ပြည့်နှက်နေတာမို့ ဒါက အစစ်အမှန်ဖြစ်ကြောင်း သူ သိလိုက်သည်။
“မင်းတို့ ဒီပစ္စည်းကို တကယ်ကြီး ရှာတွေ့သွားမယ်လို့ မထင်ထားခဲ့ဘူး...”
“ဟဲဟဲ... ကံကောင်းသွားရုံလေးပါ...”
ဖုန့်ကျန်းက အဝတ်အစားကို ကိုင်ထားရင်း မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။ သူပြောတဲ့စကားတွေက အလွန်ယဉ်ကျေးနေပေမဲ့ သူရဲ့ မျက်လုံးတွေထဲက မောက်မာမှုကိုတော့ ရှိနေသူတိုင်း မြင်တွေ့နေရသည်။
တစ်စုံတစ်ယောက်က ဒီအဝတ်အစားက ဘာကြီးလဲဟု စူးစမ်းစွာ မေးလိုက်သည်။
“ဒီပစ္စည်းနဲ့ ပတ်သက်ပြီး ကျုပ်လည်း သိပ်အများကြီးတော့ မသိပါဘူး... သခင်လေးတုကူးကိုပဲ မေးကြည့်ကြတာ ပိုကောင်းမယ် ထင်တယ်... ဒီပစ္စည်းအကြောင်းကို သခင်လေးတုကူးက အသိဆုံး ဖြစ်လိမ့်မယ်... ဘာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာကြာအောင် တုကူးမိသားစုက ကုန်းမြေတိုက်ငါးခုလုံးကို လှည့်လည်သွားလာနေခဲ့တာ ဒီအဝတ်အစားလေး တစ်ခုတည်းအတွက်ပဲ မဟုတ်လား...”
ဖုန့်ကျန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
ဒီအချိန်မှာတော့ တုကူးဖူကွေ့ရဲ့ မျက်နှာကြီးက တင်းမာနေပြီး သူ့ရဲ့ မျက်လုံးသေးသေးလေးတွေက ဖုန့်ကျန်းလက်ထဲက အဝတ်အစားဆီကိုသာ စူးစိုက်ကြည့်နေကာ မကျေမနပ်ဖြစ်နေတဲ့ အရိပ်အယောင်တွေ တလက်လက် တောက်ပနေသည်။
ဖုန့်ကျန်း ပြောတဲ့အတိုင်းပင်။ သူ ကုန်းမြေတိုက်ငါးခုလုံးကို လှည့်လည်သွားလာနေခဲ့ရတဲ့ အကြောင်းရင်း၊ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က ပိုင်သခင်ကြီးကို ကူညီဖို့ တုကူးမိသားစုက ကုန်းမြေတိုက်ငါးခုဆီ လူတွေ စေလွှတ်ခဲ့ရတဲ့ အကြောင်းရင်း... အရာအားလုံးက ဒီအဝတ်အစားလေးအတွက်ပင် ဖြစ်သည်။
တုကူးဖူကွေ့က အံတင်းတင်းကြိတ်လိုက်ရင်း သူ့အသံက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
“ဒါက ငါတို့ တုကူးမိသားစု ဘိုးဘေးကြီးရဲ့ အမွေအနှစ်ပဲ...”
“အမွေအနှစ်...”
တုကူးဖူကွေ့ရဲ့ မိသားစု နောက်ခံအကြောင်း သိသူများက ဒီစကားကို ကြားလိုက်ရချိန်မှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
မသိသူများကတော့ အများစုက ဇဝေဇဝါ ဖြစ်နေကြသည်။ ဖုန့်မိသားစုခေါင်းဆောင်က ဘာကိုဆိုလိုချင်တာလဲ။ တခြားလူရဲ့ အမွေအနှစ်ကို ယူလာပြီး သူတို့နဲ့ လာပြိုင်နေတာလား။
သူတို့ အလွန်ဇဝေဇဝါ ဖြစ်နေကြပေမဲ့ ဒီရှုပ်ထွေးမှုတွေက သိပ်မကြာလိုက်ဘဲ ဖုန့်ကျန်းရဲ့ စကားတွေကြောင့် ရှင်းလင်းသွားခဲ့သည်။
“ဟုတ်ပါတယ်... တုကူးမိသားစု ဘိုးဘေးကြီးရဲ့ အမွေအနှစ်၊ အင်မော်တယ်ဘုရင် တစ်ပါးရဲ့ ကိုယ်ပိုင်အဝတ်အစားပဲ...”
ဘုန်း...
'အင်မော်တယ်ဘုရင်' ဆိုတဲ့ စကားလုံး ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းရဲ့ ခေါင်းပေါ်မှာ မိုးကြိုးပစ်ချလိုက်သလိုမျိုး ရုတ်တရက် ကျယ်လောင်တဲ့အသံကြီး ထွက်ပေါ်လာသည်။
အင်မော်တယ်ဘုရင်ဆိုတာ တားမြစ်ထားတဲ့ ဝေါဟာရတစ်ခု ဖြစ်သည်။ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကို အသံထွက်ပြောလိုက်မယ်ဆိုရင် ကောင်းကင်ဘုံကတောင် သတိပေးချက်တစ်ခု ထုတ်ပြန်လာလေ့ရှိသည်။
ကျောက်မျက်အကဲဖြတ်ကျောက်တုံးက ကြီးမားတဲ့ ဂုဏ်သတင်းကျော်ဇောမှု ရှိသည်။ ဒဏ္ဍာရီတွေအရ ရှေးခေတ်တုန်းက အင်မော်တယ်ဘုရင်တစ်ပါးက ဒါကို အသုံးပြုပြီး ကောင်းကင်ကို ဖာထေးခဲ့ရာကနေ နောက်ဆုံးမှာ ကွဲအက်သွားခဲ့တယ်လို့ ဆိုကြသည်။
အင်မော်တယ်ဘုရင်ဆိုတာ ဘာလဲ။ ဓာတ်ကြီးငါးပါးကို ကျော်လွန်ပြီး ဘုံခြောက်ပါးကနေ ခုန်ထွက်ကာ လောကကြီးနဲ့ ကင်းကွာနေသူ၊ ထာဝရပျက်စီးခြင်းမရှိဘဲ ကောင်းကင်နဲ့ မြေကြီးလို သက်တမ်းရှည်လွန်းတဲ့ တည်ရှိမှုမျိုး ဖြစ်သည်။ ရှေးဟောင်း မဟာစစ်ပွဲကြီးသာ မဖြစ်ခဲ့ဘူးဆိုရင် အင်မော်တယ်ဘုရင်တွေ ကျဆုံးသွားမှာ မဟုတ်ဘဲ ဒီနေ့ခေတ်အထိ အသက်ရှင်နေဦးမှာ ဖြစ်သည်။
အင်မော်တယ်ဘုရင်ရဲ့ ကိုယ်ပိုင်အဝတ်အစားတဲ့လား...
တကယ်လို့ အဲဒါသာ အမှန်ဆိုရင် ဒါက ဘယ်လိုရတနာမျိုး ဖြစ်နေမလဲ... အင်မော်တယ်လက်နက်များလား...
မဟုတ်ဘူး... မဟုတ်သေးဘူး... အင်မော်တယ်လက်နက်က ဘယ်လိုလုပ်ပြီး အင်မော်တယ်ဘုရင်ရဲ့ ကိုယ်ပိုင်အဝတ်အစားနဲ့ သွားယှဉ်လို့ရမှာလဲ။ အဲဒါက ကောင်းကင်တာအိုနဲ့ တန်းတူရှိနေတဲ့ သူတစ်ယောက်လေ။ သာမန် ကိုယ်ပိုင်အဝတ်အစားလေးဆိုရင်တောင် မဟာတာအိုရဲ့ ဥပဒေသတွေ စိမ့်ဝင်နေနိုင်သေးသည်။
ကုန်းမြေတိုက်ငါးခုမှာ ဒီလိုအရာမျိုး တကယ်ကြီး ရှိနေတာလား...
ဒီအဝတ်အစားက ဘယ်အဆင့်ရှိတဲ့ ရတနာ ဖြစ်နိုင်မလဲ...
ဒီအချိန်မှာတော့ ဒီအဝတ်အစားကို ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ် တင်လိုက်ရင် ဘယ်လိုအရောင်မျိုး ထွက်လာမလဲဆိုတာကို လူတိုင်း မျှော်လင့်တကြီးနဲ့ ကြည့်ချင်နေကြသည်။
အနက်ရောင်... အနည်းဆုံးတော့ အနက်ရောင်ပဲ ဖြစ်ရမယ်...
အဲဒါက ကြီးမားတဲ့ ဒါမှမဟုတ် မျက်စိကျိန်းမတတ် တောက်ပတဲ့ အလင်းတန်းကိုတောင် ထုတ်လွှတ်ပေးနိုင်လိမ့်မည်။
ဖုန့်ကျန်းက လူတိုင်းကို အကြာကြီး စောင့်မနေစေတော့ပေ။ သူက ရှေ့ကို တစ်လှမ်းတိုးလာပြီး အဝတ်အစားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျောက်မျက်အကဲဖြတ်ကျောက်တုံးပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်သည်။
အဝတ်အစားက ကျောက်မျက်အကဲဖြတ်ကျောက်တုံးနဲ့ ထိတွေ့သွားတဲ့ အခိုက်အတန့်မှာပဲ ကျောက်တုံးဆီကနေ ညင်သာစွာ တုန်ခါမြည်ဟည်းသွားတဲ့ အသံကို လူတိုင်း ကြားလိုက်ရသည်။ ဒါက စိတ်ထင်ယောင်ထင်မှား ဖြစ်နေတာ မဟုတ်ပေ။
“ဘာဖြစ်သွားတာလဲ...”
“ငါ နားကြားမှားတာလား...”
“ကျောက်မျက်အကဲဖြတ်ကျောက်တုံးက တကယ်ကြီး အသံမြည်နေတာပဲ...”
အဲဒီ ညင်သာစွာ မြည်ဟည်းနေတဲ့ အသံက လူတိုင်းရဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးလိုက်သည်။
ကျောက်မျက်အကဲဖြတ်ကျောက်တုံးက ချက်ချင်းဆိုသလို အနက်ရောင်အလင်းတန်း တစ်လွှာ ဖုံးလွှမ်းသွားတာကို သူတို့ မြင်လိုက်ရပြီး ဒါက ဒီအဝတ်အစားဟာ အင်မော်တယ်လက်နက်အဆင့်ကို ရောက်ရှိနေတယ်ဆိုတာကို သက်သေပြနေသည်။
ဒါပေမဲ့ ဒါက အစပဲ ရှိသေးသည်။
အနက်ရောင်အလင်းတန်းက အလွန်တောက်ပလာကာ ကြောက်စရာကောင်းလောက်အောင် မည်းနက်သွားပြီးနောက် မျက်စိကျိန်းမတတ် လင်းလက်သွားသည်။ နက်နဲလှတဲ့ အမှောင်ထုကြီးက တစ်ချက်ကြည့်လိုက်တာနဲ့တင် လူကို အထဲဆွဲသွင်းသွားမလိုပင်။
ကျောက်မျက်အကဲဖြတ်ကျောက်တုံးဆီကနေ ဒီလိုအရောင်မျိုး ထွက်ပေါ်လာအောင် လုပ်နိုင်ဖို့က ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်ကသာ စွမ်းဆောင်နိုင်တာ ဖြစ်သည်။
ဖုန့်ချန်ဖုန်းရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ပြည့်နှက်သွားပြီး အလှည့်စားခံလိုက်ရလို့ ထွက်နေတဲ့ ဒေါသတွေလည်း အခုတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ခွေးကောင်... မင်းရဲ့ ယုံကြည်မှုတွေ ဘယ်ရောက်သွားပြီလဲ... ကိုယ့်ဘိုးဘေးဆီက ပစ္စည်းနဲ့ ပြန်ပြီး အနိုင်ယူခံလိုက်ရတဲ့ ခံစားချက်က အရမ်းကို သက်တောင့်သက်သာ ရှိမယ်လို့ ငါ ထင်တယ်... ဒါက ငါ့ကို အရမ်းပျော်ရွှင်စေတယ်ကွာ...”
စောစောက တုကူးဖူကွေ့ ပြောခဲ့တဲ့စကားတွေကို ဖုန့်ချန်ဖုန်းက သူ့ကို ပြန်ပြောပေးလိုက်သည်။
အနက်ရောင်အလင်းတန်းက မျက်စိကျိန်းမတတ် တောက်ပနေပြီး အကြည့်တွေကို ဆွဲဆောင်ကာ ၎င်းရဲ့ နက်ရှိုင်းမှုထဲကို ဆွဲသွင်းနေသည်။
သို့သော် ဒါက အဆုံးသတ်မဟုတ်ပေ။ အနက်ရောင်အလင်းတန်းက အမြင့်ဆုံး တောက်ပမှုဆီ ရောက်သွားချိန်မှာပဲ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
လူတိုင်းရဲ့ အရှေ့မှာ ချက်ချင်းဆိုသလို ဘာဆိုဘာမှ မရှိတော့ပေ။
“ဒီအဝတ်အစားက အဆင့်မမြင့်လို့များလား...”
“မဟုတ်ဘူး...”
လူတစ်ယောက်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အရောင်ပြောင်းတော့မှာ ဖြစ်ရမယ်...”
“အရောင်ပြောင်းမယ်... ကျောက်မျက်အကဲဖြတ်ကျောက်တုံးအတွက် အနက်ရောင်က အမြင့်ဆုံးအဆင့် မဟုတ်ဘူးလား... နေပါဦး... မင်း ဆိုလိုချင်တာက...”
“အရောင်ငါးမျိုး အလင်းတန်း...”
ကျောက်မျက်အကဲဖြတ်ကျောက်တုံးက စိတ်လှုပ်ရှားစရာ တစ်ခုခုနဲ့ ကြုံတွေ့လိုက်ရသလို အနည်းငယ် တုန်ယင်နေတာကို လူတိုင်း မြင်လိုက်ရသည်။ ရုတ်တရက် ကျောက်ပြားရဲ့ ထောင့်တစ်နေရာဆီကနေ အနီရောင်အလင်းတန်းတစ်ခု အထက်ကို ပစ်ထွက်သွားပြီးနောက် အဝါရောင်အလင်းတန်းတစ်ခု ပေါ်လာကာ ကောင်းကင်ဆီ ထိုးတက်သွားသည်။ အဲဒီနောက်မှာတော့ အပြာ၊ ခရမ်းနဲ့ အနက် စတဲ့ နောက်ထပ် အလင်းတန်း သုံးရောင် ထွက်ပေါ်လာပြီး စုစုပေါင်း အရောင်ငါးမျိုးလုံး ကောင်းကင်ဆီ ပြေးတက်သွားကြသည်။
အရောင်ငါးမျိုးက အချင်းချင်း ရောယှက်နေပြီး ကောင်းကင်ယံကိုတောင် ဖောက်ထွက်သွားနိုင်မယ့်အလားပင်။
“အရောင်ငါးမျိုး... တကယ်ကြီး အရောင်ငါးမျိုး အလင်းတန်းပဲ...”
“ဒီလိုမြင်ကွင်းမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
ဘေးမှ ကြည့်ရှုနေသူတစ်ယောက်က စိတ်လှုပ်ရှားလွန်းလို့ တုန်ယင်နေသည်။
အဘိုးကုပင်လျှင် အရောင်ငါးမျိုး အလင်းတန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။
ရှေးဟောင်းမှတ်တမ်းတွေမှာတော့ ကျောက်မျက်အကဲဖြတ်ကျောက်တုံးက အရောင်ငါးမျိုး အလင်းတန်း ထုတ်လွှတ်နိုင်တယ်လို့ ဖော်ပြထားပေမဲ့ ဒီနေ့အချိန်အထိ ဘယ်တုန်းကမှ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။
အင်မော်တယ်ဘုရင်ရဲ့ ကိုယ်ပိုင်အဝတ်အစားက တကယ်ကို ထူးခြားဆန်းကြယ်လွန်းသည်။
ဒီပြင်းထန်လှတဲ့ အရောင်ငါးမျိုး အလင်းတန်းနဲ့အတူ ဖုန့်ချန်ဖုန်းရဲ့ ရယ်မောသံက ပိုမိုကျယ်လောင်လာသည်။
“ဟားဟားဟား... ခွေးကောင်... မင်း ဒေါသထွက်နေပြီလား... စိတ်တိုနေပြီလား...”
အရောင်ငါးမျိုး အလင်းတန်းကို ကြည့်ရင်း တုကူးဖူကွေ့ အချိန်အတော်ကြာအောင် မှင်သက်သွားပြီးနောက်မှ ဖုန့်ချန်ဖုန်းကို ပြန်ဖြေလိုက်သည်။
“အေး... ငါ တကယ်ကို ဒေါသထွက်ပြီး စိတ်တိုနေတာပဲ... ဒါပေမဲ့ ငါ မကျေနပ်ရတာက မင်းတို့ ဖုန့်မိသားစုက ငါတို့ထက်အရင် ဒီပစ္စည်းကို ရှာတွေ့သွားလို့ပဲ... ဒါပေမဲ့ ငါ့ရဲ့ မကျေနပ်ချက်တွေထက်စာရင် ငါ အခု ပိုပြီး ပျော်နေတယ်... ဘာလို့လဲဆိုတော့ မင်းသာ မရှိရင် ဒီနေ့ ငါ့ဘိုးဘေးရဲ့ အမွေအနှစ်ကို ငါ ဘယ်လိုလုပ်ပြီး ရှာတွေ့နိုင်မှာလဲ...”
“ခွေးကောင်... မင်း ဘာသဘောနဲ့ ပြောတာလဲ...”
ဖုန့်ချန်ဖုန်း တစ်ယောက် တုကူးဖူကွေ့ရဲ့ စကားတွေထဲကနေ နိမိတ်မကောင်းတဲ့ အရိပ်အယောင်တစ်ခုကို အနံ့ခံမိသွားသည်။
“ငါပြောတာ သိပ်မရှင်းသေးဘူးလား... ငါတို့ တုကူးမိသားစု ဘိုးဘေးရဲ့ ပစ္စည်းတွေက ငါတို့ တုကူးမိသားစုရဲ့ လက်ထဲကို အမြဲတမ်း ပြန်ရောက်လာရစမြဲပဲလေ...”
“ရယ်စရာပဲ... မင်းက ပြန်ယူမယ်ပြောတိုင်း ပြန်ယူလို့ရမယ် ထင်နေတာလား... ဒီနေ့ ရတနာယှဉ်ပြိုင်ပွဲမှာ မင်း ရှုံးသွားပြီမို့ အတင်းအဓမ္မ လုယူဖို့များ စိတ်ကူးနေတာလား...”
“ရှုံးတယ်... ဘယ်သူက ငါ ရှုံးသွားပြီလို့ ပြောနေလို့လဲ...”
*