“ဘယ်သူက ငါ ရှုံးသွားပြီလို့ ပြောနေလို့လဲ...”
တုကူးဖူကွေ့ရဲ့ စကားကြောင့် လူတိုင်း မှင်သက်သွားကြသည်။
ဘာအဓိပ္ပာယ်လဲ... အရောင်ငါးမျိုး အလင်းတန်းတောင် ထွက်နေပြီကို သူက အရှုံးမပေးချင်သေးဘူးလား...
“ခွေးကောင်... မင်းက လှည့်စားချင်နေတာတော့ မဟုတ်ပါဘူးနော်... ဒီအရောင်ငါးမျိုး အလင်းတန်းကို မမြင်ရအောင် မင်းမျက်လုံးတွေ ကန်းနေလို့လား”
ဖုန့်ချန်ဖုန်းက ပြောလိုက်ပေမဲ့ သူ့ရင်ထဲက မလုံမခြုံဖြစ်နေတဲ့ ခံစားချက်က ပိုမိုပြင်းထန်လာတာကို သူ ခံစားလိုက်ရသည်။
“ငါ အကောင်းကြီး မြင်ရပါတယ်ကွ...”
“ဟားဟားဟား... ခွေးကောင်... မင်းဆီမှာ ဒီအဝတ်အစားထက် သာလွန်တဲ့ ရတနာ ရှိသေးတယ်လို့များ ထင်နေတာလား... အရောင်ငါးမျိုး အလင်းတန်းလေ... မင်း တစ်သက်နဲ့တစ်ကိုယ် မြင်ဖူးလို့လား...”
“ဖုန့်ဆိုတဲ့ကောင်... မင်းက တကယ်ကို အရှက်မရှိတာပဲ... ဒီပစ္စည်းက မူလက ငါတို့ တုကူးမိသားစုပိုင်တဲ့ဟာကွ... ငါတို့ ကုန်းမြေတိုက်ငါးခုကို စရောက်လာတုန်းက မင်းတို့ ဖုန့်မိသားစုက ငါတို့လာတဲ့ ရည်ရွယ်ချက်ကို အတင်းစုံစမ်းပြီး ငါတို့ တုကူးမိသားစု ဘိုးဘေးရဲ့ အမွေအနှစ်ကို လုယူဖို့ အကြံအစည်ထုတ်ခဲ့တာလေ... မင်းတို့က ကောက်ကျစ်တဲ့ လူယုတ်မာတွေ ဖြစ်ရုံတင်မကဘူး... အခု ငါတို့ တုကူးမိသားစုပိုင်တဲ့ ပစ္စည်းကို ငါ့ရှေ့မှာ လာပြီး ကြွားလုံးထုတ်ပြနေသေးတယ်ပေါ့လေ...”
“ရယ်စရာပဲ... ဘာ တုကူးမိသားစုလဲ... ငါတော့ မကြားဖူးပါဘူး...”
“မကြားဖူးရင် မင်းအဖေကို သွားမေးကြည့်လိုက်စမ်း...”
ဖုန့်ကျန်းက ဝင်ပြောလိုက်သည်။
“သခင်လေးတုကူး... အဲဒီလို ပြောလို့ မရဘူးလေ... ရတနာဆိုတာ ရှာတွေ့တဲ့သူ ပိုင်တာ သဘာဝပဲလေ...”
“မင်းတို့ ဘာပဲပြောပြော အရေးမကြီးဘူး... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ ငါတို့ တုကူးမိသားစုရဲ့ ပစ္စည်းက ငါတို့ တုကူးမိသားစုရဲ့ လက်ထဲ ပြန်ရောက်လာမှာပဲ...”
“ခွေးကောင်... မင်းက ဘယ်ကနေ ဒီလောက် ယုံကြည်မှုတွေ ရနေတာလဲ... ဒီမှာ လာပြီး အော်မနေနဲ့... မင်းမှာ အရည်အချင်းရှိရင် အရောင်ငါးမျိုး အလင်းတန်းထွက်တဲ့ ရတနာတစ်ခုလောက် ထုတ်ပြလိုက်စမ်းပါ...”
“ဟဲဟဲဟဲ...”
တုကူးဖူကွေ့က ရုတ်တရက် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
“ငါ မထုတ်ပြနိုင်ဘူး...”
ဖုန့်ချန်ဖုန်းက မူလက တုကူးဖူကွေ့ဆီကနေ ကြမ်းတမ်းတဲ့ စကားတစ်ခွန်းခွန်း ထွက်လာလိမ့်မယ်လို့ ထင်ထားပြီး ပြန်ပက်ဖို့ အဆင်သင့်ပြင်ထားခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ တစ်ဖက်လူက ရုတ်တရက်ကြီး အဲဒီလို ပြောချလိုက်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။ တန်ပြန်တိုက်စစ်ဆင်ဖို့ အားကုန်သုံးပြီး ပြင်ဆင်ထားပေမဲ့ ရုတ်တရက်ကြီး ဘာမှလုပ်စရာမလိုတော့တဲ့ ခံစားချက်က သူ့ကို နေရခက်သွားစေသည်။
“မထုတ်ပြနိုင်ဘူးဆိုရင်တော့ ဒီရတနာယှဉ်ပြိုင်ပွဲမှာ မင်း ရှုံးပြီပေါ့...”
“ဖုန့်ဆိုတဲ့ကောင်... ခုနက ငါပြောတာကို မင်း နားမကြားဘူးလား... ဘယ်သူက ငါ ရှုံးပြီလို့ ပြောနေလို့လဲ... ငါ မထုတ်ပြနိုင်တာနဲ့ပဲ တခြားသူတွေ မထုတ်ပြနိုင်ဘူးလို့ မဆိုလိုဘူးလေ...”
“ရယ်စရာကောင်းလိုက်တာ... လာစမ်းပါ... မင်းနောက်မှာ ရပ်နေတဲ့ အသုံးမကျတဲ့ကောင်တွေထဲက ဘယ်သူကများ အရောင်ငါးမျိုး အလင်းတန်းထွက်တဲ့ ရတနာကို ထုတ်ပြနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...”
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများကလည်း တုကူးဖူကွေ့ဆီမှာ ဘယ်လိုဝှက်ဖဲမျိုး ရှိနေသေးလဲဆိုတာကို သိချင်စိတ် ပြင်းပြနေကြသည်။
တုကူးဖူကွေ့ဆီကနေ ရှားပါးရတနာတစ်ခုခု ထွက်လာမလားလို့ သူတို့ မျှော်လင့်နေကြဆဲမှာပင် တုကူးဖူကွေ့က တည်းခိုခန်းအပေါက်ဝဆီလှည့်ပြီး အသံကျယ်ကြီးနဲ့ အော်လိုက်တာကို ကြားလိုက်ရသည်။
“သူဌေးလု... ကျွန်တော့်ကို ခုံပုလေးတစ်လုံးလောက် ငှားပါဦး...”
သူဌေးလုလား... ခုံပုငှားမယ်... အဲဒါ ဘာအဓိပ္ပာယ်လဲ... အစ်ကိုကြီး... ဒါက ရတနာယှဉ်ပြိုင်ပွဲလေ... ခုံပုကို ဘာလုပ်ဖို့ လိုတာလဲ... ငှက်ပြဖို့လား...
တည်းခိုခန်းအပေါက်ဝမှာ ရပ်နေတဲ့ လုချန်က ဒီစကားကို ကြားလိုက်ရတဲ့အခါ နှုတ်ခမ်းတစ်ချက် တွန့်သွားသည်။
'သောက်ကျိုးနည်း... နောက်ဆုံးတော့လည်း ဒီလူဝကြီးက ငါ့ကို မျက်စိကျသွားတာပဲ...'
တကယ်တော့ တုကူးဖူကွေ့က သူ လုံးဝမရှုံးနိုင်ဘူးလို့ ပြောလိုက်ကတည်းက လုချန်ဆီမှာ ဒီလိုခံစားချက်မျိုး ရနေခဲ့တာ ဖြစ်သည်။ ဒါပေမဲ့လည်း ဒီလိုဖြစ်သွားတာ ကောင်းပါတယ်။ ဒါမှ သူက လူဝကြီးနဲ့ စစ်နိုင်ကြေးတွေကို ပေါ်ပေါ်ထင်ထင် ခွဲဝေယူလို့ ရမှာလေ။
ဖုန့်ချန်ဖုန်းက စောစောက အနည်းငယ် မလုံမခြုံ ဖြစ်နေခဲ့သေးပြီး ဒီလူဝကြီးက တကယ်ကြီး ရတနာတစ်ခုခုကို ထုတ်ပြလာမှာကို စိုးရိမ်နေခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ အခုလို စကားကို ကြားလိုက်ရတဲ့အခါ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေ ချက်ချင်း ပြေပျောက်သွားတော့သည်။ ခုံပုငှားမယ်တဲ့... ရယ်စရာကောင်းလိုက်တာ။
တုကူးဖူကွေ့ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အဘိုးကု မျက်နှာပေါ်မှာ ရုတ်တရက် သဘောပေါက်သွားတဲ့ အမူအရာ ပေါ်လာသည်။ တုကူးဖူကွေ့ ရှုံးတော့မယ်လို့ သူ ထင်နေခဲ့ပေမဲ့ သူဌေးလုကိုတော့ သူ မေ့နေခဲ့သည်။
တည်းခိုခန်းဆိုတာ အဆုံးအစမရှိတဲ့ အံ့သြဖွယ်ရာတွေကို ပေးစွမ်းနိုင်တဲ့ မှော်ဆန်တဲ့ နေရာတစ်ခုလေ။
တုကူးဖူကွေ့က ခုံပုကို အတိအကျ ဘာလုပ်ဖို့ လိုချင်နေတာလဲဆိုတာကို လူတိုင်း ဇဝေဇဝါ ဖြစ်နေကြသည်။
သူတို့ တွေးတောနေကြဆဲမှာပင် လုချန်ရဲ့ အသံ ထွက်ပေါ်လာသည်။
“လူဝကြီး... ကျောက်ထိုင်ခုံ တစ်လုံးတည်းလား...”
“ဘာဖြစ်ဖြစ်ပါ... ခုံဖြစ်ဖြစ်၊ စားပွဲဖြစ်ဖြစ်၊ ခင်ဗျားရဲ့ မီးဖိုဖြစ်ဖြစ်... အရောင်ငါးမျိုး အလင်းတန်းထွက်နိုင်တဲ့ ဟာဆို ဘာပဲဖြစ်ဖြစ် ရပါတယ်...”
တုကူးဖူကွေ့က ပေါ့ပေါ့ဆဆ ပြန်ဖြေလိုက်သည်။
ဘာ...
ခုံပု...
စားပွဲ...
မီးဖို...
အရောင်ငါးမျိုး အလင်းတန်းထွက်နိုင်တဲ့ဟာဆို ဘာပဲဖြစ်ဖြစ် ရတယ်...
စောစောက တုကူးဖူကွေ့က သူဌေးလုဆီကနေ ခုံပုငှားလိုက်တုန်းက လူတိုင်း လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။ အခု အဲဒီစကားကို ကြားလိုက်ရတဲ့အခါ သူတို့ ပိုပြီးတောင် ဇဝေဇဝါ ဖြစ်သွားကြတော့သည်။
အစ်ကိုကြီး... သူဌေးကြီး... အဲဒါက အရောင်ငါးမျိုး အလင်းတန်းဗျ... အရောင်ငါးမျိုး အလင်းတန်း...
ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်တွေထက် သာလွန်တဲ့ အရည်အသွေးလေ... အင်မော်တယ်ဘုရင်ရဲ့ ကိုယ်ပိုင်အဝတ်အစားကသာ ထုတ်လွှတ်နိုင်တဲ့ အလင်းတန်း... ကျောက်မျက်အကဲဖြတ်ကျောက်တုံးက အရင်က တစ်ခါမှ မမြင်ဖူးခဲ့တဲ့ တောက်ပမှုမျိုးလေ...
အခု ခင်ဗျားက စားပွဲ၊ ကုလားထိုင် ဒါမှမဟုတ် ခုံတန်းလျား တစ်ခုခုဆို ရပြီလို့ ပြောနေတာလား... သောက်ကျိုးနည်း... ခင်ဗျား ဘာတွေ လုပ်ချင်နေတာလဲ...
“အင်း... စဉ်းစားကြည့်ရအောင်... မွန်းတည့်တော့မယ်ဆိုတော့ မီးဖိုကို ဖျက်ပေးလို့ မရဘူး... တော်ကြာနေရင် ငါ ဟင်းချက်ရဦးမှာ... မင်းကို ခုံပုတစ်လုံးတော့ ငှားလို့ရတယ်... ဒါပေမဲ့ မင်းကိစ္စပြီးသွားရင် သူတို့နဲ့ ဆက်ပြီး မပြိုင်နေနဲ့တော့... မဟုတ်ရင် လူတွေ ထမင်းလာစားတဲ့အခါ ထိုင်ခုံတစ်လုံး လျော့နေလိမ့်မယ်...”
“စိတ်မပူပါနဲ့... သူတို့ဆီမှာ သိပ်မကျန်တော့ပါဘူး... ကျွန်တော် ခဏလောက်ပဲ သုံးမှာပါ... အရောင်ငါးမျိုး အလင်းတန်းလောက် ထုတ်ပြပြီးရင် ပြန်ပေးပါ့မယ်...”
“ကောင်းပြီလေ...”
လုချန်က ခေါင်းညိတ်လိုက်ပြီး ခုံပုသွားယူရန် အခန်းထဲ ပြန်ဝင်သွားသည်။
တုကူးဖူကွေ့နဲ့ လုချန်တို့ရဲ့ စကားပြောသံကို ကြားနေရတဲ့ ဖုန့်သားအဖနှစ်ယောက်ရဲ့ မျက်နှာပေါ်က အမူအရာတွေကတော့ ဖော်ပြလို့မရအောင်ပင် ဖြစ်နေသည်။
ဒီနှစ်ယောက်က ဘာသဘောလဲ... တည်းခိုခန်းထဲက ဧည့်သည်တွေ သုံးတဲ့ စားပွဲတွေ၊ ခုံတွေကို ထုတ်လာမလို့လား... မင်းတို့က တကယ်ကို လွန်လွန်းနေပြီ...
“ခွေးကောင်... မင်းနဲ့ ဒီမှာ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး... မင်းဆီမှာ ထုတ်ပြစရာ ဘာမှမရှိတော့ဘူးဆိုရင်လည်း မြန်မြန် အရှုံးပေးလိုက်စမ်းပါ... အချိန်ဆွဲပြီး လှည့်စားနေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ...”
“ငါ ပြောတယ်လေ... ဖုန့်ဆိုတဲ့ကောင်... မင်းက တော်တော် စိတ်အိုက်စရာ ကောင်းတာပဲလား...”
“အရောင်ငါးမျိုး အလင်းတန်းဆိုတာကို မင်း ဘာများမှတ်နေလဲ... တည်းခိုခန်းမှာ သုံးတဲ့ စားပွဲတွေ၊ ခုံတွေကို ထုတ်လာမယ်ပေါ့လေ...”
“ဘာဖြစ်လဲ... စားပွဲတွေ၊ ခုံတွေကလည်း မင်းတို့အားလုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်ကွ...”
“ရယ်စရာပဲ... မင်းက လေလုံးထွားနေတာ သက်သက်ပဲ...”
ပတ်ဝန်းကျင်မှ လူအုပ်ကြီးကလည်း တီးတိုးပြောဆိုလာကြသည်။ တုကူးဖူကွေ့ရဲ့ လုပ်ရပ်တွေက တကယ်ကို နားလည်နိုင်စရာ မရှိလို့ပင်။ တည်းခိုခန်းကနေ ခုံပုတစ်လုံး သွားငှားတယ်တဲ့လား...
မကြာမီမှာပင် လုချန်က လက်တစ်ဖက်မှ ကျောက်ထိုင်ခုံတစ်လုံးကို မရင်း တည်းခိုခန်းထဲက ထွက်လာသည်။
တည်းခိုခန်းကို မကြာခဏ လာတတ်တဲ့ တချို့လူတွေက သူတို့ ထမင်းစားတဲ့အခါ ထိုင်နေကျ ခုံဆိုတာကို ချက်ချင်း မှတ်မိသွားကြသည်။
“သူ တကယ်ကြီး ခုံပုကို ထုတ်လာတာလား... သူ တကယ်ကြီး ခုံပုတစ်လုံးတည်းနဲ့ အရောင်ငါးမျိုး အလင်းတန်း ထွက်လာအောင် လုပ်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်...”
“ဘာပဲဖြစ်ဖြစ် ငါတော့ မယုံဘူး... သူဌေးလုရဲ့ မှော်ဆန်မှုတွေကို ငါ ယုံကြည်ပေမဲ့... တကယ်လို့ ငါက ကျောက်မျက်အကဲဖြတ်ကျောက်တုံးကို အရောင်ငါးမျိုး အလင်းတန်းထွက်စေနိုင်တဲ့ ခုံပေါ်မှာ နေ့တိုင်း ထမင်းစားနေခဲ့ရမှန်း သိလိုက်ရရင် ငါတော့ ရူးသွားလိမ့်မယ် ထင်တယ်...”
“ငါရောပဲ...”
လူတိုင်းက လုချန်ရဲ့ မှော်ဆန်မှုတွေကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးပေမဲ့ ကျောက်ထိုင်ခုံလေး တစ်လုံးတည်းက ထိပ်တန်းအဆင့် အင်မော်တယ်လက်နက်ကို ကျော်လွန်သွားနိုင်တယ်ဆိုတာကတော့ အနည်းငယ် ယုံကြည်နိုင်စရာ မရှိသေးပေ။
“ကဲ... ခုံပုလည်း ထွက်လာပြီ... အချိန်ဆွဲမနေနဲ့... မြန်မြန်လုပ်... ခွေးကောင်... ငါ့အချိန်တွေကို ဖြုန်းတီးဖို့ မစဉ်းစားနဲ့...”
ဖုန့်ချန်ဖုန်းက စိတ်မရှည်စွာ ပြောလိုက်သည်။ ယခုအခါ တုကူးဖူကွေ့က သူ့ကို အကြောင်းမဲ့ ပြဿနာရှာနေတာလို့သာ သူ ခံစားနေရသည်။
ကျောက်ထိုင်ခုံကို ကိုင်ထားတဲ့ လုချန်က ကျောက်မျက်အကဲဖြတ်ကျောက်တုံးရှေ့မှာ ရပ်နေပြီး အခြားလက်တစ်ဖက်က လက်မကို ကိုက်ကာ အချိန်အတော်ကြာသည်အထိ လှုပ်ရှားခြင်း မရှိပေ။
“သူဌေးလု... ဘာဖြစ်လို့လဲ...”
တုကူးဖူကွေ့က မေးလိုက်သည်။
“ငါ စဉ်းစားနေတာက... တကယ်လို့များ ငါက ဒီကျောက်ပြားကို မတော်တဆ ကြိတ်ခြေမိသွားရင် ဘယ်လိုလုပ်မလဲလို့...”
လုချန်က သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ပြောလိုက်သည်။
ပါးလွှာနေတဲ့ ကျောက်ပြားကို ကြည့်ရင်း ဒီအရာက အထွတ်အမြတ်တောင်က ကျောက်သားတွေရဲ့ အလေးချိန်ကို ခံနိုင်ရည်ရှိပါ့မလားလို့ လုချန် တကယ်ပဲ စိုးရိမ်နေခဲ့သည်။
“မင်းတို့ ခွေးကောင်နှစ်ကောင် ဒီမှာ အရှက်ကွဲအောင် လုပ်နေတာကို ရပ်လို့ရမလား... ကျောက်မျက်အကဲဖြတ်ကျောက်တုံးကို ကြိတ်ခြေပစ်မယ်... မင်းတို့ ဒီနေ့ အဲဒီလို လုပ်နိုင်ရင် ငါ သဘောဆန္ဒအလျောက် အရှုံးပေးရုံတင်မကဘူး မင်းတို့ရှေ့မှာ ဒူးပါ ထောက်ပေးမယ်...”
အနီးမှာ ရပ်နေတဲ့ ဖုန့်ချန်ဖုန်းက သူတို့ရဲ့ အသံတွေကို ကြားတာနဲ့ ချက်ချင်း ဝင်ပြောလိုက်သည်။
“အိုး... အရှုံးပေးမယ်... ဒူးထောက်မယ်... တကယ်ပြောတာလား...”
“ငါက ဘာလို့ တကယ်မပြောရမှာလဲ...”
“မင်းပြောတာက အတည်မဖြစ်ဘူး... မင်းအဖေကို ပြောခိုင်းလိုက်...”
လုချန်နဲ့ တုကူးဖူကွေ့ နှစ်ယောက်လုံးက ဖုန့်ကျန်းဆီကို လှမ်းကြည့်လိုက်ကြသည်။
“ကျုပ်က ပစ္စည်းလာပို့ရုံ သက်သက်ပါ... ဒီနေ့ ရတနာယှဉ်ပြိုင်ပွဲကို ကျုပ်သားက စတင်ခဲ့တာဆိုတော့ သူပြောတာက သဘာဝကျကျပဲ အတည်ဖြစ်ပါတယ်...”
“ဒါဆိုလည်း ကောင်းတာပေါ့... မင်းတို့ စကားမတည်တာမျိုး မလုပ်သရွေ့ပေါ့လေ...”
လုချန်က ခေါင်းညိတ်လိုက်သည်။
“မင်းတို့ ခွေးကောင်နှစ်ကောင်က ကျောက်မျက်အကဲဖြတ်ကျောက်တုံးကို ကြိတ်ခြေပစ်ချင်နေတာလား... ကျောက်မျက်အကဲဖြတ်ကျောက်တုံးရဲ့ အစစ်အမှန် ပါဝင်ပစ္စည်းက ဘာလဲဆိုတာကို မင်းတို့ သိရောသိရဲ့လား...”
“ဂျွတ်...”
*