မြို့တော်အပြင်ဘက်မှနေ၍ အသက်အရွယ်ကြီးရင့်ပုံရသော လူနှစ်ယောက်က မြို့တော်ထဲသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာကြသည်။ သူတို့က အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း နဂါးတစ်ကောင်၏ ခွန်အား၊ ကျားတစ်ကောင်၏ ခြေလှမ်းများဖြင့် သက်စောင့်ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသော အဘိုးအိုနှစ်ဦး ဖြစ်သည်။
သူတို့၏ မျက်နှာအမူအရာများကို ကြည့်ရသည်မှာ နှစ်ယောက်လုံးက လေးနက်တည်ကြည်မှုများကို သယ်ဆောင်ထားပုံရသည်။
မြို့တော်ထဲသို့ ရောက်ရှိပြီးနောက် သူတို့က ပတ်ဝန်းကျင်ကို ဆက်တိုက် အကဲခတ်ကြည့်ရှုနေကြသည်။ သူတို့အနီးမှ ဖြတ်လျှောက်သွားသူတိုင်းက တောင်တန်းကြီးတစ်ခုလို ဖိအားမျိုးကို ချက်ချင်း ခံစားလိုက်ကြရသည်။ ၎င်းက တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည့် သူတို့ထံမှ ဖြာထွက်နေသော နတ်ဝိညာဉ်အာရုံကြောင့် ဖြစ်သည်။
တဖြည်းဖြည်းနှင့် ထိုနှစ်ယောက်က တည်းခိုခန်းရှေ့က လမ်းမပေါ်သို့ ရောက်ရှိလာကြပြီး တည်းခိုခန်းအပေါက်ဝတွင် မျက်နှာချင်းဆိုင်ထိုင်ကာ အရက်သောက်နေကြသော လူနှစ်ယောက်ကို ချက်ချင်း သတိပြုမိသွားကြသည်။
“သူတို့က တကယ်ကို အေးအေးလူလူ ရှိနေကြတာပဲ...”
“လူတစ်ယောက်က သိတာနည်းလေ ဘဝက ပိုလွယ်ကူလေပဲ... မြို့တော်က ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရတော့မယ်ဆိုတာကိုတောင် သူတို့က ခွက်တွေမြှောက်ပြီး အရက်သောက်နိုင်သေးတယ်... သူတို့ကို ဘာမှမသိနားမလည်ဘူးလို့ ပြောရမလား ဒါမှမဟုတ် တခြားစကားလုံး သုံးရမလားပဲ...”
“ဟူး...”
အဘိုးအိုနှစ်ယောက်က တည်းခိုခန်းအပေါက်ဝဆီသို့ ကြည့်ရင်း ခေါင်းခါလိုက်ကြသည်။
“ဟိုကနှစ်ကောင် မင်းတို့နှစ်ယောက် ဘာတွေ ပွစိပွစိ ပြောနေတာလဲ... ငါနဲ့ ငါ့ညီလေး အရက်သောက်နေတာကို လှောင်ပြောင်နေတာလား...”
သူတောင်းစားအဘိုးအို၏ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး လူနှစ်ယောက်ကို ရန်စလိုက်သည်။
“ရဲတင်းလှချည်လား... မင်း ဘာပြောလိုက်တယ်... ငါ့ကို မေးခွန်းထုတ်နေတာလား...”
အဘိုးအိုတစ်ယောက်က ချက်ချင်း ပြန်အော်လိုက်ပြီး သူတောင်းစားအဘိုးအိုကို ဆဲရေးရန် ပြင်လိုက်သော်လည်း ဘေးမှလူက သူ့ကို တားလိုက်သည်။
“ထားလိုက်ပါ... သူ ဘယ်လောက်တောင် ရူးနေလဲဆိုတာ ကြည့်ပါဦး... လူငယ်လေးတစ်ယောက်ကို သူ့ညီလို့တောင် အသိအမှတ်ပြုနေသေးတယ်... သူနဲ့ သွားပြီး အငြင်းပွားမနေပါနဲ့...”
“ရယ်စရာကောင်းတဲ့ သေမျိုးတွေ... ဘေးအန္တရာယ်က နှာခေါင်းဝရောက်နေပြီဆိုတာကို လုံးဝ မသိကြဘူး... ဟွန့်... ငါသာ စီနီယာအစ်ကိုကြီးရဲ့ တာဝန်ပေးအပ်တာကို မခံရဘူးဆိုရင် ဒီသေမျိုးတွေရဲ့ အသက်တွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး...”
“တော်တော့... စကားကို လျှော့ပြောစမ်းပါ... မင်းက ဒီကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီကို အခုထိ စိတ်လိုက်မာပါ ဖြစ်နေတုန်းပဲ... ကောင်းကင်ကပ်ဘေး နဝမအဆင့်ကို ဘယ်လိုများ ကျော်ဖြတ်ဖို့ စီစဉ်ထားတာလဲ...”
တစ်ဖက်တွင် အကြံဉာဏ်များ ပေးနေချိန်၌ လုချန်ကလည်း သူတောင်းစားအဘိုးအိုကို အလားတူ နှစ်သိမ့်ပေးနေသည်။
“အစ်ကိုကြီး... ကျွန်တော်တို့ အရက်ပဲ သောက်ကြရအောင်... တခြားကိစ္စတွေကို ဂရုမစိုက်ပါနဲ့... ဒီနေ့ ကျွန်တော်တို့ လမ်းခွဲပြီးရင် ဘယ်တော့ ပြန်ဆုံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ...”
“မင်းပြောတာ မှန်တယ်...”
သူတောင်းစားအဘိုးအို၏ အာရုံက လုချန်၏ စကားများကြောင့် ပြန်လည်ရောက်ရှိလာသည်။
“ငါသာ အသက်ရှင်နေသေးရင် မင်းနဲ့အတူ အားရပါးရ ထပ်သောက်ဦးမယ်... ကောင်းပြီလေ... ဒီနေ့တော့ သိပ်အများကြီး မတွေးတော့ဘူး... ငါတို့နှစ်ယောက်လုံး အားရပါးရ သောက်ကြတာပေါ့... လာ... ကမ်းပေ့...”
“ကမ်းပေ့...”
လူနှစ်ယောက်က ခွက်ချင်းတိုက်ကာ သောက်လိုက်ကြသည်။ အရက်သောက်နေရင်း သူတောင်းစားအဘိုးအိုက အနီးရှိ အခန်းထဲသို့ ပြေးဝင်သွားပြီး ကျင်ကျောင်းကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။
“ခယ်မလေး... နောက်တစ်ခါ ငါတို့ ပြန်ဆုံတဲ့အခါ မင်းနဲ့ ငါ့ညီက ဒီအဘိုးကြီးအတွက် ခေါင်းကိုင်သားလေး တစ်ယောက်လောက်တော့ မွေးပေးရမယ်နော်... မဟုတ်ရင် ဒီအဘိုးကြီးဆီမှာ ပြိုင်ဘက်ကင်းပညာရပ်တွေကို လက်ဆင့်ကမ်းပေးစရာ လူမရှိဖြစ်နေလိမ့်မယ်...”
သူတောင်းစားအဘိုးအိုက ကျင်ကျောင်း၏ ပခုံးကို လေးနက်စွာ ပုတ်ရင်း ပြောလိုက်သည်။
ကျင်ကျောင်း၏ မျက်နှာလေးက ရေစက်များကျလာမတတ် နီရဲသွားသည်။ သူမက သူ့ကို ဂရုမစိုက်တော့ဘူးဟုပြောကာ ရှောက်ချင်းကို ရှာရန် အမြန်ပြေးထွက်သွားတော့သည်။
“ဟားဟားဟား... ညီလေး... ဒီခယ်မလေးက ပေါ့ပေါ့ပါးပါး နေတတ်တဲ့ပုံ ပေါက်ပေမဲ့ တော်တော်လေး ဉာဏ်ကောင်းတယ်... မင်းရဲ့ အစ်ကိုကြီး ငါ့ကို မေးမယ်ဆိုရင်တော့ သူမကို တရားဝင်နေရာတစ်ခု ပေးသင့်တယ်... သူမက နေ့တိုင်း မင်းနောက်ကို လိုက်နေတာ... ခယ်မလေး ရှောင်ရွှီနဲ့ ခယ်မလေး ရှောက်ချင်းတို့က မင်းရဲ့ မိန်းမတွေဆိုတာ လူတိုင်း သိကြတယ်လေ... ဒါက သူမအတွက် မတရားဘူးပေါ့...”
သူတောင်းစားအဘိုးအို၏ စကားများကို ကြားလိုက်ရသောအခါ လုချန်က ခါးသက်သက် ပြုံးလိုက်သည်။
မယားအများအပြား ပိုင်ဆိုင်ရတဲ့ ကောင်းချီးကို ခံစားရတာ ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ လူတိုင်းက ပြောလေ့ရှိကြပေမဲ့ တကယ်တမ်း သူ့အလှည့် ရောက်လာတဲ့အခါမှာတော့ အဲဒီလောက် မရိုးရှင်းခဲ့ပေ။ အနည်းဆုံးတော့ သူက ဘယ်သူ့ကိုမှ မျက်နှာမလိုက်မိအောင် ရှောင်ကြဉ်ရမည် ဖြစ်သော်လည်း သူ မစွမ်းဆောင်နိုင်ခဲ့ပေ။ ရှောက်ချင်းကြောင့် သူ့နှလုံးသားက အဲဒီ သနားစရာကောင်မလေးဆီမှာသာ အာရုံစိုက်နေမိသည်။ ရှောင်ရွှီနဲ့ကတော့ အဆင်ပြေပါတယ်... သူတို့က စကားတွေ အများကြီး ပြောစရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်ထားကြသည်။ ဒါပေမဲ့ တခြားကောင်မလေးတွေကရော... ကျင်ကျောင်းဆိုတာ မီးတောက်တိုင်းပြည်ရဲ့ မင်းသမီးလေးလေ။ သူက သူမကို အဆင့်အတန်းတစ်ခု ပေးလိုက်ပြီး သူ့ဘေးနားမှာ နာကျင်ခံစားခိုင်းဖို့ တကယ်ကြီး လုပ်ရက်နိုင်ပါ့မလား...
လုချန်၏ ခါးသက်သက် အပြုံးကို မြင်လိုက်ရသောအခါ သူတောင်းစားအဘိုးအိုက ခေါင်းခါလိုက်သည်။
“ဒီအဘိုးကြီးက မင်းတို့ လူငယ်တွေကြားက ကိစ္စတွေကို နားမလည်ပါဘူး... ဒါပေမဲ့ ညီလေး... မင်း အစ်ကိုကြီးရဲ့ အကြံဉာဏ်ကိုတော့ နားထောင်သင့်တယ်... မင်းဘေးနားက ကောင်မလေးတွေကို ဘယ်တော့မှ စိတ်မပျက်စေနဲ့... မင်း သေသွားပြီလို့ ထင်ခဲ့တုန်းက လူသတ်သမားကို ရှာဖို့ ဘယ်လို မိန်းမမျိုးတွေက ရူးမတတ် ဖြစ်သွားခဲ့ကြသလဲ... ကောင်မလေးကျင်က မင်းအပေါ် အရမ်းကို နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေတယ်ဆိုတာကို ဒီအဘိုးကြီး သိနိုင်တယ်... တကယ်လို့ မင်းသာ တခြားကောင်မလေး တစ်ယောက်ယောက်ကို အခုလိုမျိုး ဆက်ဆံခဲ့ရင် သူမ ထွက်သွားတာ ကြာလောက်ပြီပေါ့... ဘယ်သူက မင်းနောက်ကို နေ့တိုင်း လိုက်နေတော့မှာလဲ...”
သူတောင်းစားအဘိုးအို၏ စကားများကို ကြားလိုက်ရသောအခါ လုချန်က သေချာပေါက် ခံစားချက်များစွာ ဖြစ်ပေါ်လာသည်။ မှင်သက်နေစဉ်အတွင်း မီးတောက်တိုင်းပြည်၏ စာမေးပွဲခန်းမထဲတွင် ထိုအချိုးအစားကျလှသော တင်ပါးလေးကို သူ အားရပါးရ ရိုက်ချခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်လာသလိုပင်။
မြို့တော်နှင့် မဝေးလှသော နေရာရှိ ချန်ခွန်းဂိုဏ်းအတွင်း၌။
ချန်ခွန်းဂိုဏ်းချုပ်က ဂိုဏ်းတစ်ခုလုံးကို အောက်ဘက် မီတာတစ်ရာအထိ တူးဖော်ရန် အမိန့်ပေးထားသည်။
အခြားဂိုဏ်းချုပ်တစ်ယောက်က အလည်အပတ် ရောက်လာပြီး သူ ဘာလုပ်နေသလဲဟု မေးမြန်းခဲ့သည်။
“သူဌေးလုက အဲဒီလို ပြောခဲ့လို့ပါ... ဒါက မဟာယာန အခွင့်အရေးလေ... ယဇ်ပလ္လင်ကို ရှာတွေ့ထားပြီးသား ဆိုပေမဲ့ ငါတို့က နေရာကို ချဲ့ထွင်ဖို့ လိုသေးတယ်...”
“ခင်ဗျားက တကယ်ကြီး အတည်ယူလိုက်တာလား... သူဌေးလုရဲ့ စကားတွေကို ကျွန်တော် သံသယ မဝင်ချင်ပေမဲ့ ဒီလို ကြိုတင်ဟောကိန်းမျိုးကတော့ နည်းနည်း ယုံကြည်နိုင်စရာ မရှိလွန်းဘူး...”
“ကျွန်တော်ကတော့ သူဌေးလုရဲ့ စကားတွေကို အပြည့်အဝ ယုံကြည်တယ်... လွန်ခဲ့တဲ့ လဝက်လောက်က သူဌေးလု ဘာပြောခဲ့လဲဆိုတာ ခင်ဗျား မှတ်မိသေးလား... နောက်နှစ်ရက်အတွင်း နတ်ဆိုးအရှင်သခင် ပေါ်လာလိမ့်မယ်၊ ပြီးတော့ ပိုင်သခင်ကြီးက သူ့ကို တိုက်ခိုက်ဖို့ ထွက်လာလိမ့်မယ်တဲ့... အဲဒီတိုက်ပွဲအပြီးမှာ ပိုင်သခင်ကြီးက အဖွဲ့အစည်းအားလုံးကို ပူးပေါင်းဖို့ တောင်းဆိုလိမ့်မယ်၊ ပြီးတော့ ထိပ်သီးမိသားစုကြီး လေးခုက ငါတို့ကို ကျူးကျော်ဖို့ အဲဒီအခွင့်အရေးကို အရယူကြလိမ့်မယ်တဲ့... ငါတို့က ဒီအရာအားလုံးအတွက် ပြင်ဆင်ထားရမယ်...”
အလည်လာသော ဂိုဏ်းချုပ်က ချန်ခွန်းဂိုဏ်းချုပ်ကို ကြည့်ရင်း ဘာပြောရမှန်း မသိဖြစ်နေသည်။ ဒီလို ဟောကိန်းမျိုးက လုံးဝကို ယုံကြည်နိုင်စရာ မရှိသလို ဖြစ်နေတာမို့ သူ့ကို ဘယ်လို တားမြစ်ရမှန်း မသိခဲ့ပေ။ လဝက်ကြိုတင်ပြီး အဖြစ်အပျက်တွေကို ခန့်မှန်းနိုင်တာ၊ ပြီးတော့ အဲဒါတွေက ဘယ်လိုဖြစ်လာမလဲဆိုတာကို အသေးစိတ် ပြောပြနိုင်တာ... ဒီလို အနာဂတ်ကို ကြိုမြင်နိုင်တဲ့ စွမ်းရည်မျိုး တကယ်ကြီး ရှိနိုင်လို့လား...
သူ ဘယ်လိုပြန်ဖြေရမလဲ တွေးတောနေဆဲမှာပင် ကောင်းကင်ယံမှ ပေါက်ကွဲသံတစ်ခုက သူ့ကို မှင်သက်သွားစေသည်။
ကောင်းကင်ထက်၌ လူရိပ်နှစ်ခုက ပြင်းထန်စွာ ဝင်တိုက်မိသွားကြသည်။ တစ်ခုက အဖြူစစ်စစ်ဖြစ်ပြီး နောက်တစ်ခုက အနက်ရောင် အတိဖြစ်နေသည်။
“ပိုင်သခင်ကြီးနဲ့... နတ်ဆိုးအရှင်သခင်...”
ကောင်းကင်ကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော ခံစားချက်လှိုင်းတံပိုးတစ်ခု ချက်ချင်း ရိုက်ခတ်လာသည်။
လဝက်တဲ့လား... သူဌေးလု လွန်ခဲ့တဲ့ လဝက်က ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း တကယ်ကြီး ဖြစ်လာခဲ့ပြီပဲ... နတ်ဆိုးအရှင်သခင် ပေါ်လာပြီး ပိုင်သခင်ကြီးနဲ့ တိုက်ခိုက်နေကြပြီလေ...
“သူဌေးလုက တကယ့် နတ်ဘုရားတစ်ပါးပဲ...”
နတ်ဆိုးအရှင်သခင်သည် မူလကတည်းက ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။ မြို့တော်ကို ဝိုင်းရံထားချိန်တုန်းက သူက အကျဉ်းချခံထားရရာမှ လွတ်မြောက်လာကာစဖြစ်ပြီး သူ၏စွမ်းအားများ အပြည့်အဝ ပြန်မရသေးသောကြောင့် ဓာတ်ကြီးငါးပါးခန်းမမှ လူများ၏ အနိုင်ယူ မောင်းထုတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ အနားယူပြီးနောက် သူ၏စွမ်းအားများ ပြန်လည်ပြည့်ဝလာပြီဖြစ်ကာ တစ်ဖန်ပြန်ပေါ်လာချိန်တွင် ပိုင်သခင်ကြီးကို တိုက်ခိုက်နိုင်လောက်သည့် သူ၏ ယခင် အစွမ်းအစများကို ပြန်လည်ရရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့် ပညာရှင်တွေ ဖြစ်ကြပြီး ဒါက ကုန်းမြေတိုက်ငါးခုမှာ အပြင်းထန်ဆုံး တိုက်ပွဲပင် ဖြစ်သည်။
သူတို့နှစ်ယောက် ဝင်တိုက်မိချိန်တွင် မည်သည့် လှပသော သိုင်းကွက်များမှ မပါဝင်ဘဲ စိတ်ဝိညာဉ်လက်နက်များ အချင်းချင်း ရိုက်ခတ်မှု သက်သက်သာ ဖြစ်သည်။ ထိခတ်မှုတိုင်းက ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေပြီး စိတ်ဝိညာဉ်ချီများ လေထဲတွင် ရှုပ်ယှက်ခတ်သွားကာ ပြင်းထန်သော လေပြင်းများက ကောင်းကင်ယံတစ်ခွင် သောင်းကျန်းနေသည်။
သူတို့ ဝင်တိုက်မိတိုင်း အောက်ဘက်ရှိ မြေပြင်က ကွဲအက်သွားသည်။
သူတို့က အဝေးမှနေ၍ တိုက်ခိုက်လာကြရာမှ မြို့တော်၏ ကောင်းကင်ယံထက်သို့ အလျင်အမြန် ရောက်ရှိလာကြသည်။
လက်သီးတစ်ချက် ဖလှယ်လိုက်ရုံဖြင့် ထွက်ပေါ်လာသော ကြွင်းကျန်စွမ်းအားများက မြို့တော်၏ တံတိုင်းများကို လှုပ်ခါသွားစေရန် လုံလောက်ပြီး ဖုန်မှုန့်တိမ်တိုက်ကြီးများကို လွင့်စင်သွားစေသည်။
နှစ်ယောက်လုံးက ကိုယ်ထင်ပြ မြင်ကွင်းများနှင့်အတူ ရောက်ရှိလာကြပြီး သူတို့၏ ကြမ်းကြုတ်ရက်စက်သော တိုက်ခိုက်မှုများက တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို အနည်းငယ် ထိမိရုံဖြင့်ပင် တစ်စစီ ဆွဲဖြဲခံရမည့်အလား ခံစားရစေသည်။
မြို့တော်အတွင်း၌ လူများက ဖရိုဖရဲ ထွက်ပြေးနေကြပြီး အိမ်ပြန်ပြေးနေကြသော်လည်း အိမ်ထဲသို့ မဝင်နိုင်မီ အဆောက်အအုံများ စတင် ပြိုကျလာကာ ကျယ်လောင်သော ငိုကြွေးအော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။
ဤအချိန်တွင် လမ်းမပေါ်၌ ပေါ်လာသော အဘိုးအိုနှစ်ဦးက လှုပ်ရှားလိုက်ကြသည်။ သူတို့က စိတ်ဝိညာဉ်ချီများကို ချက်ချင်း လည်ပတ်လိုက်ရာ ကြီးမားကျယ်ပြန့်လှသော စိတ်ဝိညာဉ်ချီများက မြို့တော်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ လူနှစ်ယောက်လုံးက ကပ်ဘေးကျော်ဖြတ်ခြင်း နဝမအဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
စိတ်ဝိညာဉ်ချီများ အလုံးအရင်းနှင့် ပေါက်ကွဲထွက်လာမှုက အဆောက်အအုံများ ပြိုကျနေသည့် အခြေအနေကို သက်သာသွားစေသည်။
အိမ်များအတွင်း ပိတ်မိနေသေးသော လူများက အခွင့်အရေးကိုယူ၍ အပြင်သို့ ပြေးထွက်လာကြသည်။ လူတိုင်း ဘေးကင်းသွားပြီးမှသာ လူနှစ်ယောက်က သူတို့၏ စိတ်ဝိညာဉ်ချီများကို ရုပ်သိမ်းလိုက်ပြီး တစ်ချိန်တည်း အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
“စီနီယာအစ်ကိုကြီး ခန့်မှန်းတာ မှန်တယ်... နတ်ဆိုးအရှင်သခင်က တကယ်ကို ဆက်ပြီး သည်းမခံနိုင်တော့ဘူးပဲ...”
“သွားကြစို့... စီနီယာအစ်ကိုကြီးကို သွားကူရအောင်...”
သူတို့နှစ်ယောက် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နောက်တစ်စက္ကန့်တွင် သူတို့၏ ပုံရိပ်များက နေရာမှ ပျောက်ကွယ်သွားကာ ကောင်းကင်ယံဆီသို့ ထွက်ခွာသွားကြသည်။
တစ်ချိန်တည်းမှာပင် အလွန်တရာ အားကောင်းလှသော အခြားစွမ်းအင်လှိုင်းတစ်ခုက သူတို့ကို ဖြတ်ကျော်ပျံသန်းသွားပြီး အထက်တွင် တိုက်ခိုက်နေသော သူနှစ်ယောက်ဆီသို့ ပြေးဝင်သွားသည်။
*