အမတ်ချုပ်က မြို့တော်သို့ ပြန်ရောက်လာပြီး ကလဲ့စားချေရန်အတွက် ရှောက်ချင်းကို ဒုက္ခပေးဖို့ အကြံအစည်ထုတ်နေခဲ့သည်လေ။
ဒါကို ကြားလိုက်ရတဲ့အခါ လုချန်က ချက်ချင်း ထွက်သွားချင်နေခဲ့ပေမဲ့ တည်းခိုခန်းထဲကနေ မီတာဆယ်လောက်တောင် မထွက်ရသေးခင်မှာပဲ ရှောက်ချင်း ပြန်လျှောက်လာတာကို သူ မြင်လိုက်ရသည်။
“သခင်မလေးရှောက်...”
သတင်းလာပေးသူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
အဲဒီနောက် ရှောက်ချင်းရဲ့နောက်မှာ ကျင်ကျောင်း ပေါ်လာပြီး အမျိုးသမီးတစ်ယောက်ကို တုပ်နှောင်ထားတဲ့ လျှော်ကြိုးတစ်ချောင်းကို ကိုင်ထားသည်။ ဒီအမျိုးသမီးက ဒီနေ့ အမတ်ချုပ်ဆီက ပိုက်ဆံယူပြီး ရှောက်ချင်းကို မြို့ပြင်ရောက်အောင် လှည့်စားခေါ်သွားတဲ့ ရှောက်ချင်းရဲ့ သူငယ်ချင်းဟောင်းပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဖေ့ယီရှန်ဆီကနေ လုချန်ရဲ့ မိုဘိုင်းဖုန်းဆီ ဖုန်းဝင်လာခဲ့သည်။ တစ်ယောက်ယောက်က ရှောက်ချင်းကို ဒုက္ခပေးချင်နေတယ်ဆိုတဲ့ သတင်းကို သူမ ကြားထားရလို့ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။
“စိတ်မပူပါနဲ့... ကျင်ကျောင်းက ရှောက်ချင်းကို ခေါ်လာခဲ့ပြီ... ဒီမိန်းမကို မင်း သိလား ကြည့်ကြည့်ပါဦး...”
ဖုန်းချလိုက်ပြီးနောက် လုချန်က လျှော်ကြိုးနဲ့ တုပ်ခံထားရတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံကို ဖေ့ယီရှန်ဆီ ပို့ပေးလိုက်သည်။
WeChat မှာ မိုးမန့် (Moments) နဲ့ အနီးအနားရှိလူများ (People Nearby) လိုမျိုး လုပ်ဆောင်ချက်တွေ ပါပေမဲ့ ဗီဒီယိုကောလ် (Video call) ခေါ်တဲ့ လုပ်ဆောင်ချက် မပါတာကတော့ ထူးဆန်းသည်။ ဒါက မပြည့်စုံတဲ့ အပိုင်းတချို့ကြောင့် ဖြစ်လောက်မယ်လို့ လုချန် ခန့်မှန်းမိသည်။
(Moments က Facebook က Post တင်တဲ့ လုပ်ဆောင်ချက်နဲ့ တူပါတယ်။ စာသားတွေ၊ ဓာတ်ပုံတွေ တင်ရတာပေါ့။ Nearby ကတော့ ကိုယ့်အနီးအနားမှာ ရှိနေတဲ့ အကောင့်တွေကို ပြပေးတာပေါ့)
ဓာတ်ပုံပို့ပြီး စက္ကန့်အနည်းငယ်အကြာမှာပဲ ဖေ့ယီရှန်ဆီက စာပြန်ဝင်လာသည်။
“ထန်ချီ... တကယ်ကြီး သူဖြစ်နေတာပဲ... ဒီအရှက်မရှိတဲ့ကောင်မ... သူ့မိသားစု အခက်ခဲဆုံးအချိန်တုန်းက ဘယ်သူက သူ့ကို ကူညီခဲ့လဲဆိုတာကိုတောင် သူ မတွေးဘူးပဲ...”
ဖေ့ယီရှန်က လုချန်ကို ဒီ ထန်ချီဆိုတာ ရှောက်ချင်းနဲ့ ငယ်ငယ်ကတည်းက သိခဲ့တဲ့ သူငယ်ချင်းဖြစ်ပြီး သူတို့က ဆက်ဆံရေး ကောင်းမွန်ခဲ့ကြောင်း ပြောပြသည်။ သူမရဲ့ မိသားစုက ကုန်သည်တွေ ဖြစ်ကြသည်။ တစ်နှစ်မှာတော့ ထန်ချီရဲ့ မိသားစုက ဒေဝါလီခံရမယ့်အခြေအနေ ရောက်သွားပြီး ဆက်တောင့်မခံနိုင်တော့ပေ။ အဲဒီအချိန်တုန်းက ထန်ချီရဲ့ မိဘတွေက အကြွေးဆပ်ဖို့ သူတို့သမီးကိုတောင် ရောင်းစားဖို့ စီစဉ်ခဲ့ကြသည်။ နောက်ဆုံးတော့ ရှောက်ချင်းက ကြည့်မနေရက်တော့ဘဲ ပိုက်ဆံထုတ်ပေးခဲ့တာကြောင့် ထန်မိသားစုနဲ့ ထန်ချီတို့ ကယ်တင်ခံခဲ့ရသည်။
ထန်ချီအတွက်တော့ ရှောက်ချင်းရဲ့ တည်ရှိမှုက အသက်သခင်ကျေးဇူးရှင်ဆိုတာထက် မလျော့ပေမဲ့ ဒီနေ့မှာတော့ သူမက တိရစ္ဆာန်ထက်တောင် ဆိုးရွားတဲ့ ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့သည်။
ထို့ပြင် ဖေ့ယီရှန်က သူမရဲ့ သူငယ်ချင်းကို ကူညီပေးခဲ့တဲ့ ကျင်ကျောင်းကိုလည်း အများကြီး ကျေးဇူးတင်ကြောင်း ပြောပြခဲ့သည်။
“ဒီကိစ္စကို ငါ့ဆီသာ လွှဲထားလိုက်ပါ...”
လုချန်က မိုဘိုင်းဖုန်းကို သိမ်းလိုက်ပြီး ထန်ချီကို ကြည့်လိုက်သည်။ သူမဆီမှာ ထူးဆန်းနေတာ တစ်ခုခုရှိနေတယ်လို့ သူ အမြဲတမ်း ခံစားနေရသည်။
ထန်ချီက လျှော်ကြိုးနဲ့ တုပ်ခံထားရပေမဲ့ သူမရဲ့ မျက်လုံးတွေထဲမှာ အကြောက်တရား အရိပ်အယောင် မရှိသလို ရှောက်ချင်းအပေါ် အပြစ်ရှိစိတ်လည်း မရှိတာကို သူ မြင်လိုက်ရသည်။ အဲဒီအစား သူမရဲ့ မျက်လုံးတွေက တစ်မျိုးတစ်ဘာသာ ရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေသည်။
“သူ့ကို အရင်ကြိုးဖြည်ပေးလိုက်...”
လုချန်က ခဏလောက် စဉ်းစားပြီးနောက် သူမကို လွှတ်ပေးလိုက်ရန် ကျင်ကျောင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
“အဲဒါက...”
ကျင်ကျောင်းက အနည်းငယ် အံ့သြသွားသည်။
“ရပါတယ်... ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ...”
လုချန်က ပြောလာမှတော့ ကျင်ကျောင်းလည်း ဆက်ပြီး မငြင်းနိုင်တော့ဘဲ ကြိုးတွေကို ဖြည်ပေးလိုက်သည်။
ကြိုးတွေ ဖြည်ပေးလိုက်တဲ့ အခိုက်အတန့်မှာပဲ ထန်ချီက လုံးဝ အချိန်မဆွဲဘဲ အမြန် ပြေးထွက်သွားတော့သည်။
သေချာတာပေါ့... လုချန်က ဒီကိစ္စက ဒီလောက်နဲ့ ပြီးသွားပြီလို့ မထင်ထားပေ။ သူက အလွန်ထူးဆန်းတယ်လို့ ခံစားရတာမို့ ရှီကျင်းတိုကို လူလွှတ်ပြီး စုံစမ်းခိုင်းရန် တိတ်တဆိတ် စီစဉ်လိုက်သည်။
ကျင်ကျောင်းကလည်း အလားတူ ကိစ္စမျိုး ထပ်ဖြစ်မှာကို စိုးရိမ်တာကြောင့် ရှောက်ချင်းအနားမှာပဲ နေပေးခဲ့သည်။
လတ်တလောမှာ ရှောက်ချင်းရဲ့ အခြေအနေက တိုးတက်လာပေမဲ့ ပြဿနာတချို့ ရှိနေဆဲဖြစ်သည်။ သူမရဲ့ စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားတာမို့ တချို့အပိုင်းတွေမှာ သူမက ကလေးလေးတစ်ယောက်လို ဖြစ်နေပြီး အပြစ်ကင်းစင်တယ် ဒါမှမဟုတ် အရူးလေးတစ်ယောက်လိုပဲလို့ ပြောလို့ရသည်။
အလယ်ပိုင်းကုန်းမြေတိုက်က အင်အားစု အသီးသီးက အပြောင်းအလဲတွေ လုပ်နေကြတာကြောင့် လတ်တလောမှာ လုချန်အတွက် အားလပ်ချိန် တော်တော်လေး ရနေခဲ့သည်။
တစ်နေ့မှာတော့ ဆိုင်ပိတ်ပြီးတာနဲ့ ကျပန်းမစ်ရှင် သတိပေးချက်တစ်ခုကို သူ လက်ခံရရှိလိုက်သည်။
[ကျပန်းမစ်ရှင် ထွက်ပေါ်လာပါပြီ။ ဆေးဖော်စပ်ရန်အတွက် ဆေးတောင်ကြားသို့ သွားပါ။ မစ်ရှင်ကြာချိန် - ခုနစ်ရက်။ မစ်ရှင်အတွင်း ပြင်ပအချိန် ကန့်သတ်ချက် မရှိပါ။ မစ်ရှင်ဆုလာဘ် - မဟာတောရိုင်းနယ်မြေသို့ ဝင်ရောက်ခွင့် အရည်အချင်း။ ကျရှုံးပါက ပြစ်ဒဏ် - မဟာတောရိုင်းနယ်မြေသို့ ဝင်ရောက်ခွင့် တစ်နှစ် နောက်ဆုတ်ခံရမည်။]
မစ်ရှင်ခေါင်းစဉ်က သူ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
‘ထင်တဲ့အတိုင်း ရောက်လာပြီပဲ...’
တည်းခိုခန်းက သူ့ကို မဟာတောရိုင်းနယ်မြေဆီ စေလွှတ်လိမ့်မယ်လို့ လုချန်က ကြိုတင် ခန့်မှန်းထားခဲ့တာ ကြာပြီဖြစ်ပြီး ဒီအခွင့်အရေးကို စောင့်နေခဲ့တာ ဖြစ်သည်။
အခုဆိုရင် ပင်မမစ်ရှင်က ကုန်းမြေတိုက်ငါးခုလုံးမှာ သတ်မှတ်ထားတဲ့ အဆင့်အတန်းတစ်ခုနဲ့ သြဇာလွှမ်းမိုးမှု ရရှိဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အဆင့် (၁၁) ကို ရောက်ရှိနေပြီ ဖြစ်သည်။ ဒီရည်မှန်းချက်က ဖြည်းညင်းစွာ အကောင်အထည်ပေါ်လာနေပြီ ဖြစ်သည်။ ဒီမစ်ရှင် ပြီးဆုံးသွားရင် မဟာတောရိုင်းနယ်မြေကို သွားရမယ့်အချိန် ရောက်ပြီလို့ သူ ခန့်မှန်းမိသည်။
အဲဒီအချိန်ကျရင် နောက်ထပ် ကျယ်ပြောလှတဲ့ ကမ္ဘာသစ်တစ်ခု ဖြစ်လာလိမ့်မယ်။ အဲဒီနေရာကမှ တကယ့် ရှန်းရှလောက အစစ်အမှန်လေ။
နတ်ဘုရားသားတော်တွေနဲ့ နတ်သမီးတွေ၊ ပြိုင်ဘက်ကင်း နတ်ဘုရားဘုရင်တွေ၊ ယောင်ချီ အင်မော်တယ်နယ်မြေ၊ တားမြစ်သေမင်းနယ်မြေတွေနဲ့ ရှေးဟောင်း အထွတ်အမြတ်တောင်တွေ အားလုံးက အဲဒီ မဟာတောရိုင်းနယ်မြေထဲမှာ ရှိနေတာပဲ ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ပြီးနောက်မှာတော့ တည်းခိုခန်းရဲ့ ဖောက်သည်တွေကို အသိပေးတဲ့အနေနဲ့ မိုးမန့်မှာ ယာယီ ဆိုင်ပိတ်မယ့်အကြောင်း သတိပေးစာလေး တင်လိုက်ပြီး တည်းခိုခန်းထဲကနေ ထွက်လာခဲ့သည်။
ဆေးတောင်ကြားကို ဘယ်လိုသွားရမလဲဆိုတာ လုချန်က ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူ တည်းခိုခန်းထဲကနေ ခြေလှမ်းလိုက်တဲ့ စက္ကန့်မှာပဲ ဟင်းလင်းပြင်က စတင် ကွဲအက်သွားသည်။
လုချန်က ဒီလိုမြင်ကွင်းမျိုးကို အကြိမ်ကြိမ် ကြုံဖူးနေပြီမို့ ရိုးအီနေပြီ ဖြစ်သည်။ သူ ပြန်ပေါ်လာချိန်မှာတော့ ပတ်ဝန်းကျင်က စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းပြင်ကြီး ဖြစ်နေပြီး ကောင်းကင်ယံမှာ နေဝင်ဆည်းဆာက တွဲလွဲခိုနေသည်။
ဟုတ်တယ်... ဆောင်းရာသီ ရောက်ခါနီးဖြစ်တဲ့ ဒီလိုရာသီမျိုးမှာတောင် တက်ကြွလန်းဆန်းတဲ့ အစိမ်းရောင်တွေ ရှိနေတာလေ။
လုချန်ရဲ့ အရှေ့ဘက်မှာ စိမ်းလန်းတဲ့ တောင်တန်းတွေက ဝန်းရံထားပြီး ကြည်လင်တဲ့ မြစ်ငယ်လေးတစ်ခုက ကွေ့ကောက်စီးဆင်းနေသည်။ လုချန်က ဆဲလ်ဖီ တစ်ပုံ မရိုက်ဘဲ မနေနိုင်တော့ပေ။
“အားလပ်ချိန် တစ်ဝက်လောက် ခိုးယူပြီး မန်ဒရင်းဘဲတွေကိုရော အင်မော်တယ်တွေကိုပါ အားမကျတော့ဘူး...”
ဒါက သူ့ရဲ့ စစ်မှန်တဲ့ ခံစားချက်ပင်။ ရှန်းရှလောကကို ရောက်လာကတည်းက ဒီလို လှပတဲ့ မြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ဒါက လုံးဝကို စိမ်းလန်းပြီး လေထုညစ်ညမ်းမှု ကင်းစင်တဲ့ နေရာတစ်ခုဖြစ်ကာ ၂၁ ရာစုမှာ ဘယ်တော့မှ မရှိနိုင်တဲ့ နေရာမျိုး ဖြစ်သည်။
စိမ်းလန်းစိုပြည်တဲ့ မြေပြင်ပေါ်မှာ လမ်းလျှောက်ရတာက အလွန်ကို နူးညံ့အိစက်နေသည်။
‘တကယ်လို့ ဒါကိုသာ ရှုခင်းသာနယ်မြေအဖြစ် တည်ဆောက်လိုက်ရင် ပိုက်ဆံဘယ်လောက်တောင် ရလိုက်မလဲ...’
လုချန်ရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ သူက အကြောဆန့်လိုက်ပြီး မြေပြင်ပေါ်မှာ အေးအေးလူလူ လှဲချလိုက်သည်။
အရင်တုန်းက သူ ခရီးသွားချင်တဲ့အခါ တောင်တွေ မြစ်တွေနဲ့ လှပတဲ့ ခရီးသွားလက်ကမ်းစာစောင်တွေကို ကြည့်လေ့ရှိသည်။ ဒါပေမဲ့ တကယ်တမ်း အဲဒီကို ရောက်သွားတဲ့အခါ အဲဒါတွေအားလုံးက ဓာတ်ပုံပြင်ထားတာတွေမှန်း သူ သိလိုက်ရသည်။ မြေပြင်ပေါ်မှာ တိရစ္ဆာန်ချေးတွေနဲ့ လူတွေလုပ်ထားတဲ့ အမှိုက်တွေ ပြည့်နှက်နေတတ်သည်။ အခုလို မြေပြင်ပေါ် လှဲချဖို့ဆိုတာ ထားလိုက်... ပုံမှန် လမ်းလျှောက်ရင်တောင် သတိထားနေရတာလေ။
‘ထားလိုက်ပါတော့... မဆောက်တာပဲ ကောင်းပါတယ်... မဟုတ်ရင် အများဆုံး သုံးလအတွင်း အမှိုက်ပုံကြီး ဖြစ်သွားလိမ့်မယ်...’
သူက ခေါင်းခါလိုက်ပြီး အမှတ်တရအနေနဲ့ ဓာတ်ပုံနည်းနည်း ထပ်ရိုက်ဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ မိုဘိုင်းဖုန်းကို ဖွင့်လိုက်တာနဲ့ သူ့ရဲ့ မိုးမန့်ပို့စ်အောက်မှာ ကောမန့်တွေ ဆယ်ဂဏန်းလောက် ရှိနေတာကို သူ မြင်လိုက်ရသည်။
မိနစ်အနည်းငယ်လေးပဲ ကြာသေးတာလေ။
‘ကြည့်ရတာ ငါက နာမည်ကြီး ဆယ်လီတစ်ယောက် ဖြစ်နေပြီ ထင်တယ်...’
သူက ကောမန့်တွေကို ဆွဲဖတ်ကြည့်လိုက်သည်။
“သူဌေးလု... ဆိုင်မဖွင့်ဘဲ အပြင်ထွက်လည်နေတာလား...” ဝမ်မိသားစု၏ တတိယသခင်မလေးဆိုတဲ့ အမျိုးသမီးငယ်လေးက ကောမန့်ရေးထားသည်။
“မလည်ပါနဲ့တော့ သူဌေးလုရာ... မြန်မြန် ပြန်လာခဲ့ပါ... မနက်ဖြန် မနက်စာ စွပ်ပြုတ်ဖက်ထုပ် မစားရရင် ကျွန်တော် သေလိမ့်မယ်...”
“သောက်ကျိုးနည်း... မင်းဆီမှာ သူဌေးလုရဲ့ WeChat ရှိနေတာလား...”
“သေချာတာပေါ့... သူဌေးလုရဲ့ WeChat ကို ဘယ်သူက မရှိဘဲ နေမှာလဲ...”
“သူဌေးလု... ဆေးတောင်ကြားကို သွားနေတာလား...” ဓာတ်ကြီးငါးပါးခန်းမ၏ မဟာအကြီးအကဲက ကောမန့်ရေးထားသည်။
“အဲဒါက တကယ်ကို ဆေးတောင်ကြားရဲ့ အဝင်ဝပဲ... သူဌေးလု ခင်ဗျားကို တကယ် လေးစားသွားပြီ... ဆေးတောင်ကြားက မြို့တော်နဲ့ မိုင်ရာချီ ကွာဝေးတာကို ဆိုင်ပိတ်ပြီး ရေနွေးကြမ်းတစ်ခွက်စာ အချိန်လေးအတွင်း ရောက်သွားတာလား... အမိုက်စားပဲ...” လုလင်ဟွာက ကောမန့်ရေးထားသည်။
ကောမန့် ဆယ်ဂဏန်းကျော်အနက် ဆေးတောင်ကြားအကြောင်း ပြောထားတဲ့ အနည်းငယ်ကလွဲလို့ အများစုက လုချန်ကို အမြန်ပြန်လာပြီး ဟင်းချက်ဖို့ တိုက်တွန်းနေကြတာ ဖြစ်ပြီး မဟုတ်ရင် သူတို့ ငတ်သေတော့မယ်လို့ ဆိုကြသည်။
ဒါနဲ့ပတ်သက်ပြီး လုချန်က တစ်ပြေးညီ ပြန်စာလေးပဲ ရေးပေးလိုက်နိုင်သည်။
“ဟင်းချက်စရာ ပါဝင်ပစ္စည်းတွေ သွားရှာနေလို့ပါ... အားလုံးပဲ ခွင့်လွှတ်ပေးကြပါနော်...”
အဲဒီလိုရေးပြီးနောက် မိုဘိုင်းဖုန်းကို သိမ်းလိုက်ပြီး ဆက်မကြည့်တော့ပေ။
မျက်လုံးမှိတ်ပြီး ခဏလောက် အနားယူပြီးနောက် မြေပြင်ပေါ်မှ သူ ထလိုက်သည်။
‘ကဲ... မစ်ရှင်ကို သွားပြီး အဆုံးသတ်လိုက်ရအောင်... ငါ့အိမ်ကို ပြန်ရမယ့်နေ့ကို မျှော်လင့်နေပြီ...’
သူ့ရှေ့က ကြည်လင်တဲ့ မြစ်ငယ်လေးအတိုင်း လုချန်က ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ပတ်ဝန်းကျင်က ရှုခင်းတွေက နောက်မှာ ကျန်ရစ်ခဲ့သည်။ တဖြည်းဖြည်းနဲ့ အဝေးဆီက မီးခိုးငွေ့တွေ ထွက်ပေါ်နေတာကို လုချန် မြင်လိုက်ရသည်။ အနီးကပ်သွားကြည့်လိုက်တဲ့အခါ အဲဒါက ကျယ်ပြောလှတဲ့ လယ်ကွင်းပြင်ကြီး ဖြစ်နေတာကို သူ တွေ့လိုက်ရပြီး ချောမောလှပတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ လယ်ကွင်းထဲမှာ သွားလာလှုပ်ရှားနေတာကို သူ မြင်တွေ့လိုက်ရသည်။
*