လယ်ကွင်းပြင်ထဲရှိ ချောမောလှပသော အမျိုးသားများနှင့် အမျိုးသမီးများအားလုံးသည် ကျင့်ကြံသူများဖြစ်ကြပြီး စပါးရိတ်သိမ်းရန် စိတ်ဝိညာဉ်ချီကို အသုံးပြုနေကြသည်။ သူတို့ ယခုလေးတင် ရိတ်သိမ်းပြီးသွားသော စပါးခင်းများက မျက်စိရှေ့တင် သိသိသာသာ ပြန်လည်ကြီးထွားလာသည်ကို လုချန် မြင်တွေ့လိုက်ရသည်။ ဤနှုန်းအတိုင်းဆိုလျှင် နောက်တစ်ပတ်အကြာ၌ ထပ်မံရိတ်သိမ်းရန် အဆင်သင့်ဖြစ်နေလောက်ပြီ ဖြစ်သည်။
လယ်ကွင်းပြင်များ၏ အနောက်ဘက်တွင် ရေတွက်၍မရနိုင်သော အိမ်ငယ်လေးများ ရှိနေပြီး ထိုနေရာမှ ထမင်းချက်သည့် မီးခိုးငွေ့များ လွင့်ပျံလာသည်။
ဒီနေရာတစ်ခုလုံးက တောင်ကြားတစ်ခုအတွင်း တည်ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လှပပြီး လူသူကင်းဝေးသည့် ရွာလေးတစ်ရွာနှင့် တူနေသည်။
လုချန် ရုတ်တရက် ပေါ်လာခြင်းကို ချက်ချင်း သတိထားမိသွားကြပြီး မကြာမီ အမျိုးသမီးငယ်တစ်ဦး သူ့ထံ ချဉ်းကပ်လာသည်။
“လူကြီးမင်းက ဆေးလုံးတွေ လာရှာတာလား...”
အမျိုးသမီးငယ်လေးက အစိမ်းနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ပတ်ဝန်းကျင် ရှုခင်းများနှင့် တစ်သားတည်းကျနေပုံရသည်။ သူမ၏ ချိုသာသော အပြုံးလေးက လူများကို စိတ်ကြည်နူးသွားစေသည်။
“မဟုတ်ဘူး... ငါက ဆေးဖော်ဖို့ လာတာ...”
လုချန်က သူလာရသည့် ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောလိုက်သည်။
“ဆေးဖော်ဖို့...”
အမျိုးသမီးငယ်လေးက အနည်းငယ် သံသယဝင်သွားပုံရသော်လည်း ဆက်ပြောလိုက်သည်။
“ကျွန်မနောက်က လိုက်ခဲ့ပါ...”
ထိုသို့ပြောပြီးနောက် သူမက လှည့်ကာ လုချန်အတွက် လမ်းပြအဖြစ် ခေါ်ဆောင်သွားသည်။
လယ်ကွင်းပြင်များကို ဖြတ်သန်းပြီးနောက် လုချန်က အမျိုးသမီးငယ်နောက်မှလိုက်ကာ အနောက်ဘက်ရှိ အိမ်ငယ်လေးများဆီသို့ ရောက်ရှိလာသည်။ ဤအိမ်များက အလွန်ကြမ်းတမ်းရိုးရှင်းလွန်းပြီး နေထိုင်ရန် စံနှုန်းနှင့်ပင် သိပ်မကိုက်ညီလှပေ။
ဆေးပညာရှင်များသည် ဆေးဖော်စပ်ခြင်းကို သုတေသနပြုရန်သာ စိတ်နှစ်ထားကြပြီး သူတို့၏ အချိန်နှင့် ခွန်အားအားလုံးကို ဆေးမီးဖိုအတွက်သာ မြှုပ်နှံထားကြသောကြောင့် သူတို့၏ နေထိုင်ရာ နေရာများ ရိုးရှင်းနေခြင်းက နားလည်ပေးနိုင်သော ကိစ္စဖြစ်သည်။
“ရှောင်နင်... ဒီသခင်လေးက ဆေးလုံးလာရှာတာလား...”
အိမ်တစ်လုံးရှေ့မှ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ထွက်လာပြီး မေးလိုက်သည်။
“မဟုတ်ဘူး...”
ရှောင်နင်ဟုခေါ်သော အမျိုးသမီးငယ်လေးက သက်လတ်ပိုင်းအမျိုးသမီးဘေးသို့ သွားကာ တီးတိုးပြောလိုက်သည်။
“ဆေးလာဖော်တာ... တောင်ကြားသခင်ဟုန်က သူ့ကို ဆင့်ခေါ်ထားတာလို့ ပြောချင်တာလား...”
သက်လတ်ပိုင်းအမျိုးသမီးက တောင်ကြားသခင်ဟုန်၏ အမည်ကို ပြောလိုက်ချိန်တွင် သူမ၏ မျက်လုံးများထဲ၌ သိသာထင်ရှားသော ရွံရှာမုန်းတီးမှုများ ပေါ်လာသည်။
“ဖြစ်နိုင်တယ်...”
သက်လတ်ပိုင်းအမျိုးသမီးက အေးစက်စက် နှာမှုတ်လိုက်သည်။ သူမ၏ ယခင်က ယဉ်ကျေးနေသော လေသံက ချက်ချင်းပင် စိတ်အိုက်စရာ လေသံအဖြစ် ပြောင်းလဲသွားသည်။
“ငါ့နောက် လိုက်ခဲ့...”
ပြောပြီးသည်နှင့် လုချန်ကို တစ်ချက်တောင် လှည့်မကြည့်တော့ဘဲ ရှေ့မှ ဦးဆောင်ထွက်သွားသည်။
တစ်ဖက်လူ၏ သဘောထားက ဘာကြောင့် ဒီလောက်မြန်မြန် ပြောင်းလဲသွားသလဲဆိုတာကို လုချန် သေချာမသိပေ။ သူ ရှောင်နင်ကို မေးချင်သော်လည်း သူမက အခွင့်အရေး လုံးဝမပေးဘဲ ချက်ချင်း ထွက်သွားခဲ့သည်။
သက်လတ်ပိုင်းအမျိုးသမီးက လုချန်ကို အိမ်ငယ်လေးများကြားမှ ဖြတ်ခေါ်သွားသည်။ တစ်ခါတစ်ရံ လူအချို့ ချဉ်းကပ်လာပြီး လုချန်က ဘာလာလုပ်သလဲဟု မေးကြသည်။ သူက တောင်ကြားသခင်ဟုန်အတွက် ဆေးလာဖော်ပေးတာဖြစ်ကြောင်း သက်လတ်ပိုင်းအမျိုးသမီးက ဖြေလိုက်တိုင်း လူတိုင်းက လုချန်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်ကြသည်။
လတ်တလော ဆေးတောင်ကြားတွင် ကြီးမားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ဆေးတောင်ကြား တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်သော ဆေးမီးတောက်က ရုတ်တရက် ငြိမ်းလုနီးပါး လက္ခဏာများ ပြသလာခဲ့သည်။ ဤအချက်က မှော်ဆေးပညာရှင်များအားလုံးကို စိုးရိမ်ပူပန်သွားစေခဲ့သည်။
ထိုအချိန်က ဆေးတောင်ကြား၏ တောင်ကြားသခင်စွန်းက ဆေးမီးတောက်ကို ရှာဖွေရန် တောင်ကြားထဲမှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
သူ တောင်ကြားအပြင်ဘက် ရောက်နေသည့် အချိန်အတွင်းမှာပင် ဆေးမီးတောက်က လုံးဝ ငြိမ်းသက်သွားခဲ့သည်။
အဲဒီနောက် ဆေးတောင်ကြား၏ ဒုတိယတောင်ကြားသခင်ဟောင်းက ရှေ့ထွက်လာပြီး ဆေးမီးတောက် ငြိမ်းသွားရသည့် အကြောင်းရင်းမှာ တောင်ကြားသခင်စွန်းကြောင့်သာ ဖြစ်ကြောင်း လူတိုင်းကို ပြောခဲ့သည်။ သူက သူ၏ ကိုယ်ကျိုးအတွက် တားမြစ်ဆေးလုံးတစ်ခုကို ဖော်စပ်ခဲ့ရာမှ ဆေးမီးတောက်ကို ဖိနှိပ်မိပြီး ငြိမ်းသွားစေခဲ့သည်ဟု ဆိုသည်။ ယခုအခါ သူ၏ လုပ်ရပ်ကြောင့် ဆေးတောင်ကြားက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း အကျပ်အတည်းကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် သူ ဒုတိယတောင်ကြားသခင်ဟုန်က လူတိုင်းအတွက် တရားမျှတမှုကို ရှာဖွေပေးရန် ရှေ့ထွက်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုလေသည်။
ထိုအချိန်က လူတိုင်းမှာ ဆေးမီးတောက် ငြိမ်းသွားသည့် နာကျင်မှုထဲ နစ်မွန်းနေကြပြီး သူတို့၏ စိတ်အခြေအနေက အလွန်တရာ ဆတ်ဆတ်ထိမခံ ဖြစ်နေကြသည်။ ဒုတိယတောင်ကြားသခင်ဟုန်၏ စကားများက ချက်ချင်းပင် ကြီးမားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး လူများစွာက ဒါကို အမှန်တရားအဖြစ် ချက်ချင်း ယုံကြည်သွားကြသည်။ သူ စီစဉ်ထားသော လူများ၏ တိတ်တဆိတ် သွေးထိုးလှုံ့ဆော်မှုများနှင့်ပါ ပေါင်းစပ်လိုက်သောအခါ တောင်ကြားသခင်စွန်းမှာ ဆေးမီးတောက်ရှာဖွေရန် အပြင်ရောက်နေချိန်၌ပင် စွပ်စွဲခံရပြီး သူ၏ ရာထူးမှ ဖယ်ရှားခံလိုက်ရသည်။
တကယ်တော့ တောင်ကြားသခင်စွန်းက စိတ်ဝိညာဉ်ကျောက်တုံးများ လာယူရန် ပြန်ရောက်လာချိန်၌ ဤသတင်းကို သူ ကြိုသိနေခဲ့ပြီး ဖြစ်သည်။ သို့သော် သူက စိတ်ဝိညာဉ်ကျောက်တုံးများကို စုဆောင်းကာ သူ၏ စုဆောင်းငွေများကိုပါ ထုတ်ယူ၍ မီးမျိုးစေ့တစ်ခုကို ဝယ်ယူပြီး ဆေးတောင်ကြားအတွက် မျှော်လင့်ချက်ပေးရန် ပြန်လည်သယ်ဆောင်လာခဲ့သည်။
ဒါပေမဲ့ သူ့ဆီမှာ အစစ်အမှန် သမာဓိမီး မီးမျိုးစေ့ ပါလာတာကို တောင်ကြားသခင်ဟုန်က သိသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူက အစစ်အမှန် သမာဓိမီးကို လုယူရန် သူ၏လူများနှင့်အတူ လမ်းခုလတ်တွင် တောင်ကြားသခင်စွန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တောင်ကြားသခင်စွန်းက အစစ်အမှန် သမာဓိမီးကို ကာကွယ်ရန် အသေအလဲ တိုက်ခိုက်ခဲ့ပြီး ဆေးတောင်ကြားသို့ အပြေးအလွှား ပြန်လာခဲ့သည်။
တောင်ကြားသခင်စွန်းက သွေးသံရဲရဲဖြင့် တောင်ကြားသို့ ပြန်ရောက်လာသော်လည်း မျှော်လင့်ချက် ရှာတွေ့ခဲ့ပြီဟု ပြုံးလျက် ပြောနေသည်ကို မြင်လိုက်ရသောအခါ လူအများအပြား ချက်ချင်း နိုးကြားလာကြပြီး ဟုန်ဆိုသည့်လူ၏ အသုံးချခြင်းကို ခံလိုက်ရမှန်း သဘောပေါက်သွားကြသည်။ သို့သော် ကိစ္စက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တောင်ကြားသခင် ရာထူးကိုလည်း လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သောကြောင့် သူတို့ နောင်တရရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ပေ။
အစစ်အမှန် သမာဓိမီး ပြင်းထန်စွာ တောက်လောင်လာသည့်နေ့အထိ ဆေးတောင်ကြားရှိ မှော်ဆေးပညာရှင်များက မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရပြီး တောင်ကြားသခင်စွန်း သူ၏ မူလရာထူးကို ပြန်လည်ရယူနိုင်ရန် စတင်ကူညီပေးခဲ့ကြသည်။
သို့သော် တောင်ကြားသခင်ဟုန်က ဤနေရာကို ရရှိရန် သေချာအကွက်ဆင် အကြံအစည်ထုတ်ခဲ့သည်ဖြစ်ရာ တောင်ကြားသခင်ရာထူးကို သူက ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လွှတ်ပေးမှာလဲ။
နောက်ဆုံးတွင် သူတို့နှစ်ယောက် သဘောတူညီမှုတစ်ခု ရခဲ့ကြသည်။ နှစ်ယောက်လုံးက မှော်ဆေးပညာရှင်တွေပဲဖြစ်နေမှတော့ ဆေးဖော်စပ်ခြင်း ပြိုင်ပွဲတစ်ခု ဘာလို့ မလုပ်ရမှာလဲ...
ပြိုင်ပွဲက ပြင်းထန်လှသည်။ သူတို့နှစ်ယောက်လုံးက ယခင်အဆင့်များထက် များစွာ သာလွန်သည့် ကြယ်နှစ်ပွင့်အဆင့် အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့ကြသည်။ အစစ်အမှန် သမာဓိမီး ရှိနေခြင်းက ထွက်ပေါ်လာသည့် ဆေးလုံးများ၏ အရည်အသွေးကို ရာခိုင်နှုန်း ငါးဆယ်အထိ တိုးတက်သွားစေခဲ့သည်။
အဆုံးတွင်တော့ သရေကျကာ ပြီးဆုံးသွားခဲ့သည်။ ၎င်းနောက် ထိုနှစ်ယောက်က သူတို့၏ တပည့်များကို ယှဉ်ပြိုင်စေကာ နောက်တစ်ချီ ထပ်မံယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ဤအချိန်တွင် တောင်ကြားသခင်စွန်းအတွက် ရင်ကွဲဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ၏ တိုက်ရိုက်တပည့်ကို ဟုန်ဆိုသည့်လူက ဝယ်ယူထားခဲ့ပြီး တောင်ကြားသခင်ဟုန်၏ အဖွဲ့သို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲနေ့တွင် ယှဉ်ပြိုင်ရန် သူ ဘယ်သူ့ကိုမှ ရှာမရခဲ့ပေ။ အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး သူက အချိန်ဆွဲကာ လူသစ်တစ်ယောက်ကို ရှာဖွေခဲ့ပြီး မနက်ဖြန် မနက်စောစောသို့ ပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရသည်။
ထိုအချိန်၌ တောင်ကြားသခင်ဟုန်ကလည်း တောင်ကြားသခင်စွန်းကို လုံးဝ အနိုင်ယူရန် ရည်ရွယ်ကာ အပြင်မှ လူများကို ဖိတ်ခေါ်ခဲ့သည်။
ဆေးတောင်ကြားတွင် တောင်ကြားသခင်ဟုန်ကို ထောက်ခံသည့် လူနည်းစုလေးမှလွဲ၍ အများစုမှာ တောင်ကြားသခင်စွန်းဘက်မှ ရပ်တည်ခဲ့ကြသည်။ ထို့ကြောင့် လုချန်က တောင်ကြားသခင်ဟုန်အတွက် ဆေးလာဖော်ပေးတာဆိုသည့်စကားကို ကြားလိုက်ရသောအခါ သူတို့က ချက်ချင်း မကျေမနပ်ဖြစ်သွားကြပြီး လုချန်ကို တောင်ကြားသခင်ဟုန်က ဖိတ်ခေါ်ထားသည့် အကူအညီပေးသူဟု ထင်မှတ်သွားကြသည်။
တောင်ကြားသခင်စွန်းကတော့ အပြင်ထွက်သွားပြီး အခုထိ ပြန်မလာသေးပေ။
လုချန်က ရိုးရှင်းသော အိမ်တစ်လုံးတွင် နေထိုင်ရန် စီစဉ်ပေးခံရပြီး သူက မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။
တစ်ဖက်လူက သူ ဆေးဖော်ဖို့ လာတာဆိုတဲ့ စကားကို အလွယ်တကူ လက်ခံသွားတာကို သူ မအံ့သြခဲ့ပေ။ ဘာကြောင့်လဲဆိုတော့ မြောက်ဘက်တောင်တန်းတုန်းကလိုပဲ တည်းခိုခန်းက ဒါကို ကြိုတင်စီစဉ်ထားတယ်ဆိုတာကို သူ တွေးမိလို့ပင်။ အဲဒီတုန်းက ‘ဖူကွေ့ (ချမ်းသာကြွယ်ဝခြင်း)’ ဆိုတဲ့ နာမည်က ပြန်တွေးမိတိုင်း သူ့အတွက် နက်ရှိုင်းတဲ့ အရှက်ကွဲမှုတစ်ခုလို ခံစားနေရဆဲဖြစ်သည်။
ကုတင်ပေါ်တွင် လှဲလျောင်းရင်း သူ အိပ်ပျော်သွားခဲ့သည်။ သို့သော် ညလယ်ခေါင်တွင် သူ့စိတ်ထဲ၌ အသံတစ်သံက ဆက်တိုက် မြည်ဟည်းနေသောကြောင့် သူ နိုးလာခဲ့သည်။
“အဆင့်မြင့် ဆေးဖော်စပ်ခြင်းပညာရပ် ပေါင်းစပ်မည်... လက်ခံမည်လား...”
အသံက ဆက်တိုက် ထပ်ခါတလဲလဲ ထွက်ပေါ်နေသည်။
လုချန်က ‘လက်ခံမည်’ ကို ရွေးချယ်လိုက်ပြီးမှသာ ထိုအသံက ရပ်တန့်သွားသည်။
ချက်ချင်းဆိုသလိုပင် များပြားရှုပ်ထွေးလှသော ဗဟုသုတ အသိပညာများက လုချန်၏ စိတ်ထဲသို့ လေထဲမှနေ၍ အလုံးအရင်းနှင့် ဝင်ရောက်လာသည်။ ထိုအခိုက်အတန့်တွင် သူ၏ ဦးနှောက်ထဲသို့ ဝေါဟာရအမျိုးမျိုး၊ သင်္ကေတများနှင့် ကြယ်အစီအရင်များ ရေကြီးသလို ဝင်ရောက်လာသောကြောင့် ဖရိုဖရဲဖြစ်သွားသလို သူ ခံစားလိုက်ရသည်။ ဤအရာများက ရုပ်ရှင်ပြကွက်များလို သူ၏ မျက်စိရှေ့တွင် လင်းလက်သွားပြီး တစ်ခုချင်းစီတိုင်းက သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားကာ လိုအပ်လာသည့်အခါ သဘာဝကျကျ ထွက်ပေါ်လာရန် အသင့်ဖြစ်နေခဲ့သည်။
ဒီလိုနဲ့ပဲ တစ်ညတာလုံး ကုန်ဆုံးသွားခဲ့ပြီး အရုဏ်တက်ချိန်လေးမှာပဲ လုချန်က သူ့စိတ်ထဲက အသိပညာတွေကို အပြည့်အဝ ချေဖျက်နားလည်နိုင်သွားခဲ့သည်။
အဲဒီအမြန်နှုန်းနဲ့ဆိုရင် တစ်ညတာ ကုန်ဆုံးသွားတဲ့ အချိန်က စာလုံးရေ သန်းချီပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ဖို့ လုံလောက်နေသည်။ ဒါက သူ ချေဖျက်လိုက်တဲ့ သတင်းအချက်အလက် ပမာဏ ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို ပြသနေပြီး ဒါက အပေါ်ယံ အသိပညာသက်သက် မဟုတ်ပေ။
ဥပမာအားဖြင့် ကြယ်အစီအရင်တစ်ခုထဲက အစီအရင်စာသား တစ်ခုတည်းက တစ်ခါတစ်ရံမှာ ရေတွက်လို့မရတဲ့ အဓိပ္ပာယ်တွေကို ကိုယ်စားပြုလေ့ရှိပြီး မတူညီတဲ့ နေရာတွေမှာ သုံးတဲ့အခါ မတူညီတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတတ်သည်။ အခုတော့ ဒီအရာအားလုံးကို သူ သေသေချာချာ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဒီ အဆင့်မြင့် ဆေးဖော်စပ်ခြင်းပညာရပ်ကို ပေါင်းစပ်ပြီးနောက် လုချန်က တချို့အပိုင်းတွေမှာ ဝါရင့် မှော်ဆေးပညာရှင်တွေထက်တောင် ပိုပြီး ကျွမ်းကျင်ပရော်ဖက်ရှင်နယ် ဆန်သွားတယ်လို့ ပြောလို့ရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီ အဆင့်မြင့် ဆေးဖော်စပ်ခြင်းပညာရပ်ဆိုတာကို တခြားသူတွေက နာမည်ပေးထားတာ မဟုတ်ဘဲ တည်းခိုခန်းက နာမည်ပေးထားတာ ဖြစ်သည်။
တည်းခိုခန်းနဲ့ ပတ်သက်သမျှအရာတိုင်းမှာ ‘အဆင့်မြင့်’ ဆိုတဲ့ စကားလုံး ပါလာပြီဆိုရင် အဲဒါက လုံးဝကို သာမန်မဟုတ်တော့ဘူးလေ။
*