ရှန်းရှလောကမှာ မှော်ဆေးပညာရှင်တွေကို ကြယ်ကိုးပွင့်အဆင့် သတ်မှတ်ထားသလို ဆေးလုံးတွေကိုလည်း ကြယ်ကိုးပွင့်အဆင့် ခွဲခြားထားသည်။
ကြယ်တစ်ပွင့်အဆင့် ဆေးလုံးတွေက အတွေ့ရအများဆုံးဖြစ်ပြီး ချီဖြည့်တင်းဆေးလုံးတွေပင်။
ဒါပေမဲ့ ဒီလို သာမန်ဆေးလုံးတွေတောင် အရမ်းကို ဈေးကြီးရတဲ့ အကြောင်းရင်းက ဆေးဖော်စပ်တဲ့နေရာမှာ အောင်မြင်နိုင်ခြေ အရမ်းနည်းပါးလွန်းသောကြောင့် ဖြစ်၏။
ဆေးမီးတောက်ကို ဘာကြောင့် ဆေးတောင်ကြား တည်ရှိမှုရဲ့ အခြေခံအုတ်မြစ်လို့ ခေါ်ရတာလဲ... ဘာလို့လဲဆိုတော့ ဆေးမီးတောက်က ဆေးဖော်စပ်ရာမှာ အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ငါးဆယ်အထိ အာမခံပေးနိုင်လို့ပင်။ ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုလေ။
ကျင့်ကြံသူရဲ့ အစစ်အမှန်မီးတောက်က ဆေးဖော်စပ်လို့ မရဘူးလားဆိုတော့ မဟုတ်ပါ။ အပူချိန်အရ ပြောရရင် ကျင့်ကြံသူရဲ့ အစစ်အမှန်မီးတောက်က သေချာပေါက် လုံလောက်မှု ရှိပါသည်။ ဒါပေမဲ့ အဲဒါက လုံလောက်တဲ့ စုစည်းမှုမရှိတဲ့အတွက် ကျင့်ကြံသူရဲ့ အစစ်အမှန်မီးတောက်ကိုသုံးပြီး ဆေးဖော်မယ်ဆိုရင် ကြယ်ကိုးပွင့်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်က ကြယ်တစ်ပွင့်အဆင့် ဆေးလုံးကို ဖော်စပ်ရင်တောင် အောင်မြင်နိုင်ခြေက ဆယ်ရာခိုင်နှုန်းအောက်ပဲ ရှိသည်။
ဒါပေမဲ့ အစစ်အမှန် သမာဓိမီးကို ရရှိသွားပြီးတဲ့နောက်မှာတော့ အခြေအနေတွေက ပိုပြီး ကွာခြားသွားတော့သည်။
မိုးလင်းလာတဲ့အခါ လုချန် ဆက်မအိပ်နိုင်တော့ပေ။ သူက အခန်းထဲကနေ ထွက်လာပြီး ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေလိုက်သည်။
ဒီနေရာက လေထုက တကယ်ကို လတ်ဆတ်ပြီး ရှုခင်းတွေကလည်း သာယာလှပနေသည်။
လမ်းလျှောက်လာရင်းနဲ့ လုချန်က ဘိုးဘေးခန်းမတစ်ခုရှေ့ကို ရောက်လာခဲ့သည်။ ခန်းမရှေ့မှာတော့ အရပ်ရှည်ရှည် ကျောက်စာတိုင်တစ်ခု စိုက်ထူထားသည်။ အပေါ်ဆုံးမှာ “ဘိုးဘေးသွန်သင်ချက်များ” ဆိုတဲ့ စာသားကို ရေးထွင်းထားပြီး အောက်ဘက်မှာတော့ ပြည့်နှက်နေတဲ့ စာသားတွေ ပါရှိသည်။ လုချန်က အဲဒါကို တစ်ချက်တောင် သေချာမကြည့်တော့ဘဲ အကြည့်လွှဲလိုက်သည်။
အဲဒီနောက် “ဆေးဖော်စပ်ခြင်း စည်းမျဉ်းများ” လို့ ရေးထားတဲ့ နောက်ထပ် ကျောက်စာတိုင်တစ်ခုကို သူ မြင်လိုက်ရသည်။
ဒါက လုချန်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့သည်။ မနေ့ညက ဖြတ်သန်းပြီးနောက်မှာ သူက ဆေးဖော်စပ်ခြင်းနဲ့ ပတ်သက်တဲ့ အသိပညာအချို့ကို ရရှိထားခဲ့ပြီလေ။
ဆေးဖော်စပ်ခြင်း စည်းမျဉ်းတွေ ရေးထားတဲ့ ကျောက်စာတိုင်မှာ အများအားဖြင့် အခြေခံ အချက်အလက်တွေသာ ပါဝင်သည်။
ဥပမာအားဖြင့် ဆေးဖော်စပ်ရာမှာ စိတ်စွမ်းအင်ရဲ့ အရေးပါမှုနဲ့ နတ်ဝိညာဉ်စွမ်းအား ပမာဏက ဆေးဖော်စပ်ခြင်းနဲ့ ဘယ်လို တိုက်ရိုက် ဆက်စပ်နေသလဲ ဆိုတာမျိုးတွေ ဖြစ်သည်။ လုချန်က ဒီအချက်တွေ အားလုံးကို သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
ဒါပေမဲ့ အချက်တစ်ချက်ကတော့ သူ့ကို ခေါင်းခါသွားစေခဲ့သည်။ အဲဒါကတော့ ဆေးလုံးများ အောင်မြင်နိုင်ခြေနဲ့ ပတ်သက်တဲ့ ဆေးဖော်စပ်ခြင်း စည်းမျဉ်းတွေထဲက နောက်ဆုံးအချက်ပင်။
ကျောက်စာတိုင်မှာ ဆေးဖော်စပ်ခြင်းဆိုတာ ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်ခြေမရှိဘဲ အစွမ်းအထက်ဆုံး မှော်ဆေးပညာရှင်တွေတောင် တစ်ခါတစ်ရံ အမှားလုပ်မိတတ်ပြီး ပကတိအောင်မြင်မှုကို အာမမခံနိုင်ဘူးလို့ ဖော်ပြထားသည်။
လုချန်က ဒီအချက်ကို လုံးဝ သဘောမတူပေ။
ဘာလို့လဲဆိုတော့ မနေ့ညက သူ ဖတ်ရှုချေဖျက်ခဲ့တဲ့ အဆင့်မြင့် ဆေးဖော်စပ်ခြင်းပညာရပ် မှတ်တမ်းတွေထဲမှာ အခြေခံကျတဲ့ အချက်တစ်ချက် ပါဝင်နေလို့ပင်။
ပထမဆုံးနဲ့ အရေးအကြီးဆုံးက မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုရင် ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်ခြေကို အာမခံနိုင်ရမယ်။
ဟုတ်တယ်... ရာခိုင်နှုန်းပြည့်လေ။
အဆင့်မြင့် ဆေးဖော်စပ်ခြင်း မှတ်တမ်းတွေထဲမှာ အသေးစိတ် အချက်အလက်တွေ ပါဝင်သည်။ ဥပမာ - အဆင့်နိမ့် မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ လျှောက်ထားမယ်ဆိုရင် ပထမဆုံးအနေနဲ့ ကြီးမားတဲ့ ဖိအားတွေနဲ့ ပြင်ပက အနှောင့်အယှက်တွေကြားမှာ ဆေးဖော်စပ်နိုင်စွမ်း ရှိရမည်။ အဲဒီလိုမှသာ အရည်အချင်းပြည့်မီတဲ့ မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာပြီး မှော်ဆေးပညာရှင် အရည်အချင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။
ထို့ပြင် ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို အသုံးပြုပြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ရမည်။
မဟုတ်ရင် ကြယ်သုံးပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံးတွေ ဖော်စပ်တာတောင် ကျရှုံးနိုင်ခြေ မြင့်မားနေသေးရင် မှော်ဆေးပညာရှင်က ဘာအသုံးကျတော့မှာလဲ... ဆေးလုံး ပိုနှစ်လုံးလောက်ရဖို့ သက်သက်ပဲလား... အဲဒီလိုဆိုရင် လောင်းကစား သွားလုပ်တာကမှ ပိုကောင်းဦးမယ်။
လုချန်က ဒီအချက်ကို အပြည့်အဝ သဘောတူသည်။
ဆန်ကို ထမင်းဖြစ်အောင် ချက်တတ်တဲ့သူကို ထမင်းချက်တတ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပေါက်စီတစ်လုံးကို အပိုင်းငါးပိုင်း ပိုင်းခိုင်းတဲ့အခါ အဲဒီလုပ်ငန်းစဉ်အတွင်းမှာ ပေါက်စီက မြေကြီးပေါ် ပြုတ်ကျဖို့ ရာခိုင်နှုန်းများနေရင် မင်းက ဘာအသုံးကျတော့မှာလဲ...
ဒါကြောင့် မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ အချက်နှစ်ချက်ကို အရင်ဆုံး အောင်မြင်ရမည် ဖြစ်သည်။
အဲဒီနောက် အဆင့်တက်ခြင်း... အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်က အဆင့်လေးကနေ အဆင့်ခြောက်အထိ ဆေးလုံးတွေကို ဖော်စပ်နိုင်ရမည်ဖြစ်ပြီး အချိန်ကိုလည်း ၁၂ ရှီချန် (၂၄ နာရီ) အတွင်း ထိန်းချုပ်နိုင်ရမည်။
ဒါပေမဲ့ အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ စံနှုန်းက ဆေးလုံးတွေရဲ့ အရည်အသွေးတစ်ခုတည်းအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာ မဟုတ်ပေ။
ဆေးပညာရှင် အဆင့်သတ်မှတ်ချက်အရ အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်နဲ့ အဆင့်မြင့် မှော်ဆေးပညာရှင်ကြားက ကွာခြားချက်က လုံးဝကို ကြီးမားလှတဲ့ ကွာဟချက်ကြီးပင် ဖြစ်သည်။
အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာဖို့ အရေးအကြီးဆုံးအချက်ကတော့ သူတို့မှာ ကိုယ်ပိုင်ကန့်သတ်ချက် တစ်ခုရှိရမည်။ အဲဒါကတော့ သူတို့က ကြယ်ခြောက်ပွင့်အောက် ဆေးလုံးတွေကို ဖော်စပ်လို့ မရဘူးဆိုတာပင်။
ဒီကန့်သတ်ချက် ရှိနေခြင်းအားဖြင့် သူတို့ရဲ့ အဆင့်အတန်းက ရေတွက်လို့မရတဲ့ အဆင့်တွေအထိ ချက်ချင်း မြင့်တက်သွားတော့သည်။
သေချာတာပေါ့... ဒါက မခက်ခဲပါ။ အရေးအကြီးဆုံးအချက်ကတော့ ဆေးဖော်စပ်တဲ့ အချိန်ကို လျှော့ချနိုင်ခြင်းပဲ ဖြစ်သည်။
ထို့ပြင် လျှော့ချနိုင်တဲ့ ပမာဏက အလွန်ကြီးမားပြီး ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုအထိ ရောက်ရှိသွားသည်။
အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်က ဆေးတစ်ဖို ဖော်စပ်ဖို့ ၁၂ ရှီချန် အချိန်ယူရသည်။
အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက်ကတော့ ဆေးတစ်ဖို ဖော်စပ်ဖို့ ရှီချန်တစ်ဝက်ပဲ အချိန်ယူရသည်။
ဒီလို ကွာဟချက်မျိုးက လူတော်တော်များများအတွက် လုံးဝ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ သူတို့က မှန်ကန်တဲ့ အခွင့်အရေးနဲ့ မကြုံတွေ့ရသေးလို့သာ ဖြစ်သည်။
ပြီးတော့ အဲဒီ အခွင့်အရေးဆိုတာကတော့ မီး ပင် ဖြစ်သည်။
ဆေးဖော်စပ်ဖို့ ဆေးမီးတောက်ကို အသုံးပြုခြင်းက အချိန်ကို ၁၂ ရှီချန်မှာ ထိန်းထားနိုင်သည်။ ဒါပေမဲ့ မီးတောက်က ဆေးမီးတောက်ထက် သာလွန်သွားတဲ့အခါ မှော်ဆေးပညာရှင်က ဒီမီးတောက်ရဲ့ ပေါင်းစပ်မှုနဲ့ အဆင့်မြှင့်တင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ပြီး မီးတောက်ကို မိမိနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကာ ရိုင်းစိုင်းတဲ့ သားရဲတစ်ကောင်ကနေ နူးညံ့ပြီး လိမ္မာတဲ့ ကြောင်ပေါက်လေးတစ်ကောင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ ဒါက အချိန်ကို သိသိသာသာ တိုတောင်းသွားစေ၏။
မူလက မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ဖုတ်ရမယ့်နေရာတွေမှာ အခုတော့ ပြင်းထန်တဲ့ မီးတောက်ကို သုံးပြီး ဖြည်းဖြည်းချင်း ဖုတ်တဲ့ အကျိုးသက်ရောက်မှုမျိုး ရအောင် လုပ်နိုင်သွားပြီဖြစ်ကာ အချိန်ကလည်း ဆယ်ဆမက တိုတောင်းသွားလိမ့်မည်။
ဒီလို စွမ်းရည်တွေကို ပိုင်ဆိုင်ပြီးမှသာ အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်လာနိုင်တာ ဖြစ်သည်။
အခုတော့ လုချန်က ဆေးလုံး တစ်လုံးမှ မဖော်စပ်ဖူးပေမဲ့ အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက် ဖြစ်နေပြီလေ။
“ငါ မင်းကို လိုက်ရှာနေတာ အကြာကြီးပဲ... ဒီမှာ လာနေတာကိုး... မင်းရဲ့ ဆရာက ဆေးတောင်ကြားမှာ လျှောက်မသွားရဘူးလို့ မပြောပြထားဘူးလား...”
လုချန် အတွေးနက်နေစဉ်မှာပဲ သူ့နောက်ကျောဘက်ဆီကနေ အလွန် ကြမ်းတမ်းတဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။ မနေ့က သက်လတ်ပိုင်းအမျိုးသမီးက စိတ်မရှည်တဲ့ အမူအရာနဲ့ လျှောက်လာတာကို သူ မြင်လိုက်ရသည်။
“အင်း... အဲဒါကို ကျွန်တော် တကယ် မသိခဲ့ဘူး...”
လုချန်က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။
“ထားလိုက်တော့... မြန်မြန်သွားစို့... မင်းရဲ့ ဆရာက မင်းကို ဒီကို ခေါ်လာတာ လျှောက်သွားနေဖို့ မဟုတ်ဘူး... ငါတို့ ဆေးတောင်ကြားက မင်းလိုလူမျိုးတွေကို ကြိုမဆိုဘူး...”
သက်လတ်ပိုင်းအမျိုးသမီးက စကားပြောပြီးတာနဲ့ လုချန်ရဲ့ တုံ့ပြန်မှုကို လုံးဝ စောင့်မနေတော့ဘဲ ခြေလှမ်းလှမ်းကာ အခြားတစ်ဖက်ကို ထွက်သွားခဲ့ရာ လုချန် တစ်ယောက် လုံးဝ ဇဝေဇဝါဖြစ်ကာ ကျန်ရစ်ခဲ့တော့သည်။
'ဘာသဘောလဲ... ဘာ ဆရာ လဲ... တည်းခိုခန်းဆိုတဲ့ ကောင်က ငါ့ဆရာလား...'
သက်လတ်ပိုင်းအမျိုးသမီးနောက်ကနေ လိုက်သွားရင်း လုချန်က ပတ်ဝန်းကျင်က အိမ်လေးတွေကို ဖြတ်သန်းကာ အနောက်ဘက်က တောင်ကြီးဆီကို ဦးတည်သွားလိုက်သည်။ လမ်းတစ်လျှောက်မှာ အဲဒီဘက်ကို သွားနေကြတဲ့ လူအများအပြားကိုလည်း သူ မြင်တွေ့ခဲ့ရသည်။
ထို့ပြင် လူတော်တော်များများက ကြီးမားတဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်တော့မယ့်အလား လေးနက်တည်ကြည်တဲ့ အမူအရာတွေ ရှိနေကြသည်။
တောင်ကြီးရဲ့ အတွင်းဘက်မှာတော့ ပုန်းကွယ်နေတဲ့ ကမ္ဘာလေးတစ်ခု ရှိနေသည်။ တောင်ကြားထဲမှာ ဆယ်မီတာ အမြင့်ရှိတဲ့ စင်မြင့်နှစ်ခုကို ဆောက်လုပ်ထားသည်။ စင်မြင့်တစ်ခုစီရဲ့ အပေါ်မှာတော့ ပုံစံအမျိုးမျိုး ထွင်းထုထားတဲ့ ကြေးဝါဆေးမီးဖို တစ်ခုစီ ရှိနေသည်။
တကယ်လို့ လုချန်က ဒါကို မနေ့ကသာ မြင်ခဲ့မယ်ဆိုရင် ကြေးဝါဆေးမီးဖိုဆိုတာ ဘာမှန်း သိခဲ့မှာ မဟုတ်ပေမဲ့ ဒီနေ့မှာတော့ သူ ရှင်းရှင်းလင်းလင်း နားလည်နေပြီ ဖြစ်သည်။ ကြေးဝါဆေးမီးဖိုကို မြင်လိုက်တဲ့ အခိုက်အတန့်မှာပဲ ဆေးမီးဖိုဆိုတဲ့ အသိက သူ့စိတ်ထဲကို ချက်ချင်း ဝင်ရောက်လာခဲ့သည်။
“ကြယ်နှစ်ပွင့်အဆင့် ဆေးမီးဖို... လက်ရာက နည်းနည်း ကြမ်းတမ်းနေတယ်... ကြယ်နှစ်ပွင့်အဆင့်ဆိုတာတောင် ကပ်သီးကပ်သတ်ပဲ...”
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ့ဘေးမှာရှိနေတဲ့ သက်လတ်ပိုင်းအမျိုးသမီးက ဒီစကားကို ကြားသွားပြီး ချက်ချင်း သရော်လှောင်ပြောင်လိုက်သည်။
“တော်တော် မောက်မာပါလား... ကြယ်နှစ်ပွင့်အဆင့် ဆေးမီးဖိုက မင်းအတွက် လက်ရာကြမ်းတယ်ဆိုရင် ဟုန်ဆိုတဲ့လူက မင်းလို ပုဂ္ဂိုလ်ကြီးမျိုးကို ဖိတ်ခေါ်နိုင်လောက်အောင် ဘယ်လောက်တောင် အရည်အချင်းရှိနေလို့လဲ... မင်းရဲ့ လေသံကို ကြားရတာ မသိတဲ့သူတွေက မင်းကို ကြယ်သုံးပွင့်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်လို့တောင် ထင်သွားဦးမယ်...”
သက်လတ်ပိုင်းအမျိုးသမီးရဲ့ မလိုမုန်းထားတဲ့ လေသံကို ကြားလိုက်ရတဲ့အခါ သူမက သူ့အပေါ် ဘာလို့ ဒီလောက်တောင် ရန်လိုနေရသလဲဆိုတာကို လုချန် တကယ်ကို နားမလည်နိုင်အောင် ဖြစ်သွားရသည်။
“ပြိုင်ပွဲ စတော့မယ်... သူ့ကို စင်ပေါ် တက်ခိုင်းလိုက်တော့...”
သက်လတ်ပိုင်းအမျိုးသားတစ်ယောက် လျှောက်လာပြီး သက်လတ်ပိုင်းအမျိုးသမီးကို ပြောလိုက်သည်။
အမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး လုချန်ကို စင်မြင့်ဆီ ညွှန်ပြလိုက်သည်။
“အဲဒါ မင်းနေရာပဲ... မင်းရဲ့ အရည်အချင်းက မင်းရဲ့ မောက်မာမှုနဲ့ ကိုက်ညီပါစေလို့ ငါ မျှော်လင့်တယ်... မဟုတ်ရင်တော့ ငါ တကယ် ရယ်ရလွန်းလို့ သေသွားလိမ့်မယ်...”
လုချန်က မျက်လုံးလှန်ကြည့်လိုက်ပြီး သူမကို ဂရုမစိုက်တော့ပေ။ အခု သူ့ခေါင်းထဲမှာ တွေးနေတာက မစ်ရှင်အကြောင်းသာ ဖြစ်သည်။
မစ်ရှင် ပြီးဆုံးသွားတာနဲ့ သူက ဒီလူတွေနဲ့ ဘာပတ်သက်မှုမှ ရှိတော့မှာ မဟုတ်ဘူးလေ။
အာကာသဖိနပ်ကို အသုံးပြုပြီး သူက စင်မြင့်ပေါ် တက်သွားလိုက်သည်။ ကျောက်စင်မြင့်ရဲ့ မျက်နှာပြင်က စတုရန်းမီတာ နှစ်မီတာလောက်သာ ကျယ်ဝန်းပြီး ဆေးမီးဖိုရဲ့ အရှေ့မှာတော့ ထိုင်ဖို့အတွက် တရားထိုင်အခင်းတစ်ခု ရှိနေသည်။
လုချန် ထိုင်ချတော့မယ့်ဆဲဆဲမှာပဲ သူ့နောက်ကျောဘက်ဆီကနေ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းက ဘယ်က အမှိုက်ကောင်လဲ... ဒါက မင်း ထိုင်ရမယ့် နေရာလား... လစ်စမ်း...”
*