လုချန်၏ နောက်ကျောဘက်ဆီမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်ရာ မှုန်ကုပ်ကုပ်လူငယ်တစ်ဦးက သူ့အနောက်တွင်ရပ်ကာ စူးရဲစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုအသံပိုင်ရှင်မှာ ဒီလူငယ်ပင် ဖြစ်သည်။
လုချန်က မျက်နှာကြန်အင်လက္ခဏာ ဖတ်တတ်သည်ဟု မကြွားဝါဝံ့သော်လည်း ဤလူငယ်ကို မြင်လိုက်ရချိန်တွင် မကောင်းဆိုးဝါးစိတ်နှလုံး ပိုင်ဆိုင်ထားသူဖြစ်ကြောင်း အလိုလို ခံစားလိုက်ရသည်။
“ငါ ဒီမှာထိုင်တာ သေချာပေါက် ဆေးဖော်ဖို့ပေါ့...”
သူက တစ်ဖက်လူကို ပြန်ဖြေလိုက်သည်။
မှုန်ကုပ်ကုပ်လူငယ်က လုချန်ကို အကဲခတ်ကြည့်လိုက်သည်။
“ရယ်စရာပဲ... မင်းက ဆေးဖော်မယ်... မင်းဆီမှာ နတ်ဝိညာဉ်စွမ်းအား တစ်စက်လေးတောင် မရှိဘူးလေ... မင်းက ဆေးမီးဖိုကိုတောင် နိုင်ချင်မှ နိုင်မှာ..”
စင်အောက်ဘက်တွင်တော့ လုချန်ကို တစ်ခါမှ မျက်နှာကောင်း မပြခဲ့ဖူးသော သက်လတ်ပိုင်းအမျိုးသမီးက စင်ပေါ်သို့ ဇဝေဇဝါ အမူအရာဖြင့် ကြည့်နေသည်။
“ဘာတွေဖြစ်နေတာလဲ... ဟုန်ဆိုတဲ့လူက လူနှစ်ယောက် ဖိတ်ထားတာလား...”
သူမက မှုန်ကုပ်ကုပ်လူငယ်ကို တောင်ကြားသခင်ဟုန်အတွက် ဆေးဖော်ပေးရန် ခေါ်ဆောင်လာသည်ကို ယခုလေးတင် မြင်တွေ့ခဲ့ရသည်။
ယခု စင်အောက်တွင် ရပ်နေရင်း စင်ပေါ်မှ လေထုက တစ်ခုခု လွဲချော်နေကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“ငါ အထင်လွဲသွားတာများလား...”
ဤအတွေးက သူမ၏ ရင်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ထို့နောက် စင်ပေါ်သို့ ကြည့်လိုက်သောအခါ ဤခံစားချက်က ပိုမိုပြင်းထန်လာသည်။
အပေါ်၌ လုချန်က မှုန်ကုပ်ကုပ်လူငယ်ကို စူးရဲစွာ စိုက်ကြည့်နေပြီး လူငယ်၏ သိမ်းငှက်လို အကြည့်များက သူ့ကို ပစ်မှတ်ထားခံရသည့် သားကောင်တစ်ကောင်လို ခံစားရစေသည်။
ဒါက တကယ်ကို ကြီးမားလှတဲ့ အရှိန်အဝါပင်။
ပုံမှန်လူတစ်ယောက်ဆိုလျှင် မှုန်ကုပ်ကုပ်လူငယ်၏ စိုက်ကြည့်မှုအောက်တွင် အကြည့်လွှဲသွားမည်မှာ သေချာသော်လည်း လုချန်က ထိုသို့မလုပ်ဘဲ ပြန်လည် စိုက်ကြည့်နေခဲ့သည်။
“ဘလာ... ဘလာ...”
သူက လက်နှစ်ဖက်ကို နားရွက်ဘေးတွင် ယပ်တောင်ကြီးများလို ကားထားပြီး လျှာထုတ်ကာ မျက်နှာပြောင်ပြလိုက်သည်။
မင်း ကြိုက်သလောက် ရန်လိုနေလို့ရတယ်... ဒါပေမဲ့ ငါကတော့ မင်းကို အဖက်မလုပ်ဘူးလေ။
လုချန်၏ ရုတ်တရက် မျက်နှာပြောင်မှုကြောင့် မှုန်ကုပ်ကုပ်လူငယ်မှာ ဒေါသထွက်လွန်း၍ သီးလုမတတ် ဖြစ်သွားသည်။
“ခွေးကောင်လေး... မင်း သေချင်နေတာလား...”
“ပလွတ်... ပလွတ်... ပလွတ်...”
လုချန်က လျှာကို အကြိမ်အနည်းငယ် ထုတ်ပြလိုက်ပြီး သူနှင့် အငြင်းပွားမနေချင်တော့ဘဲ အခြားကျောက်စင်မြင့်တစ်ခုဆီသို့ တိုက်ရိုက် ပြေးသွားလိုက်သည်။
အောက်ဘက်တွင်တော့ တောင်ကြားသခင်ဟုန် ပေါ်လာသည်။ သူက လေးထောင့်စပ်စပ် မျက်နှာနှင့် အလွန်ရိုးသားပုံပေါ်သည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး ကောက်ကျစ်စဉ်းလဲသူနှင့် လုံးဝ မတူပေ။ ‘လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အကဲမဖြတ်နဲ့’ ဆိုတဲ့ စကားပုံက နေရာတိုင်းမှာ အသုံးဝင်ပုံရသည်။
စင်ပေါ်ရှိ လုချန်ကို ကြည့်ရင်း သူက စကားစလိုက်သည်။
“စွန်းဆိုတဲ့လူ ခေါ်လာတဲ့လူတွေက ဒီလောက်တောင် စည်းကမ်းမဲ့ကြတာလား... ဘာအချိုးတွေလဲ... ငါ့ဆေးမီးဖိုရှေ့မှာ လာထိုင်နေတယ်ပေါ့လေ...”
“ဒုက္ခပါပဲ... ငါတော့ တကယ် အမှားကြီး မှားမိပြီ...”
လုချန်အပေါ် အမြဲတမ်း ဆက်ဆံရေးမကောင်းခဲ့သော သက်လတ်ပိုင်းအမျိုးသမီးက ရုတ်တရက် သူမ၏ နဖူးကို ရိုက်လိုက်ပြီး သူမ တကယ်ကို ကြီးမားတဲ့ အမှားကြီးတစ်ခု ကျူးလွန်မိသွားမှန်း သဘောပေါက်လိုက်သည်။
သူမက ကိုယ့်ဘက်ကလူကို ပြိုင်ဘက်လို့ အထင်လွဲသွားခဲ့တာလား...
ဤအချိန်တွင် သက်လတ်ပိုင်းအမျိုးသမီးမှာ အနည်းငယ် ရှက်ရွံ့သွားပြီး လုချန်ကို ကြည့်သည့် သူမ၏ မျက်လုံးများထဲတွင် တောင်းပန်မှုများ ပြည့်နှက်နေသည်။ သူမ၏ ယခင်က အပြုအမူများအတွက် အလွန်အမင်း နောင်တရနေပုံပေါ်သည်။
လုချန်ကို ခေါ်လာခဲ့သည့် အစိမ်းရောင်ဝတ် မိန်းကလေး ရှောင်နင်မှာလည်း အနေရခက်နေသည်။ အဘယ်ကြောင့်ဆိုသော် လုချန်သည် တောင်ကြားသခင်ဟုန် ဖိတ်ခေါ်လာသူဖြစ်ကြောင်း သတင်းဖြန့်ခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။
“တော်သေးတာပေါ့... တော်သေးတာပေါ့... ဘာအမှားအယွင်းကြီးမှ မဖြစ်သွားလို့... မဟုတ်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရမလဲ မသိဘူး...”
လူတိုင်းက စင်ပေါ်သို့ ကြည့်လိုက်ကြသည်။
ဒီအချိန်မှာတော့ လုချန်က ရိတ်သိမ်းခြေလှမ်းကို အသုံးပြုပြီး အခြားစင်မြင့်တစ်ခုဆီ ရောက်သွားကာ ဆေးမီးဖိုရှေ့မှာ ထိုင်ချလိုက်သည်။
စင်အောက်ဘက် တောင်ကြားထဲမှာတော့ အသက်အရွယ်စုံ၊ လိင်စုံ မှော်ဆေးပညာရှင် အများအပြား စုရုံးနေကြပြီ ဖြစ်သည်။ ရုတ်တရက် လူတော်တော်များများက သူ့ကို အားပေးနေသလိုမျိုး လုချန် ထူးထူးဆန်းဆန်း သတိပြုမိလိုက်သည်။ မနေ့ကတည်းက သူ့ကို မျက်နှာကောင်း တစ်ချက်မပြခဲ့တဲ့ သက်လတ်ပိုင်းအမျိုးသမီးကတောင် သူ့ကို လက်မထောင်ပြနေသေးသည်။
ဒီအချိန်အထိ သူက ဘာကို အတိအကျ ယှဉ်ပြိုင်ရမလဲဆိုတာ လုချန် မသိသေးပေ။ မစ်ရှင်ကို ဒီလို စီစဉ်ထားတယ်လို့ပဲ သူ သိထားပြီး တည်းခိုခန်းက အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးထားမယ်လို့ သူ ယူဆထားသည်။
တကယ်လို့ သူ့ရဲ့ နောက်ထပ် လှုပ်ရှားမှုတွေက ဆေးတောင်ကြားရဲ့ တောင်ကြားသခင် ဘယ်သူဖြစ်မလဲဆိုတာကို ဆုံးဖြတ်ပေးရလိမ့်မယ်ဆိုတဲ့ အခြေအနေမှန်ကို သူသာ တကယ်သိခဲ့မယ်ဆိုရင် တော်တော်လေး စိတ်ဓာတ်ကျသွားလောက်သည်။
သူတို့နှစ်ယောက်လုံး ထိုင်လိုက်တာကို မြင်ပြီးနောက် လူတစ်ယောက်က မြင့်မားတဲ့ စင်မြင့်နှစ်ခုကြားမှာ လျင်မြန်စွာ ပျံဝဲလာပြီး ဒီပြိုင်ပွဲအတွက် စည်းမျဉ်းတွေကို စတင် ကြေညာလိုက်သည်။
“စည်းမျဉ်း သုံးခုရှိတယ်... ပထမအချက် - ဆေးဖော်စပ်တဲ့အချိန်ကို ၁၂ ရှီချန် အတွင်းမှာ ထိန်းချုပ်ရမယ်...”
ပထမဆုံး စည်းမျဉ်းကို ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက် စင်အောက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
၁၂ ရှီချန်...
ဒီကန့်သတ်ချက်ကို အခြေခံပြီး တွက်ချက်ကြည့်မယ်ဆိုရင် ဒါက တည်းခိုခန်းရဲ့ မှော်ဆေးပညာရှင် အဆင့်သတ်မှတ်ချက်အရ အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်အတွက်တောင် လိုအပ်တဲ့ စံနှုန်းတစ်ခု ဖြစ်သည်။ အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်တွေက ကြယ်လေးပွင့်ကနေ ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးတွေကို ဖော်စပ်ကြသည်။
အရင်တုန်းက ဆေးတောင်ကြားရဲ့ တောင်ကြားသခင်ဟောင်းနဲ့ အသစ်တို့ ယှဉ်ပြိုင်ခဲ့ကြစဉ်က အစစ်အမှန် သမာဓိမီးကို အသုံးပြုပြီးတာတောင် ကြယ်နှစ်ပွင့်အဆင့် ဆေးလုံးတွေကိုပဲ ဖော်စပ်နိုင်ခဲ့ကြသည်။ ဒီစံနှုန်းအရဆိုရင် သူတို့ရဲ့ အဆင့်က အဆင့်နိမ့် မှော်ဆေးပညာရှင်အဆင့်လောက်သာ ရှိသေးသည်။
ဘယ်လိုပဲ တွက်တွက်... အခုလို ၁၂ ရှီချန်လို့ ကြေညာလိုက်ခြင်းက ဆေးတောင်ကြားက မှော်ဆေးပညာရှင်တွေအတွက်တော့ မဖြစ်နိုင်တဲ့ တာဝန်တစ်ခုကို ပေးလိုက်တာနဲ့ အတူတူပင်။
၁၂ ရှီချန်တဲ့လား...
စင်အောက်ရှိ သက်လတ်ပိုင်းအမျိုးသမီးက ဒေါသတကြီး အမူအရာဖြင့် နားထောင်နေသည်။
“ဒါက ဟုန်ဆိုတဲ့လူ တမင်သက်သက် စီစဉ်ထားတာ ဖြစ်ရမယ်...”
“၁၂ ရှီချန်တဲ့... သူက ပြောရတာ လွယ်လိုက်တာ... ဟုန်ဆိုတဲ့လူတောင် ကိုယ်တိုင် လုပ်နိုင်မှာ မဟုတ်ဘူး...”
တောင်ကြားသခင်ဟုန်ကို မကျေနပ်သူအားလုံးက ဒီအချိန်မှာ ဝင်ပြောလာကြပြီး အမျိုးမျိုး ဝေဖန်နေကြသည်။
ဒါပေမဲ့ သူတို့ စကားမဆုံးခင်မှာပဲ ဒုတိယစည်းမျဉ်း ကြေညာချက်က သူတို့ကို ထပ်ပြီး အံ့သြအော်ဟစ်သွားစေပြန်သည်။
“ဒုတိယအချက် - ဆေးလုံးရဲ့ အရည်အသွေးက ကြယ်သုံးပွင့်အဆင့်ကို ရောက်ရှိရမယ်...”
ဒီကြေညာချက်က လူအုပ်ကြီးကြားမှာ ကြီးမားတဲ့ ရုတ်ရုတ်သဲသဲဖြစ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ကြယ်သုံးပွင့်အဆင့် ဆေးလုံးတဲ့လား... ဒါက ကြယ်သုံးပွင့်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ စံနှုန်းလေ... ကြယ်သုံးပွင့်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့ ဒီလိုလူငယ်လေးတစ်ယောက်ကို ဖိတ်ခေါ်ရဲတဲ့ ယုံကြည်မှုမျိုး ဟုန်ဆိုတဲ့လူက ဘယ်ကနေ ရလာတာလဲ...
ရောက်ရှိနေသူတွေထဲမှာ ဘယ်သူကမှ မအံ့သြဘဲ မနေနိုင်ကြတော့ပေ။
ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့အကြိမ်က တောင်ကြားသခင်နှစ်ယောက် ယှဉ်ပြိုင်ခဲ့စဉ်က ကြယ်နှစ်ပွင့်အဆင့် ဆေးလုံးတစ်လုံးကိုပဲ ဖော်စပ်နိုင်ခဲ့ကြပြီး အဲဒါကတောင် အစစ်အမှန် သမာဓိမီးရဲ့ အကူအညီနဲ့မို့ အထူးကောင်းမွန်တဲ့ စွမ်းဆောင်ရည်လို့ ဆိုရမှာ ဖြစ်သည်။
ဒီတစ်ကြိမ်မှာတော့ ဂျူနီယာတွေကြားက ပြိုင်ပွဲလေး သက်သက်ဆိုတာ ရှင်းနေပေမဲ့ အခက်အခဲ အဆင့်က အရင်ကထက်တောင် ပိုများနေတယ်ပေါ့လေ...
လူတွေက ဟိုကြည့်ဒီကြည့်နဲ့ အချင်းချင်း ဆက်သွယ်ပြောဆိုနေကြတာမို့ အံ့သြတုန်လှုပ်သံတွေက မရပ်မနား ထွက်ပေါ်နေသည်။
“တတိယအချက် - အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေက ကြယ်သုံးပွင့်စံနှုန်းနဲ့ မပြည့်မီရဘူး...”
ပထမစည်းမျဉ်းနှစ်ခုရဲ့ တုန်လှုပ်မှုကနေ လူတိုင်း သတိမဝင်လာသေးခင်မှာပဲ ဒီတတိယစည်းမျဉ်းက သူတို့ရဲ့ အံ့သြအော်ဟစ်သံတွေကို ထပ်မံ အသစ်ဖြစ်သွားစေပြန်သည်။
ကြယ်သုံးပွင့်စံနှုန်းမမီတဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး ၁၂ ရှီချန်အတွင်းမှာ ကြယ်သုံးပွင့်အဆင့် ဆေးလုံးကို ဖော်စပ်ရမယ်ပေါ့လေ...
အဲဒါကို ဘယ်သူက လုပ်နိုင်မှာလဲ...
သူတို့ရဲ့ နားလည်မှုအရ ဒီလိုကိစ္စမျိုးက လုံးဝကို မဖြစ်နိုင်ဘူးလေ။
ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံး ဖော်စပ်ဖို့ဆိုတာ ထားလိုက်... သူတို့က ၁၂ ရှီချန်အတွင်းမှာ ကြယ်နှစ်ပွင့်အဆင့် ဆေးလုံးတစ်လုံးကိုတောင် မဖော်စပ်နိုင်ကြဘူး... ကြယ်သုံးပွင့်အဆင့် ဆေးလုံးဆိုတာ ဝေလာဝေးပင်။
“ဟုန်ဆိုတဲ့လူက ဘာတွေများ လုပ်ချင်နေတာလဲ...”
သက်လတ်ပိုင်းအမျိုးသမီးက တောင်ကြားသခင်ဟုန်ကို လှမ်းကြည့်လိုက်ရာ သူက ယုံကြည်မှုအပြည့်နဲ့ ပြုံးနေတာကို တွေ့လိုက်ရသည်။ ဒီလိုစည်းမျဉ်းတွေကို သူ အဆိုပြုနိုင်မှတော့ သူ့မှာ ကိုယ်ပိုင်အာမခံချက် ရှိနေလို့ပဲ ဖြစ်ရမည်။
စည်းမျဉ်းကြေညာသူက ဒီအချက်သုံးချက်ကို ပြောပြီးနောက် ပြိုင်ပွဲစတင်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။
လုချန်က သူ့အပေါ် ကျရောက်လာတဲ့ အေးစက်စက် အကြည့်တစ်ခုကို ချက်ချင်း ခံစားလိုက်ရသည်။ ခံစားချက်နောက်ကို လိုက်ကြည့်လိုက်ရာ အဲဒါက မှုန်ကုပ်ကုပ်လူငယ် ဖြစ်နေတာကို သူ တွေ့လိုက်ရသည်။
လုချန် လှမ်းကြည့်တာကို မြင်လိုက်ရတဲ့အခါ မှုန်ကုပ်ကုပ်လူငယ်က သရော်လိုက်ပြီး သူ့ကို လည်ပင်းလှီးမယ့် ဟန်ပန်တစ်ခု လုပ်ပြလိုက်သည်။
လုချန်ကလည်း အပြန်အလှန်အနေနဲ့ သူ့ကို လက်ခလယ် ထောင်ပြလိုက်သည်။ သေချာတာပေါ့... မှုန်ကုပ်ကုပ်လူငယ်က ဒါ ဘာအဓိပ္ပာယ်လဲဆိုတာ မသိပေ။ မဟုတ်ရင် သူ့ရဲ့ ရက်စက်ယုတ်မာတဲ့ သဘာဝအရ လုချန်ကို နေရာမှာတင် သေချာပေါက် တိုက်ခိုက်မိလိမ့်မည်။
ပြိုင်ပွဲအချိန်က လွန်ခဲ့တဲ့ နှစ်စက္ကန့်ကတည်းက စတင်ရေတွက်နေပြီ ဖြစ်သည်။ မှုန်ကုပ်ကုပ်လူငယ်က လုံးဝ တုံ့ဆိုင်းမနေဘဲ ဆေးမီးဖိုရဲ့ ဘေးဘက်ကို လက်ဝါးနဲ့ ကျွမ်းကျင်စွာ ရိုက်ချလိုက်ရာ အဖုံးက သဘာဝကျကျ ပွင့်တက်သွားသည်။
ဒီအရာအားလုံး၊ လူအုပ်ကြီးကို ရုတ်ရုတ်သဲသဲဖြစ်သွားစေတဲ့ စည်းမျဉ်းတွေကိုတောင် ရင်ဆိုင်နေရတဲ့ လုချန်ကတော့ အလွန် တည်ငြိမ်နေပုံရသည်။
ဒီစည်းမျဉ်းသုံးခုက ဆေးတောင်ကြားက မှော်ဆေးပညာရှင်တွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့ လုချန်အတွက်တော့ ဒါက အဆင့်နိမ့် မှော်ဆေးပညာရှင်တစ်ယောက် အလယ်အလတ်အဆင့် မှော်ဆေးပညာရှင်အဖြစ် အဆင့်တက်ဖို့အတွက် စာမေးပွဲ မေးခွန်းတစ်ခုသာ ဖြစ်သည်။ ဒါပေမဲ့ သူက အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ စံနှုန်းကို ပိုင်ဆိုင်ထားတယ်လေ။
***