ပြိုင်ပွဲက စတင်နေပြီဖြစ်ပေမဲ့ လုချန်ကတော့ ဘာလှုပ်ရှားမှုမှ မလုပ်သေးပေ။
ဒီအတွက် ပြဿနာနှစ်ခု ရှိနေသည်။
ပထမအချက်ကတော့ ၁၂ ရှီချန် (၂၄ နာရီ) ဆိုတာက အရမ်းကြာလွန်းသည်။ လုချန်က အရင်က တစ်ခါမှ ဆေးမဖော်စပ်ဖူးဘူးဆိုပေမဲ့ သူ့ရဲ့ လက်ရှိကျွမ်းကျင်မှုအဆင့်နဲ့ဆိုရင် ဆေးဖော်စပ်ဖို့ လိုအပ်တဲ့အချိန်ကို နာရီဝက်အတွင်း ထိန်းချုပ်နိုင်ရမည် ဖြစ်သည်။
ဒုတိယအချက်ကတော့ ကြယ်ခြောက်ပွင့်အောက် ဆေးလုံးတွေကို သူ ဖော်စပ်လို့မရဘူး ဆိုတာပင်။ ဒါက အဆင့်မြင့် မှော်ဆေးပညာရှင်တွေအတွက် ကိုယ်တိုင်သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တစ်ခု ဖြစ်သည်။
ပြီးတော့ ဒီပြိုင်ပွဲမှာ နောက်ထပ် စည်းမျဉ်းတစ်ခု ရှိနေသေးသည်။ အဲဒါကတော့ ကြယ်သုံးပွင့်အထက် ပါဝင်ပစ္စည်းတွေကို အသုံးပြုခွင့် မရှိဘူးဆိုတာပဲ ဖြစ်သည်။
ဒါကြောင့် ဆေးတောင်ကြားက လူတွေအတွက်တော့ မှုန်ကုပ်ကုပ်လူငယ်က မဖြစ်နိုင်တဲ့ တာဝန်တစ်ခုကို ကြိုးစားနေတာ ဖြစ်နိုင်ပေမဲ့ လုချန်အတွက်တော့ တစ်ဖက်လူ လုပ်နေတဲ့အရာက အရမ်းကို ရိုးရှင်းလွန်းနေသည်။ တကယ်လို့များ လုချန်က အခုချိန်မှာ နာရီဝက်အတွင်း ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးကို ဘယ်လိုဖော်စပ်ရမလဲဆိုတာ တွေးတောနေမှန်း တခြားသူတွေသာ သိသွားခဲ့ရင် သူတို့ရဲ့ ကမ္ဘာ့အမြင်ကြီး ပြိုလဲသွားသလို ခံစားရလောက်သည်။
“အချိန်စမှတ်နေပြီလေ... သူက ဘာလို့ မလှုပ်ရှားသေးတာလဲ...”
လုချန် ဒီအတိုင်း ထိုင်နေတာကို မြင်လိုက်ရတဲ့ လူတစ်ယောက်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“သူ ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်မှာလဲ... ဟုန်ဆိုတဲ့ လူယုတ်မာကြီးက ရှင်းရှင်းကြီး လိမ်လည်နေတာလေ... သူက ကြိုတင်ပြင်ဆင်ပြီး လာခဲ့တာ... ၁၂ ရှီချန်အတွင်း ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံးဖော်စပ်ရမယ်ဆိုတဲ့ စည်းမျဉ်းကို သတ်မှတ်ထားတာ... ဘယ်သူက အဲဒါကို လုပ်နိုင်မှာလဲ... မင်း လုပ်နိုင်လား... ဒါမှမဟုတ် သူ လုပ်နိုင်လား...”
ဒါကို ကြားလိုက်ရတဲ့အခါ တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။
“ဟူး... ဒီပြိုင်ပွဲက မတရားပါဘူး...”
“ဟုန်ဆိုတဲ့ကောင်က ကြိုတင်ပြင်ဆင်ပြီး လာတာမှန်ပေမဲ့ အဲဒီလူငယ်လေးက ၁၂ ရှီချန်အတွင်းမှာ ကြယ်သုံးပွင့်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးကို သူ ဘယ်ကနေ ရလာတာလဲဆိုတာကိုတော့ ငါ တကယ် သိချင်မိတယ်...”
“ဘာလို့လဲဆိုတော့ ဆန်းကြယ်မီးတောက်လေ...”
လုချန်အပေါ် အရင်က ဘာကြင်နာမှုမှ မပြခဲ့တဲ့ သက်လတ်ပိုင်းအမျိုးသမီးက ယခုအခါ မှုန်ကုပ်ကုပ်လူငယ် ရှိနေတဲ့ အထက်ဘက်က ကျောက်စင်မြင့်ဆီကို လေးနက်တည်ကြည်စွာ လှမ်းကြည့်လိုက်သည်။
ဒီအချိန်မှာတော့ မှုန်ကုပ်ကုပ်လူငယ်ရဲ့ လက်ထဲမှာ အနက်ရောင် မီးတောက်တစ်ခုက ဆက်တိုက် ခုန်ပေါက်နေသည်။
“သူက ဆန်းကြယ်မီးတောက်နဲ့ ပေါင်းစပ်ထားတာလား... ဒါကြောင့်ကိုး... ဒါကြောင့် ဟုန်ဆိုတဲ့ကောင်က ဒီလိုစည်းမျဉ်းမျိုး သတ်မှတ်ရဲတာကိုး...”
“အဲဒါ တကယ်ကြီး ဆန်းကြယ်မီးတောက်ပဲ... အနက်ရောင်လေ... ဒါက... ခရမ်းရောင်အစွန်းရောက်မီးတောက်... သူက ခရမ်းရောင်အစွန်းရောက်မီးတောက်နဲ့ ပေါင်းစပ်ထားတာပဲ... ဒါဆိုရင် ဒီလူငယ်က တကယ်တော့...”
“ဟားဟားဟား... မှန်တယ်... သူက ငါ့ရဲ့ စီနီယာအစ်ကိုကြီး မဟာတောရိုင်းနယ်မြေကို မထွက်ခွာခင်လေးမှာ လက်ခံခဲ့တဲ့ တပည့်ပဲ...”
ဘေးဘက်ဆီမှနေ၍ တောင်ကြားသခင်ဟုန်၏ အသံ ထွက်ပေါ်လာသည်။ သို့သော် သူက သူတို့ကို ရည်ရွယ်ပြီး ပြောနေတာ မဟုတ်ဘဲ ဟိုဘက်က လူတွေကို ကြွားဝါနေခြင်း ဖြစ်သည်။
“သူ တကယ်ကြီး ဖြစ်နေတာပဲ...”
တောင်ကြားသခင်ဟုန်ရဲ့ စီနီယာအစ်ကိုကြီးက တစ်ချိန်က ကုန်းမြေတိုက်ငါးခုမှာ ထိပ်တန်း မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ကုန်းမြေတိုက်ငါးခုရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်လို့တောင် ဆိုနိုင်သူ ဖြစ်သည်။ အသက်သုံးဆယ်မှာ သူက ကပ်ဘေးကျော်ဖြတ်ခြင်း စတုတ္ထအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ဆေးဖော်စပ်ခြင်း တာအိုမှာလည်း ပြိုင်ဘက်ကင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားကာ ဆန်းကြယ်မီးတောက်ဖြစ်တဲ့ ခရမ်းရောင်အစွန်းရောက်မီးတောက်နဲ့ ပေါင်းစပ်ထားသူ ဖြစ်သည်။
အဲဒီတုန်းက ဆေးတောင်ကြားမှာ ၁၂ ရှီချန်အတွင်း ဆေးဖော်စပ်တာကို ပြီးမြောက်အောင် လုပ်နိုင်တဲ့သူဆိုလို့ တောင်ကြားသခင်ဟုန်ရဲ့ စီနီယာအစ်ကိုကြီး တစ်ယောက်တည်းသာ ရှိခဲ့သည်။ ဘာလို့လဲဆိုတော့ ဆန်းကြယ်မီးတောက်နဲ့ ပေါင်းစပ်လိုက်ခြင်းက အဲဒီမီးတောက်ကို သူ့ခန္ဓာကိုယ်နဲ့ ပဲ့တင်ထပ်စေနိုင်လို့ပင်။
အခုတော့ ဒီမှုန်ကုပ်ကုပ်လူငယ်ကလည်း ဆန်းကြယ်မီးတောက်နဲ့ ပေါင်းစပ်ထားခဲ့ပြီလေ။
အခုတော့ တောင်ကြားသခင်ဟုန်ရဲ့ ယုံကြည်မှုက ဘယ်ကလာသလဲဆိုတာကို လူတိုင်း နောက်ဆုံးတော့ နားလည်သွားကြပြီ ဖြစ်သည်။
တကယ်လို့ သူက အဲဒီလူရဲ့ တပည့်သာဆိုရင် ၁၂ ရှီချန်အတွင်းမှာ ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံးဖော်စပ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် အဲဒီလူက တစ်ချိန်တုန်းက ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ခြောက်နာရီအတွင်း ကြယ်လေးပွင့်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့တဲ့ ကောင်းကင်ကို အန်တုတဲ့ စွမ်းဆောင်ရည်မျိုးကိုတောင် ရရှိခဲ့ဖူးတယ်လေ။
“ဒီပြိုင်ပွဲက မစခင်ကတည်းက ရလဒ်ထွက်နေပြီ ထင်တယ်...”
“အဲဒီလူက တပည့်တစ်ယောက် ချန်ထားရစ်ခဲ့မယ်လို့ ငါ မထင်ထားခဲ့ဘူး...”
စင်မြင့်ပေါ်မှာ ရပ်နေတဲ့ လုချန်က အနိုင်ရဖို့ မျှော်လင့်ချက် မရှိတော့သလို ဇဝေဇဝါ ဖြစ်နေတာကို သူတို့ မြင်လိုက်ရသည်။
“ဟူး... စွမ်းအားကွာဟချက်က အရမ်းကြီးလွန်းတယ်... သူက လူငယ်လေးတစ်ယောက် သက်သက်ဆိုပေမဲ့ ဆန်းကြယ်မီးတောက်နဲ့ ပေါင်းစပ်ထားတာဆိုတော့ ကုန်းမြေတိုက်ငါးခုရဲ့ နံပါတ်တစ် မှော်ဆေးပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို အပြည့်အဝ ယှဉ်ပြိုင်လုယူနိုင်တယ်လေ...”
ဒီဆန်းကြယ်မီးတောက်တွေက အစစ်အမှန် သမာဓိမီးလောက် မကောင်းပေမဲ့ ဆေးမီးတောက်ထက်တော့ အများကြီး ပိုပြီး အစွမ်းထက်သေးသည်။
ပြီးတော့ အရေးအကြီးဆုံးက သူတို့က ကိုယ့်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ထားတာလေ။
ဒါက အစစ်အမှန် သမာဓိမီးကို တိုက်ရိုက်သုံးပြီး ဆေးဖော်စပ်တာနဲ့ လုံးဝ ကွာခြားသည်။
အခု ဆေးတောင်ကြားက အစစ်အမှန် သမာဓိမီးကို ထွန်းညှိထားတယ်ဆိုပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် လူတိုင်းက ငှားသုံးနေရုံ သက်သက်သာ ဖြစ်သည်။ ဥပမာ - ဟင်းချက်သလိုမျိုးပေါ့။ မီးပြင်းမလား၊ အေးမလားဆိုတာကို လွတ်လွတ်လပ်လပ် ထိန်းချုပ်လို့ရပေမဲ့ မီးတောက်က ဘယ်ဘက်ကို စုစည်းမလဲဆိုတာကို ထိန်းချုပ်လို့မရသလို ဟင်းရွက်ရဲ့ ဘယ်အစိတ်အပိုင်းကို မီးတောက်က အာရုံစိုက်ပြီး အပူပေးမလဲဆိုတာကိုလည်း ထိန်းချုပ်လို့ မရပေ။
ဒါပေမဲ့ မီးတောက်က ကိုယ့်ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတဲ့အခါမှာတော့ အဲဒီလို လုပ်လို့ရသွားပြီလေ။
ဒီအယူအဆလေး တစ်ခုတည်းကတင် အရည်အသွေးပိုင်းအရ ခုန်ပျံကျော်လွှားသွားသလို ခံစားရစေသည်။
အဲဒါက တူညီတဲ့အဆင့်မှာ လုံးဝ မရှိတော့ပေ။
လုချန် မနေ့ညက မှတ်သားခဲ့တဲ့ အဆင့်မြင့် ဆေးဖော်စပ်ခြင်းပညာရပ် မှတ်တမ်းတွေထဲမှာ မှော်ဆေးပညာရှင်အားလုံးဟာ အလယ်အလတ်အဆင့်ကို ရောက်သွားတာနဲ့ သူတို့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင် ဆန်းကြယ်မီးတောက် ရှိလာလိမ့်မယ်လို့ ဖော်ပြထားသည်။
လုချန် ဘာမှမလုပ်ဘဲ ငြိမ်နေတာက သူ အရှုံးပေးလိုက်ပြီလို့ လူတိုင်းကို ထင်သွားစေသည်။
တကယ်တမ်းတော့ လုချန်ရဲ့ လက်ရှိ အတွေးတွေကလည်း ဗျောက်သောက် ဖြစ်နေသည်။
ဟုတ်တယ်... မနေ့ညက ဖြတ်သန်းပြီးနောက်မှာ သူက တကယ်ကို အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက်ရဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဒါပေမဲ့...
ဒါပေမဲ့ သူ့ဆီမှာ ဆေးလုံးဖော်စပ်နည်း ဖော်မြူလာ မရှိဘူးလေ။
ကျိန်ဆဲလိုက်ချင်တယ်... ဆေးလုံးဖော်စပ်နည်း ဖော်မြူလာမှ မရှိတာ ဘာသွားဖော်ရမှာလဲ...
လုချန်က သူ့ရင်ထဲမှာ မြက်ရွှံ့မြင်း သောင်းချီပြီး ပြေးလွှားနေသလို တကယ်ကြီး ခံစားနေရသည်။ ကံကောင်းလို့ ပေးထားတဲ့ အချိန်က အရမ်းများနေလို့ပေါ့... မဟုတ်ရင် သူ တကယ်ကြီး အခက်တွေ့သွားလောက်ပြီ။ (Grass Mud Horse မြက်ရွှံ့မြင်း - တရုတ်ဆဲရေးစကားနှင့် အသံထွက်ဆင်တူသော ဒဏ္ဍာရီလာသတ္တဝါ / အလွန်အမင်း ဒေါသထွက်မှုကို တင်စားခြင်း)
အချိန်များတယ်တဲ့လား...
လုချန်က ၁၂ ရှီချန်အတွင်း ဆေးလုံးတစ်လုံး ဖော်စပ်ရတာကို အချိန်များတယ်လို့ တွေးနေမှန်း လူတွေသာ သိရင် ရူးသွားလောက်သည်။
လုချန်က တရားထိုင်အခင်းပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီးနောက် မြင့်မားတဲ့ ကျောက်စင်မြင့်ပေါ်ကနေ မြေပြင်ပေါ်သို့ ဆင်းလာခဲ့သည်။
“ဘာဖြစ်တာလဲ... သူ ဆေးမဖော်တော့ဘူးလား...”
“အဓိပ္ပာယ်မရှိတာ... ဘာသွားဖော်စရာ ရှိတော့လို့လဲ... တကယ်လို့ မင်းသာ အပေါ်တက်သွားရင်ရော တစ်ခုခု ဖော်စပ်နိုင်မှာမို့လို့လား... သူက ဟုန်ဆိုတဲ့ကောင်ရဲ့ လှည့်စားတာကို ခံလိုက်ရတာ ရှင်းနေတာပဲ...”
“ဟူး... တကယ်ပါပဲ...”
လူတိုင်းက ကျောက်စင်မြင့်ပေါ်ကနေ ဆင်းလာတဲ့ လုချန်ကို ကြည့်ရင်း သူတို့ရဲ့ မျက်လုံးတွေထဲမှာ နက်ရှိုင်းတဲ့ စွမ်းအားမဲ့မှုတွေကို မြင်တွေ့နေရသည်။
ဟုတ်တယ်လေ... ဒီလိုစည်းမျဉ်းတွေနဲ့ဆိုရင် ဘယ်သူပဲ တက်သွားတက်သွား လုပ်နိုင်မှာ မဟုတ်ဘူးလေ။
လုချန်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရာ မနေ့က သူ့ကို လမ်းပြပေးခဲ့တဲ့ သက်လတ်ပိုင်းအမျိုးသမီးနဲ့ ရှောင်နင်ကလွဲလို့ သူ သိတဲ့သူ တစ်ယောက်မှ မရှိတာကြောင့် သူတို့ဆီကို လျှောက်သွားလိုက်သည်။
“သခင်လေး... ကျွန်မ...”
သက်လတ်ပိုင်းအမျိုးသမီးက စကားစလိုက်ပြီး တောင်းပန်ရန် ပြင်လိုက်သည်။
“ဟိုလေ...”
လုချန်က သူတို့ကို ကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ ပြန်ဖွင့်လိုက်ရာ သူ့ရဲ့ အမူအရာက အများကြီး ပိုပြီး လေးနက်သွားသည်။
“ငါ့အတွက် ပါဝင်ပစ္စည်း တချို့ လိုတယ်... မင်းတို့ ပြင်ဆင်ပေးလို့ ရမလား...”
လုချန်ရဲ့ ရုတ်တရက် လေးနက်တည်ကြည်သွားတဲ့ အမူအရာကို မြင်လိုက်ရတဲ့အခါ သက်လတ်ပိုင်းအမျိုးသမီးနဲ့ ရှောင်နင်တို့ရဲ့ နှလုံးသားတွေ တစ်ပြိုင်နက်တည်း ခုန်လှုပ်သွားကြသည်။ ဒီအခိုက်အတန့်မှာ ဒီလူငယ်လေးက အားကောင်းတဲ့ ယုံကြည်မှုတချို့ကို ပိုင်ဆိုင်ထားပြီး ၁၂ ရှီချန်အတွင်း ဆေးလုံးကို တကယ်ဖော်စပ်နိုင်လိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုး သူတို့ဆီမှာ ဖြစ်ပေါ်လာသည်။
ဟုတ်တယ်လေ... တောင်ကြားသခင်စွန်း ခေါ်လာတဲ့သူက ဘယ်လိုလုပ်ပြီး သာမန်လူ ဖြစ်နိုင်မှာလဲ... သူက ဖုံးကွယ်ထားတဲ့ ဆေးဖော်စပ်ခြင်း ပါရမီရှင်တစ်ယောက်များ ဖြစ်နေမလား...
ခုနကတင် သက်ပြင်းချနေခဲ့ကြတဲ့ လူတွေက လုချန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချက်ချင်း တက်ကြွလာကြသည်။
“ရပါတယ် သခင်လေး... ကျွန်မ အခုပဲ သွားပြီး ပါဝင်ပစ္စည်းတွေ စုဆောင်းပေးပါ့မယ်...”
ရှောင်နင်က ပြောလိုက်သည်။
“အိုး... ပြီးတော့ ငါ့အတွက် ဆေးလုံးဖော်စပ်နည်း ဖော်မြူလာလေး တစ်ခုလောက်လည်း ရှာပေးပါဦး...”
အားလုံး - “...”
ဒီအခိုက်အတန့်မှာ တိတ်ဆိတ်မှုကြီး ကျရောက်သွားသည်။
လူတိုင်း မျက်လုံးပြူးသွားကြပြီး သွေးဟောင်းတွေတောင် အန်ထွက်လာမတတ် ဖြစ်သွားကြသည်။
ဆေးလုံးဖော်စပ်နည်း ဖော်မြူလာ ရှာပေးရမယ်... အစ်ကိုကြီး... ခင်ဗျား ကျုပ်တို့ကို နောက်နေတာလား... မှော်ဆေးပညာရှင်တစ်ယောက်အနေနဲ့ ခင်ဗျားဆီမှာ ဆေးလုံးဖော်စပ်နည်း ဖော်မြူလာလေး တစ်ခုတောင် မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဆေးလုံးဖော်စပ်နည်း ဖော်မြူလာမရှိဘဲ ဘယ်လို ဆေးလုံးမျိုးကို သွားဖော်စပ်မှာလဲ...
လူတိုင်းရဲ့ မျက်နှာအမူအရာတွေ ရုတ်တရက် ပြောင်းလဲသွားတာကို မြင်လိုက်ရတဲ့အခါ လုချန်က အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်သည်။
“အဲဒါကလေ... ဟားဟား... ဟီးဟီး... ငါ ဆေးဖော်တာ ဒါပထမဆုံးအကြိမ်မို့လို့ပါ... ခွင့်လွှတ်ပေးကြပါ... ခွင့်လွှတ်ပေးကြပါ...”
လုချန်ရဲ့ စကားကြောင့် လူတစ်ယောက် မေ့လဲမတတ် ဖြစ်သွားသည်။ ဆေးတစ်ခါမှ မဖော်ဖူးဘဲနဲ့ ပြိုင်ပွဲကို လာဝင်ယှဉ်ပြိုင်တယ်ပေါ့လေ... အစ်ကိုကြီး... ခင်ဗျားရဲ့ ပြိုင်ဘက်က ဆန်းကြယ်မီးတောက်ကို ပိုင်ဆိုင်ထားတာလေ... ဒီနေ့ပြိုင်ပွဲက ဆေးတောင်ကြားရဲ့ တောင်ကြားသခင် နေရာကို ဘယ်သူရမလဲဆိုတာ ဆုံးဖြတ်ပေးမှာဆိုတာ ခင်ဗျား မသိဘူးလား...
“ပြီးသွားပြီ...”
သက်လတ်ပိုင်းအမျိုးသမီးကလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
“ရှောင်နင်... သခင်လေးကို ဆေးလုံးဖော်စပ်နည်း ဖော်မြူလာတွေ သွားပြပေးလိုက်ပါ...”
“အင်း...”
ရှောင်နင်က ခေါင်းညိတ်လိုက်ပြီး လုချန်ကို တောင်ကြားရဲ့ အပြင်ဘက်ဆီသို့ ခေါ်ဆောင်သွားတော့သည်။
***