လုချန်က လုံးဝကို အာရုံစူးစိုက်ထားသည်။ ဤဇယ်ထျန်းဆေးလုံးကို လေ့လာသုံးသပ်ရန် ဆယ့်တစ်နာရီကြာ အချိန်ယူခဲ့ရသောကြောင့် သူက ယုံကြည်မှု အပြည့်ရှိနေ၏။
သို့သော် ဘေးမှ ကြည့်နေသူများကတော့ သူနှင့်မတူဘဲ ရှေ့ဆက်ဘာလုပ်ရမည်ကို တွေးကာ စိုးရိမ်ပူပန်နေကြသည်။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။
စင်မြင့်ပေါ်မှ ခပ်တိုးတိုး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ မှုန်ကုပ်ကုပ်လူငယ်သည် သူ၏ အနက်ရောင် ဆန်းကြယ်မီးကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ပြီး နောက်ဆုံးအဆင့်အတွက် ပြင်ဆင်နေခြင်း ဖြစ်သည်။
ထိုအနက်ရောင် ဆန်းကြယ်မီးမှ အလွန်ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်လာရာ စင်အောက်ရှိ လူတိုင်းက သိသိသာသာ ခံစားလိုက်ကြရသည်။
ဤအပူရှိန်က ဆယ်စက္ကန့်ခန့် ကြာမြင့်သွားပြီးနောက် ချက်ချင်းဆိုသလို ပြန်လည်လျော့ကျသွားကာ တည်ငြိမ်သွားလေသည်။
ထိုနေရာရှိ လူတိုင်းက မှော်ဆေးပညာရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် ဆေးလုံး ပုံပေါ်လာတော့မည်ကို သူတို့ ကောင်းကောင်း သိနေကြ၏။
အချိန်ဆယ့်နှစ်နာရီအတွင်း ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းများကို အသုံးပြုပြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံး ဖော်စပ်ခြင်းပင်။ တကယ်လို့သာ အောင်မြင်သွားခဲ့လျှင် ဤလူငယ်သည် ဆေးတောင်ကြား၏ ယခင် တောင်ကြားသခင် နှစ်ဦးစလုံးကို ကျော်လွန်သွားမည် ဖြစ်သည်။
လူတချို့ဆိုလျှင် မှုန်ကုပ်ကုပ်လူငယ်၏ ရှေ့ရှိ ဆေးမီးဖိုမှ ပျံ့လွင့်လာသော ဆေးလုံး၏ ရနံ့ကိုပင် ရနေကြပြီ ဖြစ်သည်။
“ပြီးသွားလောက်ပြီ...”
တောင်ကြားသခင်ဟုန်၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသည်။
“ဟားဟားဟား... အထင်ကြီးစရာပဲ... စီနီယာအစ်ကိုကြီးရဲ့ ဂုဏ်ယူရတဲ့ တပည့်ပီသပါပေတယ်... သူက ငယ်ရွယ်ပေမယ့် ကုန်းမြေတိုက်ငါးခုလုံးမှာ အငြင်းပွားစရာမလိုတဲ့ နံပါတ်တစ် မှော်ဆေးပညာရှင်လို့တောင် သတ်မှတ်လို့ရတယ်...”
မှုန်ကုပ်ကုပ်လူငယ်၏ အရည်အချင်းက သူကိုယ်တိုင်ထက်ပင် သာလွန်နေပြီ ဖြစ်သည်။
မှုန်ကုပ်ကုပ်လူငယ်နှင့် နှိုင်းယှဉ်လိုက်ပါက လုချန်သည် ပါဝင်ပစ္စည်းများကို မီးပြင်းပြင်းဖြင့် ပြုတ်နေဆဲဖြစ်ပြီး အထဲသို့ နောက်ထပ် ပါဝင်ပစ္စည်းများကိုလည်း ဆက်တိုက် ပစ်ထည့်နေသေးသည်။
သူတို့နှစ်ယောက်ကို ယှဉ်ကြည့်လိုက်သည်နှင့် ကွာခြားချက်က ချက်ချင်းဆိုသလို သိသာထင်ရှားနေသည်။
“တက်စမ်း...”
မှုန်ကုပ်ကုပ်လူငယ်က ဆေးမီးဖိုကို ပြင်းပြင်းထန်ထန် ထပ်ပုတ်လိုက်ရာ အဖုံးက ချက်ချင်း ပွင့်ထွက်သွားသည်။
“ဆေးလုံး ပုံပေါ်လာပြီ...”
ဆေးမီးဖိုပွင့်သွားသည့် အခိုက်အတန့်မှာပင် မီးဖိုဝမှ အရောင်သုံးမျိုးရှိသော အလင်းတန်းတစ်ခု လက်ခနဲ လင်းလက်သွားသည်။
“အရောင်သုံးမျိုး အလင်းတန်း... တကယ်ကြီး ကြယ်သုံးပွင့်အဆင့် ဆေးလုံးပဲ...”
ဆေးလုံးများကို ကြယ်ကိုးပွင့်အထိ အဆင့်ခွဲခြားထားသည်။ ကြယ်အဆင့်တစ်ခုစီသည် အရောင်တစ်ရောင်ကို ကိုယ်စားပြု၏။ ကြယ်တစ်ပွင့်လျှင် အရောင်တစ်မျိုး၊ ကြယ်နှစ်ပွင့်လျှင် အရောင်နှစ်မျိုးဖြစ်ပြီး ကြယ်သုံးပွင့်ဆိုလျှင် သဘာဝကျကျပင် အရောင်သုံးမျိုး ဖြစ်သည်။
သူ၏ရှေ့ရှိ ဆေးမီးဖိုကို ကြည့်ကာ မှုန်ကုပ်ကုပ်လူငယ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ပြီးနောက် စင်မြင့်ထက်မှနေ၍ အောက်သို့ ဆင်းလာခဲ့သည်။
“ဆေးထုတ်လိုက်ပါ...”
စောစောက ပြိုင်ပွဲစည်းကမ်းများကို ကြေညာခဲ့သော ဒိုင်လူကြီးက ကျောက်စိမ်းလင်ပန်းတစ်ခုကို ကိုင်ဆောင်ကာ စင်မြင့်ပေါ်သို့ တက်လာသည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မျက်စိဖြင့်မြင်နိုင်သော ချီစွမ်းအင်စီးကြောင်းတစ်ခု ဆေးမီးဖိုအတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် အရောင်သုံးမျိုး ခပ်ဖျော့ဖျော့ လင်းလက်နေသော လုံးဝန်းသည့် ဆေးလုံးသုံးလုံးက ချီစွမ်းအင်များနှင့်အတူ ဆေးမီးဖိုထဲမှ ထွက်ပေါ်လာပြီး ကျောက်စိမ်းလင်ပန်းပေါ်သို့ ကျဆင်းသွားလေသည်။
“ဒါ တကယ်ပဲ ကြယ်သုံးပွင့်အဆင့် ဆေးလုံးပဲ...”
“အရည်အသွေး သိပ်မမြင့်ပေမယ့် ဒါက ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးပြီး ဆယ့်နှစ်နာရီအတွင်း ဖော်စပ်ထားတာလေ...”
“အံ့ဩစရာကောင်းလိုက်တာ...”
ဆေးလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပွက်လောရိုက်သွားကြသည်။ လူတချို့က မှုန်ကုပ်ကုပ်လူငယ်ကို အလွန် ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကဲ့သို့ အောင်မြင်မှုမျိုး ရရှိထားခြင်းက သူ၏ အနာဂတ်အောင်မြင်မှုများသည် အတိုင်းအဆမရှိ မြင့်မားနေမည်ဟု တွေးတောလိုက်မိကြ၏။
မှုန်ကုပ်ကုပ်လူငယ်က စင်အောက်သို့ ရောက်ပြီးနောက် အခြားသူများအားလုံးကို မာနတကြီး လျစ်လျူရှုကာ တောင်ကြားသခင်ဟုန်ထံသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
“အခြား ဘာမှမရှိတော့ဘူးဆိုရင်လည်း ရလဒ်ကို မြန်မြန် ကြေညာလိုက်ပါတော့... ကျုပ် အလုပ်များတယ်...”
သူ၏ အမူအရာက မောက်မာနေပြီး သူ၏စကားများက ပို၍ပင် မောက်မာလွန်းနေသည်။
၎င်းက ပြိုင်ပွဲတစ်ခု ဖြစ်နေသည်မှာ ထင်ရှားသော်လည်း သူက အခြားသူကို ပြိုင်ဘက်ဟုပင် သတ်မှတ်မထားပေ။ သူ ပြီးသွားသည်နှင့် ရလဒ်ကို ချက်ချင်း ကြေညာစေချင်နေသည်။
သို့သော် ထိုကဲ့သို့ မောက်မာသော စကားများက ရှိနေသူအားလုံးအတွက်တော့ အတော်လေး သဘာဝကျနေသည်ဟု ထင်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤလူငယ်က အလွန်တရာ အစွမ်းထက်လွန်းနေသောကြောင့် ဖြစ်သည်။ ကုန်းမြေတိုက်ငါးခုလုံးတွင် မည်သူကမျှ သူရရှိထားသော အောင်မြင်မှုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
“ကောင်းပြီ... ဒါဆိုရင် ဒီပြိုင်ပွဲမှာ ငါ ဟုန်...”
“နေဦး...”
ရုတ်တရက် အသံတစ်သံက တောင်ကြားသခင်ဟုန်၏ ကြေညာတော့မည့် စကားကို ဖြတ်ပြောလိုက်သည်။
ချက်ချင်းပင် လူတိုင်းက အသံထွက်ပေါ်လာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ စင်မြင့်ပေါ်မှ လုချန်က ပါဝင်ပစ္စည်းများကို ပြုတ်နေရင်း အောက်ဘက်ရှိ လူများကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
“အချိန်လည်း မပြည့်သေးဘူး... ကျုပ်ရဲ့ ဆေးလုံးလည်း မပြီးသေးဘူး... ခင်ဗျားက ဘာလို့ ရလဒ်ကို ကြေညာချင်နေရတာလဲ...”
“ဘာလို့လဲဆိုတော့ ငါက ပါရမီရှင်၊ မင်းက အမှိုက်မို့လို့လေ...”
မှုန်ကုပ်ကုပ်လူငယ်က မထီမဲ့မြင်ပြောလိုက်သည်။
“မီးကိုတောင် သူများဆီက ငှားပြီး ဆေးဖော်ရတဲ့ မင်းလိုကောင်က ငါနဲ့အတူတူ ထိုင်ပြီး ဆေးဖော်ခွင့်ရတာကိုပဲ ဂုဏ်ယူသင့်နေပြီ...”
မီးငှား၍ ဆေးဖော်ခြင်းဆိုသည်မှာ မိမိကိုယ်တိုင် ဆန်းကြယ်မီးကို ပေါင်းစပ်ထားနိုင်ခြင်း မရှိဘဲ ပြင်ပမီးတောက်များကို အသုံးပြုခြင်းကို ဆိုလိုသည်။
“ဟက်...”
လုချန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
“ပါရမီရှင်... မင်းလို အမှိုက်ကောင်ကတောင် ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ ခေါ်ရဲသေးတယ်ပေါ့လေ...”
သူ၏အသံက ကျယ်လောင်နေပြီး သူ၏စကားများကလည်း တဖက်လူအား အထင်သေးမှုများနှင့် ပြည့်နှက်နေသည်။ တဖက်လူကို လုံးဝ ဂရုမစိုက်သည့် လေသံမျိုးဖြစ်ပြီး မှုန်ကုပ်ကုပ်လူငယ်ထက်ပင် အဆပေါင်းများစွာ ပို၍ မောက်မာနေသေးသည်။
“ဟားဟားဟား... ဂျူနီယာလေး... ဒီနေရာမှာ ဒီလောက် ရူးသွပ်တဲ့ စကားတွေပြောဖို့ ဘယ်ကနေ ယုံကြည်မှုတွေ ရလာတာလဲ...”
တောင်ကြားသခင်ဟုန်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။
“ကျုပ်ရဲ့ဆေးလုံးတောင် မပြီးသေးတဲ့အချိန်မှာ ရလဒ်ကို ကြေညာရအောင် ခင်ဗျားက ဘာကောင်မို့လို့လဲ...”
လုချန်က တောင်ကြားသခင်ဟုန်အား ဆဲရေးကာ ပြန်ပက်လိုက်သည်။
‘တောက်... ငါက မစ်ရှင်လာလုပ်တာကို ဒီလိုကောင်နဲ့ လာတိုးနေတယ်။ ဘာလဲ... ငါ့မစ်ရှင်ကို တိုက်ရိုက်ကြီး ကျရှုံးသွားစေချင်နေတာလား...’
“ဂျူနီယာ... မင်း စကားပြောတာ ဆင်ခြင်ဖို့ လိုမယ်နော်...”
တောင်ကြားသခင်ဟုန်၏ မျက်နှာက ချက်ချင်းဆိုသလို ကြမ်းတမ်းသွားသည်။
“ခင်ဗျားက ကျုပ်ကို ဂျူနီယာလို့ ခေါ်တယ်ပေါ့လေ... ခင်ဗျားက ခေါ်ဖို့ရော ထိုက်တန်လို့လား...”
သူတို့နှင့် စကားများနေစဉ်မှာပင် လုချန်က ဆေးမီးဖိုထဲရှိ အရာများကို ဆက်လက် ပြုတ်နေဆဲဖြစ်သည်။ အရေးအကြီးဆုံး ထုတ်ယူခြင်းအဆင့်က ပြီးဆုံးသွားပြီဖြစ်ရာ ယခုအခါ ပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တောင်ကြားသခင်ဟုန်က စင်အောက်မှနေ၍ လုချန်အား အတန်ကြာ အော်ဟစ်ဆဲဆိုနေသော်လည်း စင်ပေါ်ရှိလူက အလွန်တရာ အာသွက်လျှာသွက်ရှိလှပြီး သူ တစ်ခါမှ မကြားဖူးသော စကားလုံးများကိုပင် အသုံးပြုနေကြောင်း တွေ့လိုက်ရသည်။
‘ဖုန်ရှူလိုက်’ တဲ့လား... ဆိုလိုရင်းကို နားမလည်သော်လည်း ကြားလိုက်ရုံနှင့် ထိုစကားက အဓိပ္ပာယ်ကောင်းမည်မဟုတ်ကြောင်း သူ သိနေသည်။
သူကိုယ်တိုင် ရုတ်တရက် အာရုံစိုက်ခံရသူ ဖြစ်လာသည်ကို မြင်သောအခါ သူ အနည်းငယ် ရှက်ရွံ့သွားမိသည်။
“မင်းလို ဂျူနီယာတစ်ယောက်နဲ့ ငါ စကားမများချင်တော့ဘူး... ကောင်းပြီလေ... မင်းက ပြိုင်ချင်သေးတယ်ဆိုမှတော့ နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ အချိန်လောက် ငါ စောင့်ပေးမယ်... အမွှေးတိုင်တစ်တိုင် ကုန်သွားရင်တော့ သတ်မှတ်ထားတဲ့အချိန် ပြည့်သွားပြီပဲ... မင်းရဲ့ အရည်အချင်းက မင်းရဲ့ ပါးစပ်လောက် စွမ်းမစွမ်း ငါ ကြည့်ချင်သေးတယ်...”
တောင်ကြားသခင်ဟုန်က နောက်ကျလျှင် လုချန်အား အရှက်ခွဲရန် ပြင်ဆင်ထားပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကောင်လေးက ဆေးလုံး ဖော်စပ်နိုင်မည်မဟုတ်ကြောင်း သူ သေချာပေါက် ယုံကြည်နေသောကြောင့် ဖြစ်၏။ သူ ဆေးမီးဖိုကို စတင်သုံးစွဲခဲ့သည့် အချိန်မှစ၍ ယခုအထိ နာရီဝက်ပင် မပြည့်သေးပေ။ အင်မော်တယ်တစ်ပါးဆိုလျှင်တောင် ကြယ်သုံးပွင့်အဆင့် ဆေးလုံးကို မဆိုထားနှင့်၊ သာမန် ဆေးလုံးတစ်လုံးကိုပင် ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒီကောင်လေးကို အရှက်ခွဲရုံသာမက ဟို စွန်းဆိုတဲ့ကောင်ကိုလည်း သူ အလွတ်ပေးမည် မဟုတ်ပေ။
စင်ပေါ်ရှိ လုချန်ကို ကြည့်ကာ တောင်ကြားသခင်စွန်း၏ ထောက်ခံသူများပင်လျှင် ယခုအခါ မျှော်လင့်ချက် မထားတော့ပေ။ အမွှေးတိုင်တစ်တိုင်စာ အချိန်တိုလေးသာ ကျန်ရှိတော့ရာ သူ ဘာများလုပ်နိုင်ဦးမည်နည်း။ တကယ်လို့ သူက ဆန်းကြယ်မီးကို ပေါင်းစပ်ထားနိုင်ခဲ့လျှင်တောင်မှ ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်ပေ။
မှုန်ကုပ်ကုပ်လူငယ်ကလည်း ထွက်မသွားရန် ဆုံးဖြတ်လိုက်ပြီး နောက်ထပ် အမွှေးတိုင်တစ်တိုင်စာ အချိန်အထိ စောင့်ဆိုင်းနေလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာ အချိန်ဆိုသည်မှာ မကြာလွန်းသလို မြန်လွန်းသည်လည်း မဟုတ်ပေ။
တောင်ကြားသခင်ဟုန်နှင့် အခြားသူများအတွက်တော့ ထိုစောင့်ဆိုင်းရမှုက ပျင်းစရာကောင်းပြီး အချိန်ကုန်နှေးနေသည်ဟု ခံစားရသည်။
သို့သော် ရှောင်နင်နှင့် သက်လတ်ပိုင်းအမျိုးသမီး အတွက်တော့ အလွန်မြန်ဆန်နေသည်ဟု ခံစားရ၏။ လုချန် ဘာမှ သိပ်မလုပ်ရသေးခင်မှာပင် အမွှေးတိုင်က ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်မှာပင် လုချန်က နောက်ဆုံးအလုပ်နှင့် အရေးအကြီးဆုံးအဆင့်ဖြစ်သော ဆေးလုံးအကွက်အဆင်များ ရေးဆွဲခြင်းကို စတင်လိုက်သည်။
ကြယ်ငါးပွင့်နှင့်အထက် မည်သည့်ဆေးလုံးမဆို ဆေးလုံးအကွက်အဆင်များ ပါရှိရမည်ဖြစ်သည်။ ၎င်းတွင် ကြယ်အစီအရင်များနှင့် အခြားသော အရာများအပါအဝင် ကျယ်ပြန့်သော အသိပညာများ ပါဝင်သည်။ သို့သော် ၎င်းတို့အားလုံးက လုချန်၏ စိတ်ထဲတွင် ရှင်းလင်းနေပြီးသား ဖြစ်သည်။
သူက မီးတောက်များကို ချက်ချင်း မြှင့်တင်လိုက်ပြီး သူ၏လက်ချောင်းများက သဘာဝကျကျပင် လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ သူက ၎င်းတို့ကို တစ်ခါမှ မသင်ယူခဲ့ဖူးသော်လည်း ဤအခိုက်အတန့်တွင် အားလုံးက မသိစိတ်၏ တုံ့ပြန်မှုများ ဖြစ်နေသည်။
စင်ပေါ်ရှိ မီးတောက်ကြီးကို ကြည့်ရင်း လုချန်တစ်ယောက် စိုးရိမ်တကြီးဖြစ်နေပြီဟု လူတိုင်းက ထင်မှတ်လိုက်ကြသည်။
“မီးငှားပြီး ဆေးဖော်တာကိုများ မီးအကြီးကြီးနဲ့ အပူပေးနေသေးတယ်... ရယ်စရာပဲ...”
“သူ့ကိုယ်သူများ ဆန်းကြယ်မီးကို ပေါင်းစပ်ထားတယ်လို့ ထင်နေတာလား...”
“ယောင်ဝါးဝါး လိုက်လုပ်နေတာလား... ဟာသပဲ...”
လှောင်ပြောင်သံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ လုချန်သည် စောစောက မှုန်ကုပ်ကုပ်လူငယ်၏ လှုပ်ရှားမှုကို အတုခိုးနေသည်ဟု သူတို့ ယုံကြည်နေကြသည်။
အချိန်ဆယ်စက္ကန့် ကြာသွားသည်။ ဆယ်စက္ကန့်အကြာတွင် ပြင်းထန်သော အပူရှိန်များ လျော့ကျသွားရာ စောစောက မှုန်ကုပ်ကုပ်လူငယ်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
သို့သော် မှုန်ကုပ်ကုပ်လူငယ် လုပ်ခဲ့သည်မှာ ဆေးလုံးကို စုစည်းပြီး ၎င်း၏ အရည်အသွေးကို ကြယ်နှစ်ပွင့် အဆင့်မြင့်မှ ကြယ်သုံးပွင့် အဆင့်နိမ့်သို့ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ တစ်ဖက်တွင်တော့ လုချန် လုပ်ခဲ့သည်မှာ ဆေးလုံးအကွက်အဆင်များ ရေးဆွဲကာ ဆေးလုံးကို ကြယ်ငါးပွင့်အဆင့်မှ ကြယ်ခြောက်ပွင့်အဆင့်သို့ မြှင့်တင်လိုက်ခြင်းပင် ဖြစ်လေသည်။
***