“သူက တစ်ပုံစံတည်းကို အတုခိုးနေတာပဲ... အချိန်တစ်စက္ကန့်တောင် မလွဲဘူး...”
“ဒီလိုလုပ်လိုက်ရင် သူလည်း ကြယ်သုံးပွင့်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မယ်လို့ သူ့စိတ်ထဲမှာ ထင်နေတာလား မသိဘူး...”
မီးတောက်ကြီးက တဖြည်းဖြည်း ငြိမ်းသတ်သွားသည်။
ဒီအချိန်အထိ လုချန် ဆေးစတင်ဖော်စပ်သည်မှ ပြီးဆုံးသည်အထိ နာရီဝက်ပင် မကြာသေးချေ။
အရာအားလုံး ပြီးစီးသွားသောအခါ လုချန်၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ ဆေးလုံး ပြီးမြောက်သွားပြီဖြစ်ကြောင်း သူ သိလိုက်သည်။
ဒါက သူ၏ ပထမဆုံးအကြိမ် မှော်ဆေးဖော်စပ်ခြင်း ဖြစ်ပြီး သူ၏ ရင်ထဲတွင် အောင်မြင်မှုအရသာကို အပြည့်အဝ ခံစားနေရသည်။
သူက ဆေးမီးဖိုကို ပုတ်လိုက်သည်။
“တက်စမ်း...”
ဆေးမီးဖိုအဖုံး ပွင့်သွားသည်။
ဆေးမီးဖိုအဖုံး ပွင့်သွားသည့် အခိုက်အတန့်မှာပင် တောင်ကြားသခင်စွန်း၏ ထောက်ခံသူများထံမှ စိတ်ပျက်အားငယ်စွာ သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် လုချန် ဆေးမီးဖိုကို ဖွင့်လိုက်သောအခါ မည်သည့်အလင်းတန်းမှ ထွက်ပေါ်မလာသည့်အပြင် တူးခြစ်ခြစ်အနံ့ကြီးတစ်ခု ပျံ့လွင့်လာသောကြောင့် ဖြစ်သည်။ ဤဆေးဖော်စပ်မှု ကျရှုံးသွားပြီဖြစ်ကြောင်း ၎င်းက သက်သေပြနေသည်။ ကြယ်သုံးပွင့်အဆင့် ဆေးလုံးဆိုသည်ကို ထားလိုက်ပါတော့၊ ကြယ်တစ်ပွင့်အဆင့်တောင် မမီနိုင်ပေ။
“နာရီဝက်လောက်လေးနဲ့ ဆေးဖော်ဖို့ ကြိုးစားနေတာက ရူးသွပ်တဲ့ အိမ်မက်တစ်ခုပဲ...”
“ကောင်လေး... ဟို စွန်းဆိုတဲ့ကောင်က ရူးများသွားပြီလား... မင်းကို ဒီနေရာမှာ အရှက်လာကွဲခိုင်းနေတာလား...”
ထိုအချိန်မှာပင် တောင်ကြားသခင်ဟုန်၏ အသံက ထွက်ပေါ်လာသည်။
လုချန်က ၎င်းကို လုံးဝ လျစ်လျူရှုကာ စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။
မှုန်ကုပ်ကုပ်လူငယ်က သူ့ထံသို့ လျှောက်လာရင်း လှောင်ပြုံးပြုံးလိုက်သည်။
“မင်းလို အမှိုက်ကောင်က ငါနဲ့အတူတူ ထိုင်ခွင့်ရတာ ဂုဏ်ယူသင့်တယ်လို့ ပြောခဲ့တာ ငါ မင်းကို အထင်ကြီးလွန်းသွားတာပဲ...”
“ဟွန့်... အမှိုက်သရိုက်ကောင်...”
လုချန်က ရင်ဘတ်ပေါ် လက်ပိုက်ကာ မထီမဲ့မြင်အမူအရာဖြင့် ပြန်ပြောလိုက်သည်။
လုချန်၏ ပုံစံကိုကြည့်ကာ တောင်ကြားသခင်စွန်းက သူ့ကို ဘာကြောင့် ခေါ်လာရသလဲဆိုသည်ကို သက်လတ်ပိုင်းအမျိုးသမီး အနည်းငယ် နားလည်သွားသည်။ ဤလူက တကယ်ပဲ ဆေးမဖော်စပ်တတ်သော်လည်း မျက်နှာပြောင်တိုက်လွန်းလှသည်။ သူများကို ဒေါသထွက်အောင် လုပ်နိုင်သည့် သူ၏စွမ်းရည်က တကယ်ကို အံ့မခန်းပင်။
သူက အပြင်ပန်းတွင် တည်ငြိမ်အေးဆေးနေပုံရသော်လည်း တကယ်တမ်းတွင်မူ သူ၏ စကားများက အလွန် ရှတလွန်းလှသည်။
ဒါက အမြဲတမ်း အောက်ဆုံးမှာနေရသည့် ကျောင်းသားက အဆင့်တစ်ကျောင်းသားကို ပုစ္ဆာမတွက်တတ်ဘူးဆိုပြီး လှောင်ပြောင်နေသည်နှင့် တူနေသည်။ အဆင့်တစ်ကျောင်းသားက အမှတ်စာရင်းကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ၊ အညံ့စားကျောင်းသားကတော့ ‘မင်းက အမှိုက်ပဲ... စာသင်တဲ့နေရာမှာ ငါက မင်းရဲ့ အဖေပဲ’ ဟုသာ ပြောနေမည့်ပုံစံမျိုး ဖြစ်သည်။
ထင်သည့်အတိုင်းပင် မှုန်ကုပ်ကုပ်လူငယ်မှာ ချက်ချင်း ဒေါသသူပုန်ထသွားသည်။
“မင်း အဲဒီစကားကို နောက်တစ်ခါ ထပ်ပြောရဲလား...”
“ငါ မပြောရဲဘူး...”
လုချန်က ခေါင်းကို အဆက်မပြတ် ခါရမ်းလိုက်သည်။
“ဒါပေမဲ့ ငါ ပြောချင်သေးတယ်... အမှိုက်ကောင်... အမှိုက်သရိုက်ကောင်... အသုံးမကျတဲ့ကောင်...”
“မင်း... မင်း...”
မှုန်ကုပ်ကုပ်လူငယ်မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရီသွားသည်။
“ငါ့ကို အမှိုက်လို့ခေါ်တယ်... ငါ့ကို အသုံးမကျတဲ့ကောင်လို့ ခေါ်တယ်ပေါ့လေ... မင်းက ဘယ်ကနေ ယုံကြည်မှုတွေ ရလာတာလဲ...”
“ငါ့ယုံကြည်မှုက ဘယ်ကလာလာ မင်းအပူပါလို့လား... မင်းက အမှိုက်ပဲ... အသုံးမကျတဲ့ကောင်... ဝူး... ဝူး... ဝူး...”
လုချန်၏ လူမိုက်ဆန်ဆန် အပြုအမူကို ကြည့်ရင်း ရှောင်နင်၏ စိုးရိမ်နေသော မျက်နှာထားက သိသိသာသာ လင်းလက်သွားသည်။ ဤသခင်လေးက ဤမျှအထိ သူများကို ဒေါသထွက်အောင် လုပ်နိုင်လိမ့်မည်ဟု သူမ တကယ် မျှော်လင့်မထားခဲ့ပေ။ ကြည့်ရတာ တကယ်ကို ကျေနပ်စရာကောင်းလှသည်။
ဒိုင်လူကြီးက စင်မြင့်ပေါ်သို့ တက်လာပြီး ယခင်ကလိုပင် ချီစွမ်းအင်စီးကြောင်းတစ်ခုကို ဆေးမီးဖိုဝသို့ လွှတ်ထုတ်ကာ ဆေးမီးဖိုအတွင်းမှ ဆေးလုံးကို ယူထုတ်လိုက်သည်။
ဆေးလုံးကို ယူထုတ်လိုက်သည်နှင့် လေထုထဲရှိ တူးခြစ်ခြစ်အနံ့ကြီးက ချက်ချင်း ပိုမိုပြင်းထန်လာသည်။
လုချန်က ဤမြင်ကွင်းကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်သည်။ ပါဝင်ပစ္စည်း ကွာဟချက်ကို ဖြည့်ဆည်းရန် သူက ကြယ်နှစ်ပွင့်အဆင့် ပါဝင်ပစ္စည်း အမြောက်အမြားကို အသုံးပြုကာ ဖော်စပ်ခဲ့ပြီး အသုံးမဝင်သော အရာအားလုံးကို ဖယ်ရှားကာ အမှတ်တစ်နေရာတည်းသို့ စုစည်းစေခဲ့သည်။ ယခု ဤအညစ်အကြေးများ ဖယ်ရှားခံလိုက်ရပြီဖြစ်ရာ အနံ့မဆိုးလျှင်သာ ထူးဆန်းနေမည် ဖြစ်သည်။
လူအများအပြား နှာခေါင်းကို ပိတ်ထားလိုက်ကြသည်။
ဆေးမီးဖိုဝမှနေ၍ လက်သီးဆုပ်ခန့်အရွယ်အစားရှိ ပုံပန်းသဏ္ဍာန် မကျသော အမည်းရောင်အရာဝတ္ထုတစ်ခုက ချီစွမ်းအင်များဖြင့် ဆွဲထုတ်ခံလာရပြီး ကျောက်စိမ်းလင်ပန်းပေါ်သို့ ကျဆင်းသွားသည်။
ဤအမည်းရောင်အစေးကြီးက ကျရှုံးသွားသော ဆေးလုံးဖြစ်ကြောင်း အလွန်ထင်ရှားနေသည်။
“အသုံးမကျတဲ့ကောင်... ဒါက မင်းရဲ့ ယုံကြည်မှုလား...”
မှုန်ကုပ်ကုပ်လူငယ်မှာ အလွန်အမင်း ဒေါသထွက်နေသော်လည်း ဆေးမီးဖိုထဲမှ ထွက်လာသည့်အရာကို မြင်လိုက်ရသောအခါ လှောင်ပြောင်စရာအချက်တစ်ခုကို ချက်ချင်း ရှာတွေ့သွားသည်။
“အမှိုက်ထုတ်ကြီးပါလား...”
“ဘာဖြစ်လို့လဲ... သဘောမကျဘူးလား... လောင်းကြေးထပ်ရဲတဲ့ သတ္တိရောရှိလား... တကယ်လို့ ဒီပြိုင်ပွဲမှာ ငါရှုံးသွားရင် မင်းကို ငါ့လက်နှစ်ဖက် ဖြတ်ခိုင်းမယ်... တကယ်လို့ မင်းရှုံးသွားရင်တော့ မင်းဆီက ဆန်းကြယ်မီးကို ငါ့ကိုပေး...”
လုချန် စကားပြောပြီးသည်နှင့် ဘေးဘက်မှ ရှောင်နင်က အာမေဋိတ်သံဖြင့် အော်လိုက်သည်။
“သခင်လေး... မလုပ်ပါနဲ့...”
သူမ တကယ်ကို နားမလည်နိုင်တော့ပေ။ ဤသခင်လေးက သူများကို ဒေါသထွက်အောင် လုပ်နိုင်သည်မှာ တစ်ကဏ္ဍဖြစ်သော်လည်း ဤကဲ့သို့ လောင်းကြေးမျိုးကို ဘယ်လိုလုပ် ထပ်ရဲရသနည်း။
“ကောင်းပြီလေ... ငါ လောင်းမယ်...”
မှုန်ကုပ်ကုပ်လူငယ်က လုံးဝ ငြင်းဆန်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘယ်လိုထောင့်ကပဲကြည့်ကြည့် ဤပြိုင်ပွဲတွင် သူ သေချာပေါက် နိုင်မည်ဖြစ်သည်။ ဤကောင်လေးက သူ့ကို လက်နှစ်ဖက် ပေးအပ်လာမှတော့ လက်မခံစရာ အကြောင်းမရှိပေ။
“အိုကေ... မင်း ပြောပြီးပြီနော်... စကားနောက်ပြန်ရုတ်လို့ မရဘူး...”
“ဟက်ဟက်... ငါက မင်းလို အမှိုက်ကောင်ကို စကားနောက်ပြန်ရုတ်ပါ့မလား... မင်းသာ ခဏနေရင် ဒူးထောက်ပြီး ငါ့ကို လာမတောင်းပန်နဲ့...”
“ဟူး... ငါကတော့ နည်းနည်း စိတ်မချသေးဘူး...”
လုချန်က ခဏစဉ်းစားလိုက်ပြီး ခေါင်းခါကာ လောင်းကြေးကို ချည်နှောင်နိုင်မည့် နည်းလမ်း ရှိမရှိ သူ၏စိတ်ထဲမှနေ၍ တည်းခိုခန်းကို မေးလိုက်သည်။
တည်းခိုခန်းက ချက်ချင်းပင် အကြောင်းပြန်လာသည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာတည်းဖြင့် လောင်းကြေးစာချုပ်တစ်ခုကို ဝယ်ယူနိုင်ကြောင်း လုချန်အား ပြောပြသည်။ စာချုပ်ကို ဝယ်ယူပြီးသည်နှင့် သူနှင့် တစ်ဖက်လူအကြား ဝိညာဉ်ချည်နှောင်မှုတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဖြေပေါ်ထွက်လာသည်နှင့် ရလဒ်က အလိုအလျောက် အသက်ဝင်လာမည် ဖြစ်သည်။
‘တောက်... တကယ် ခေါင်းပုံဖြတ်တာပဲ...’
လုချန်က မကျေမနပ်ဖြစ်သွားသော်လည်း ဝယ်ယူလိုက်သေးသည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာဆိုသည်က ဈေးကြီးသော်လည်း ဆန်းကြယ်မီးတစ်ခုနှင့် ယှဉ်လိုက်လျှင် တွက်ခြေကိုက်နေဆဲပင်။ ထို့အပြင် လုချန်က ယခုအခါ အတော်လေး ချမ်းသာနေပြီဖြစ်သည်။ မိုဘိုင်းဖုန်းများ ရောင်းချခြင်းမှ ရရှိသည့် ငွေက မနည်းလှသလို ဖေ့ယီရှန်ထံသို့ ဆစ်ဂနယ်တာဝါတိုင် ရောင်းချလိုက်ခြင်းမှ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်ပင် အပိုရရှိထားသေးသည်။
ခရမ်းရောင်အစွန်းရောက်မီးတောက်နှင့် ပတ်သက်၍ လုချန် အနည်းငယ် မှတ်မိနေသေးသည်။ ၎င်းက အတော်လေး အစွမ်းထက်သော မီးတောက်အဖြစ် သတ်မှတ်ခံထားရသည်။ ၎င်းကို သူ ဘာအတွက် အသုံးချရမည်မှန်း မသိသော်လည်း တည်းခိုခန်းသို့ ပြန်ရောင်းလျှင်ပင် အမြတ်ထွက်နေဦးမည် ဖြစ်သည်။ အရေးအကြီးဆုံးမှာ မှုန်ကုပ်ကုပ်လူငယ်၏ မောက်မာသော အမူအရာကို သူ အမြင်ကပ်နေပြီး သူ၏ ဆန်းကြယ်မီးကို ရှုံးသွားပြီးနောက် ဖြစ်ပေါ်လာမည့် ဒေါသတကြီး မျက်နှာထားကို သူ တကယ် မြင်ချင်နေခြင်း ဖြစ်သည်။
လောင်းကြေးစာချုပ် ဝယ်ယူပြီးနောက် တစ်ဖက်လူကို လောင်းကြေးထပ်မည်လားဟု သူ ထပ်မေးလိုက်ရာ မှုန်ကုပ်ကုပ်လူငယ်က တိကျပြတ်သားစွာ သဘောတူကြောင်း ဖြေကြားခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်က သူနှင့် မှုန်ကုပ်ကုပ်လူငယ်အကြား လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သိမ်မွေ့စွာ ချိတ်ဆက်သွားကြောင်း ခံစားလိုက်ရသည်။ ဤသည်မှာ လောင်းကြေးစာချုပ်ပင် ဖြစ်သည်။
“သူတို့ ဘာတွေပြောနေတာလဲ...”
သက်လတ်ပိုင်းအမျိုးသမီးက လျှောက်လာပြီး ရှောင်နင်ကို မေးလိုက်သည်။
“ကျေးဇူးပြုပြီး သခင်လေးကို မြန်မြန် တားပေးပါဦး... သူက ဒီတစ်ခါ ဘယ်သူနိုင်မလဲဆိုတာကို တစ်ဖက်လူနဲ့ လောင်းကြေးထပ်နေတာ... လောင်းကြေးက လက်နှစ်ဖက်တဲ့...”
“ဘာ...”
သက်လတ်ပိုင်းအမျိုးသမီး လန့်သွားပြီး သူတို့ကို တားဆီးရန် ချက်ချင်း ရွေ့လျားလိုက်သည်။
“မင်း ဘာလုပ်မလို့လဲ...”
တောင်ကြားသခင်ဟုန်က ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး သက်လတ်ပိုင်းအမျိုးသမီးနှင့် လုချန်တို့ကြားတွင် ပေါ်လာသည်။
“သူတို့လောင်းကြေးက သူတို့ဘာသာသူတို့ ကိစ္စပဲ... မင်း ဝင်စွက်ဖက်စရာ ဘာအကြောင်းရှိလို့လဲ...”
“ဒါပေမဲ့...”
သက်လတ်ပိုင်းအမျိုးသမီးက တစ်ခုခု ပြောချင်နေဆဲဖြစ်သည်။
“ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့... ရလဒ်ကို ကြေညာရမယ့်အချိန် ရောက်ပြီ...”
တောင်ကြားသခင်ဟုန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းလင်ပန်း နှစ်ခုကို ကိုင်ဆောင်ထားသော ဒိုင်လူကြီးက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ကျောက်စိမ်းလင်ပန်းများပေါ်တွင် လူနှစ်ဦး ဖော်စပ်ထားသော ဆေးလုံးများ ရှိနေသည်။
တစ်ဖက်တွင် ဆေးရနံ့များ သင်းပျံ့နေပြီး အရောင်သုံးမျိုး လင်းလက်နေသော ကြယ်သုံးပွင့်အဆင့် ဆေးလုံးသုံးလုံး ရှိနေသည်။ တစ်လုံးစီက လက်ဆစ်ခန့် အရွယ်အစားရှိပြီး တစ်လုံးစီတိုင်းကို မိုးထိမတတ် ဈေးနှုန်းဖြင့် ရောင်းချနိုင်လေသည်။
ဒိုင်လူကြီးက အတန်ကြာ အကဲခတ်ကြည့်ရှုပြီး စဉ်းစားလိုက်သည်။
“ကြယ်သုံးပွင့်အဆင့် ဆေးလုံး... ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ဆေးလုံး... တစ်နာရီတိတိ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ နတ်ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဝနှုန်းကို နှစ်ဆမြှင့်တင်ပေးနိုင်တယ်...”
“အံ့ဩစရာပဲ...”
ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ဆေးလုံးဟူသော စကားကို ကြားလိုက်ရသောအခါ လူအများအပြား၏ မျက်လုံးများက အရောင်လက်သွားကြသည်။
တစ်နာရီတိတိ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နတ်ဝိညာဉ်စွမ်းအား ပြန်လည်ပြည့်ဝနှုန်းကို နှစ်ဆမြှင့်တင်ပေးနိုင်ခြင်းက အလွန် အစွမ်းထက်သော အာနိသင်ဖြစ်ပြီး အသုံးဝင်သည့် နယ်ပယ်လည်း အလွန်ကျယ်ပြန့်သည်။ တိုက်ပွဲဝင်ရာတွင်ဖြစ်စေ၊ မှော်ဆေးဖော်စပ်ရာတွင်ဖြစ်စေ၊ လက်နက်သွန်းလုပ်ရာတွင်ဖြစ်စေ သိသာထင်ရှားသော ရလဒ်များကို ရရှိနိုင်လေသည်။
တိုက်ပွဲအတွင်း ပြိုင်ဘက်ထက် နှစ်ဆပိုမြန်သော ပြန်လည်ပြည့်ဝနှုန်း အားသာချက်က သက်သေပြစရာပင် မလိုလောက်အောင် ထင်ရှားလှသည်။
ပို၍ပင် အရေးကြီးသည်မှာ မှော်ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းတို့ ဖြစ်သည်။ နှစ်ခုစလုံးက နတ်ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အသီးသီး ကုန်ခမ်းစေသည်။ ဥပမာအားဖြင့် လူတစ်ဦးက အဖိုးတန်ဆေးလုံးတစ်ဖိုကို ဖော်စပ်နေစဉ် သို့မဟုတ် နတ်လက်နက်တစ်ခုကို သွန်းလုပ်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်အားအင် ကုန်ခမ်းသွားကာ နတ်လက်နက် ပျက်စီးသွားရမည်ဆိုပါက ဆုံးရှုံးမှုက အလွန်ကြီးမားမည် ဖြစ်သည်။
ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ဆေးလုံးက ကြယ်သုံးပွင့်အဆင့် ဆေးလုံးများကြားတွင်ပင် အလွန်တရာ ဈေးကြီးလှသည်။
ဒိုင်လူကြီး စကားပြောပြီးနောက် အခြား ကျောက်စိမ်းလင်ပန်းတစ်ချပ်ကို လှမ်းကြည့်လိုက်သည်။
နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြန်သည်။
“ကျရှုံးသွားတဲ့ ပစ္စည်း... ဒီပြိုင်ပွဲမှာ တောင်ကြားသခင်ဟုန်ရဲ့အဖွဲ့က အနိုင်ရရှိကြောင်း ကြေညာပါတယ်...”
အနိုင်ရရှိကြောင်း ကြေညာလိုက်သည်နှင့် အောင်ပွဲခံသံများ ချက်ချင်း ထွက်ပေါ်လာသည်။
“နေဦး... ခင်ဗျားတို့ မဆုံးဖြတ်ခင် အခွံကို အရင်ခွာကြည့်လိုက်ပါဦး...”
***