အမည်းရောင်အလွှာ ကွာကျသွားသောအခါ လက်ဆစ်တစ်ဆစ်ထက်ပင် သေးငယ်ပြီး အရောင်ခြောက်မျိုး လင်းလက်နေသည့် ဆေးလုံးလေးတစ်လုံး ပေါ်ထွက်လာသည်။ ထိုဆေးလုံးထံမှ တောင်တန်းကြီးတစ်ခုကဲ့သို့ ဖိအားမျိုး ထွက်ပေါ်နေကာ ရှိနေသူအားလုံးကို အသက်ရှူကြပ်သွားစေသည်။
ဤအခိုက်အတန့်တွင် လူတိုင်းနီးပါး ခေါင်းမူးမိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မှော်ဆေးပညာရှင်များအနေဖြင့် ယခုဖြစ်ပျက်နေသမျှအရာအားလုံးက သူတို့၏ နားလည်နိုင်စွမ်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဒါက ဒဏ္ဍာရီတစ်ခု... အံ့ဖွယ်ရာတစ်ခုပဲ...
ရှောင်နင်က လုချန်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိသည်။
လွန်ခဲ့သော ဆယ့်တစ်နာရီအတွင်း ဤသခင်လေးသည် ကြယ်သုံးပွင့်အဆင့် ဆေးလုံးဖော်မြူလာကို မလေ့လာဘဲ ဇယ်ထျန်းဆေးလုံးကိုသာ အဘယ်ကြောင့် အဆက်မပြတ် စိုက်ကြည့်နေရသနည်းဟု သူမ စူးစမ်းချင်စိတ် ဖြစ်ခဲ့မိသည်။ ယခုတော့ သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ။ သခင်လေးက ဇယ်ထျန်းဆေးလုံးကို ဖော်စပ်ရန် ဤသို့ ပြုလုပ်နေခဲ့ခြင်းပင်။
“ဘုန်း...”
ကောင်းကင်ထက်မှ ကျယ်လောင်သောအသံကြီးကြောင့် လူအများစု သတိပြန်ဝင်လာကြသည်။ သူတို့၏ အထက်တွင် မည်းမှောင်သော တိမ်တိုက်ကြီးများ စုရုံးလာနေသည်။
“ဟိုမှာ ကြည့်လိုက်... ဆေးလုံးကပ်ဘေး... ဆေးလုံးကပ်ဘေး ကျရောက်လာပြီ...”
လူတစ်ယောက်က အထက်သို့ လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်သည်။
ကြယ်ခြောက်ပွင့်အဆင့် အရည်အသွေးရှိသော မည်သည့်ဆေးလုံးမဆို ဆေးလုံးကပ်ဘေးကို ဖြစ်ပေါ်စေသည်။ အဘယ်ကြောင့်ဆိုသော် ဆေးလုံး၏ အာနိသင်က တကယ်ကို ကောင်းကင်ဘုံကို အံတုနိုင်လွန်းသောကြောင့် ကောင်းကင်ဘုံကပင် ၎င်းကို ဖျက်ဆီးပစ်ရန် ကြိုးစားလာရခြင်း ဖြစ်သည်။
လူကြီးတစ်ယောက်၏ လက်မောင်းလုံးခန့်ရှိသော လျှပ်စီးကြောင်းတစ်ခုက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဆေးလုံးပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှပ်စီးကြောင်းက ပျောက်ကွယ်သွားသည်။ ထပ်မံကြည့်ရှုလိုက်သောအခါ အရောင်ခြောက်မျိုးရှိသော ဆေးလုံးလေးမှာ အတော်လေး သေးငယ်သွားသော်လည်း ၎င်း၏ ဆေးရနံ့ကတော့ ပိုမို ပြင်းပြလာခဲ့သည်။
ထို့နောက် ဆေးလုံး၏ မျက်နှာပြင်ပေါ်တွင် အကွက်အဆင်များ စတင်ပေါ်ပေါက်လာပြီး အလွှာလိုက် အဝိုင်းကွင်းများဖြင့် ဖုံးလွှမ်းသွားလေသည်။
“ကြယ်ခြောက်ပွင့်အဆင့်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက တကယ်ကြီး ဇယ်ထျန်းဆေးလုံးပဲ...”
တောင်ကြားသခင်ဟုန်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
တောင်ကြားသခင်ဟုန်၏ ထောက်ခံသူများလည်း ပါးစပ်ပိတ်သွားကြပြီး လုချန်ကို ကြည့်နေသော သူတို့၏ အကြည့်များတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ဤမျှ ငယ်ရွယ်သောလူငယ်တစ်ယောက်က ဤကဲ့သို့ နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားခြင်းက တကယ်ကို ကြောက်စရာကောင်းလှပြီး သူတို့ တစ်ခါမှပင် မကြားဖူးခဲ့သော အရာဖြစ်သည်။
တစ်ချိန်တည်းမှာပင် တောင်ကြားသခင်စွန်းကို ထောက်ခံသူများက အံ့အားသင့်နေရာမှ လွန်စွာ ဝမ်းသာပျော်ရွှင်သွားကြပြီး ချက်ချင်းပင် အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။
သက်လတ်ပိုင်းအမျိုးသမီး နားလည်သွားသည်။ သခင်လေးသည် အမြဲတမ်း မောက်မာစွာ ပြုမူပြီး ပြိုင်ဘက်ကို အမှိုက်ဟု ခေါ်ခဲ့သည်။ ၎င်းက သူတို့ကို ရန်စဖို့ ကြိုးစားရုံသက်သက် မဟုတ်ဘဲ သူ့တွင် တကယ်ကို အရည်အချင်းရှိနေခြင်းဖြစ်ပြီး ‘အမှိုက်’၊ ‘အသုံးမကျတဲ့ကောင်’ ဟု ထပ်ခါတလဲလဲ ဆဲရေးခဲ့ခြင်းများက သူ၏ ရင်ထဲမှ အစစ်အမှန် လာခြင်းပင်။
“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... မင်း လိမ်တာ... မင်း လိမ်တာ ဖြစ်ရမယ်... မင်းက ကြယ်ခြောက်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးခဲ့တာမလား... မဟုတ်ဘူး... ကြယ်ခုနစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေကို သုံးခဲ့တာမလား...”
မှုန်ကုပ်ကုပ်လူငယ်၏ မျက်နှာပေါ်မှ မောက်မာမှုများ ပျောက်ကွယ်သွားပြီး လုချန်ကို လက်ညှိုးထိုးလိုက်ရာ သူ၏နှုတ်ခမ်းများပင် အနည်းငယ် ဖြူရော်နေလေသည်။
“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... ငါက လူတိုင်းရှေ့မှာ ဆေးဖော်စပ်ပြခဲ့တာ... ငါ ဘာပါဝင်ပစ္စည်းတွေ သုံးခဲ့လဲဆိုတာ အားလုံး အမြင်ပဲ... ရှုံးတာကို ဝန်ခံပြီး မင်းရဲ့ ဆန်းကြယ်မီးကို ပေးလိုက်တော့...”
“ငါ့ကို လာမလိမ်နဲ့... မင်းက ငါ့ရဲ့ ဆန်းကြယ်မီးကို အကြံအစည်နဲ့ လှည့်စားပြီး လုယူချင်နေတာပဲ... မဖြစ်နိုင်ဘူး...”
မှုန်ကုပ်ကုပ်လူငယ်က ခေါင်းခါလိုက်ပြီး လုချန်ကို မျက်နှာမူရင်း နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားသည်။ ထိုဆန်းကြယ်မီးက သူ၏ အခြေခံအုတ်မြစ်ဖြစ်ရာ သူ လုံးဝ ပေးအပ်နိုင်မည် မဟုတ်ပေ။
“ဟက်ဟက်... ကြိုက်သလိုပြော... လောင်းကြေးကို အကောင်အထည်ဖော်ရမယ့်အချိန် ရောက်ပြီ...”
“ဂျူနီယာ... ဘယ်အချိန် ရပ်ရမလဲဆိုတာ သိထားဖို့ ကောင်းမယ်နော်...”
တောင်ကြားသခင်ဟုန်က လုချန်နှင့် မှုန်ကုပ်ကုပ်လူငယ်ကြားသို့ ရုတ်တရက် ဝင်ရပ်လိုက်သည်။
“ဒီပွဲမှာ မင်း နိုင်သွားတယ်ဆိုပေမယ့် အရမ်းကြီး အတင်းအကျပ် မလုပ်တာ ပိုကောင်းမယ်...”
“ဟာသပဲ... စောစောက ကျုပ်တို့နှစ်ယောက် လောင်းကြေး သဘောတူတုန်းက ခင်ဗျား ဒီလိုပုံစံမျိုး မဟုတ်ပါဘူး...”
လုချန်က လှောင်ပြုံးပြုံးလိုက်သည်။
စောစောက သူ မနိုင်နိုင်ဘူးဟု လူတိုင်း ထင်မှတ်ထားချိန်တွင် ဤလူက ‘သူတို့ဘာသာသူတို့ ကိစ္စ’ ဟု အော်ဟစ်နေခဲ့သည်။ ယခု သူ နိုင်သွားသောအခါကျမှ မျက်နှာလိုက်ရန် ကြိုးစားနေလေသည်။
“ဂျူနီယာ... လွန်မသွားခင် ရပ်လိုက်တာ ကောင်းမယ်... ဆန်းကြယ်မီးဆိုတာ ဘာလဲဆိုတာကိုရော မင်း နားလည်ရဲ့လား... လောင်းကြေးတစ်ခုတည်းကို အခြေခံပြီး တခြားလူရဲ့ ဆန်းကြယ်မီးကို လုယူဖို့ ကြိုးစားနေတာက မင်းရဲ့ စိတ်ရင်း အရမ်းယုတ်မာလွန်းနေပြီ...”
လုချန်က သူ့ကို လျစ်လျူရှုကာ မှုန်ကုပ်ကုပ်လူငယ်ကို ကြည့်လိုက်သည်။
“ငါ မေးမယ်... မင်းက ဒီလောင်းကြေးကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်နေတာလား...”
“မင်းက ငါ့ကို လှည့်စားပြီး ငါ့ရဲ့ ဆန်းကြယ်မီးကို ခိုးယူဖို့ အကြံအစည်ထုတ်ခဲ့တာ...”
“မင်းလိုကောင်က စကားနောက်ပြန်ရုတ်မယ်ဆိုတာ ငါ သိပြီးသားပါ...”
လုချန်က လှောင်ပြုံးပြုံးလိုက်သည်။ ဤအခိုက်အတန့်တွင် သူနှင့် မှုန်ကုပ်ကုပ်လူငယ်ကို ချိတ်ဆက်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားက စတင် အလုပ်လုပ်လာကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
မမြင်ရသော လက်ကြီးတစ်ဖက်က မှုန်ကုပ်ကုပ်လူငယ်ကို ဆုပ်ကိုင်လိုက်သည့် မြင်ကွင်းက လုချန်၏ စိတ်ထဲတွင် သဘာဝကျကျ ပေါ်လာသည်ကို အလွန် ရှင်းလင်းစွာ သိလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် မှုန်ကုပ်ကုပ်လူငယ်ထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
အပြင်လူများအမြင်တွင် မှုန်ကုပ်ကုပ်လူငယ်သည် ဟင်းလင်းပြင်ထဲမှ စွမ်းအားတစ်ခုခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပုံပေါ်ပြီး သူ၏ပတ်လည်တွင် ပြင်းထန်သော လေပြင်းတစ်ရပ် အလိုလို ထွက်ပေါ်လာသည်။
“အား...”
မှုန်ကုပ်ကုပ်လူငယ်၏ ကိုယ်ပေါ်ရှိ အနက်ရောင်မီးတောက်သည် သူ၏ကိုယ်တွင်းမှ အတင်းအဓမ္မ ဆွဲထုတ်ခံနေရပုံပေါ်သည်။ အလွန်ကြီးမားသော မီးတောက်များ ပြန့်နှံ့သွားသည်ကို လူတိုင်းက အံ့အားသင့်စွာ ကြည့်နေကြသည်။ မီးတောက်များ ပိုကြီးလာသည်နှင့်အမျှ မှုန်ကုပ်ကုပ်လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ဒဏ်ရာများပင် ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို ကြည့်ရင်း အခြားသူများက တီးတိုးရေရွတ်လိုက်ကြသည်။
“ခရမ်းရောင်လော့ အစွန်းရောက်မီးတောက်လေ... သူနဲ့ ချိတ်ဆက်ထားတာ ပျောက်ကွယ်သွားပြီပဲ...” (ရှေ့မှာတုန်းက ခရမ်းရောင်အစွန်းရောက် လို့ပဲ ပါပေမယ့် ဒီနေရာမှာ (Luo)လော့ ဆိုပြီး တစ်လုံးပိုလာပါတယ်။ ရှေ့ကမီးတောက်နဲ့ အတူတူပါပဲ)
ထို့နောက် ချက်ချင်းပင် ကြီးမားသော အနက်ရောင်မီးတောက်အစုအဝေးကြီးက သူ၏ ခန္ဓာကိုယ်မှ လွင့်စင်ထွက်သွားသည်။ မှုန်ကုပ်ကုပ်လူငယ်က သွေးတစ်လုပ် အန်ချလိုက်ပြီး သူ၏ မျက်နှာက ချက်ချင်း သေလူလို ဖြူဖျော့သွားကာ သတိလစ်မေ့မြော၍ လဲကျသွားလေသည်။
အနက်ရောင်မီးတောက်က လေထဲတွင် ပျောက်ကွယ်သွားသည်။ အခြားသူများအဖို့ ၎င်းက မှုန်ကုပ်ကုပ်လူငယ်ထံမှ ထွက်ခွာသွားရုံသာဟု ထင်ရသော်လည်း ထိုခရမ်းရောင်လော့ အစွန်းရောက်မီးတောက်ကို တည်းခိုခန်းမှ စုပ်ယူသွားကြောင်း လုချန်က ရှင်းရှင်းလင်းလင်း သိနေသည်။
ဤမြင်ကွင်းက အလွန် ရုတ်တရက် ဆန်လွန်းလှသဖြင့် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ ပေါင်းစပ်ထားပြီးသားဖြစ်သော ဆန်းကြယ်မီးတစ်ခု ပိုင်ရှင်နှင့် ကွဲကွာသွားခြင်းမျိုး တစ်ခါမှ မကြားဖူးခဲ့ပေ။
တောင်ကြားသခင်ဟုန် တစ်ယောက်တည်းသာ ၎င်းကို ထိုးထွင်းသိမြင်သွားပြီး သူ၏ အကြည့်က ချက်ချင်း အေးစက်ကြမ်းတမ်းသွားကာ လုချန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ဂျူနီယာ... မင်းရဲ့ စိတ်နှလုံးက တကယ်ကို ရက်စက်ယုတ်မာလွန်းတယ်...”
“ဒါက မူလကတည်းက ကျုပ်တို့ရဲ့ လောင်းကြေးထဲမှာ ပါပြီးသားလေ...”
ဤစကားကို ကြားလိုက်ရသောအခါ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူတို့ရှေ့ရှိ သခင်လေး၏ လက်ချက်ဖြစ်ကြောင်း လူအုပ်ကြီးက ရုတ်တရက် သဘောပေါက်သွားကြသည်။ ဤအခိုက်အတန့်တွင် သူတို့က လုချန်၏ နည်းလမ်းများကို ထပ်မံ၍ ထိတ်လန့်အံ့ဩသွားကြပြန်သည်။ အခြားသူတစ်ယောက်၏ ဆန်းကြယ်မီးကို တိတ်တဆိတ် ဆွဲထုတ်နိုင်ခြင်းက နောက်ထပ် ကောင်းကင်ဘုံကို အံတုနိုင်သော စွမ်းရည်တစ်ခုပင် မဟုတ်ပါလား။
တောင်ကြားသခင်ဟုန်က တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် သက်လတ်ပိုင်းအမျိုးသမီးက ဝင်ပြောလိုက်ရာ သူမသည် ဆေးတောင်ကြားအတွင်း၌ အတိုင်းအတာတစ်ခုအထိ အဆင့်အတန်းရှိကြောင်း ပြသနေသည်။
“သူတို့နှစ်ယောက် လောင်းကြေးထပ်ခဲ့တာကို ကျွန်မတို့အားလုံး မျက်မြင်သက်သေပဲလေ... ဒါကြောင့် သဘောတူညီချက်ကို အကောင်အထည်ဖော်တာက လုံးဝ သဘာဝကျပါတယ်... တောင်ကြားသခင်ဟုန်... ရှင်က ရှင့်ရဲ့ လွှမ်းမိုးမှုကို သုံးပြီး တခြားသူတွေကို ဖိနှိပ်ဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်... ဪ ဟုတ်သားပဲ... ရှင်က အခု တောင်ကြားသခင် မဟုတ်လောက်တော့ဘူး... ဒီပြိုင်ပွဲရဲ့ ရလဒ်ကို လူတိုင်း ရှင်းရှင်းလင်းလင်း သိကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်...”
“ဟုတ်တယ်... ဒီပြိုင်ပွဲမှာ ခင်ဗျား ရှုံးသွားပြီ... တောင်ကြားသခင် ရာထူးက ခင်ဗျားအတွက် မဟုတ်တော့ဘူး...”
သက်လတ်ပိုင်းအမျိုးသမီး စကားပြောပြီးနောက် အလားတူအသံများ ချက်ချင်း ပဲ့တင်ထပ်လာသည်။
ဤအသံများကို ကြားသောအခါ တောင်ကြားသခင်ဟုန်က ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။ လူတိုင်း အံ့အားသင့်သွားစေသည်မှာ ထို့နောက် သူက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ခြင်းပင်။ ထိုကိစ္စအတွက် သူက တကယ်ကို ဝမ်းသာနေပုံရသည်။
“ကောင်းတယ်... အရမ်းကောင်းတယ်... ဟားဟားဟား... အဲဒီလိုဆိုရင်လည်း တောင်ကြားသခင် ရာထူးကို ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ ဟို စွန်းဆိုတဲ့ကောင်က ဒီမှာ မရှိတဲ့အတွက် ဒုတိယတောင်ကြားသခင်အနေနဲ့ ဆေးတောင်ကြားရဲ့ ကိစ္စတွေကို ငါ ဆက်ပြီး တာဝန်ယူရမှာပဲ... ပြိုင်ပွဲလည်း ပြီးသွားပြီဆိုတော့ ဒီ အပြင်လူကို မြန်မြန် ထွက်သွားခိုင်းလိုက်ပါတော့...”
တောင်ကြားသခင်ဟုန်က သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ဇယ်ထျန်းဆေးလုံးကို လှမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်သည်။
“ရှင် ဘာလုပ်မလို့လဲ...”
သက်လတ်ပိုင်းအမျိုးသမီးက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်ပြီး သူ့ကို တားဆီးရန် ချက်ချင်း လှုပ်ရှားလိုက်သည်။
“ဖယ်စမ်း...”
တောင်ကြားသခင်ဟုန်ထံမှ အလွန်ကြီးမားသော စိတ်ဝိညာဉ်ချီများ ပေါက်ကွဲထွက်လာသည်။ သူက မှော်ဆေးပညာရှင်တစ်ဦး ဖြစ်ရုံသာမက ဝိညာဉ်ပြောင်းလဲခြင်း နောက်ဆုံးအဆင့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ရှေ့သို့ တက်လာရန် ကြိုးစားလိုက်သော သက်လတ်ပိုင်းအမျိုးသမီးမှာ သူ၏ ရိုက်ခတ်မှုလှိုင်းကြောင့် တိုက်ရိုက် လွင့်စင်သွားလေသည်။
“သူ ဇယ်ထျန်းဆေးလုံးကို ခိုးယူဖို့ ကြိုးစားနေတယ်... သူ့ကို တားကြ...”
သက်လတ်ပိုင်းအမျိုးသမီးက အော်ဟစ်လိုက်ကာ တောင်ကြားသခင်ဟုန်၏ ရည်ရွယ်ချက်များကို ဖွင့်ချလိုက်သည်။
“ဟားဟားဟား... ဒါက မူလကတည်းက ငါတို့ ဆေးတောင်ကြားပိုင်တဲ့အရာပဲ... ဒုတိယတောင်ကြားသခင်အနေနဲ့ ဒါကို ငါယူတာ ဘာဖြစ်လဲ...”
တောင်ကြားသခင်ဟုန်က ဆေးလုံးကို ဆုပ်ကိုင်လိုက်သည်။ ဤအခိုက်အတန့်တွင် အခြား မည်သည့်အရာကိုမဆို သူ ဂရုမစိုက်တော့ပေ။
ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံး... ဇယ်ထျန်းဆေးလုံး... ဒါက ကံကြမ္မာကို ရွေးချယ်နိုင်တယ်လေ...
ဒီအရာကို ရထားမှတော့ တောင်ကြားသခင်ရာထူးက ဘာအရေးပါတော့လို့လဲ...
***