နတ်ဆိုးအရှင်သခင်ကို မြို့တော်ကို လာပြီး တောင်းပန်ခိုင်းလိုက်...
ဒါက ကုန်းမြေတိုက်ငါးခုလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ သူတစ်ယောက်ဖြစ်ပေမယ့် အခု သူဌေးလုက လာပြီး တောင်းပန်သင့်တယ်လို့ ပြောနေတာလား။
လုချန် ဒီလောက် အာဏာပြတတ်မှန်း လူအများစု မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။
ဝေ့ဇီချင်းက မျက်လုံးပြူးသွားပြီး သူ ဘာကြောင့် ဒီလိုစကားမျိုး ပြောရဲရတာလဲဆိုတာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
သူက မဟာရှအင်ပါယာကို ခြိမ်းခြောက်နိုင်ရုံနဲ့ နတ်ဆိုးအရှင်သခင်ကို ဂရုစိုက်စရာမလိုဘူးလို့ ထင်နေတာလား။
“ဒီမိန်းမကို အပြင်မှာ ချိတ်ဆွဲထားလိုက်။ သူမက ဒီလိုမျိုး ကြိုက်တယ်မလား။ သူမကို ကျေနပ်အောင် လုပ်ပေးလိုက်”
လုချန်က ဝေ့ဇီချင်းကို တစ်ချက်ကြည့်လိုက်ပြီး လူတွေကို သူမအား အပြင်သို့ ခေါ်ထုတ်သွားစေလိုက်သည်။
ဝေ့ဇီချင်းသည် မူလကတည်းက ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစား အတန်အသင့်ကောင်းမွန်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခု ဤပုံစံဖြင့် ကြိုးတုပ်ခံရကာ လမ်းပေါ်သို့ ပစ်ချခံလိုက်ရသည်။
ငြိမ်းချမ်းရေးအသိုက်အမြုံသည် လူပေါင်းစုံ ရောနှောနေသော နေရာဖြစ်ပြီး အထူးသဖြင့် ထိုနေရာတွင် တဏှာရူးနေသော ယောကျ်ားများ ရှိနေသဖြင့် သူမသည် အများပြည်သူပိုင် “ချစ်သူ” ဖြစ်လာတော့မည်မှာ သေချာလှသည်။
ဝေ့မိသားစု၏ ကျန်လူများအတွက်မူ ဒေါ်လေးသုံးမှလွဲ၍ အားလုံးကို အဝီစိတောင်မှ တပည့်များက အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်ကြပြီ ဖြစ်သည်။ နေဦး... လွတ်သွားတဲ့ သူတစ်ယောက် ရှိသေးသည်။ အဲဒါကတော့ တစ်ခါမှ ပေါ်မလာခဲ့သော ဝေ့ဇီချင်း၏ ဖခင်ပင်။
“သူဌေးလု... ကျွန်မ...”
ဝေ့ယီချီက ရှီကျင်းတို၏ အင်္ကျီကို ဝတ်ဆင်ထားပြီး လုချန်၏ ရှေ့တွင် ရပ်ရင်း စကားစလိုက်သည်။
“မင်း ဘယ်နေရာမှာ မှားသွားလဲဆိုတာ သိလား”
လုချန်က သူမကို ကြည့်ပြီး မေးလိုက်သည်။
“တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားမိတာပါ”
ဝေ့ယီချီက ခေါင်းငုံ့ထားပြီး ရင်ဘတ်ထဲသို့ မျက်နှာအပ်ထားလိုက်သည်။
“ဟုတ်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားမိတာ။ အဲဒါကလည်း သေးသေးလေးတွေ မဟုတ်ဘူး”
လုချန်က သူမကို စူးစိုက်ကြည့်လိုက်ပြီးနောက် မြေပြင်တွင် သတိလစ်မေ့မြောနေသော ဒေါ်လေးသုံးကို လှည့်ကြည့်လိုက်သည်။
ရှီကျင်းတိုက ဝေ့ယီချီ၏ ဘေးတွင် ရပ်နေပြီး သူမနှင့်အတူ အပြစ်ပေးခံရရန် အဆင်သင့်ဖြစ်နေသည်။
“တောင်းပန်ပါတယ်”
“မှတ်ထား။ ဒါ ပထမဆုံးအကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မယ်”
လုချန်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး ရှီကျင်းတိုကိုပါ ရည်ရွယ်၍ သူမကို ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကို ငါ အလုပ်တွေ ခိုင်းတဲ့အခါ ဒါမှမဟုတ် တာဝန်တွေ ပေးတဲ့အခါ ငါက မင်းတို့ကို အစေခံတွေလို သဘောထားလို့ မဟုတ်ဘူး။ တကယ်တော့ ငါတို့က သူငယ်ချင်းတွေ၊ မိတ်ဖက်တွေပဲ... မင်းတို့မှာ အခက်အခဲတွေရှိရင် ဒါမှမဟုတ် ခြိမ်းခြောက်ခံရရင် ငါ့ကို ပြောသင့်တယ်။ မင်းတို့အတွက် အရာအားလုံးကို ငါ ဖြေရှင်းပေးနိုင်တယ်။ ဒီလိုမျိုး တစ်ယောက်တည်း ခံစားနေရအောင် မင်းတို့က ငါ့ကို ဘာလို့ မှတ်ထားတာလဲ။ မိတ်ဖက်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မင်းတို့ သိလား”
“မိတ်ဖက်ဆိုတာ မိသားစုပြီးရင် ကိုယ့်အတွက် အနီးစပ်ဆုံးလူပဲ။ မိတ်ဖက်ဆိုတာ ညဘက်မှာ နွေးထွေးစေတဲ့ မီးပုံလေးတစ်ခု၊ ဇွဲလုံ့လနဲ့ စိတ်ပိုင်းဖြတ်မှုကို ခွန်အားပေးတဲ့ မီးပြတိုက်တစ်ခုပဲ။ မင်းတို့ရဲ့ အကြီးမားဆုံး အမှားက ငါ့ကို မိတ်ဖက်တစ်ယောက်လို သဘောမထားခဲ့တာပဲ။ ဒီလိုကိစ္စမျိုး ဒုတိယအကြိမ် ထပ်မဖြစ်စေရဘူး။ မင်းတို့ နှစ်ယောက်လုံး မှတ်ထားကြ”
လုချန်က ဝေ့မိသားစုခြံဝင်းထဲမှ ထွက်ခွာလာပြီး တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
လုချန်၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရှီကျင်းတိုနှင့် ဝေ့ယီချီ နှစ်ယောက်လုံး အနည်းငယ် ကြက်သေသေသွားကြသည်။
သူတို့၏ အသိအမြင်တွင် သူတို့သည် လုချန်အတွက် တာဝန်များကို ထမ်းဆောင်ပေးရသော အစေခံများသာ ဖြစ်သည်။
ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စနှင့် ပတ်သက်၍ ဝေ့ယီချီသည် အတင်းအကျပ် ဖိအားပေးခံခဲ့ရသော်လည်း အခြားသခင်တစ်ယောက်သာဆိုလျှင် ဤမျှ ဂရုစိုက်မည် မဟုတ်ပေ။
ဒါပေမဲ့ လုချန်ကတော့ ကွာခြားသည်။
လုချန်၏ ပါးစပ်မှ ထွက်လာသော “မိတ်ဖက်” ဟူသည့် စကားလုံးက သူတို့၏ နားလည်မှုကိုလည်း အသစ်ပြန်လည် ဖြစ်ပေါ်စေခဲ့သည်။
“မိတ်ဖက်...”
တည်းခိုခန်းသို့ ပြန်ရောက်သောအခါ လုချန်က သူ၏ မိုဘိုင်းဖုန်းကို ဖွင့်လိုက်ပြီး Moments ကို ဆွဲကြည့်လိုက်သည်။ ဝေ့မိသားစုမှ ထွက်ခွာလာပြီး တည်းခိုခန်းသို့ ပြန်ရောက်သည့် တစ်မိနစ်ခန့် အချိန်တိုအတွင်းမှာပင် Moments ၌ ပို့စ်များ ပြည့်နှက်နေပြီ ဖြစ်သည်။
“နတ်ဆိုးအရှင်သခင်ကို ဘယ်သူသိလဲ။ သူ့ကို ဆက်သွယ်လိုက်ပါ။ သူဌေးလုက သူ့ကို မြို့တော်ကို လာပြီး တောင်းပန်ဖို့ ခေါ်နေတယ်။ ငါကတော့ XXX ပါ။ ငါ့ကို သိရင် ဒါလေးကို ကူပြီး ရှယ်ပေးကြပါဦး”
ဤမက်ဆေ့ချ်သည် တစ်မိနစ်အတွင်းမှာပင် ရူးသွပ်စွာ မျှဝေခြင်းနှင့် ရီပို့စ် (Repost) လုပ်ခြင်းများကို ခံခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် လုချန်၏ Moments သည် ယခုအခါ ပေါက်ကွဲနေပြီ ဖြစ်သည်။ (Repost က Share နဲ့ သဘောတရားအတူတူပါပဲ။ TikTok မှာ Repost လုပ်သလိုပေါ့)
ထို့နောက် နောက်ထပ် တစ်မိနစ်ခန့် အကြာတွင် နောက်ထပ် မက်ဆေ့ချ်တစ်ခု ထပ်မံထွက်ပေါ်လာပြီး ၎င်းကိုလည်း ရူးသွပ်စွာ ထပ်မံရီပို့စ် လုပ်ကြပြန်သည်။
“သူဌေးလု ပြောတာက နတ်ဆိုးအရှင်သခင် မလာရင် သူ့ရဲ့ ခံတပ်ကို ဝင်စီးမယ်တဲ့...”
ဤမက်ဆေ့ချ်ကို ကြည့်ရင်း လုချန်၏ စိတ်ထဲတွင် ကျိန်ဆဲချင်စိတ်များ ပေါ်ပေါက်လာသည်။ ကောလာဟလတွေ ဘယ်လိုစတင်လာသလဲဆိုတာကို သူ နောက်ဆုံးတော့ နားလည်သွားပြီ။ တစ်ယောက်ယောက်ရဲ့ ခံတပ်ကို ဝင်စီးမယ်လို့ သူ တစ်ခါမှ မပြောခဲ့ဖူးပေမယ့် အခုတော့ ဖန်သားပြင်တစ်ခုလုံး အဲဒီအကြောင်းတွေနဲ့ ပြည့်နှက်နေပြီ ဖြစ်သည်။
ဒါပေမဲ့ ကောလာဟလဆိုတာ ကောလာဟလပါပဲ။ အဆိုးဆုံးအနေနဲ့ သူ့ခံတပ်ကို တကယ် သွားစီးလိုက်လည်း ဘာမှ မနစ်နာဘူးလေ။
လုချန်က နတ်ဆိုးအရှင်သခင်၏ ခံတပ်တည်နေရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး ထိုနေရာရှိ အစီအရင်ကို ဘယ်လိုဖျက်ဆီးရမလဲဆိုတာကိုတောင် အတိအကျ သိထားသည်။
“သူဌေးလုက ထပ်ပြောပြန်ပြီ... သုံးရက်အတွင်း နတ်ဆိုးအရှင်သခင်က တည်းခိုခန်း ဝင်ပေါက်မှာ ဒူးထောက်ပြီး ခစားရမယ်၊ မဟုတ်ရင် သူ့ရဲ့ နတ်ဝိညာဉ် ဖျက်ဆီးခံရလိမ့်မယ်တဲ့...”
ကောလာဟလက နောက်တစ်ကြိမ် ထပ်မံမြင့်တက်လာပြန်သည်။
အဘိုးကြီးလျို၏ မက်ဆေ့ချ်များက အလျင်အမြန် ရောက်လာသည်။
“ဆရာဦးလေးငယ်... ကျွန်တော်တို့ နတ်ဆိုးအရှင်သခင်ရဲ့ ခံတပ်ကို သွားစီးကြမလို့လား။ ကျွန်တော် ရှေ့တန်းကနေ ဦးဆောင်ချင်ပါတယ်”
ထို့နောက် ချက်ချင်းပင် လုချန်သည် “နတ်ဆိုးအရှင်သခင်ရဲ့ ခံတပ်ကို ဝင်စီးမယ်” ဟု အမည်ပေးထားသော WeChat ဂရုတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။
အစပိုင်းတွင် သူနှင့် အဝီစိတောင်မှ လူအနည်းငယ်သာ ပါဝင်သော်လည်း စက္ကန့်ဆယ်ဂဏန်းကျော်အတွင်း ဂရုအရွယ်အစားက လူဒါဇင်ပေါင်းများစွာအထိ ကြီးထွားလာပြီးနောက် ရာဂဏန်းအထိ ဖြစ်လာသည်။
ပိုင်သခင်ကြီးနှင့် နတ်ဆိုးအရှင်သခင်တို့ နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့ပြီးကတည်းက အင်အားစုအသီးသီးသည် ပေါင်းစည်းခြင်းများ စတင်ခဲ့ကြပြီး ဤပထမအဆင့်ဂိုဏ်းများသည် ဒုတိယအဆင့်ဂိုဏ်းများစွာကို သိမ်းသွင်းခဲ့ရာ သူတို့၏ အင်အားများ သိသိသာသာ အားကောင်းလာခဲ့သည်။
ပထမအဆင့်ဂိုဏ်းချုပ်များနှင့် အကြီးအကဲများက ဂရုထဲတွင် စကားပြောကြပြီး ဒုတိယအဆင့်ဂိုဏ်းချုပ်များကမူ ရိုးရိုးသားသား စောင့်ကြည့်ရုံသာ ရဲပြီး အသံမထွက်ရဲကြပေ။ သို့သော် လုချန် စကားပြောသောအခါ သူတို့က ချက်ချင်း တုံ့ပြန်ကြသည်။
“အားလုံးက ဒီလောက်တောင် စိတ်အားထက်သန်နေကြမှတော့ ရှေ့တန်းစခန်းတစ်ခုကို အရင် ဝင်စီးကြတာပေါ့။ လုဇီတောင်ရဲ့ မြောက်ဘက် မိုင်လေးရာအကွာမှာ အောက်ဘက် မီတာ ၁,၃၀၀ အထိ ရှည်လျားတဲ့ ပင်စည်ရှိတဲ့ သစ်ပင်ကြီးတစ်ပင် ရှိတယ်။ အဲဒါက ရှေ့တန်းစခန်းပဲ”
“ကောင်းပြီ...”
“သွားကြစို့...”
“@ဓာတ်ကြီးငါးပါးခန်းမ မဟာအကြီးအကဲ @ချန်ခွန်းဂိုဏ်းရဲ့ ထိပ်တန်းပညာရှင် @တာအိုဖာ အင်မော်တယ်သခင် @...”
အဘိုးကြီးလျိုက ဂရုထဲရှိ လူတိုင်းကို @ တပ်၍ မန်းရှင်း (Mention) ခေါ်လိုက်သည်။
“စုကြ၊ အဲဒီနေရာကို ဝင်စီးမယ်...”
မကြာမီ အလယ်ပိုင်းကုန်းမြေတိုက်၏ နေရာတစ်ခုတွင် ကျင့်ကြံသူ အမြောက်အမြား စုရုံးရောက်ရှိလာပြီး ထွက်ခွာရန် ပြင်ဆင်နေကြစဉ် လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သတိပေးချက်... သတိပေးချက်... သူဌေးလု ပြောတာက ဒါဟာ ရှေ့တန်းစခန်းတစ်ခုကို ဝင်စီးပြီး နတ်ဆိုးဂိုဏ်းကို သတ်ဖြတ်ရှင်းလင်းရုံသက်ကသ်ပဲတဲ့။ အဖွဲ့အစည်းရဲ့ သန့်ရှင်းစင်ကြယ်မှုကို သေချာစေဖို့အတွက် အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် လုံးဝ မယူရဘူးတဲ့”
“အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် မယူရဘူးလား။ နတ်ဆိုးဂိုဏ်းက နတ်ဆိုးအရှင်သခင် ထွက်ပေါ်လာမယ့်နေ့အတွက် အနှစ်ခြောက်ဆယ်လောက် ပုန်းအောင်းနေခဲ့တာ၊ သူတို့ ချန်ထားခဲ့တဲ့ ရတနာတွေ အများကြီး ရှိရမယ်”
“သူဌေးလုက ပြောထားပြီးပြီဆိုတော့ အားလုံးပဲ လိုက်နာကြစို့...”
လူအုပ်ကြီးက ထွက်ခွာသွားကြပြီး လုဇီတောင်၏ မြောက်ဘက် မိုင်လေးရာအကွာသို့ ရောက်ရှိလာကြသည်။ သေချာပေါက်ပင်၊ ထင်ရှားသော သစ်ပင်ကြီးတစ်ပင်ကို မြင်တွေ့လိုက်ရပြီး ချက်ချင်းပင် စိတ်ဝိညာဉ်ချီများ၏ ဟိန်းဟောက်သံက မြေကြီးကို ပေါက်ကွဲစေကာ ဧရာမ မြေကျင်းကြီးတစ်ခုကို အတင်းအကျပ် ဖန်တီးလိုက်သည်။
“အစီအရင်တစ်ခုရဲ့ အငွေ့အသက် ရှိတယ်၊ အဲဒါ အထဲမှာပဲ...”
“ဟားဟားဟား... နတ်ဆိုးဂိုဏ်း၊ သေဖို့သာ ပြင်ထားတော့...”
ချက်ချင်းပင် စိတ်ဝိညာဉ်ချီများ နေရာအနှံ့ ပျံဝဲသွားသည်။
သာမန်ဟု ထင်ရသော မြေပြင်မှ အမည်းရောင် ချီများ ရုတ်တရက် ထွက်ပေါ်လာပြီး မြေအောက်မှ ပုံရိပ်များစွာ ထွက်ပေါ်လာကာ အပေါ်ဘက်ရှိ ပြည့်နှက်နေသော လူအုပ်ကြီးကို ကြောက်လန့်တကြား စိုက်ကြည့်နေကြသည်။ ဤနတ်ဆိုးဂိုဏ်းဝင်များက သူတို့ ဘယ်လိုရှာတွေ့သွားသလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
“ပြေး...”
“သတ်...”
တစ်ချိန်တည်းမှာပင် လုံးဝကွဲပြားခြားနားသော အသံနှစ်ခုက အပေါ်နှင့် အောက်မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ဂိုဏ်းချုပ်များနှင့် ပညာရှင်များစွာက ရုတ်တရက် တိုက်ခိုက်လိုက်သောကြောင့် နတ်ဆိုးဂိုဏ်းကို လုံးဝ အငိုက်မိသွားစေပြီး ထိတ်လန့်တကြား ထွက်ပြေးသွားစေသည်။
“ဟားဟားဟား... ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်သလဲ...”
သူတို့သည် မြေအောက်သို့ ဆင်း၍ တိုက်ခိုက်ခဲ့ကြပြီး နတ်ဆိုးအရှင်သခင်၏ လျှို့ဝှက်ရှေ့တန်းစခန်းတစ်ခုသို့ ရောက်ရှိသွားကာ မယူဆောင်ရသေးသော ရတနာများစွာကို တွေ့လိုက်ရသည်။
“ဟူး... နှမြောစရာပဲ။ ငါတို့က ပစ္စည်းတစ်ခုမှ ယူလို့မရဘူး”
“သွားကြစို့။ နတ်ဆိုးဂိုဏ်းကို ချေမှုန်းရတာလည်း တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်...”
လူအုပ်ကြီး ထွက်ခွာတော့မည့်ဆဲဆဲတွင် လူတစ်ယောက်က သူတို့ အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် လုံးဝမယူခဲ့ကြောင်း သူဌေးလု သိစေရန် ဓာတ်ပုံရိုက်ပို့ဖို့ အကြံပြုလိုက်သည်။
လုချန်က ဟင်းပွဲတစ်ပွဲ ချပေးလိုက်ပြီးချိန်မှာပင် အဘိုးကြီးလျို ပေးပို့လာသော ဓာတ်ပုံကို မြင်လိုက်ရသည်။
“သောက်ခွေးမသား... ခင်ဗျားတို့ ဘာမှမယူခဲ့ဘူးလား”
“ဆရာဦးလေးငယ်က ဘာမှမယူရဘူးလို့ ပြောထားတာလေ၊ ဒါကြောင့် ကျွန်တော်တို့ လုံးဝမယူပါဘူး...”
အဘိုးကြီးလျိုက သူ၏ ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည်။
“ရတနာတွေ ယူလို့မရဘူးလို့ ငါ ဘယ်တုန်းက ပြောလို့လဲ”
“ဆရာဦးလေးငယ်က အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် လုံးဝ မယူရဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ ဆရာဦးလေးငယ် ပြောခဲ့တာလေ...”
“အပ်တစ်ချောင်း၊ အပ်ချည်တစ်မျှင်တောင် မယူရဘူးလို့ ငါ ပြောခဲ့တာလေ။ ဒါပေမဲ့ ရတနာတွေ ယူလို့မရဘူးလို့ ငါ မပြောခဲ့ပါဘူး...”
လုချန်သည် အဘိုးကြီးလျိုကြောင့် ဒေါသထွက်လုနီးပါး ဖြစ်သွားသည်။
အဘိုးကြီးလျိုက လုချန် ပို့လိုက်သော မက်ဆေ့ချ်ကို ကြည့်ပြီး လုံးဝ ဇဝေဇဝါဖြစ်သွားကာ အခြားတစ်ယောက်ကို မေးလိုက်သည်။
“ငါထင်တာတော့ သူဌေးလု ဆိုလိုချင်တာက... ငါတို့က အပ်တွေနဲ့ အပ်ချည်တွေကလွဲပြီး တခြားအရာအားလုံးကို ယူသင့်တယ်လို့ ထင်တယ်...”
***