ဆောင်ယုက အကျပ်ရိုက်နေပြီး သူ့မျက်နှာက ချေးတွေအများကြီး မျိုချထားရသလို အရုပ်ဆိုးနေတယ်။ တစ်ဖက်က မိန်းမ၊ နောက်တစ်ဖက်က မရီး။ ဘယ်ဘက်ကနေ ရပ်တည်ပေးပေး သူ နိုင်မှာမဟုတ်သလို၊ ပိုဆိုးတဲ့ အခြေအနေမျိုးကိုလည်း သူ မရောက်ချင်ဘူးလေ။
သေချာစဉ်းစားပြီးတဲ့နောက် ဆစ်ရှောင်ဟွေးဘက် လှည့်ပြီး သူက အကြံပေးလိုက်တယ်။ "ရှောင်ဟွေး... နင်က အရင်စပြီး စော်ကားပြောဆိုခဲ့လို့ နင့်မရီးက ရိုက်လိုက်တာလေ။ သူ့ကို အမြန် တောင်းပန်လိုက်ပါ"
"နင်က ယောက်ျားရော ဟုတ်ရဲ့လား" ဆစ်ရှောင်ဟွေးက ဒေါသတကြီးနဲ့ ဆောင်ယုကို မိုးပေါက်တွေလို ဆက်တိုက် ထိုးကြိတ်တော့တယ်။ သူက အကြမ်းပတမ်း ကုတ်ခြစ်ပြီး ညည်းတွားတယ်။ "ငါ အရိုက်ခံရတာတောင် နင်က ငါ့ဘက်က မကာကွယ်ပေးနိုင်ဘူးဆိုတော့ နင်က ငါ့အတွက် ဘာအသုံးကျတော့မှာလဲ။ နင်က သတ္တိကြောင်လွန်းတယ်"
ဆောင်ယုက အစွမ်းကုန် ရှောင်တိမ်းနေပေမယ့် သူ့မျက်နှာနဲ့ လည်ပင်းတွေမှာ အကုတ်ခံထားရတဲ့ ဒဏ်ရာတွေ ရသွားတယ်။ ဆစ်ရှောင်ဟွေးက လုံးဝ အားမလျှော့ဘူးဆိုတာ သိသာတယ်။ ဆောင်ယုက ပြန်မချရဲပေမယ့် သူ့အခြေအနေကိုတော့ ရှင်းပြဖို့ ကြိုးစားတယ်။
"နင်က သူစိမ်းတွေနဲ့ ရန်ဖြစ်တာဆိုရင် နင့်ဘက်ကနေ ငါ သေချာပေါက် ဝင်ချပေးမှာပေါ့။ ဒါပေမဲ့ ဒါက တို့မရီးလေ၊ ငါတို့က မိသားစုတွေပဲဟာကို"
ဆောင်ယုက သိပ်အရည်အချင်းရှိတဲ့သူ မဟုတ်ပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ဘူး။ ထုန်ယောင်ကို စိတ်ဆိုးအောင် လုပ်မိရင် သူ့အတွက် ကောင်းမှာ မဟုတ်ဘူးလေ။
အခု သူက ထုန်ယောင်ကို ရိုက်လိုက်ရင် ဒီည ဆစ်ချန်က သူ့ကို သေချာပေါက် လာထိုးမှာဖြစ်ပြီး ကျိုတိုကနေ နှင်ထုတ်ခံရနိုင်တယ်။ ဆစ်ရှောင်ဟွေးနဲ့ ဆက်ဆံရေးလည်း ပြီးဆုံးသွားနိုင်တယ်လေ။
ကံမကောင်းတာက ဆစ်ရှောင်ဟွေးက အရမ်း ဒေါသထွက်နေတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ သူ့ဦးလေးလေးက သူ့အပေါ် ကောင်းတာနဲ့ပဲ မိသားစုထဲမှာ ဒေါင်းတစ်ကောင်လို မာနထောင်လွှားနေလို့ ရပြီလို့ သူ ထင်နေတာ။
နို့လက်ဖက်ရည်ဆိုင်တွေ အများကြီး ဖွင့်ထားတဲ့ ထုန်ယောင်က ဒီလို ရိုင်းစိုင်းမှုမျိုးကို သည်းခံနေမှာ မဟုတ်ဘူးဆိုတာ သူ မတွေးမိဘူးလား။
သူတို့နှစ်ယောက် ဆက်တိုက် ရန်ဖြစ်နေတာကို စိတ်ရှုပ်လာတဲ့ လင်းဖန်ရင်းက ဆစ်ရှောင်ဟွေးရဲ့ လက်မောင်းကို လှမ်းဆွဲပြီး ဖျောင်းဖျတယ်။ "ရှောင်ဟွေး... တော်တော့လေ"
သမီးဖြစ်သူက ချွေးမနဲ့ လုံးဝ မယှဉ်နိုင်ဘူးဆိုတာ ရှင်းနေတယ်။ လင်းဖန်ရင်းက ဒါကို သိပေမယ့် သတ္တိကြောင်လွန်းလို့ ထုန်ယောင်ကို တိုက်ရိုက် မရင်ဆိုင်ရဲဘူး။
သူ လုပ်နိုင်တာဆိုလို့ ဒေါသကို မြိုသိပ်ထားဖို့ပဲ ရှိတယ်။
ကံမကောင်းစွာနဲ့ပဲ ဆစ်ရှောင်ဟွေးက သူ့စကားကို နားမထောင်ဘဲ သူ့ကို တွန်းဖယ်ကာ ဆောင်ယုနဲ့ ဆက်ပြီး လုံးထွေး သတ်ပုတ်နေတော့တယ်။
ထုန်ယောင်ကတော့ ဘေးမှာ လက်ပိုက်ရပ်ပြီး သူ့ရှေ့က ဟာသပြဇာတ်ကို အေးစက်တဲ့ မျက်နှာထားနဲ့ ကြည့်နေလိုက်တယ်။ ဆစ်ရှောင်ဟွေးက သူ့ကို အရှုပ်အထွေးထဲ ဆွဲမသွင်းသရွေ့ သူ လုပ်ချင်သလောက် ဆူညံပွက်လောရိုက်လို့ ရတယ်။ သူ ပင်ပန်းသွားရင် သူ့ဘာသာ ထွက်သွားလိမ့်မယ်လေ။
သေချာတာကတော့ ဒီကိစ္စက ပြီးဖို့ အဝေးကြီး လိုပါသေးတယ်။ သူ့ညီမရဲ့ အပြုအမူတွေအကြောင်း ညကျရင် ဆစ်ချန်ကို ပြောပြရမယ်။ နောင်ကျရင် ဆစ်ရှောင်ဟွေး မင်္ဂလာဆောင်ရင် ဘာမှ ဆက်ပြီး ဂရုစိုက်မပေးတော့ဘူးဆိုပြီး သူ့ကို လာအပြစ်မတင်နဲ့ပေါ့။
ထုန်ယောင်က ငြိမ်ပြီး အနစ်နာခံမယ့် သူမျိုး မဟုတ်ဘူး။ လူတိုင်းက သူ့ကို အသုံးမကျတဲ့ ကြက်မတစ်ကောင်လို့ သတ်မှတ်ထားမှတော့ သူလည်း အရှက်မရှိ သူများတွေအတွက် ပိုက်ဆံ အကုန်ခံနေမှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် နောင်ကို ဆစ်ရှောင်ဟွေး သူ့ဆီကနေ ဘာအကျိုးအမြတ်မှ ရတော့မှာ မဟုတ်ဘူး။
"ဘာတွေ ဖြစ်နေကြတာလဲ"
ကျိုးလေနဲ့ ကူဟုန်ဝေတို့ ဆိုင်ထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြတယ်။ ဆစ်ရှောင်ဟွေးကို မသိတဲ့ ကျိုးလေက သူ့ရှေ့မှာ ဖြစ်နေတာတွေကို မြင်တော့ လန့်သွားပြီး ဆိုင်ထဲမှာ လင်မယား နှစ်ယောက် ရန်ဖြစ်နေကြတယ်လို့ ထင်သွားတယ်။
ဒါပေမဲ့ ကူဟုန်ဝေကတော့ ဆစ်ရှောင်ဟွေးနဲ့ လင်းဖန်ရင်းတို့ကို မှတ်မိတယ်။ ဆစ်ရှောင်ဟွေးရဲ့ အရင်က ဖြစ်ရပ်တွေကို ကြားဖူးထားတော့ ဆောင်ယု ဘယ်သူလဲဆိုတာကို သူ ခန့်မှန်းမိတယ်။ သူက သူတို့နှစ်ယောက် ဘေးကနေ အေးအေးဆေးဆေး ဖြတ်လျှောက်သွားပြီး လင်းဖန်ရင်းကို နှုတ်ဆက်လိုက်တယ်။
"အန်တီလင်း"
"ဟုန်... ဟုန်ဝေ" လင်းဖန်ရင်းက နေရခက်စွာ ပြုံးပြလိုက်ပြီး ဆစ်ရှောင်ဟွေးကို အမြန်ဆွဲကာ ဆောင်ယုနဲ့ ခွာလိုက်တယ်။ "တော်ကြတော့၊ ဟုန်ဝေ ရောက်နေပြီ"
လူပုံလယ်မှာ အရူးလုပ်ရတာက တစ်မျိုးဆိုပေမယ့်၊ ကူဟုန်ဝေ ရှေ့မှာ ဒီလိုဖြစ်ရတာက ပိုဆိုးတယ်။ ရွာကိုသာ သတင်းပေါက်သွားရင် သူ ဘယ်သူ့ကို သွားမျက်နှာပြရမလဲ။
ရွာသားတွေရဲ့ အတင်းအဖျင်း စကားတွေက သူ့အိမ်ကိုတောင် နစ်မြုပ်သွားစေနိုင်တယ်။
ကျိုတိုက ဘယ်လောက်ပဲ ကောင်းကောင်း လင်းဖန်ရင်းက အသက်ကြီးလာရင် လီစီးတီးက သူ့ဇာတိရွာကို ပြန်ရမှာပဲလေ။
အစက ဆောင်ယုနဲ့ ရုန်းကန်နေတဲ့ ဆစ်ရှောင်ဟွေးက ကူဟုန်ဝေ ရောက်နေပြီဆိုတာ ကြားတော့ ကြက်သေသေသွားတယ်။ သူက ခေါင်းကို တဖြည်းဖြည်း လှည့်ကြည့်လိုက်ပြီး ကူဟုန်ဝေ တကယ်ဖြစ်နေမှန်း သေချာသွားတော့ သူ့ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတယ်။ မြေကြီးဟသွားရင် ဝင်ပုန်းချင်လောက်အောင် ရှက်လွန်းလို့ သူ့မျက်နှာ နီရဲသွားတော့တယ်။
ဆောင်ယုနဲ့ အိမ်ထောင်ကျနေပြီ ဆိုပေမယ့် ကူဟုန်ဝေက သူ မပိုင်ဆိုင်နိုင်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး အချစ်ဦးလေ။ သူ့ကို မရနိုင်လို့သာ ဆောင်ယုနဲ့ အခြေချခဲ့ရတာ။ အခု ကူဟုန်ဝေကို ပြန်တွေ့လိုက်ရတော့ သူ ရင်မခုန်ဘဲ မနေနိုင်တော့ဘူး။
သူက အဝတ်အစားနဲ့ ဆံပင်တွေကို အမြန် သပ်ရပ်အောင် လုပ်လိုက်ပြီး၊ ရန်လိုနေတဲ့ ပုံစံနေရာမှာ သိမ်မွေ့တဲ့ အသွင်အပြင်နဲ့ အစားထိုးလိုက်တယ်။ ကြောက်တတ်တဲ့ ယုန်လေးတစ်ကောင်လို နူးနူးညံ့ညံ့လေး နှုတ်ဆက်လိုက်တယ်။ "ဟုန်ဝေအစ်ကို"
"အင်း" ကူဟုန်ဝေက ခံစားချက်မဲ့တဲ့ မျက်နှာနဲ့ တုံ့ပြန်လိုက်ပြီး လမ်းသွားလမ်းလာ တစ်ယောက်ထက် ပိုပြီး သူ့ကို ဂရုမစိုက်ဘူး။ သူ့ရဲ့ အေးစက်တဲ့ ပုံစံကြောင့် ဆစ်ရှောင်ဟွေး တင်းမာသွားပြီး စောစောက ဒေါသပေါက်ကွဲခဲ့မိတာကို နောင်တရသွားတယ်။
အခု ကူဟုန်ဝေက သူ့ရဲ့ အရှက်ရစရာ အပြုအမူတွေကို တွေ့သွားပြီဆိုတော့၊ သူ့အပေါ် ဘယ်လိုများ မြင်သွားမလဲလို့ သူ တွေးပူသွားတယ်။
ဆစ်ရှောင်ဟွေးက ကူဟုန်ဝေကို အရူးအမူး ငေးကြည့်နေတာကို မြင်တော့ ဆောင်ယုက ဖောက်ပြန်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူ့ပိုင်ဆိုင်မှုကို ပြသတဲ့အနေနဲ့ သူက ဆစ်ရှောင်ဟွေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး မေးလိုက်တယ်။ "ရှောင်ဟွေး... ဒါ နင့်သူငယ်ချင်းလား။ သူ့ကို ငါနဲ့ မိတ်ဆက်မပေးဘူးလား"
အဲဒီနောက် သူက ကူဟုန်ဝေဘက် လှည့်ပြီး "မင်္ဂလာပါ၊ ကျွန်တော်က ရှောင်ဟွေးရဲ့ ယောကျ်ား ဆောင်ယုပါ" လို့ ပြောလိုက်တယ်။
ကုတ်ခြစ်ရာတွေ ပြည့်နေတဲ့ မျက်နှာနဲ့ သူ့ကိုယ်သူ မိတ်ဆက်ဖို့ ကြိုးစားနေတဲ့ ဆောင်ယုကို ကြည့်ပြီး ထုန်ယောင်ရဲ့ နှုတ်ခမ်း နည်းနည်း တွန့်သွားတယ်။ ဆောင်ယုနဲ့ ဆစ်ရှောင်ဟွေးတို့ ညားသွားတာ မဆန်းပါဘူး၊ သူတို့က တကယ့်ကို တူတဲ့အိုးနဲ့ တန်တဲ့ဆန်တွေပဲ။
ကူဟုန်ဝေ ခေါင်းငြိမ့်ပြလိုက်တယ်။ "ကျွန်တော် ကူဟုန်ဝေပါ။ အန်တီလင်းတို့နဲ့ ရွာတစ်ရွာတည်းသားပါ"
ဆစ်ရှောင်ဟွေးနဲ့ တတ်နိုင်သမျှ ခပ်ကင်းကင်း နေချင်လို့ သူ့နာမည်ကို တမင် ချန်လှပ်ပြောသွားတာ။ ဆောင်ယုကို ပြန်ဖြေပြီးတာနဲ့ သူက ကောင်တာနောက်ကို သွားပြီး အလုပ်လုပ်တော့တယ်။
ကျိုးလေက နောက်ကနေ လိုက်သွားတယ်။ သူတို့အားလုံး သိနေကြတယ်ဆိုတာ နားလည်လို့၊ သူက နှာခေါင်းကို ပွတ်လိုက်ပြီး သူ့ကိုယ်သူ သတိမထားမိအောင် နေလိုက်တယ်။
ကူဟုန်ဝေရဲ့ အေးစက်တဲ့ ဟန်ပန်ကို မြင်တော့ ဆစ်ရှောင်ဟွေးရဲ့ မျက်နှာ ချက်ချင်း ညှိုးကျသွားတယ်။ သူ့ပါးစပ်သွက်လို့ ကူဟုန်ဝေ လန့်သွားရတယ် ဆိုပြီး ဆောင်ယုကို ဒေါသတကြီး ခါထုတ်လိုက်တယ်။
ဆစ်ရှောင်ဟွေးရဲ့ အပြုအမူက ဆောင်ယုကိုလည်း စိတ်တိုစေပြီး၊ နောက်ထပ် ဖောက်ပြန်ခံလိုက်ရသလို ခံစားရကာ မျက်နှာ မည်းမှောင်သွားတယ်။
ဒီမြင်ကွင်းကို ကြည့်ပြီး လင်းဖန်ရင်းလည်း ဆက်နေဖို့ မျက်နှာမရှိတော့ဘူး။ မျက်နှာကို တင်းထားပြီး ထုန်ယောင်ကို ပြောလိုက်တယ်။ "ငါတို့က နင်နဲ့ ရှောင်ချန်ကို လာကြည့်ရုံ သက်သက်ပါ။ ရှောင်ချန်လည်း အလုပ်သွား၊ နင်လည်း အလုပ်ရှုပ်နေတယ် ဆိုတော့ ငါတို့ အရင် ပြန်တော့မယ်"
ဒါကို ကြားတော့ ထုန်ယောင်က သူတို့ကို တားမယ့်အစား ပြတ်ပြတ်သားသားပဲ ပြန်ပြောလိုက်တယ်။ "အမေ... နောက်တစ်ခါလာရင် ရှောင်ဟွေးကို မခေါ်ခဲ့ပါနဲ့။ သမီးဆိုင်က သေးတော့ ရှောင်ဟွေးလို ဘုရားဆင်းတုတော် အကြီးကြီးကို မဆန့်လို့ပါ"
ဆစ်ရှောင်ဟွေး မျက်လုံးတွေ ပြူးထွက်လာပြီး ပေါက်ကွဲတော့မတတ် ဖြစ်သွားပေမယ့် ကောင်တာနောက်က ကူဟုန်ဝေကို မြင်လိုက်တော့ သူပြောမယ့် ဒေါသစကားတွေကို ပြန်မြိုချလိုက်တယ်။
ထုန်ယောင်ကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီး လှည့်ကာ ဆိုင်ထဲကနေ ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတော့တယ်။
တိတ်တိတ်လေး သူ တွေးလိုက်မိတာက ကူဟုန်ဝေ သူ့အပေါ် အေးစက်သွားတာ ထုန်ယောင်က သူတို့ကြားမှာ သွေးထိုးပေးလိုက်လို့ပဲလို့ ယုံကြည်နေတယ်။
ဒီမတိုင်ခင်က ကူဟုန်ဝေကို သူ လက်လျှော့လိုက်ပြီပဲ။ ဒါပေမဲ့ အခု သူ့ကို ပြန်မြင်လိုက်ရတော့ ဖိနှိပ်ထားတဲ့ ခံစားချက်တွေက ထိန်းမရအောင် ပြန်ဆူပွက်လာတယ်။ ဆောင်ယုနဲ့ ကူဟုန်ဝေကို သူ မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ဘူး။
ဆောင်ယုက ရုပ်ရည်ရော ပညာအရည်အချင်းပါ ကူဟုန်ဝေထက် နိမ့်ကျတယ်။ ဆောင်ယုနဲ့ တွဲခဲ့မိတာကို ရုတ်တရက် သူ နောင်တရသွားတယ်။
သူသာ ဆောင်ယုနဲ့ မတွဲဘဲ နို့လက်ဖက်ရည်ဆိုင်မှာ ဆက်အလုပ်လုပ်နေခဲ့ရင်၊ အချိန်ကြာလာတာနဲ့အမျှ သူနဲ့ ကူဟုန်ဝေတို့ ကြားမှာ သံယောဇဉ်တွေ ဖြစ်လာနိုင်တာပဲလေ။
ဒီအတွေးက မျိုးစေ့တစ်စေ့လိုပဲ ရင်ထဲမှာ အမြစ်တွယ်သွားတာနဲ့ တားမရဆီးမရ ကြီးထွားလာတော့တာပဲ။ သူ ဆောင်ယုကို ဘယ်လိုပဲ ကြည့်ကြည့် မျက်စိနောက်လာတော့တယ်။
သမီးဖြစ်သူရဲ့ စိတ်အခြေအနေ ပြောင်းလဲသွားတာကို လင်းဖန်ရင်း သတိထားမိပေမယ့် ဆောင်ယုရှေ့မှာတော့ ဘာမှ မပြောနိုင်ဘူး။ အိမ်ရောက်မှ ဆစ်ရှောင်ဟွေးနဲ့ စကားပြောဖို့ စီစဉ်ထားပေမယ့်၊ မမျှော်လင့်ဘဲ အိမ်ရောက်တာနဲ့ ဆစ်ရှောင်ဟွေးက သူ့အခန်းထဲ ဝင်ကာ တံခါးလော့ချပြီး အဆက်မပြတ် ရှိုက်ငိုတော့တယ်။
အပိုင်း ( ၃၂၁ ) ပြီးဆုံး
***