ဆောင်ယုဟာ ဆရာအဆူခံနေရတဲ့ ကလေးတစ်ယောက်လို ခေါင်းငုံ့ထားပြီး အသက်တောင် ပြင်းပြင်းမရှူရဲဘူး။ ဆစ်ဝေမင်းရဲ့ ကြိမ်းမောင်းသံတွေ ဆုံးသွားတော့မှပဲ နေရခက်တဲ့ မျက်နှာထားနဲ့ ရှင်းပြတော့တယ်။
"ဦးလေးလေး... ကျွန်တော် ရှောင်ဟွေးကို မကာကွယ်ပေးတာ မဟုတ်ပါဘူး။ မရီးက ရုတ်တရက်ကြီး လုပ်လိုက်တော့ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိဖြစ်သွားလို့ပါ။ မရီးက အရင်စတာဆိုတော့ ကျွန်တော်က သူ့ကို ပြန်ချလို့ မရဘူး မဟုတ်လား။ ဒါကြီးက အပြင်လူတွေ သိသွားရင်... ကြည့်လို့ မကောင်းဘူးလေ!"
ဒီနေ့ ဖြစ်ခဲ့တာကို မြင်တဲ့သူတိုင်းက ဆစ်ရှောင်ဟွေး အမှားလို့ပဲ ထင်ကြမှာပါ။ ယောက်မဖြစ်သူ အိမ်ထဲကို အတင်းဝင်လာပြီး အမိန့်ပေးစေခိုင်းတာ၊ ကိုယ့်နေရာကိုယ် မသိတာ၊ လူကို ဆဲဆိုတာတွေက အရိုက်ခံရဖို့ ထိုက်တန်နေတာပဲလေ။
ဦးလေးလေးက ရှောင်ဟွေးကို ဒီလောက်အထိ အလိုလိုက်နေတာကတော့ တကယ်ကို အဓိပ္ပာယ်မရှိလွန်းပါဘူး။
ဆစ်ဝေမင်းက ဆောင်ယုရဲ့ အဖြေကို သဘောမကျဘဲ တင်းမာစွာ ပြောလိုက်တယ်။ "ဒါဆို မင်းဆိုလိုတာက နောင်ကျရင် ရှောင်ဟွေးက မင်းတို့အိမ်မှာ အနိုင်ကျင့်ခံရရင်တောင်၊ မိသားစုတွေ ဖြစ်နေလို့ဆိုပြီး မင်းက ဘေးကနေ ဒီတိုင်း ထိုင်ကြည့်နေမယ်ပေါ့လေ? ဒီလို စိတ်ဓာတ်မျိုးနဲ့ ရှောင်ဟွေးကို မင်းလက်ထဲ ဘယ်လို စိတ်ချလက်ချ အပ်ထားနိုင်မှာလဲ"
"ဦးလေးလေး... ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး" ဆောင်ယုက ဆစ်ဝေမင်းကို မော့ကြည့်လိုက်ပေမယ့် မျက်လုံးချင်း ဆုံသွားတာနဲ့ လန့်ပြီး ချက်ချင်း ပြန်ငုံ့သွားပြန်တယ်။
သူ့ရဲ့ သတ္တိကြောင်တဲ့ ပုံစံကို ကြည့်ပြီး ဆစ်ဝေမင်း ဒေါသထွက်လာကာ ဆစ်ရှောင်ဟွေးဆီကို စောစောစီးစီး မသွားဖြစ်ခဲ့တာကို နောင်တရမိပြန်တယ်။ သူသာ တစ်လ၊ နှစ်လလောက် စောပြီး ပြန်သွားခဲ့ရင် ရှောင်ဟွေး ဒီလို ယောကျ်ားမျိုးနဲ့ ညားမှာ မဟုတ်ဘူး။
အခုတော့ အရာအားလုံးက ပြီးသွားပြီမို့ ပြောနေလည်း အပိုပါပဲ။ သူက ဆောင်ယုကို မျက်နှာထား တင်းတင်းနဲ့ သတိပေးလိုက်တယ်။ "ဒါက မင်းအတွက် သတိပေးချက်ပဲ။ နောက်တစ်ခါ ရှောင်ဟွေးကို ထပ်ပြီး အနိုင်ကျင့်ခံရအောင် လုပ်ရင်တော့ ငါ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ရှောင်ဟွေးမှာ အဖေမရှိတော့ဘူး ဆိုပေမယ့် ငါဆိုတဲ့ ဦးလေး ရှိသေးတယ်။ သူ့ကို အနိုင်ကျင့်ချင်တဲ့သူက ငါ့သဘောတူညီချက်ကို အရင် လာတောင်းရမယ်"
"ဦးလေးလေး စိတ်ချပါ၊ ကျွန်တော် တိုင်တည်ပြီး ကျိန်ရဲပါတယ်။ ရှောင်ဟွေးကို ကျွန်တော် ဘယ်တော့မှ အနိုင်မကျင့်သလို၊ ဘယ်သူ့ကိုမှလည်း အနိုင်ကျင့်ခွင့် မပေးပါဘူး။ ဒီတစ်ခါက ကျွန်တော့်အမှားပါ၊ နောက်တစ်ခါ ဘယ်တော့မှ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်"
ဆောင်ယုက ဘာပဲဖြစ်ဖြစ် အရင်ဆုံး တောင်းပန်ပြီး ကတိပေးထားတာက အကောင်းဆုံးပဲလို့ တွေးလိုက်တယ်။ ဦးလေးလေးရဲ့ မျက်နှာသာပေးမှုကို ရထားတာက သူ့အတွက် အကျိုးရှိတာပဲလေ။ ကျန်တာတွေကိုတော့ ပိုက်ဆံရှာနိုင်မှပဲ ဆက်စဉ်းစားတော့မယ်။
အဲဒီအချိန်မှာ ဆစ်ရှောင်ဟွေးက မီးဖိုချောင်ထဲကနေ ပြေးထွက်လာပြီး ဆစ်ဝေမင်းရဲ့ လက်မောင်းကို ဆွဲကာ ညည်းတွားတော့တယ်။ "ဦးလေးလေး... စကားပြောလို့ မပြီးသေးဘူးလား?! မီးဖိုချောင်ထဲမှာ အရမ်းပူတာပဲ။ ခဏလေး ရပ်နေတာတောင် ချွေးတွေ ထွက်လာပြီ၊ ဆက်နေရင် သမီး အပူရှပ်တော့မှာ"
ဆစ်ဝေမင်းက ဆောင်ယုကို သတိပေးတဲ့ အကြည့်တစ်ချက် ကြည့်လိုက်ပြီးမှ မျက်နှာ နည်းနည်း ပျော့သွားကာ ဆစ်ရှောင်ဟွေးရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။ "အခန်းထဲမှာ ခဏသွားနားနေလေ၊ ဦးလေးလေး နင့်အမေကို သွားကူလိုက်မယ်"
ဆစ်ရှောင်ဟွေးက နှုတ်ခမ်းဆူပြီး ပြောတယ်။ "အခန်းထဲမှာ တီဗွီလည်း မရှိဘူး၊ အရမ်း ပျင်းစရာကောင်းတာပဲ။ ဦးလေးလေး... သမီးတို့အတွက် တီဗွီတစ်လုံးလောက် ဝယ်ပေးပါလား"
"တီဗွီတစ်လုံးက ယွမ် ရာနဲ့ချီ ပေးရတာ။ တွေ့သမျှ အကုန် လျှောက်မတောင်းနဲ့လေ။ နင့်ဦးလေးမှာလည်း မိသားစုအကြီးကြီး ကျွေးမွေးနေရတာ။ အလုပ်က ခက်ခဲတယ်" လင်းဖန်ရင်းက မီးဖိုချောင်ထဲက ထွက်လာပြီး ဆစ်ရှောင်ဟွေး တီဗွီတောင်းနေတာကို တားလိုက်တယ်။
အဖြူအမည်း တီဗွီတစ်လုံးတောင် ယွမ် လေးငါးရာလောက် ပေးရတာဆိုတော့ မပေါဘူးလေ။ ဆစ်ဝေမင်းက စီးပွားရေး လုပ်နေတယ် ဆိုပေမယ့် ကျိုတိုမှာက အသုံးစရိတ်က မပြတ်ရှိနေတာ၊ ပြီးတော့ သူ့ကိုရော ရှောင်ဟွေးကိုပါ ထောက်ပံ့နေရတာဆိုတော့ အဲဒီလောက် ပိုက်ဆံ မပိုနိုင်ပါဘူး။
"သမီးက ဒီတိုင်း ပြောကြည့်တာပါ၊ အတည်တောင်းနေတာ မဟုတ်ပါဘူး" ဆစ်ရှောင်ဟွေး နှုတ်ခမ်းဆူလိုက်တော့ သူ့ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာက ချက်ချင်း ညှိုးကျသွားတယ်။ ဦးလေးလေးက သူ့ကို ပိုက်ဆံပေးတိုင်း ဆယ်ဂဏန်း၊ ရာဂဏန်းတွေချည်းပဲကို - တီဗွီတစ်လုံး ဝယ်ပေးတာက ဘာများ ခက်ခဲနေလို့လဲ။
ဒါကို မြင်တော့ ဆစ်ဝေမင်းက တခစ်ခစ် ရယ်ပြီး "အိမ်မှာ တီဗွီမရှိရင် တကယ်ပဲ ပျင်းစရာ ကောင်းတာပေါ့။ ကဲပါ! မနက်ဖြန်ကျရင် ငါ သွားဝယ်ပေးမယ်" လို့ ပြောလိုက်တယ်။
"တကယ်လား" ဆစ်ရှောင်ဟွေး မျက်လုံးတွေ အရောင်တောက်သွားတယ်။ "ဦးလေးလေးက အကောင်းဆုံးပဲ"
"သူ့ကို ဒီလောက်အထိ အလိုမလိုက်ပါနဲ့။ တီဗွီက ယွမ် ရာနဲ့ချီ တန်တာလေ" လို့ လင်းဖန်ရင်းက ပြောတယ်။
"ရပါတယ်" ဆစ်ဝေမင်းက ပြန်ဖြေတယ်။ "ဒါက ရှောင်ဟွေးအတွက် ငါပေးတဲ့ တင်တောင်းစရာ (ပါးဖန်) လို့ပဲ သတ်မှတ်လိုက်ပါ။ သူနဲ့ ဆောင်ယု လက်ထပ်စာချုပ် သွားလုပ်တုန်းက ငါ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူးလေ။ ရှောင်ဟွေး သဘောကျရင် ဒါက ဘာမှ မဟုတ်ပါဘူး"
ဆစ်ဝေမင်းရဲ့ လက်ရှိ ငွေရေးကြေးရေး အခြေအနေအရ တီဗွီတစ်လုံးက သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။
သူ့စီးပွားရေးက အကြီးကြီး မဟုတ်ပေမယ့် သေးတာလည်း မဟုတ်ဘူး၊ တစ်လကို ယွမ် နှစ်ထောင်လောက်ကတော့ အေးအေးဆေးဆေး ရှာနိုင်တယ်လေ။
ဒါကို ဆစ်ရှောင်ဟွေးအတွက် ပေးတဲ့ မင်္ဂလာလက်ဆောင်လို့ပဲ သူ သတ်မှတ်လိုက်တယ်။
ဒါကို ကြားတော့ လင်းဖန်ရင်း သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ဘူး။ "နင်ကတော့ ဒီလိုပဲ၊ အချိန်တန်ရင် သူ့ကို အလိုလိုက်လွန်းလို့ ပျက်စီးအောင် လုပ်တော့မှာပဲ"
"မိန်းကလေးတွေကို နည်းနည်း အလိုလိုက်တာ ကိစ္စမရှိပါဘူး" လို့ ဆစ်ဝေမင်းက ပြုံးပြီး ပြောလိုက်တယ်။
"ဦးလေးလေးက တကယ်ကို အကောင်းဆုံးပဲ။ နောင်ကျရင် သမီး ဦးလေးလေးကို သေချာ ရိုသေပါ့မယ်။ သမီးအဖေ အရင်းလိုမျိုးကို ရိုသေသွားမှာ" ဆစ်ရှောင်ဟွေးက ဆစ်ဝေမင်းရဲ့ လက်မောင်းကို ဖက်ပြီး သူ့ပခုံးပေါ် ခေါင်းမှီကာ ကလေးတစ်ယောက်လို ချွဲနေတော့တယ်။ အပြင်လူသာ မြင်ရင် သူတို့နှစ်ယောက်ကို သားအဖတွေလို့ပဲ သေချာပေါက် ထင်ကြမှာပါ။
ဆစ်ရှောင်ဟွေးက ဆစ်ဝေမင်းနဲ့ ရုပ်ချင်းတူရုံတင်မကဘဲ၊ ပြုံးပုံရယ်ပုံနဲ့ အမူအရာတွေကလည်း အရမ်းကို ဆင်တူနေတာလေ။
အစက ဆစ်ဝေမင်း အဆူခံရလို့ အသက်တောင် မရှူရဲတဲ့ ဆောင်ယုက အခုတော့ တိတ်တိတ်လေး ဝမ်းသာနေတယ်။ ဦးလေးလေးက ရှောင်ဟွေးကို တကယ်ပဲ အလေးထားတာပဲ၊ ယွမ် ရာနဲ့ချီတန်တဲ့ တီဗွီကိုတောင် အလွယ်တကူ ဝယ်ပေးဖို့ သဘောတူလိုက်တာကိုး။
သူက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ မိန်းမတစ်ယောက် ရလိုက်တဲ့အပြင်၊ မိန်းမဘက်က မိသားစုကလည်း တောက်လျှောက် ထောက်ပံ့ပေးနေပြီး အခုဆို တီဗွီတောင် ရဦးမှာ။
နောင်ကျရင် ကျိုတိုမှာ အခြေမလှရင်တောင် ဒီတီဗွီကို လီစီးတီး ပြန်သယ်သွားပြီး ရွာသားတွေ အားကျအောင် လုပ်လို့ ရသေးတယ်လေ။
သူ့အတွက် လက်စားချေပေးမယ့်သူ ရှိနေပြီး တီဗွီပါ ရတော့မယ်ဆိုတော့ ဆစ်ရှောင်ဟွေး တစ်ယောက် စိတ်မကောင်း ဖြစ်မနေတော့ပါဘူး။ တကယ်တော့ သူ အရမ်း ပျော်နေတာပါ။ ထမင်းစားပြီးတော့ ဆစ်ဝေမင်းကို တီဗွီသွားဝယ်ဖို့ အတင်းခေါ်သွားပြီး ပြန်ရောက်တာနဲ့ အခန်းထဲမှာ တီဗွီပဲ အပုတိုက် ကြည့်နေတော့တယ်။
ထုန်ယောင်က ညနေ ငါးနာရီမှာ ဆိုင်ကနေ အလုပ်ဆင်းပြီး ဝမ်ယွန်းနဲ့ ထုန်ယောင်ဟွေးတို့ဆီ သွားကြည့်တယ်။ လင်းဖန်ရင်းက ဆစ်ရှောင်ဟွေးကိုခေါ်ပြီး ပြဿနာလာရှာတဲ့ အကြောင်းကိုလည်း ပြောပြလိုက်တယ်။ ဒါကို ကြားတော့ ထုန်ယောင်ဟွေး မျက်မှောင်ကြုတ်သွားတယ်။ "နင့်ယောက္ခမက နင့်အပေါ် တစ်ခုခု ငြိုငြင်နေတာလား"
ဝမ်ယွန်းကလည်း နားမလည်နိုင်ဖြစ်နေတယ်။ "မင်းနဲ့ ရှောင်ချန်က ကျိုတိုမှာ နေနေတာ၊ အိမ်က ပိုက်ဆံလိုတိုင်းလည်း မင်းတို့ပဲ ထောက်ပံ့ပေးခဲ့တာပဲ။ သူ ကျိုတိုကို လာတုန်းကလည်း တို့တွေက အတူတူ လာနေဖို့ ဖိတ်တာကို သူက ငြင်းခဲ့တာလေ။ သူက မင်းအပေါ် ဘာတွေများ ငြိုငြင်စရာ ရှိလို့လဲ။ ဒီရက်ပိုင်း သူ့ဆီ သွားမတွေ့လို့ စိတ်ကောက်နေတာလား"
ထုန်ယောင်လည်း ကိုယ့်ဘာသာ သေချာမသိတာမို့ ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။ "သမီးထင်တာတော့ သူ့သမီးကိုပဲ အစွန်းရောက် ဘက်လိုက်နေတာ ဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် သမီးကတော့ အရှုံးမရှိပါဘူး၊ အိမ်မှာကလည်း အမွေဆက်ခံစရာ ပစ္စည်းမှ မရှိတာ၊ သူ့သမီးကိုပဲ ဘက်လိုက်ပါစေပေါ့!"
"ဘက်လိုက်တာက ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ တို့တွေက သူ့ရဲ့ စိတ်အပြောင်းအလဲပေါ် မူတည်ပြီး ရှင်သန်နေကြတာမှ မဟုတ်တာ" လို့ ဝမ်ယွန်းက ပြောတယ်။ "တို့အိမ်မှာဆိုရင် မင်းကို အဖေနဲ့အမေက အမြဲတမ်း အလေးထားခဲ့တာ။ ယောက်ျားအိမ်မှာလည်း ရှောင်ချန်က မင်းအပေါ် ကောင်းပါတယ်။ တို့က သူ့အပေါ် ဘာမှ အကြွေးမတင်ထားဘူး၊ ဒါကြောင့် သူ့ရဲ့ ရိုင်းစိုင်းမှုတွေကို သည်းခံနေစရာ မလိုဘူး"
ဝမ်ယွန်းက အမြဲတမ်း ယဉ်ကျေးသိမ်မွေ့ပေမယ့် အလျှော့ပေးတတ်တဲ့သူ မဟုတ်ဘူး။ အထူးသဖြင့် ထုန်ယောင်နဲ့ ပတ်သက်လာရင် သူ ဘယ်တော့မှ နောက်မဆုတ်ဘူးလေ။
ထုန်ယောင်ဟွေးက ခေါင်းငြိမ့်ပြတယ်။ "မင်း ရှောင်ဟွေးကို ရိုက်လိုက်တာကို ရှောင်ချန်က ဘာမှ မကန့်ကွက်ဘူးဆိုရင်တော့ ထားလိုက်ပေါ့။ တကယ်လို့ သူက တစ်ခုခု ပြောလာရင် ငါ့ဆီ လာပြောခိုင်းလိုက်" ယောက္ခမနဲ့ ချွေးမ ပြဿနာဆိုတာ ရှေးကတည်းက ရှုပ်ထွေးတဲ့ ကိစ္စပါ။ လင်းဖန်ရင်းက ထုန်ယောင်နဲ့ အတူနေတာ မဟုတ်တော့ ကြီးကြီးမားမား ပဋိပက္ခတော့ ဖြစ်မှာ မဟုတ်ပါဘူး။
သူ အခု စိုးရိမ်တာက ရှောင်ချန်က သူ့ညီမဘက်ကနေ ရပ်တည်ပေးပြီး ထုန်ယောင်နဲ့ အဆင်မပြေ ဖြစ်သွားမှာကိုပဲ။
ရှောင်ချန်က အသိတရားရှိပေမယ့် သူ့မိဘတွေနဲ့ ညီမရဲ့ သွေးထိုးမှုကို ခံနိုင်ပါ့မလား ဆိုတာပါပဲ။
ထုန်ယောင် ပြန်မပြောခင်မှာပဲ ဝမ်ယွန်းက ကြားဖြတ်ပြောလိုက်တယ်။ "ရှောင်ဟွေးက အရင်စပြီး ဆဲတာလေ။ တို့ဘက်က သူ့ကို ပြဿနာ သွားမရှာတာပဲ ကျေးဇူးတင်ရမှာ။ သူတို့က ဘာလို့ ထုန်ယောင်ကို ပြန်ပြီး ပြဿနာ လာရှာနေရတာလဲ။ ရှောင်ချန်သာ သူတို့ဘက်က ပါမယ်ဆိုရင် ဒီည ထုန်ယောင်ကို အိမ်ပဲ ပြန်ခေါ်လာခဲ့လိုက်မယ်"
အပိုင်း ( ၃၂၃ ) ပြီးဆုံး
***