ယောက္ခမတွေက သမက်တွေကို အမြဲအလိုလိုက်တတ်ကြတယ်လို့ ဆိုကြတယ်။ အဲဒါက တကယ်မှန်ပေမယ့် စည်းကမ်းချက် တစ်ခုတော့ ရှိတယ်။ အဲဒါက သမက်ဖြစ်သူက သူတို့သမီးကို အရင်ဆုံး အလိုလိုက်ရမယ် ဆိုတာပါပဲ။
"ငါက ဒီတိုင်း ပြောကြည့်တာပါ၊ မင်းက ဘာလို့ ပြဿနာကြီး လုပ်နေရတာလဲ" သမီးဖြစ်သူထက် မိန်းမက ပိုပြီး ဒေါသထွက်နေတာကို မြင်တော့ ထုန်ယောင်ဟွေးက ဘာလုပ်ရမှန်းမသိဘဲ ပြောလိုက်တယ်။ "ဆစ်ချန်ရဲ့ စိတ်နေသဘောထားကို တို့နှစ်ယောက်လုံး သိကြတာပဲ၊ မင်းက မီးလောင်ရာ လေပင့် မလုပ်ပါနဲ့"
မိဘနှစ်ပါးရဲ့ စကားပြောနေပုံကို ကြည့်ပြီး ထုန်ယောင် သဘောကျသွားတယ်။ သူတို့နှစ်ယောက်ရဲ့ လက်မောင်းတွေကို ဆွဲကိုင်ပြီး စိတ်အေးအောင် ပြောလိုက်တယ်။ "အဖေနဲ့ အမေ ဘာမှ စိတ်မပူကြပါနဲ့။ အာချန်ကသာ ရှောင်ဟွေးဘက် ပါရဲရင်၊ သူ့ဆေးမှတ်တမ်းကို သူ့မျက်နှာပေါ် ပစ်ပေါက်လိုက်မှာပေါ့။ သမီးမှာ ဘာရောဂါမှ မရှိဘူး၊ ကလေးမရတာ သမီးပြဿနာ မဟုတ်ဘူး"
ဒါကို ကြားတော့ ထုန်ယောင်ဟွေးက တခစ်ခစ် ရယ်ပြီး မိန်းမဖြစ်သူကို ပြောလိုက်တယ်။ "တွေ့လား၊ ဒီလို မီးတောက်လို စရိုက်မျိုးနဲ့ သူ့ကို ဘယ်သူမှ အနိုင်ကျင့်လို့ မရပါဘူး။ တို့တွေ အပို ပူမနေကြတာ အကောင်းဆုံးပဲ"
ဝမ်ယွန်းလည်း စိတ်နည်းနည်း အေးသွားပြီး သက်ပြင်းချလိုက်တယ်။ "အစကတော့ သမီးကို စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ကလေးဆန်တဲ့ ကောင်မလေးလို့ အမေ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ မိန်းကလေး တစ်ယောက်အနေနဲ့ စိတ်ဓာတ်မာကျောတာက မမှားဘူးလို့ အမေ ထင်တယ်။ မဟုတ်ရင် သမီးပဲ နစ်နာရမှာ"
ထုန်ယောင်က ဝမ်ယွန်းရဲ့ လက်မောင်းကို ဖက်တွယ်ပြီး ကလေးတစ်ယောက်လို ချွဲလိုက်တယ်။ "အမေ... စိတ်မပူပါနဲ့။ သမီးက အနစ်နာခံပြီး ငြိမ်နေမယ့် သူမျိုး မဟုတ်ဘူး။ ရှောင်ဟွေးက သမီးကို အနိုင်ကျင့်ဖို့ အိပ်မက်တောင် မမက်နဲ့၊ ယောက္ခမကြီးလည်း အတူတူပဲ။ သူတို့ကများ သမီးကို တကယ် လာစဆွရဲရင်၊ သမီးက ဘာကိုမှ ကြောက်မနေဘူး။ သူတို့ရဲ့ အရှက်ကွဲစရာ ကိစ္စတွေ အကုန်လုံးကို ဖွင့်ချပစ်လိုက်မှာ၊ ဘယ်သူမှ သက်သာခွင့် ရမှာ မဟုတ်ဘူး"
လင်းဖန်ရင်းနဲ့ ဆစ်ဝေမင်းတို့ ကိစ္စသာ ပေါ်သွားရင်၊ ဆစ်မိသားစုလည်း အထိနာမှာ အသေအချာပဲ။
ယွမ်ချိုင်ကျိန်းရဲ့ စိတ်နေသဘောထားနဲ့ဆိုရင် ဆစ်ဝေမင်းလည်း သူ့မိသားစုကို ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ဘူး။
ဆိုင်ခွဲမှာ တစ်နာရီလောက် နေပြီး ညစာစားပြီးတဲ့နောက် ထုန်ယောင် အိမ်ပြန်လာခဲ့တယ်။ အပြန်လမ်းမှာ ခြံဝင်းထဲ ကလေးနဲ့ ဆော့နေတဲ့ လျိုချင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားဆုံတယ်။ ထုန်ယောင်ကို မြင်တာနဲ့ လျိုချင်းက မျက်လုံးလှန်ကြည့်ပြီး ကပ်ရောဂါဘေးကြီး တစ်ခုလို သဘောထားကာ ဝေးဝေး ရှောင်သွားတော့တယ်။
ထုန်ယောင်လည်း သူ့ကို ဂရုမစိုက်တော့ဘဲ အပေါ်ထပ်ကို တန်းတက်သွားတယ်။ တံခါးပေါက်ဝ ရောက်တာနဲ့ အထဲကနေ ဆစ်ဝေမင်းရဲ့ အသံကို ကြားလိုက်ရတယ်။
"ရှောင်ဟွေးက အမှားတွေ ဘယ်လောက်ပဲ လုပ်ထားလုပ်ထား သူက မင်းညီမလေ။ သူက ငယ်သေးတယ်၊ ရင့်ကျက်မှု မရှိသေးဘူးဆိုတော့ မင်းတို့ အစ်ကိုကြီးနဲ့ မရီးအနေနဲ့ သူ့ကို နားလည် ခွင့်လွှတ်ပေးသင့်တာပေါ့။ သူ ကိုယ်ဝန်ပျက်ကျထားတဲ့ တစ်လတာ အနားယူချိန်တောင် မပြည့်သေးဘူးကို ထုန်ယောင်က သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုတာကတော့ တကယ်ကို လွန်လွန်းတယ်"
တံခါးအပြင်ဘက်ကနေ ကြားရုံနဲ့တင် ဆစ်ဝေမင်းက လူကြီးဆိုတဲ့ အာဏာကိုသုံးပြီး ဆစ်ချန်ကို ဖိအားပေးဖို့ တင်းမာတဲ့ မျက်နှာထားနဲ့ ပြောနေမယ်ဆိုတာကို ထုန်ယောင် ခန့်မှန်းမိတယ်။
သူ့အမြင်မှာတော့ ဆစ်ဝေမင်းက ရှောင်ဟွေးကို လူတွေကို မစော်ကားဖို့ မဆုံးမဘဲ၊ သူ့ကို လာဆုံးမနေတာက မျက်နှာပြောင်တိုက်လွန်းရာ ကျနေတယ်။
ထုန်ယောင် အထဲကို အလောတကြီး မဝင်သေးဘဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆစ်ချန်ရဲ့ သဘောထားကို နားထောင်ဖို့ တံခါးဝမှာပဲ ရပ်နေလိုက်တယ်။ မကြာခင်မှာပဲ ဆစ်ချန်ရဲ့ အသံက အထဲကနေ ထွက်လာတယ်။
အခန်းထဲမှာတော့ ထုန်ယောင်က ရှောင်ဟွေးကို ရိုက်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် ဆစ်ချန် မျက်နှာ မည်းမှောင်သွားပြီး ဆစ်ဝေမင်းကို အေးစက်စက် စိုက်ကြည့်နေတယ်။ "ဘာအရေးလဲ။ ဖြစ်ပြီးတာတွေလည်း ဖြစ်သွားပြီပဲ။ ခင်ဗျားက ဒီကိစ္စကို ဘယ်လို ရှင်းချင်နေတာလဲ။ သူ့ကို ပြန်ရိုက်ပြီး လက်စားချေမလို့လား"
ဆစ်ချန်ရဲ့ တုံ့ပြန်မှုကို မမျှော်လင့်ထားတဲ့ ဆစ်ဝေမင်းက ဒေါသထွက်သွားပြီး ကြမ်းတမ်းတဲ့ လေသံနဲ့ ပြန်ပြောတယ်။ "ထုန်ယောင်က ငါ့တူမလေ။ ငါက သူ့ကို ရိုက်ဖို့ဆိုတာ မသင့်တော်ပါဘူး။ ဘာပဲဖြစ်ဖြစ် လူကို ရိုက်တာ ထုန်ယောင် မှားတယ်။ ယောက္ခမနဲ့ ချွေးမ၊ မရီးနဲ့ ယောက်မတွေကြားမှာ ဒီလောက်အထိ အဆင်မပြေ ဖြစ်နေစရာ မလိုပါဘူး။ ထုန်ယောင်က ရှောင်ဟွေးကို တောင်းပန်လိုက်ရင် ဒီကိစ္စ ပြီးသွားပြီလို့ သတ်မှတ်လိုက်မယ်"
အဲဒီမှာ ရှိနေတဲ့ လင်းဖန်ရင်းကလည်း ဆစ်ဝေမင်းရဲ့ အဆိုကို သဘောတူပုံရပြီး၊ သူ့ညီလေးနဲ့ သားဖြစ်သူတို့ ဆွေးနွေးနေတာကို ဘာမှမပြောဘဲ တစ်ချိန်လုံး တိတ်တိတ်လေး နေနေတယ်။
သူက သူ့သဘောထားကို ထုတ်မပြပေမယ့်၊ အဲဒါက အတိုက်ရိုက်ဆုံး သဘောထားပါပဲ။ ထုန်ယောင်က ရှောင်ဟွေးကို တောင်းပန်သင့်တယ်လို့ သူလည်း ထင်နေတာ ရှင်းနေတယ်။
ဆစ်ချန် တိတ်ဆိတ်သွားပြီး ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ စဉ်းစားနေတယ်။ ခဏနေတော့ သူက လေးလေးနက်နက် ပြောလိုက်တယ်။ "ယောင်ယောင်က မာနကြီးလွန်းတော့ တောင်းပန်မှာ မဟုတ်ဘူး။ အဆင်မပြေ ဖြစ်သွားတာကပဲ ပိုပြီး သင့်တော်ပါလိမ့်မယ်။ အခုကစပြီး မရီးနဲ့ ယောက်မ ဆက်ဆံရေး မရှိတော့ဘူးလို့ သဘောထားလိုက်ဖို့ ရှောင်ဟွေးကို ပြန်ပြောလိုက်ပါ"
ရောက်ကတည်းက အမြဲတမ်း အလိုလိုက် အကြိုက်ဆောင်တတ်တဲ့ လင်းဖန်ရင်းက တိတ်ဆိတ်နေခဲ့တာ။ ဒါပေမဲ့ ဆစ်ချန်ရဲ့ အဖြေကို ကြားတော့ သူ အံ့သြသွားတယ်။ ဆစ်ချန်ကို စိတ်မကောင်းစွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။ "ရှောင်ချန်... မိန်းမတစ်ယောက်အတွက်နဲ့ မင်း ညီမအရင်းနဲ့ ဆက်ဆံရေး ဖြတ်ချင်တာလား"
လင်းဖန်ရင်းက အပြင်မှာ အမြဲတမ်း ပျော့ညံ့သယောင် ဟန်ဆောင်တတ်ပေမယ့်၊ တစ်ခါတလေ သားသမီးတွေရှေ့မှာတော့ ပြန်လည် ခုခံတတ်တယ်။ သားအကြီးက စကားနည်းလွန်းတယ် ဆိုပေမယ့်၊ သူ့ရင်ထဲမှာတော့ မောင်နှမတွေအပေါ် သံယောဇဉ် ကြီးတယ်လို့ သူ အမြဲ ထင်ခဲ့တာ။
လွန်ခဲ့တဲ့ တစ်နှစ်ကမှ အိမ်ထောင်ကျခဲ့တာလေး အတွက်နဲ့၊ အနှစ်နှစ်ဆယ်ကျော် ရှိပြီဖြစ်တဲ့ မောင်နှမ ဆက်ဆံရေးကို သူ ဖြတ်တောက်လိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့တာမို့၊ ဒါက လင်းဖန်ရင်းအတွက် စဉ်းစားလို့တောင် မရတဲ့ ကိစ္စဖြစ်နေတယ်။
လင်းဖန်ရင်းရဲ့ မေးခွန်းထုတ်မှုကြောင့် ဆစ်ချန် မျက်မှောင်ကြုတ်သွားတယ်။ "သူက ကျွန်တော့် မိန်းမပါ။ ခင်ဗျားပြောသလို သာမန် မိန်းမတစ်ယောက် မဟုတ်ဘူး"
"မင်း..."
သားဖြစ်သူက ထုန်ယောင်ဘက်ကနေ ဒီလောက်အထိ ရပ်တည်ပေးလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့တော့ စကားတောင် ဆက်မပြောနိုင်တော့ဘူး။ လင်းဖန်ရင်း မျက်နှာက ဒေါသကြောင့် ခရမ်းရောင် သန်းသွားပြီး၊ တစ်ခုခု ပြောမလို့ လုပ်တုန်းမှာပဲ အခန်းတံခါးက ရုတ်တရက် ပွင့်ဟသွားတယ်။
"အမေ... သမီး ရှောင်ဟွေးကို ရိုက်တာ အကြောင်းရှိလို့ပါ။ အဲဒီအချိန်တုန်းက အမေလည်း ရှိနေတာပဲ။ အမေက ဘက်လိုက်မယ့်အစား မှန်တဲ့ သမီးဘက်ကနေ ကာကွယ်ပေးမယ်လို့ ထင်ခဲ့တာ။ အခုကျတော့ သမီး ကွယ်ရာမှာ ရှောင်ချန်နဲ့ လာငြင်းခုန်နေတယ်။ အမေက ရှောင်ဟွေးဘက် ပါချင်တယ် ဆိုရင်လည်း၊ အဲဒီတုန်းက ဘာလို့ တစ်ခွန်းမှ မပြောခဲ့တာလဲ"
ထုန်ယောင်ရဲ့ အသံက မကျယ်ပေမယ့် ယုံကြည်မှု အပြည့်ရှိနေတော့ လင်းဖန်ရင်းမှာ ပြောစရာ စကားမဲ့သွားတယ်။
အပြစ်ရှိသလို ခံစားနေရတော့ ရှက်သွားတဲ့ လင်းဖန်ရင်း မျက်နှာ နီရဲသွားပြီး နေရခက်စွာနဲ့ တခစ်ခစ် ရယ်လိုက်တယ်။ "ယောင်ယောင်... သမီး အထင်လွဲနေပြီ။ အမေ ဒီကိုလာတာ ရှောင်ဟွေးဘက်ကနေ ကာကွယ်ပေးဖို့ မဟုတ်ပါဘူး။ မရီးနဲ့ ယောက်မ ကြားက ဆက်ဆံရေးကို ဦးလေးလေးနဲ့အတူ ဝင်ညှိနှိုင်းပေးချင်ရုံ သက်သက်ပါ"
ယောက္ခမ တစ်ယောက်ဖြစ်နေပြီး ချွေးမရှေ့မှာ ပြတ်ပြတ်သားသား စကားတစ်ခွန်းတောင် မပြောရဲတဲ့ လင်းဖန်ရင်းကို ကြည့်ပြီး၊ ဆစ်ဝေမင်းက တင်းမာတဲ့ လေသံနဲ့ ပြောလိုက်တယ်။ "ယောင်ယောင်... ဒီကိုလာတာ ငါ့အကြံပါ။ မင်းအမေနဲ့ မဆိုင်ဘူး။ မင်းမှာ မကျေနပ်တာ ရှိရင် ငါ့ကိုသာ တည့်ပြောပါ"
ထုန်ယောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး၊ ကုလားထိုင် တစ်လုံးယူကာ ဆစ်ချန်ဘေးမှာ ဝင်ထိုင်ရင်း ခနဲ့လိုက်တယ်။ "ဦးလေးလေး... အဲဒီစကားက သမီး ပြောရမယ့် စကားလို့ ထင်တယ်။ သမီးက ဦးလေးအပေါ် မကျေနပ်တာ မဟုတ်ဘူး၊ ဦးလေးကသာ သမီးအပေါ် မကျေနပ်တာပါ။ သမီးအပေါ် ဘာမကျေနပ်တာ ရှိရှိ သမီးကို တိုက်ရိုက် ပြောပါ။ အလုပ်ရှုပ်နေပြီး ဘာဖြစ်မှန်း မသိတဲ့ အာချန်ကို လာဆွဲသွင်းစရာ မလိုပါဘူး"
မိုက်မဲတဲ့ အဖေနဲ့ အမေ ရှိနေတော့ ရှောင်ဟွေး ဒီလောက် ထူးဆန်းနေတာလည်း မအံ့သြစရာပါဘူး။
ရှောင်ဟွေးနဲ့ ဆစ်ချန်ကို ကြည့်လေ၊ သူတို့က ရုပ်တူလို့လား။ သူတို့ အမူအကျင့်တွေက ဆင်တူကြတယ်။ နောက်ဆုံးတော့ ဒီအမှုက ရှင်းလင်းသွားပြီပဲ။
လူကို ရိုက်ထားပြီးတာတောင် ထုန်ယောင်က မာနကြီးနေဆဲ ဖြစ်ကာ၊ သူ့ရဲ့ ရဲတင်းတဲ့ စရိုက်နဲ့ လူကြီးတွေကို လုံးဝ ဂရုမစိုက်တဲ့ ပုံစံကို မြင်တော့ ဆစ်ဝေမင်း မျက်နှာ တင်းမာသွားတယ်။ သူက ပြောတယ်။ "ယောင်ယောင်... မင်းက ယဉ်ကျေးပြီး အချိုးအစားကျတဲ့ ကလေးလို့ ငါ အမြဲ ထင်ခဲ့တာ။ ဒါပေမဲ့ လူကြီးတွေ ရှေ့မှာတောင် မင်းက ဒီလောက် အကျင့်စာရိတ္တ ခေါင်းပါးပြီး မရီးတစ်ယောက်လို မနေဘူးလို့ ငါ မထင်ထားခဲ့ဘူး။ ရှောင်ဟွေးက သားဖွားအနားယူချိန်မှာ ရှိနေတုန်းပဲ၊ မရီးတစ်ယောက်အနေနဲ့ သူ့ကို ဂရုမစိုက်တာ... ထားတော့၊ ဒါပေမဲ့ ဘယ်လိုလုပ် သူ့ကို လက်ပါပြီး ရိုက်ရက်တာလဲ။ ငါ့အစ်ကိုကြီး မရှိတော့ပေမယ့် ငါ ရှိနေသေးတယ်။ ငါ ရှိနေသရွေ့ ငါ့ရှေ့မှာ သူ့ကို ဘယ်သူမှ အနိုင်ကျင့်တာကို ခွင့်ပြုမှာ မဟုတ်ဘူး"
"ဝေမင်း... ထားလိုက်ပါတော့! တို့တွေ ပြန်ကြရအောင်" လင်းဖန်ရင်းက ထုန်ယောင်ကို မျက်နှာချင်း မဆိုင်ရဲတော့ဘဲ၊ ဒီကိစ္စကို ဆက်မပြောတော့ဖို့ ဆစ်ဝေမင်းကို ဖျောင်းဖျဖို့ ကြိုးစားတယ်။
ဆစ်ဝေမင်း အမြင်မှာတော့ လင်းဖန်ရင်းက အိမ်မှာ ထုန်ယောင်ရဲ့ ဖိနှိပ်မှုကို အကြီးအကျယ် ခံနေရပြီး ပြန်မခုခံနိုင်ဘူးလို့ ထင်သွားတယ်။ ကိုယ့်မိန်းမက ကိုယ့်အမေကို အနိုင်ကျင့်နေတာကို ခွင့်ပြုထားတဲ့ ဆစ်ချန်ကလည်း သွေးအေးလွန်းတယ်လို့ သူ ထင်လိုက်တယ်။
သူ ပိုပြီး ဒေါသထွက်သွားတယ်။ ဒေါသကို မြိုသိပ်ထားရင်း သူက ပြောလိုက်တယ်။ "မရီး... ဒီကိစ္စကို ကျွန်တော့်ကို လွှဲထားလိုက်"
ဒီနေ့တော့ သူက သူ့မရီးနဲ့ ရှောင်ဟွေးဘက်ကနေ ကာကွယ်ပေးပြီး ထုန်ယောင်ကို သင်ခန်းစာကောင်းကောင်း ပေးဖို့ ဆုံးဖြတ်ထားလိုက်တယ်။
အပိုင်း ( ၃၂၄ ) ပြီးဆုံး
***