တကယ်တော့ ထုန်ယောင် ခန့်မှန်းတာ ကွက်တိပဲ၊ လင်းဖန်ရင်းနဲ့ ဆစ်ဝေမင်းတို့ တကယ်ပဲ စိတ်ပျက်လက်ပျက် ဖြစ်နေကြတာ။
သူတို့နှစ်ယောက်လုံးက နှစ်တွေ ဒီလောက်တောင် ကြာသွားပြီဆိုတော့ ဆစ်ချန်သာ အဲဒီကိစ္စတွေကို သိထားပြီး ထုတ်ပြောချင်တယ်ဆိုရင် အခုလောက်ဆို သေချာပေါက် ပြောပြီးလောက်ပြီလို့ ထင်ထားခဲ့ကြတာ။ ဘာလို့လဲဆိုတော့ အမှန်တရားသာ ပေါ်ထွက်လာရင် အရှက်ကွဲမှာက သူတို့တင် မကဘဲ ဆစ်ချန်ကိုယ်တိုင်လည်း ပါနေလို့ပဲလေ။
ဘာပဲဖြစ်ဖြစ် သူတို့က မိသားစုတွေပဲ၊ ဂုဏ်သိက္ခာကျဆင်းမှုက အားလုံးနဲ့ သက်ဆိုင်နေတာလေ။ ဆစ်ချန်က သူတို့ကို နည်းနည်းလေးတောင် မျက်နှာမထောက်ဘဲ ထုန်ယောင်ရှေ့မှာတင် တိုက်ရိုက်ကြီး အရှက်ခွဲလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
ဆစ်ဝေမင်းကို အဒေါသထွက်ဆုံး ဖြစ်စေတာက၊ ဆစ်ချန်က သူ့ကို ဂရုမစိုက်ဘဲ အငြိုးထားတာကို လက်ခံလို့ ရပေမယ့်၊ လင်းဖန်ရင်းကိုပါ မလေးမစားလုပ်ပြီး မျက်နှာနည်းနည်းလေးတောင် မထောက်တာကိုပဲ။
ကြည့်ရတာ ဆစ်ချန် ရွံရှာနေတဲ့သူက တစ်ယောက်တည်း မဟုတ်တဲ့ပုံပဲ။
ဆစ်ဝေမင်း တွေးမိလေလေ သူ့မျက်နှာက ပိုပြီး မည်းမှောင်လာလေလေပဲ။ လင်းဖန်ရင်းကတော့ ပိုပြီးတောင် စိတ်ပျက်အားငယ်နေသေးတယ်။ မိသားစု အိမ်ရာဝင်းထဲကနေ ထွက်လာတာနဲ့ မျက်ရည်တွေက ထိန်းမရအောင် ကျဆင်းလာတော့တာပဲ။ အငှားတိုက်ခန်းကို ရောက်ခါနီးတော့ သူ ဆက်ပြီး မတောင့်ခံနိုင်တော့ဘဲ ရင်ဘတ်ကိုထုပြီး ရှိုက်ငိုတော့တယ်။
"အရာအားလုံးက ငါ အရှက်မရှိခဲ့လို့ပါ။ အဲဒီတုန်းကသာ ငါ ဒီလောက် အရှက်မကင်းခဲ့ရင် ရှောင်ချန် အဖေလည်း သေမှာ မဟုတ်ဘူး၊ ဒီအသက်အရွယ်ရောက်မှ သားဖြစ်သူရဲ့ အရှက်ခွဲတာကိုလည်း ခံရမှာ မဟုတ်ဘူး။ ငါ အရှက်မရှိခဲ့လို့ ဖြစ်ရတာပါ။ ငါ့လို အရှက်မရှိတဲ့ မိန်းမမျိုးက အပြစ်ပေးခံရဖို့ ထိုက်တန်ပါတယ်၊ ဒီလောကကြီးမှာ အသက်ရှင်နေဖို့တောင် မတန်ပါဘူး"
လင်းဖန်ရင်းရဲ့ ခံစားရခက်နေတဲ့ နာကျင်ဝမ်းနည်းမှုတွေကို ကြည့်ပြီး ဆစ်ဝေမင်းရဲ့ သံမဏိနှလုံးသားတောင် အရည်ပျော်သွားတယ်။ သူ လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး လင်းဖန်ရင်းကို ရင်ခွင်ထဲ ဆွဲသွင်းကာ ကျောလေးကို ဖွဖွပုတ်ပြီး နှစ်သိမ့်ပေးလိုက်တယ်။
"မရီး... ဒီလိုတွေ မပြောပါနဲ့။ ဒါ မရီးတစ်ယောက်တည်း အမှား မဟုတ်ပါဘူး၊ ကျွန်တော့်မှာလည်း အပြစ်ရှိပါတယ်။ အဲဒီတုန်းကသာ ကျွန်တော် အဲဒီလောက် အသိဉာဏ်မကင်းခဲ့ရင် ဒီလို အဖြစ်ဆိုးကြီး ဘယ်တော့မှ ဖြစ်လာခဲ့မှာ မဟုတ်ဘူး"
အတိတ်ကို ပြန်တွေးမိတော့ ဆစ်ဝေမင်းလည်း သူ့ခံစားချက်တွေကို ထုတ်ပြောဖို့ ခက်ခဲနေတယ်။ သူက အတိတ်ကို တကယ်ပဲ မေ့ပစ်လိုက်ပြီး ကျန်တဲ့ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တာ။ ဒါပေမဲ့ သူ့ရဲ့ အတိတ်က အမှားတွေက အိပ်မက်ဆိုးတွေလိုပဲ သူ့ကို အမြဲတမ်း ခြောက်လှန့်နေတယ်။
သူ အဲဒါတွေကို ခါထုတ်ပစ်လို့လည်း မရသလို ကျောခိုင်းထားခဲ့လို့လည်း မရဘူး။
အခြေအနေတွေ ဒီလောက်ထိ ဆိုးရွားလာတော့ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကိုတောင် သူ မသိတော့ဘူး။
ဒီလောက် နှစ်တွေကြာပြီးနောက် ရင်းနှီးနေတဲ့ သူ့ပခုံးပေါ်ကို လင်းဖန်ရင်း ထပ်ပြီး ခေါင်းမှီလိုက်ရချိန်မှာတော့ ဆောင်းရာသီ အေးအေးမှာ ရင်ဘတ်ထဲကို အရက်နွေးနွေး တစ်အိုး လောင်းထည့်လိုက်ရသလို ခံစားလိုက်ရတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရတဲ့ ခါးသက်မှုတွေက ထွက်ပေါက်တစ်ခု ရှာတွေ့သွားသလိုပဲ၊ သူ့မျက်ရည်တွေက ပိုပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျဆင်းလာတော့တယ်။ သူ့နှလုံးသားတွေ ကွဲကြေမတတ် ငိုကြွေးနေတယ်လို့ ပြောရင်တောင် ချဲ့ကားရာ ကျမှာ မဟုတ်ဘူး။
"ရှောင်ဟွေးက ကလေးပဲ ရှိသေးတာရယ်၊ နင် ထွက်သွားတာရယ်သာ မဟုတ်ရင် ငါ မြစ်ထဲ ခုန်ချပြီးပြီ။ တို့မိသားစုက မွဲတေနေပြီး ကလေးသုံးယောက်ကိုလည်း ပြုစုပျိုးထောင်ရသေးတယ်။ ရွာသားတွေကလည်း အမြဲတမ်း အတင်းတုတ်နေကြတာလေ။ အဲဒီအချိန်တုန်းက ငါ့ဘဝကို အဆုံးသတ်ပြီး ဒီဒုက္ခတွေ အားလုံးကနေ လွတ်မြောက်ချင်ခဲ့တာ။ ငါ သေလိုက်သင့်တာ။ အခုတော့ ငါ နောင်တရနေပြီ။ အဲဒီတုန်းက ငါ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မသတ်သေခဲ့ရတာတုန်း။ ဘာလို့များ အသက်ကို ဖက်တွယ်ပြီး ဒီလို အရှက်ခွဲခံရဖို့ အသက်ကြီးတဲ့အထိ ဆက်ရှင်သန်နေခဲ့ရတာလဲလေ"
"မရီး... ဒီလို မပြောပါနဲ့။ တကယ်လို့ တစ်ယောက်ယောက် သေရမယ်ဆိုရင်တောင် အဲဒါ ကျွန်တော်ပဲ ဖြစ်သင့်တာပါ..."
"ဝေမင်းလား"
ဆစ်ဝေမင်း စကားတောင် မဆုံးသေးခင် အနောက်ဘက်က ရင်းနှီးနေတဲ့ အသံတစ်သံကြောင့် ပြတ်တောက်သွားတယ်။ ဆစ်ဝေမင်း နေရာမှာတင် ကြက်သေသေသွားပြီး အံ့သြသွားတဲ့ လင်းဖန်ရင်းကလည်း သူ့ရင်ခွင်ထဲကနေ အမြန် ရုန်းထွက်လိုက်တယ်။ မျက်ရည်တွေကို သုတ်ရင်း အနားကို ရောက်လာတဲ့ ယွမ်ချိုင်ကျိန်းကို သူက ရှင်းပြဖို့ ကြိုးစားတယ်။
"ချိုင်ကျိန်း... နင် ထင်သလို မဟုတ်ပါဘူး..."
"ပါးစပ်ပိတ်ထားစမ်း"
ယွမ်ချိုင်ကျိန်းက လင်းဖန်ရင်းရဲ့ ပါးကို ဖြန်းခနဲ အားကုန် လွှဲရိုက်လိုက်တယ်။ သူ့တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေပြီး ခေါင်းထဲမှာလည်း ဘာမှ မတွေးတတ်အောင် ဗလာကျင်းသွားတယ်။
အရှေ့က လူနှစ်ယောက်ကို ကြည့်ရတာ ရင်းနှီးနေတယ်လို့ ထင်လို့ လှမ်းခေါ်ကြည့်လိုက်တာ၊ တကယ်ကြီး ဆစ်ဝေမင်းနဲ့ လင်းဖန်ရင်း ဖြစ်နေလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။
သူ့ယောက်ျား အိမ်မပြန်လာတာ မဆန်းပါဘူး။ သူက သူ့မရီးကို နှစ်သိမ့်ပေးဖို့ အလုပ်ရှုပ်နေတာကိုး။
ကလေးက နေမကောင်းလို့ ဆေးရုံတက်နေရတာကို၊ ဒီနှစ်ယောက်ကတော့ ပွေ့ဖက်ပြီး ရမ္မက်ဆန်ဆန်တွေ လုပ်နေကြတယ်။ အိမ်မှာ ပိုက်ဆံပြတ်သွားပြီး ဒီည ပိုက်ဆံထုတ်ဖို့လည်း နောက်ကျနေပြီဆိုတဲ့ အကြောင်းပြချက်သာ မဟုတ်ရင်၊ သူက သူ့ယောက်ျားဆီ ပိုက်ဆံလာတောင်းမှာ မဟုတ်သလို၊ ဒီလို အရှက်မဲ့တဲ့ လုပ်ရပ်ကိုလည်း ပက်ပင်းမိမှာ မဟုတ်ဘူး။
အရာအားလုံးက ကံကြမ္မာရဲ့ အစီအစဉ်အတိုင်း ဖြစ်နေသလိုပဲ။
သူ့ယောက်ျားက ဘာလို့ သူ့ဇာတိရွာကို အမြဲတမ်း တမ်းတနေပေမယ့် တစ်ခါမှ သွားမလည်ခဲ့တာလဲ ဆိုတာရယ်၊ ဆစ်ချန်က ဘာလို့ သူ့ယောက်ျားအပေါ် ဒီလောက် နက်နက်ရှိုင်းရှိုင်း ရန်လိုနေရတာလဲ ဆိုတာကို သူ အမြဲတမ်း သိချင်ခဲ့တာ။ အခုတော့ အရာအားလုံးက ရှင်းလင်းသွားပြီ။
လင်းဖန်ရင်း အရိုက်ခံရတာကို မြင်တော့ ဆစ်ဝေမင်းရဲ့ အပြစ်ရှိစိတ်က ခဏတာ ပေါ်လာပေမယ့်၊ ချက်ချင်းပဲ သူ့မျက်နှာ ပြောင်းလဲသွားတယ်။ လင်းဖန်ရင်းကို သူ့အနောက်ကို အမြန်ဆွဲခေါ်လိုက်ပြီး မိန်းမဖြစ်သူကို အပြစ်တင်လိုက်တယ်။ "စကားနဲ့ ကောင်းကောင်း ပြောလို့ မရဘူးလား။ ဘာလို့ လက်ပါရတာတုန်း"
"နင်တို့ နှစ်ယောက် ဒီလောက် အရှက်မရှိတဲ့ အလုပ်ကို လုပ်ထားတာတောင် ငါက ခပ်ဖွဖွလေး တစ်ချက်ပဲ ရိုက်လိုက်ရသေးတာ။ နင်တို့ နှစ်ယောက်လုံးက အရှက်မရှိဘူး။ နင်တို့ နှစ်ယောက်လုံးကို မိုးကြိုးမပစ်တာတောင် ရှက်စရာကောင်းတယ်။ ဆစ်ရှောင်ဟွေးနဲ့ ဆစ်ချန်တို့ ရုပ်ချင်းမတူဘဲ ရှင်နဲ့ တူနေတာ မဆန်းပါဘူး။ ရှင်က သူ့ကို အဖိုးတန် ရတနာလေးလို အမြဲ အရေးပေးနေတော့၊ သူက ရှင့်တူမ အရင်းမို့လို့ပါလား ဆိုပြီး ငါက ရိုးရိုးအအ ယုံကြည်ခဲ့တာ။ တကယ်တော့ သူက နင်တို့နှစ်ယောက် တိတ်တိတ်လေး ဖောက်ပြန်ပြီး ရလာတဲ့ ကလေးပဲ"
ယောက်ျားဖြစ်သူက လင်းဖန်ရင်းကို ကာကွယ်ပေးဖို့ ကြိုးစားနေတာကို မြင်တော့ ယွမ်ချိုင်ကျိန်းက ဒေါသနဲ့ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရတယ်။ ဒီလောကမှာ ရှိတဲ့ ဆဲရေးတိုင်းထွာစရာ စကားလုံးတွေ အားလုံးကို သုံးရင်တောင် သူတို့ကို စော်ကားဖို့ လုံလောက်မှာ မဟုတ်ဘူးလို့ သူ ခံစားရတယ်။ သူ့မှာသာ ဓားတစ်လက် ရှိနေရင် အဲဒီနေရာမှာတင် သူတို့နှစ်ယောက်လုံးကို သတ်ပစ်လိုက်မိမှာပဲ။
ဆယ်စုနှစ်တစ်ခုကျော် အတူနေလာခဲ့တဲ့ ယောက်ျားက ဒီလောက် ညစ်ပတ်စက်ဆုပ်စရာ ကောင်းနေလိမ့်မယ်လို့ သူ အိပ်မက်တောင် မမက်ဖူးခဲ့ဘူး။ ဆစ်ဝေမင်းကို အရှင်လတ်လတ် ဝါးစားပစ်ချင်စိတ်တွေ ပေါ်လာတယ်။
သူ့ရှေ့က လူနှစ်ယောက်က မိလ္လာကျင်းထဲက လောက်ကောင်တွေထက်တောင် ပိုပြီး ရွံစရာကောင်းတယ်လို့ သူ ခံစားလိုက်ရတယ်။
"မင်း ဘာတွေ အဓိပ္ပာယ်မရှိတာ လျှောက်ပြောနေတာလဲ"
ဒေါသနဲ့ အရှက်ရမှုတွေ ရောထွေးပြီး ဆစ်ဝေမင်းက ယွမ်ချိုင်ကျိန်းကို ပြန်ရိုက်ဖို့ ကြိုးစားပေမယ့် လင်းဖန်ရင်းက သူ့ကို ဆွဲထားလိုက်တယ်။
"ဝေမင်း... ဒေါသ မထွက်ပါနဲ့။ ချိုင်ကျိန်းက အထင်လွဲနေလို့ပါ။ သူ့ကို ငါ အရာအားလုံး ရှင်းပြပါ့မယ်"
ပြောပြီးတာနဲ့ သူက ယွမ်ချိုင်ကျိန်းဘက်ကို ပြာပြာသလဲ မျက်နှာထားနဲ့ လှည့်ပြီး ရှင်းပြတယ်။ "ချိုင်ကျိန်း... အထင်မလွဲပါနဲ့၊ နင် ထင်သလို တကယ် မဟုတ်ပါဘူး။ ငါတို့ ရှောင်ချန့်အိမ်ကနေ အခုလေးတင် ပြန်လာတာပါ။ ငါ သူနဲ့ ရန်ဖြစ်ခဲ့ပြီး စိတ်ထိခိုက်လွန်းလို့ ငိုနေခဲ့တာပါ။ ဝေမင်းက ငါ့ကို နှစ်သိမ့်ပေးရုံ သက်သက်ပါ။ ငါတို့ လုံးဝ အပြစ်ကင်းပါတယ်..."
"ဒါဆိုရင်လည်း အဝတ်အစားတွေ ချွတ်ပြီး ကုတင်ပေါ်မှာ အချင်းချင်း သွားနှစ်သိမ့်ကြပါလား။ ဒီအချိန်ကြီး မတ်အစ်ကိုနဲ့ မရီးက ဖက်ပြီး စကားတွေ တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာလေ။ နင် သတ္တိရှိရင် လူပုံလယ်မှာ သွားရှင်းပြကြည့်ပါလား၊ ဘယ်သူ ယုံမလဲ ကြည့်ရတာပေါ့။ ရွံစရာကောင်းတဲ့ စုံတွဲ။ နင့်အတွင်းခံကို ငါ့ခေါင်းအုံးအောက်မှာ ထားခဲ့တာ မဆန်းပါဘူး၊ နင်က သူ့ကို မြူဆွယ်ဖို့ ကြိုးစားနေတာပဲလေ။ နင့်ရည်ရွယ်ချက် အောင်မြင်သွားပြီပဲ။ နှစ်ပေါင်းများစွာ ကွဲကွာနေပြီးမှ နင်တို့ရဲ့ အချစ်ဟောင်းကို ပြန်အသက်သွင်းလိုက်ကြပြီပဲ"
ယွမ်ချိုင်ကျိန်း လုံးဝကို စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားပြီ။ သူက အထက်မြက်ဆုံး စကားလုံးတွေနဲ့ သူတို့ကို ထိုးနှက်ခဲ့ပေမယ့် သူ့ရင်ထဲက ဒေါသတွေက လျော့ကျမသွားဘဲ ပိုပိုပြီးတောင် လောင်ကျွမ်းလာတော့တယ်။
"တော်တော့" ဆစ်ဝေမင်းက ယွမ်ချိုင်ကျိန်းရဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာကို ဟိန်းဟောက်ပြီး နှိမ်နှင်းဖို့ ကြိုးစားရင်း ဒေါသတကြီး ပြောလိုက်တယ်။ "ဒီလောက် ညဉ့်နက်နေမှ မင်း ဘာတွေ ဖြစ်နေတာတုန်း။ ငါနဲ့ မရီး ကြားမှာ ဘာမှ မရှိဘူး။ သူ ငိုနေလို့ ငါ နှစ်သိမ့်ပေးရုံ သက်သက်ပဲ။ ဘာအကြောင်းမှ မရှိဘဲ မင်းက ဘာလို့ ပြဿနာ လာရှာနေရတာလဲလေ"
ဒီလို ကပ်ဘေးကြီး ဆိုက်နေတဲ့ အချိန်မှာတောင် ဆစ်ဝေမင်းက အံ့သြစရာ ကောင်းလောက်အောင် အသိစိတ် ရှင်းလင်းနေတယ်။ သူသာ အပြစ်ရှိတဲ့ အရိပ်အယောင် နည်းနည်းလေး ပြလိုက်မိရင် ဒါမှမဟုတ် လင်းဖန်ရင်းနဲ့ ဖောက်ပြန်ခဲ့တယ် ဆိုတာကို ဝန်ခံလိုက်ရင်၊ ရလဒ်က တစ်ခုတည်းပဲ ရှိမယ်ဆိုတာ သူ နားလည်တယ်၊ အဲဒါက သူ့မိန်းမက သားကိုခေါ်ပြီး သူ့ကို ကွာရှင်းသွားမှာပဲ။
ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သူ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရတဲ့ အိမ်လေးက မီးခိုးငွေ့တွေလို လွင့်စင်ပျောက်ကွယ်သွားလိမ့်မယ်။
သူ ဘာမှ ဝန်မခံသရွေ့ သူ လှည့်ထွက်ဖို့ လမ်းရှိနေဦးမှာပဲ။ ဒါကြောင့် ဆစ်ဝေမင်းက အပြစ်ရှိသလို ခံစားနေရပေမယ့်၊ ယုံကြည်မှု ရှိတဲ့ပုံစံကို ဟန်ဆောင်ထားလိုက်တယ်။
ဆစ်ဝေမင်းက အရာအားလုံးကို ငြင်းဆန်ဖို့ ကြိုးစားနေတုန်းပဲ ဆိုတာကို မြင်တော့ ယွမ်ချိုင်ကျိန်းရဲ့ ဒေါသတွေ ပိုပြီး ဆူပွက်လာတယ်။ ဆယ်စုနှစ်တစ်ခုကျော် အတူနေလာခဲ့တဲ့ ဒီယောက်ျားဟာ လောကမှာ အစက်ဆုပ်ရွံရှာစရာ အကောင်းဆုံး အရာလို့ သူ ခံစားလိုက်ရတယ်။ သွားကြိတ်ရင်း သူက ပြောလိုက်တယ်။
"ဆစ်ဝေမင်း... ရှင် လိမ်ပြီး ထွက်ပြေးဖို့ မကြိုးစားနဲ့တော့။ ရှင့်ကို မြင်ရတာ ငါ ရွံတယ်။ ငါ ကွာရှင်းချင်တယ်။ ရှင့်ကို ကြည့်ရတာတင် ငါ ပျို့အန်ချင်လာပြီ"
အပိုင်း ( ၃၂၇ ) ပြီးဆုံး
***